စစ်မိစ္ဆာကွန်ချာအောက်မှ မလွတ်မြောက်နိုင်သေးတဲ့ဘဝများ..

ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက နိုင်ငံဟာ ကံဆိုးမိုးမှောင်ကျခဲ့တာ ၉လရှိပြီဖြစ်ပါတယ်။စစ်ကောင်စီဟာ လက်နက်အားကိုးနဲ့ ပြည်သူကို နှိပ်စက်တာကလွဲလို့ ဘာတစ်ခုမျှ အကောင်အထည် မဖော်နိုင်ပါဘူး။တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကလည်း စစ်ကောင်စီ အုပ်ချုပ်လို့မရအောင် ကြံ့ကြံ့ခံပြီး အန်တုနေကြဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီ ရမ်းကားနှိပ်စက်ခဲ့လို့ အပြစ်မဲ့ပြည်သူ ၁၁၈၀ကျော် ကျဆုံးခဲ့ပါတယ်။ထောင်အသီးသီးမှာလည်း ၉၀၀၀ကျော် ဖမ်းဆီးချုပ်နှောင်ထားပါတယ်။AAPP ရဲ့ မှတ်တမ်းပြုချက်တွေအရသာ ကိန်းဂဏန်းတွေကို ဖေါ်ပြနိုင်တာဖြစ်ပြီး လက်တွေ့မြေပြင်မှာတော့ ဒီထက်မက ပိုနိုင်ပါတယ်။
အောက်တိုဘာ ၁၈ မှာတော့ စစ်ကောင်စီရဲ့ အကြီးအမှူးဟာ မိန့်ခွန်းထွက်ပြောပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုတဲ့ အမိန့်တွေထုတ်ပြန်ပါတယ်။ဝါကျွတ်ကာလမှာ နာမည်ကောင်းယူပြီး ထုတ်ပြန်ခဲ့ပေမယ့် အများပြည်သူကတော့ သတိကြီးကြီးထားပြီးစောင့်ကြည့်ခဲ့ပါတယ်။ ပြည်သူအပေါ် သနားကြင်နာသယောင်ပြုပြီး ကမ္ဘာနဲ့အာဆီယံရဲ့ ဖိအားတွေကြောင့်ပဲ ထွက်ပေါက်ရှာခဲ့တာ ဖြစ်ပါတယ်။ ဒီလူတွေအားလုံးဟာ ဥပဒေမဲ့ မတရားဖမ်းဆီးခံခဲ့ရတဲ့သူတွေပါ။ အစကတည်းက မဖမ်းသင့်တဲ့လူတွေပါ။ ပြည်သူအများကတော့ ပြန်လွတ်လာသူတွေအတွက် ဝမ်းသာကြပေမယ့် စစ်ကောင်စီကိုတော့ဘယ်သူမှ ကျေးဇူးမတင်ကြပါဘူး။ ပြစ်ဒဏ်ကျပြီးသူ ၁၃၁၆ဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပေမယ့် ခံဝန်နဲ့ နှောင်ကြိုးချည်ပြီး လွှတ်ပေးခဲ့တာပါ။အမှုကြားနာစစ်ဆေးဆဲ ၄၃၂၀ဦးကိုတော့ အမှုပိတ်သိမ်းပြီး ပြန်လွှတ်ပေးပါတယ်။ ပြည်သူအားလုံး သတိကြီးကြီးနဲ့ စောင့်ကြည့်နေဆဲမှာပဲ အသံတွေကြားရပါတော့တယ်။ အောက်တိုဘာ၂၀ရက်အထိ AAPP ထုတ်ပြန်တဲ့ အချက်အလက်တွေအရ လွတ်မြောက်ပြီးမှ ပြန်လည်အဖမ်းခံရသူပေါင်းဟာ ၁၁၀ဦး ရှိနေပြီဖြစ်ပါတယ်။မြေပြင်မှာတော့ ဒီထက်ပိုနိုင်ပါတယ်။
