အခုတစ်လော နိုင်ငံရေးပါတီတွေ၊ ပြည်သူတွေကြားမှာ နည်းနည်းရေပန်းစားလာတာကတော့ အချိုးကျ ကိုယ်စားပြုမှုစနစ် (PR) ပဲဖြစ်နေတာတွေ့ရတယ်။ တကယ်တော့ ဒီစနစ်နဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးခဲ့ဖူးတာကို ပြန်သတိရမိတယ်။ ပြီးခဲ့တဲ့ လွှတ်တော်မှာတော့ ကိုယ်စားလှယ် အများစု အနိုင်ရခဲ့တဲ့ ပါတီတွေကတော့ အချိုးကျ ကိုယ်စားပြုစနစ်ကို လက်ခံခဲ့တာ မတွေ့ခဲ့ရဘူး။ လွှတ်တော်ထဲ ကိုယ်စားလှယ် အနည်းငယ်သာ နေရာရရှိခဲ့တဲ့ ပါတီတွေ၊ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် တစ်ဦးမှ အနိုင်မရတဲ့ ပါတီတွေကပဲ PR စနစ်ကို ကျယ်ကျယ်လောင်လောင် အသံထွက်ခဲ့တာတွေ့နေရတယ်။ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် နေရာအချို့ အနိုင်ရတဲ့ တိုင်းရင်းသားလူမျိုးစု တစ်ခုထဲကိုသာအခြေခံပြီး ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားပါတီ တွေတောင် လက်ခံတာ မတွေ့ရပါဘူး။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း အချိုးကျကိုယ်စားပြုစနစ်အကြောင်း အသံထပ်ထွက် လာတာတွေ့ရပြန်တယ်။ ဘယ်သူတွေဆီက ထွက်တာလဲ။ အဓိကကတော့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တဲ့ ကြံခိုင်ရေးပါတီနဲ့ သူ့အပေါင်းအဖေါ်တွေဆီကပါ။ ဒီအခြေအနေကို စောင့်မျှော်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကလည်း ချော်လဲ ရောထိုင်လုပ်ပြီး ရွေးကောက်ပွဲကို နိုင်သူအကုန်ယူစနစ်ကနေ အချိုးကျစနစ်ကို ပြောင်းဖို့ လေ့လာမှုတွေ လုပ်နေပါတယ် ဆိုတဲ့အသံ ပစ်လိုက်တော့တယ်။ အာဏာသိမ်းပြီး (၈) လအကြာဖြစ်တဲ့ စက်တင်ဘာလမှာ စစ်ကောင်စီ ဥက္ကဌကရော၊ သူခန့်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်၊ အခုဆိုရင် နိုင်ငံရေးပါတီများနဲ့ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးပွဲမှာတောင် စစ်ကောင်စီ ကိုယ်စားလှယ်ကဘာမဆိုင် ညာမဆိုင် အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစနစ် အကြောင်းထည့်ပြောလာတယ်။ သူပြောရမှာက ငြိမ်းချမ်းရေးကိစ္စ၊ ခုပြောနေတာက ရွေးကောက်ပွဲစနစ်။ စစ်ကောင်စီရဲ့ အလွန်အာသီသ ပြင်းပြနေတဲ့ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ စနစ်ဆိုတာဘာလဲ။ သူတို့ လုပ်ချင်တဲ့ ဒီစနစ်ဟာ သူတို့ ကာကွယ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ရော ကိုက်ညီရဲ့လား ဆန်းစစ်ကြည့်ဖို့ လိုအပ်လာပြီလို့ထင်ပါတယ်။
