ခရုကို ခါးတောင်းကျိုက်ဖမ်းနေကြသလားလို့ပါ

ကျွန်တော်တို့ပညာရေးလောကမှာ  အလွန်လွယ်ကူသော ကိစ္စတစ်ခုကို လျိူ့ဝှက်ဆန်းကြယ်စွာ ဖော်စပ်ထားတဲ့ ဆေးခါး ကြီး တစ်မျိုးရှိပါတယ်။ ဆရာတိုင်း မဖြစ်မနေ သောက်သုံးရပြီး ကျောင်းသားတွေကိုလည်း တစ်နှစ်တစ်မျိုး မရိုးရအောင် သောက်နည်းသင်ပေးရတဲ့ ဆေးကျမ်းကြီးဆိုပါစို့။ အဲ့ဒါကတော့ အမှတ်ပေးစည်းမျဉ်းဆိုတဲ့ ဆေးကျမ်းတော်ကြီးပဲ ဖြစ်ပါတယ်။

            န ဝ တ ခေတ်မှာ  ဗိုလ်ခင်ညွန့် စနစ်တကျ ဖျက်ဆီးလိုက်တဲ့ “မအောင်မရှိ ငါ့တပည့် အောင်ပါစေ” ပညာရေးစနစ်ကြီးဟာ အတန်းတက်သူ၊ ဘွဲ့ရသူတွေများလာပေမဲ့ တကယ့်ပညာတတ်ရှားပါးလာခြင်းဟာ တိုင်းပြည်ရဲ့ လူ့စွမ်းအား အရင်းအမြစ်အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။ အတန်းတိုင်း  အကျမရှိ (ကျလျှင် ထုချေလွှာ တင်ရသဖြင့် အကျမထားတော့ပါ)စနစ်နဲ့ ရေစုန်မျှောလာလိုက်တဲ့ မဟာပညာကျော်ကြီးများ တက္ကသိုလ်ဝင်တန်းလည်း ရောက်ရော အမှတ်ပေးစည်းမျဉ်းဆိုတဲ့ဧရာမတောင်ကြီးနဲ့တွေ့ရပါလေရော။

            သင်ကြားသူဆရာများက မိမိတို့တပည့်များ အမှတ်ကောင်းကောင်း ရရှိရေး၊ ဂုဏ်ထူးရရှိရေးတို့ အတွက် အမှတ်ပေးစည်းမျဉ်းများကို ရှာဖွေလေ့လာ သင်ကြားရပါတယ်။ဒီလိုလေ့လာဖို့အတွက် ဆရာ၊ ဆရာမတွေ လေ့လာကိုးကားရတဲ့ စာအုပ်ကတော့ မြန်မာနိုင်ငံစာစစ်က ထုတ်ဝေတဲ့ မေးခွန်းနဲ့ အဖြေစာအုပ်ပါ။ ဘာသာရပ် သင်ဆရာများက  မိမိတို့ သက်ဆိုင်ရာ ဘာသာကို သေချာစွာလေ့လာပြီး ကျောင်းသားများကို ဘယ်မေးခွန်း လာလျှင်ဖြင့် ဘယ်လိုပုံစံဖြေဆိုမှ အမှတ်ပြည့် ရမည်ဖြစ်ကြောင်း(အဖြေအားလုံး မှန်သည်ဟု မဆိုလိုပါ။)ကို သင်ကြားတဲ့ သင်ခန်းစာတိုင်းမှာ ရှင်းလင်းသင်ကြားရပါတယ်။ ကျောင်းသားများကလည်း ဆရာများရဲ့ လမ်းညွှန်ချက် အတိုင်း ကျက်ကြ၊ တွက်ကြ၊ လေ့လာကြလေသတည်းပေါ့။

            အောင်စာရင်းထွက်ချိန်ရောက်ပြီ။ ကိစ္စက အဲ့ဒီမှာ စတော့တာပါပဲ။ ကိုယ်တွေမနှစ်က လေ့လာခဲ့တဲ့ အမှတ်ပေးစည်းမျဉ်းကတစ်မျိုး။ ဒီနှစ်မှာပေးတဲ့ အမှတ်ပေးစည်းမျဉ်းကတစ်မျိုး။ လွဲသွားပြီ။ ဆုံးရှုံးသွားပြီ အမှတ်တွေ။ ဂုဏ်ထူးနဲ့လွဲခဲ့တဲ့ ကလေးတွေအတွက် စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ “ဒီကလေးတွေက ဆရာကြီး ဆရာမကြီးတို့ ချမှတ်ထားတဲ့ အမှတ်ပေးစည်းမျဉ်းနဲ့ ဖြေတာပဲလေ”လို့ ဘယ်သူ့ကိုမှ ပြန်ပြောခွင့်မရရှိခဲ့ပါဘူး။ ဆရာတွေလည်း သက်ပြင်းကိုသာ အကြိမ်ကြိမ်မှုတ်ထုတ်ရင်း လက်ရှိသင်နေတဲ့ ကလေးတွေကို အမှတ်ပေးစည်းမျဉ်း အသစ်တွေပြောရပေဦးတော့မယ်။