ဟင်္သာတက တက္ကသိုလ်ကျောင်းသားသုံးဦးဖြစ်တဲ့ ကိုမင်းသူအောင်၊ ကိုညီညီမင်းထက်နဲ့ ကိုအောင်ခန့်မင်း တို့ဟာ ပြန်လည်လွှတ်မြောက်လာပြီး အဲဒီနေ့ညမှာပဲ သူတို့အိမ်တွေရှိရာကို စစ်ပုလိပ်တွေရောက်လာပြီး ပြန်လည်ဖမ်းဆီးပါတယ်။ကိုအောင်မင်းခန့် တစ်ယောက်သာ အချိန်မီရှောင်တိမ်းနိုင်လို့ လွတ်ခဲ့ပေမယ့် ကျန်နှစ်ယောက်ကတော့ ဖမ်းဆီးခြင်းခံရပါတယ်။ လူမှုကွန်ရက်ပေါ်မှာ အများသိအောင်ပြောလာတဲ့ စကားသံတွေကိုလည်း နားထောင်ကြည့်ပါ။အမျိုးသမီးကြီးတစ်ဦးရဲ့ပြောတာကတော့ သူ့တူလေးဟာ အဖမ်းခံရပေမယ့် ပြန်မလွတ်ပါဘူး။ သူ့တူလေးနဲ့အတူအဖမ်းခံရတဲ့ လူငယ်လေးဟာ ပြန်လွတ်လာခဲ့ပေမယ့် အိမ်ပေါ်ရောက်ပြီး မကြာခင်မှာပဲ ပြန်အဖမ်းခံရတယ်လို့ ဆိုပါတယ်။နောက်အမျိုးသမီးကတော့ သူ့ယောက်ျားနဲ့ပတ်သက်ပြီး ရင်ဖွင့်ပါတယ်။ သူ့အမျိုးသားဟာ ည၈နာရီ၁၅မိနစ်မှာ အိမ်ကိုပြန်ရောက်ခဲ့ပေမယ့် ၉နာရီထိုးတော့စစ်ပုလိပ်တွေ အိမ်ကိုရောက်လာပြီး ခံဝန်ထိုးစရာရှိလို့ပါဆိုပြီး လာခေါ်ပါတယ်။ဖခင်ဖြစ်သူကိုယ်တိုင်က  မနက်မှလာထိုးပါရစေလို့ တောင်းပန်တာတောင် မရပါဘူး။မိသားစုပါလိုက်ရင်လိုက်ခဲ့လို့ ပြောဆိုလို့ အမီလိုက်ခဲ့ကြသော်လည်း ရဲစခန်းရောက်တာနဲ့ ဘယ်သူမှမရှိဘူး။ ပြန်ကြတော့လို့ ခွေးမောင်းသလို မောင်းလွှတ်တာခံရတယ်လို့ ပြောပါတယ်။ရက်ရှည်လများ ခွဲခွာနေရတဲ့ ဇနီးတစ်ယောက်အနေနဲ့ တစ်နာရီပြည့်အောင် ယောကျ်ားမျက်နှာကို မကြည့်လိုက်ရဘူးလို့ ဆိုပါတယ်။ အချို့တွေမှာတော့လွတ်စာရင်းမှာပါပေမယ့် ထောင်ဘူးဝ အရောက်မှာပဲ ပြန်လည်အဖမ်းခံရပါတယ်။

ချောက်မှာနေထိုင်ရင်း အဖမ်းခံရတဲ့ အမျိုးသား၂ဦးနဲ့ အမျိုးသမီးခြောက်ဦးရဲ့ အဖြစ်ပါ။ မကွေးထောင်ရဲ့ ထောင်ဘူးဝရောက်မှ ပြန်လွှတ်မပေးဘဲ ၈ဦးစလုံးကို ပြန်ဖမ်းလိုက်ပါတယ်။ မိတ္တီလာထောင်ရဲ့ အဖြစ်ပျက်ကလည်း ထိုလည်းလည်းကောင်းပါပဲ။ပြန်လွတ်မြောက်လာသူ ၃၈ဦးထဲက ၁၁ဦးဟာ ပြန်ပြီး အဖမ်းခံခဲ့ရပါတယ်။ မိုးညိုမြို့နယ် ထိန်တောတိုက်နယ်ဆေးရုံက CDM ဆရာဝန် ဒေါက်တာကျော်နိုင်ထွန်းဟာလည်း ထပ်တိုးပုဒ်မနဲ့ ပြန်အဖမ်းခံရပါတယ်။ လူသိများတဲ့ အဆိုတော်ဇော်ဝင်းထွဋ်ရဲ့သား လူငယ်အဆိုတော် အီတိုးဟာလည်း ဒီနေ့လွှတ်ပေးပြီး နောက်နေ့မှာပြန်အဖမ်းခံရပါတယ်။ စစ်ကောင်စီဟာ သူတိုလုပ်ချင်လာပြီဆိုရင် ဘာကိုမျှထည့်မတွက်ပါဘူး။လူ့အခွင့်အရေးကို ဂရုမမူပါဘူး။လူသားဆန်မှုကင်းမဲ့တဲ့စိတ်နဲ့ မိစ္ဆာအရိုင်းလို ပြုကျင့်တတ်ပါတယ်။ ကာယကံရှင်ကို စိတ်အနာတရထပ်ဖြစ်စေသလို၊မိသားစုအသိုင်းဝိုင်းပါ စိတ်ဒုက္ခသင့်စေပါတယ်။သူတို့ရဲ့လွတ်မြောက်ခြင်းဟာ ရှိရင်းစွဲစိတ်ဒဏ်ရာကို ပိုပြီးထိုးဆွအနာတရဖြစ်စေပါတယ်။ ထောင်ချီပြီးလွတ်မြောက်လာသူတွေရှိနေသေးတယ်ဆိုပေမယ့် သူတို့တွေလည်းနောက်ကျောမလုံကြပါဘူး။ ရမ်းကားတဲ့စစ်မိစ္ဆာတွေကြောင့်ပဲ ရှောင်ရတိမ်းရ နေနေ ကြရပါတယ်။ အကျဥ်းထောင်တွေထဲမှာရှိနေစဥ် စစ်ကြောရေးကရတဲ့ဒဏ်ရာ ဒဏ်ချက်တွေနဲ့ ကျဆုံးခဲ့ရသူတွေ ရှိသလို လုံလောက်တဲ့ ကုသမှုမရှိတဲ့ အခြေအနေဆိုးကြောင့်ပဲ ကိုဗစ်ကာလမှာ သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။
ဥပဒေရဲ့ တရားမျှတတဲ့ ခုခံကာကွယ်ခွင့်တွေလည်း ဆုံးရှုံးခဲ့ပါတယ်။လွတ်မြောက်လာသူ အများစုရဲ့ ပြောစကားအရ တရားရင်ဆိုင်စဥ်ကာလမှာလည်း မိသားစုနဲ့ လုံးဝတွေ့ခွင့်မရသလို သူတို့ရဲ့အကျိုးဆောင် ရှေ့နေတွေနဲ့ပါ လွတ်လွတ်လပ်လပ်စကားပြောခွင့် မရကြဘူးလို့ ဆိုပါတယ်။ အထက်ပါကိစ္စတွေထက် ပိုမိုဆိုးဝါးတာကတော့ အကျဥ်းထောင်သို့ မရောက်ခင် စစ်ကြောရေးကာလတွေမှာ တွေ့ကြုံရတဲ့အိပ်မက်ဆိုးတွေပဲ ဖြစ်ပါတယ်။ သတင်းထောက်တစ်ဦးကလည်း သူကြုံတွေ့ခဲ့ရတဲ့ နှိပ်စက်ခံရမှုတွေကို ဖက်ဆစ်ငရဲခန်းနဲ့ တင်စားပြီး ပြောဆိုခဲ့ပါတယ်။

လူငယ်အချို့ပြန်ပြောပြတာကတော့ ၅ရက်ဆက်တိုက် အနှိပ်စက်ခံ အရိုက်ခံရတယ်။ အချို့ဆိုရင်နေပူထဲမှာထားတယ်။ ရေသံပေးပြီး ရေလုံးဝမတိုက်ဘူးလို့လည် းပြောပါတယ်။ ကောင်လေးတစ်ယောက်ဆိုင် သူ့ဖုန်းထဲက အသိမိန်းကလေးပုံကိုပြပြီး ခြိမ်းခြောက်အကျပ်ကိုင်တဲ့အထိ လုပ်ခဲ့တယ်လို့ ဆိုတယ်။ ပြန်ကြားရသူ ကျောချမ်းစရာကောင်းတဲ့ အဖြစ်ပျက်ဆိုးကတော့ ထောင်ဆီ မပို့ခင်မှာပဲ ဒဏ်ရာတွေပြည့်နှက်နေတဲ့ ကိုယ်ပေါ်ကို အရက်ပျံလောင်းချခြင်းခံရတဲ့ အဖြစ်ပျက်ဆိုးပါပဲ။ ပြန်လည်လွတ်မြောက်လာသူတွေရဲ့ နှုတ်ထွက်စကားတွေက လူထုကြားမှာ ပျံ့ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ပြန်ကြားရေးတာဝန်ရှိသူကတော့ စစ်ကြောရေးကာလမှာ လူမဆန်စွာ အနှိပ်စက်ခံရသူများရှိပါက သက်သေနဲ့တကွ တိုင်ကြားနိုင်ပါတယ်လို့ ဆိုလာပြန်ပါတယ်။ အားလုံးပဲ စဥ်းစားကြည့်ကြပါ။ စစ်ကြောရေးကာလမှာ ဘယ်သူ့ကို သက်သေထူရပါမည်နည်း။ သက်သေနဲ့တကွ တိုင်ကြားရင်ရော ဘာများထူးပါမည်နည်း။ နိုင်ငံတော် အတိုင်ပင်ခံနဲ့သမ္မတကြီးတို့ရဲ့ အကျိုးဆောင်ရှေ့နေကြီးများသည်ပင် တရားခွင်သတင်း အပြင်မပေါက်ကြားစေဖို့ ပုဒ်မ ၁၄၄ထုတ်ကာ ကန့်သတ်ခံနေရသည် မဟုတ်ပါလား။

              ( လက်ရုံးညီ )