ပထမဆုံး ကမ္ဘာတစ်ဝှမ်း ကျင်းပနေတဲ့ ရွေးကောက်ပွဲများမှာ ကျင့်သုံးကြတဲ့ စနစ်တွေကို အရင်လေ့လာ ကြည့်ကြပါစို့။ အခြေခံအားဖြင့် စနစ်(၃) မျိုးကို တွေ့နိုင်ပါတယ်။ (၁) နိုင်သူအကုန်ယူစနစ် (First Past the Post – FPTP)၊ (၂) အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representative – PR)၊ (၃) ရောနှောစနစ် (Mix System) တို့ ဖြစ်တယ်။ နိုင်သူအကုန်ယူစနစ်ကိုတော့ မြန်မာနိုင်ငံအပါအဝင် ဗြိတိသျှကိုယ်လိုနီ နိုင်ငံများမှာ အသုံးပြုတာကို တွေ့ရပါတယ်။ အချိုးကျ ကိုယ်စားပြုစနစ်ကိုတော့ ဥရောပ၊ အာဖရိကမှာ အသုံးများတာကို တွေ့ရတယ်။ နောက်ပိုင်းနိုင်ငံတွေမှာ နိုင်သူအကုန်ယူနဲ့ အချိုးကျ ကိုယ်စားပြုတို့ကို ရောနှောပေါင်းစပ်ပြီး အသုံးပြုတာကိုလည်း တွေ့လာရပါတယ်။ ရောနှောစနစ်နဲ့ပတ်သက်လို့ကတော့ အနီးစပ်ဆုံးဥပမာပေးရရင် မြန်မာနိုင်ငံရဲ့ အိမ်နီးနားချင်း နိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံမှာ သုံးတာကို တွေ့နိုင်ပါတယ်။ အခြားမတူညီတဲ့ ရွေးကောက်ပွဲစနစ် ပုံစံတွေလည်း ရှိပါသေးတယ်။ ဒါပေမဲ့ကျန်တဲ့ စနစ်တွေက အသုံးနည်းတဲ့အပြင် အပေါ်ကစနစ် (၃) မျိုးကိုပဲ အခြေခံပြီး ပေါ်လာတာကြောင့် ဒီနေရာမှာ အသေးစိတ် မဆွေးနွေးတော့ပါဘူး၊ နောက်တစ်ခုက ရွေးကောက်ပွဲစနစ်တိုင်းမှာ အားသာချက်၊ အားနည်းချက်တွေ ကိုယ်စီရှိကြပါတယ်။ ကိုယ့်နိုင်ငံနဲ့ လိုက်လျောညီထွေရှိမယ့် ရွေးကောက်ပွဲစနစ်ကို အတတ်နိုင်ဆုံး ရွေးချယ်ကျင့်သုံးနေကြတာတွေ့ရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံဟာ ပထမဆုံးကျင်းပခဲ့တဲ့ ဒိုင်အာခီ ရွေးကောက်ပွဲများကနေစတင်ပြီး ယခုအချိန်အထိ နိုင်သူအကုန်ယူ (FPTP) စနစ်တစ်မျိုးထဲကို တစိုက်မတ်မတ် ကျင့်သုံးလာခဲ့တာတွေ့ရတယ်။ ဒီစနစ်ကို ကျင့်သုံးတဲ့အတွက် အားနည်းချက်တွေရှိသလို အားသာချက်တွေလည်း ရှိခဲ့ပါတယ်။ စနစ်တစ်ခုကို ဝေဖန် ဆန်းစစ်တဲ့သူတွေထဲမှာ ဆန်းစစ်တဲ့သူဟာ အဲဒီ့စနစ်နဲ့ တိုက်ရိုက် အကျိုးစီးပွား ပတ်သက်မှုရှိနေရင် မိမိရဲ့ အကျိုးစီးပွားရရှိတဲ့ အခြေအနေပေါ်မှာသာ အခြေခံပြီး အားသာချက်၊ အားနည်းချက်တွေကို တွေးဆလေ့ရှိတာ တွေ့ရတယ်။ အဲဒီလိုစဉ်းစားတာဟာ မှန်ကန်တဲ့စဉ်းစားချက်မျိုးလို့ ပြောလို့မရပါဘူး။ လက်ရှိပကတိ အခြေအနေနဲ့ မိမိနိုင်ငံရဲ့ ဒီမိုကရေစီရေချိန်ကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်။ အခုအချိုးကျ ကိုယ်စားပြု စနစ် ကျင့်သုံးချင်တယ်လို့ပြောတဲ့ ပါတီတွေဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်နေရာ အနိုင်ရမှု အားနည်းတဲ့ ပါတီတွေ၊ လုံးဝမနိုင်တဲ့ပါတီတွေ ဖြစ်နေတယ်။ နောက်ဒါကို ပြင်ချင်နေတဲ့ စစ်တပ်ကလည်း သူအာဏာအတွက် ပြင်ချင်နေတာ။ ဒီတော့ ရွေးကောက်ပွဲစနစ် ပြင်ဆင်မှုက နိုင်ငံရေးအရ မှန်ကန်တဲ့ အယူအဆ တစ်ခု မဟုတ်ဘူး ဆိုတာ သေချာနေတယ်။