            နှစ်တက် (Fresher)က အကြောင်းမဟုတ်။ နှစ်ကျ (Repeater) သမားတွေကျတော့ ခက်ကရော။ မနှစ်ကသင်ခဲ့တဲ့ အမှတ်ပေးစည်းမျဉ်းကို တော်တော်လေးရင်းနှီးခဲ့ပြီးခါမှ အခုတစ်မျိုး အသစ်မှတ်ရဦးမယ်။ အခုစာကလေးကြော် အခုဆီထမင်းလုပ်ရတာလည်း မျက်နှာပူရတယ်။ မတတ်နိုင်ပါ….. ရှေ့မျက်နှာနောက်ထားပြီး သင်ခဲ့ရတဲ့ နှစ်တွေလည်းစာသင်သက် (၁၆)နှစ်လုံးလုံးပဲ ဆိုရမယ်။

            ဒါကိုဖတ်နေတဲ့ စာဖတ်သူက ပြောပါလိမ့်မယ်။ အပိုတွေလျှောက်ရေးနေတာပါကွာ….. ပြဋ္ဌာန်းစာအုပ်ကြီး တစ်ခုလုံးရှိနေတာ။ သူ့အထဲကအတိုင်းဖြေလိုက်ရင်မရဘူးလားလို့ ဆိုစရာရှိပါလိမ့်မယ်။ ပြဋ္ဌာန်းစာအုပ်ကလည်း ပြဿနာ နှစ်မျိုးရှိနေပြန်ပါရော။ ပထမ ပြဿနာက ပြဋ္ဌာန်းစာအုပ်ကို အတုလိုက်ထုတ်တဲ့ ဈေးကွက်ကို မထိန်းနိုင်တာပါ။ မထိန်းနိုင်တော့ ပညာရေးဝန်ကြီးဌာနက အမှားအချို့ကို အသစ်ပြင်ပေးလိုက်ပေမဲ့ အတုလိုက်ထုတ်တဲ့ ဈေးကွက်က လိုက်မပြင်ဘဲ အရင်ဖလင်အတိုင်းပြန်ရိုက်ပါတယ်။ ဌာနက ဘယ်လောက်ပြင်ပြင် ဒီမှာက မှားမြဲ မှားဆဲပါပဲ။  အတန်းသစ်ကိုတက်လာတဲ့ ကလေးတွေက ကျောင်းကပေးတဲ့ စာအုပ်မရခင် ကြိုလေ့လာချင်တော့  အပြင်ကဝယ်။ တောက်လျှောက် မှားပါလေရော။

            နောက်တစ်ခုကတော့ ပညာရေးဝန်ကြီးဌာနရဲ့ မမှားသင့်တဲ့ အမှားမျိုးပါ ။ ဘယ်လိုအမှားမျိုးလဲဆို ဥပမာ   ရဝေ ဆိုတဲ့ ခက်ဆစ်က ကဗျာမှာလည်းပါတယ်။ ရေသည်ပြဇာတ်မှာလည်းပါပါတယ်။ ကဗျာမှာကျတော့ တိုက်ခန်း နေရာဆိုပြီး ပုဒ်ဖြတ်မပါဘဲ  ပြဋ္ဌာန်းထားပါတယ်။ ရေသည်မှာကျတော့ တိုက်ခန်း၊ နေရာဆိုပြီးပုဒ်ဖြတ် ထည့်ပြီးပြဋ္ဌာန်းထားပါတယ်။ မူရင်းစာအုပ်ကနေ ပြဋ္ဌာန်းစာအုပ်ထဲကို ကူးယူဖေါ်ပြတဲ့အခါ လွဲနေတာတွေလည်း အများကြီးပါ။ ဒီလောက်ဆို စာဖတ်သူ အနေနဲ့ ပြဋ္ဌာန်းစာအုပ်ရဲ့ အခြေအနေကို တီးမိခေါက်မိ ရှိပြီ ထင်ပါတယ်။

            ကောင်းပါပြီ ။ ကျွန်တော် အမှတ်ပေးစည်းမျဉ်းကို ပြန်ကောက်ပါမယ်။ ဆရာအများစုရဲ့ တူညီတဲ့ အတွေးနဲ့ ဖြစ်ချင်ကြတာက ဘယ်နည်းဖြစ်ဖြစ် အဖြေမှန်ရင် အမှတ်ပေးရမယ်။ ဘယ်မှာတက်တက် ဘယ်မှာဖြေဖြေ အဖြေမှန်ရင် အမှတ်ပေးစေချင်တာပါ။

            ဘယ်နေရာမဆိုလို့ ပြောတာဟာ   ပြည်နယ်နဲ့ တိုင်းမေးခွန်းတွေ အရင်က ထုတ်ပါသေးတယ်။   မေးခွန်းက ဆယ့်တစ်စုံ။  ပြည်နယ်နဲ့ တိုင်းအလိုက်လည်း အမှတ်ပေးစည်းမျဉ်းနဲ့အညီဆိုတဲ့ စာအုပ်တွေထွက်လာပြန်တာပါပဲ။ ရန်ကုန်တိုင်းမှာ ပေးတဲ့ အမှတ်ပေးစည်းမျဉ်းနဲ့ ဧရာဝတီမှာ ပေးတဲ့ အမှတ်ပေးစည်းမျဉ်း မတူပြန်ပါဘူး။ ကျောင်းသားဆိုတာဟာ အဆင်ပြေတဲ့နေရာမှာ ပညာသင်ယူကြရသလို အဆင်ပြေတဲ့နေရာမှာ ဖြေကြရတာပါ။ ရန်ကုန်မှာတက်တဲ့ကလေးက ဧရာဝတီမှာ သွားဖြေချင်လည်း ဖြေရပါမယ်။ ဧရာဝတီမှာတက်တဲ့ ကလေးကလည်း ရန်ကုန်မှာ လာဖြေချင်ဖြေမှာပါ။ တစ်နေရာနဲ့ တစ်နေရာ အမှတ်ပေးစည်းမျဉ်းက မတူလေတော့ ကျောင်းသားတွေပဲနစ်နာရပြန်တာပါပဲ။

            တစ်ခါလာပြန်ပါသေးတယ်။ စာမေးပွဲဖြေခါနီးပြီဆို အနီးကပ်ပို့ချချက်ဆိုပြီး အစိုးရကျောင်းတွေဆီကို တက္ကသိုလ်က ဆရာဆရာမတွေ ရောက်လာပြန်တာပါပဲ။ တစ်ယောက်တစ်မျိုးကို မရိုးရပါဘူး။ ဖြေနည်းလိုလို၊ အမှတ်ပေးစည်းမျဉ်းလိုလို၊ အရေးကြီးတာလိုလိုနဲ့ ဟောပြောပို့ချကြပြန်ပါရော။ ဘယ်သူ့ကိုအဖေခေါ်လို့ ခေါ်ရမှန်းကိုမသိတဲ့ကျောင်းသားတွေဘဝပါ။

            စဉ်းစားလို့ မရသည်က ဒီအမှတ်ပေးစည်းမျဉ်းကို ထုတ်တဲ့ ဆရာကြီး၊ ဆရာမကြီးများရဲ့ အတွေးပါ။ အမှတ်ပေးစည်းမျဉ်းပဲ ပြောင်းမှာပေါ့လို့ ပြောလာရင်လည်း ပြောင်းသင့်ပြောင်းထိုက်လို့ ပြောင်းတာကို နားလည်ပြီးသားပါ။ ကျွန်တော် ဆိုလိုတာက ဥပမာ နာမ် ကိုမေးတဲ့ မေးခွန်း ဆိုပါစို့ ။ ၂၀ဝ၂ ခုနှစ်မှာ ဒီအမှတ်ပေးစည်းမျဉ်းဆို ၂၀ဝ၃၊ ၂၀ဝ၄ မှာလည်း ဒီအတိုင်းပဲ ဖြစ်သင့်ပါတယ်။ တစ်နှစ်ကို တစ်ခါပြောင်းနေတာကိုက အလုပ်မဟုတ်တာပါ။ ပါမောက္ခ တစ်ယောက်ပြောင်းလို့ အမှတ်ပေးစနစ် ပြောင်းမယ်ဆိုလည်း နှစ်စကတည်းက ကြိုတင်အသိပေးပါမှ လေ့လာသူ ဆရာများ ၊ သင်ယူသူ ကျောင်းသားများက ပြင်ဆင်သင့်တာကို ပြင်ဆင်လေ့ကျင့်ရင် တကယ်အကျိုးရှိမဲ့ ကိစ္စကြီးပါ။ (ဒါကြီးကိုအားကိုး၊ ထောက်ခံပြီးပြောနေတာမဟုတ်ပါ။ သူ့ဇာတ်မှာကလို့ သူ့ခြေထိုးအတိုင်း လိုက်ကျင့်တာပါ။)