နောက်တစ်ခုက ဖွဲ့စည်းပုံ၊ အာဏာသိမ်းစစ်တပ်က သူတို့ပါးစပ်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းလုပ်နေတာပါလို့ တဖွဖွ ပြောနေပေမယ့် အခုလိုရွေးကောက်ပွဲစနစ် ပြောင်းဖို့ကြံရွယ်တာဟာ ဖွဲ့စည်းပုံနဲ့လည်းကိုက်ညီမှုမရှိပါဘူး။ ရွေးကောက်ပွဲ စနစ်ပြောင်းချင်ရင် ဖွဲ့စည်းပုံကို မဖြစ်မနေပြင်ဆင်ရမှာပါ။ ကော်မရှင်ဥပဒေ ပြင်ရုံသက်သက်နဲ့ မရနိုင်ပါ။ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်က ရွေးကောက်ပွဲကျင်းပခြင်းနဲ့ မဲဆန္ဒနယ်မြေသတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းပဲ လုပ်ခွင့် ရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ၊ အခန်း ၁၊ အခြေခံမူများအခန်း၊ ပုဒ်မ ၁၂ (ခ) မှာ ပြည်ထောင်စု လွှတ်တော်တွင် မြို့နယ်ကို အခြေခံ၍ လည်းကောင်း၊ လူဦးရေကို အခြေခံ၍ လည်းကောင်း ရွေးကောက်တင်မြှောက်သည့် လွှတ်တော်တစ်ရပ်၊ ဆိုပြီး ပြဌာန်းထားတဲ့အတွက် မဲဆန္ဒနယ် တစ်နယ်ထက်ပိုပြီး ပြုလုပ်ရတဲ့ PR စနစ်ကို ဖွဲ့စည်းပုံမပြင်ဘဲ ပြောင်းလဲကျင့်သုံးမယ်ဆိုရင် ဥပဒေဘောင်ကျော်နေမှာပါ။ လွှတ်တော်တစ်ရပ်ဖြစ်တဲ့ ပြည်သူ့ လွှတ်တော်ဟာ မြိုနယ်တစ်မြို့နယ်အတွက် ကိုယ်စားလှယ်တစ်ဦး ရွေးတဲ့စနစ် ဖြစ်နေပါတယ်။ တကယ်လို့ လူဦးရေကိုသာ အခြေခံပြီးလုပ်မယ်ဆိုရင်လည်း လူနေကြဲပါးတဲ့ တိုင်းရင်းသား ဒေသတွေအတွက် ဘယ်လိုမှ မျှတမှုမရှိနိုင်ပါ။ အခန်း (၄) ဥပဒေပြုရေး ၊ ပုဒ်မ ၁၆၁ (က) မှာလည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် မြို့နယ် တစ်မြို့နယ်လျှင် နှစ်ဦးကျစီ ရွေးကောက်တင်မြှောက်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ လို့ဆိုထားတဲ့အတွက် အချိုးကျကိုယ်စားပြု စနစ်ကို ဖွဲ့စည်းပုံမပြင်ဘဲ လုံးဝ ပြောင်းလဲ ကျင့်သုံးလို့ မရနိုင်ပါ၊ ဒါပေမဲ့ အမျိုးသားလွှတ်တော်အတွက် ပြဌာန်းချက်တစ်ခုဖြစ်တဲ့ ပုဒ်မ (၁၄၁) မှာတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် (၁၂) ဦးကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ လို့ ဆိုထားတဲ့အတွက် အချိုးကျ ကိုယ်စားပြုစနစ်ပုံစံ ပြောင်းလဲကျင့်သုံးနိုင်ကောင်း ကျင့်သုံးနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၏ အခန်း(၃) “နိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်ခွင့်မရှိခြင်း” ပုဒ်မ ၁၂ (က) မှာ အနည်းဆုံးမဲဆန္ဒနယ် (၃) နယ်တွင် မိမိပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မှုပြုနိုင်ခြင်း မရှိလျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည် ပိုင်ခွင့်မရှိစေရ လို့ဆိုထားပါတယ်။ နိုင်ငံရေးပါတီတစ်ခုဟာ အနည်းဆုံး ကိုယ်စားလှယ် (၃) ဦးသာ ဝင်ရောက် ယှဉ်ပြိုင်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပေမယ့် အမျိုးသားလွှတ်ကိုယ်စားလှယ် ရွေးချယ်မှုကို PR စနစ် သာ ပြောင်းလိုက်ရင် ကိုယ်စားလှယ် (၁၂) ဦး မဖြစ်မနေ ဝင်ရောက်ယှဉ်ပြိုင်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။ ဥပဒေ (၂) ခုဟာ မတူညီသော အဓိပ္ပါယ်သက်ရောက်မှုတွေ ရှိနေတာ တွေ့နေရတယ်။ ဒါက ဥပဒေပိုင်း ပြဿနာပါ။
နောက်ဆုံးတစ်ခုက အချိုးကျကိုယ်စားပြု စနစ်ကိုပြောင်းလဲမယ်ဆို ကိုယ်စားလှယ်အဖြစ်သတ်မှတ်မယ့်ပုံစံ၊ သတ်မှတ်မဲအရေအတွက်၊ မဲပေးရမယ့်စနစ် (ကိုယ်စားလှယ်အမည်ကိုပါ ထည့်ပေးရမှာလား၊ ဒါမှမဟုတ် ပါတီကိုပဲ ပေးရမှာလား) စသည့် ရွေးချယ်မှုလုပ်ငန်းစဉ်များကို ပြင်ဆင်မှုတွေလုပ်ဖို့ လိုအပ်ပါသေးတယ်။ ဒီနေရာမှာလည်း တိုင်းဒေသကြီးတွေက လူဦးရေ ထူထပ်ပြီး ပြည်နယ်တွေက လူနေကျဲတဲ့အတွက် ပြည်နယ်နဲ့တိုင်းတစ်ခုချင်းစီ အတွက် မတူညီတဲ့သတ်မှတ်ချက်တွေ ရေးဆွဲရပါလိမ့်မယ်။ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ အများကြီး ရှိပါတယ်။ ဒါတွေရေးဆွဲ သတ်မှတ်ပြီးရင်တောင် မဲဆန္ဒရှင်တွေကို အသိပညာပေးမှုတွေ လုပ်ရပါအုံးမယ်။
ဒါတွေကို အခုလိုအချိန်တိုလေးထဲမှာ ပြီးစီးအောင်လုပ်ဖို့ အလွန်ခက်ခဲပါတယ်။ အခက်အခဲတွေ ဒီလောက်များ နေတာကိုတောင် စစ်အာဏာရှင်နဲ့ အပေါင်းပါ ပါတီတွေက ဝိုင်းဝန်းကြိုးစားနေတာကို ကြည့်ရင် သူတို့အာဏာကို ဘယ်လောက် အာသာငမ်းငမ်း ဖြစ်နေတယ်ဆိုတာ သိသာထင်ရှားလှတယ်။ နောက်ပြီး ဖွဲ့စည်းပုံနဲ့မညီ၊ သူတို့ရေးဆွဲထားတဲ့ ဥပဒေတွေနဲ့ မညီဘဲ ဆောင်ရွက်နေမှုများက ၂၀၀၈ဖွဲ့စည်းပုံနဲ့ ဥပဒေတွေကို လေးစား လိုက်နာ နေပါတယ်ဆိုတဲ့ သူတို့နှုတ်ထွက်စကားကို မိန်းမရွှင်တစ်ယောက်ရဲ့ စကားလောက်တောင် တန်ဖိုးမရှိ၊ အခြေအမြစ်မရှိတဲ့ စကားအဖြစ် ပြောင်းလဲသွားစေတဲ့ အခြေအနေကို ပြနေပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် စစ်အာဏာရှင်နဲ့ အပေါင်းပါပါတီတွေဟာ အာဏာကိုငမ်းငမ်းတက် လိုချင်နေတယ်ဆို တာ အလွန်ပေါ်လွင်နေပါတယ်။ ဒီလိုအာဏာကိုရတဲ့နည်းနဲ့ မတရားလိုချင်နေတဲ့သူတွေကို အကြောင်းသင့် သခိုက် အပြီးအပြတ် ချေမှုန်းရုံကလွဲ၍ အခြားနည်းလမ်းမရှိတော့ဘူးဆိုတာ တော်လှန်သူအပေါင်း သိထားသင့်ပါပြီလို့ပဲ ပြောလိုက်ချင်ပါတယ်။
အညာသား