             ကျွန်တော်တို့ မြန်မာနိုင်ငံ ပညာရေးဟာ ကမ္ဘာနဲ့ ယှဉ်ပြောရင် အတော့်ကို နောက်ကျကျန်ခဲ့ပါပြီ။  ၁၉၆၄ – ၆၅ လောက်ကစပြီး ဦးနေဝင်းဖျက်ဆီးခဲ့ ပညာရေးစနစ်ကို သိပ်မပြည့်စုံသေးလို့ ဦးခင်ညွန့်က န ဝ တ ခေတ်မှာအပြည့်အဝ ထပ်ဖျက်ဆီးပေးခဲ့ပါတယ်။ အထက်မှာ ကျွန်တော်ပြောခဲ့တဲ့ အကြောင်းအရာတွေဟာ စနစ်တစ်ခုကို ပြောခြင်းပဲဖြစ်ပါတယ်။ အမှတ်နဲ့သတ်မှတ်ထားတဲ့ ဝင်ခွင့်တွေကို ထောက်ခံအားပေးနေတာ မဟုတ်ပါဘူး။ အမှတ်ကောင်းတိုင်း ပညာတတ်တာမဟုတ်ဘူးဆိုတဲ့ စကားကို ဆရာကြီးတစ်ယောက်ပြောဖူးပါတယ်။ အင်္ဂလိပ်စာ ဂုဏ်ထူးထွက်တဲ့ ကလေးတစ်ယောက်ဟာ အက်ဆေးတစ်ပုဒ်ကို လက်တန်းမှ မရေးနိုင်ဘဲ။ စာတတ်တာပဲ ရှိတာ။ ပညာတတ်တာမှ မဟုတ်တာလေ။ သို့သော် သူတို့ဖြတ်သန်းနေတဲ့ ခေတ်ထဲမှာတော့ သူတို့ ကြိုစားထားသမျှလေးတွေကို အရာထင်စေချင်ပါတယ်။

            ဒီနေရာမှာ စာစစ်တဲ့ ဆရာ၊ ဆရာမရဲ့ အခန်းကဏ္ဍကိုလည်း ချန်လှပ်ထားလို့ မရပြန်ပါဘူး။ အမှတ်ပေးစည်းမျဉ်းမှာ ဘယ်လိုပဲပါပါ ။ စာစစ်သူက ပေးသင့်တယ်၊ ပေးလို့ရတယ်ဆိုတဲ့ အရည်အချင်းမျိုး ရှိဖို့လည်း လိုပါလိမ့်မယ်။ မကြာခင်တော့ ပညာရေးစနစ် ပြောင်းလဲလာဖွယ်ရှိတယ်လို့ သိရပါတယ်။ စနစ်ပြောင်းရုံနဲ့ မပြီးပါ။ လူရဲ့အရည်အချင်းလည်း ပြောင်းဖို့လိုပါလိမ့်မယ်။ မူကောင်းပြီး လူမကောင်းရင် ဘယ်လောက်လျှောက်လျှောက် ခရီးရောက်မှာမဟုတ်ပါဘူး။ ပထမလူတွေ တစ်ချက်ခေါက်လို့ နောက်လူကို အားကိုးခါမှ နှစ်ချက်အခေါက်ခံရတဲ့ အဖြစ်မျိုးလည်း ကြုံမှာ စိုးရပြန်ပါတယ်။ အရင်လူများကို  မတော်မတတ်ဟု မဆိုလိုပါ။ သို့သော် ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်တဲ့ ပညာရေးစနစ်မျိုးကို မဖန်တီးနိုင်ခဲ့တာကိုတော့ ရင်နာမဆုံးပါ။

            ဘယ်ဘာသာရပ်ပဲဖြစ်ဖြစ် အမှတ်ပြည့်ရမဲ့မေးခွန်းတွေကို အဖြေတသမတ်တည်း (ဒီအမှတ်ပေးစည်းမျဉ်းကြီးနဲ့ တိုက်စစ်နေတဲ့ ကာလတစ်လျှောက်)ရှိစေချင်ပါတယ်။ ဒီလိုဖြေမှ အမှတ်ရမယ်ဆို ဒီအတိုင်းလိုက်ဖြေနိုင်တဲ့ ကျောင်းသားတွေ အများကြီးရှိပါတယ်။ လက်စွမ်းပြတီးကွက်တွေနဲ့ ကလေးတွေရဲ့ အနာဂတ်ခြေလှမ်းတွေကို မပျက်ဆီးစေချင်တာပါ။ မိချောင်းမင်းရေခင်းပြ တာမဟုတ်ပေမဲ့ ရေအတိမ်အနက် ဘယ်လောက်ရှိတယ်ဆိုတာတော့ မိချောင်းတွေလည်း သိထားသင့်တယ်ထင်လို့ပါ ခင်ဗျာ။

                                                                        တက်လူအိမ်