အရှေ့တောင်အာရှနိုင်ငံများအသင်း ပဋိညာဉ်စာတမ်း

နိဒါန်း

            ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ၊ ကမ္ဘောဒီးယား ဘုရင့်နိုင်ငံ၊ အင်ဒိုနီးရှား သမ္မတနိုင်ငံ၊ လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပြည်ထောင်စုမြန်မာနိုင်ငံ၊ ဖိလစ်ပိုင် သမ္မတနိုင်ငံ၊ စင်ကာပူသမ္မတနိုင်ငံ၊ ထိုင်းဘုရင့်နိုင်ငံနှင့် ဖိလစ်ပိုင်ဆိုရှယ်လစ်သမ္မတနိုင်ငံတို့မှ နိုင်ငံတော်အကြီးအကဲများ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲများက ကိုယ်စားပြုသည့် ကျွန်ုပ်တို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများ၏ ပြည်သူများသည် –

အာဆီယံကြေညာစာတမ်းကို ဗန်ကောက်မြို့၌ ထုတ်ပြန်၍ အသင်းစတင် တည်ထောင်ပြီးကတည်းက အာဆီယံ၏ ထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့မှုနှင့် တိုးချဲ့ဖွဲ့စည်းနိုင်မှုကို ကျေနပ်အားရစွာ အသိအမှတ်ပြု၍လည်းကောင်း၊

ဗီယန်ကျင်းလုပ်ငန်းစဉ်၊ အာဆီယံပဋိညာဉ်စာတမ်း ရေးဆွဲရေးဆိုင်ရာ ကွာလာလမ်ပူ ကြေညာစာတမ်းနှင့် အာဆီယံပဋိညာဉ်စာတမ်း အခြေခံပုံကြမ်းဆိုင်ရာ စီးဘူး ကြေညာစာတမ်းတို့တွင် အာဆီယံ ပဋိညာဉ်စာတမ်း ရေးဆွဲချမှတ်ရန် ဆုံးဖြတ်ခဲ့ကြ သည်များကို အမှတ်ရ၍ လည်းကောင်း၊

ဆက်စပ်ပထဝီအနေအထား၊ တူညီသော ရည်ရွယ်ချက်များ၊ အတူတကွ မျှော်မှန်းသည့် ပန်းတိုင်ထားရှိကြသော အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပြည်သူများအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းမှုနှင့် မှီခိုအားထားမှုများ တည်ရှိနေသည်ကို အလေးဂရုပြု၍ လည်းကောင်း၊

            တစ်ခုတည်းသော အမြင်၊ တစ်ခုတည်းသော အသွင်လက္ခဏာ၊ တစ်ခုတည်းသော ကောင်းတူဆိုးဖက် “အသိုက်အဝန်း” ဟူသော သဘောထားဖြင့် ရည်မှန်းချက်ထားရှိပြီး စည်းလုံးညီညွတ်ကြ၍လည်းကောင်း၊ ထာဝရငြိမ်းချမ်းသော၊ အေးချမ်းတည်ငြိမ်သော၊ စီးပွားရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်၍ အတူတကွ သာယာ ဝပြောပြီး လူမှုဘဝဖွံ့ဖြိုးတိုးတက်သော ဒေသအတွင်း နေထိုင်းသွားရန်နှင့် အဓိကအကျိုးစီးပွားများနှင့် လိုလားမျှော်မှန်းချက်များကို တိုးမြှင့်ဆောင်ရွက်ရန် တူညီသော ဆန္ဒနှင့် စုပေါင်းစိတ်ဆုံးဖြတ်မှုတို့ဖြင့် ပေါင်းစည်းကြ၍ လည်းကောင်း၊

ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ အခြေခံကျသော အရေးပါမှုနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်မှု၊ တူညီဆန္ဒ ဖြင့်သာ ဆုံးဖြတ်မှုနှင့် ပုံစံကွဲပြားသော်လည်း ညီညွတ်မှုရှိခြင်းဟူသည့် အခြေခံမူကြီးများကို လေးစား၍ လည်းကောင်း၊

            ဒီမိုကရေစီအခြေခံမူများ၊ တရားဥပဒေစိုးမိုးရေး၊ စီမံအုပ်ချုပ်မှုကောင်းမွန်ရေး၊ လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များအား လေးစားမှုနှင့် အကာအကွယ်ပေးမှုများကို စောင့်ထိန်းလိုက်နာ၍ လည်းကောင်း၊

            ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်သစ်များ၏ အကျိုးစီးပွားအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိရေးကို အာမခံချက် ရရှိစေရန်နှင့် အာဆီယံအသိုက်အဝန်း ထူထောင်မှုလုပ်ငန်းစဉ်ကို ဗဟိုပြု၍ ပြည်သူများ၏ ကြွယ်ဝချမ်းသာမှု၊ စားဝတ်နေရေး ဖူလုံမှုနှင့် သက်သာချောင်ချိမှုတို့ကို ဆောင်ရွက်ကြရန် ဆုံးဖြတ်ချက်ချမှတ်၍ လည်းကောင်း၊

            ပစ္စုပ္ပန်နှင့် အနာဂတ်စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ထိရောက်စွာ တုံ့ပြန်နိုင်ရန်အလို့ငှာ နိုင်ငံရေးအရ တည်တံ့သော၊ စီးပွားရေးအရ ပေါင်းစည်းသော၊ လူမှုရေးအရ တာဝန်ယူသော အာဆီယံအသိုက်အဝန်း ဖြစ်မြောက်စေရေး အတွက် ဒေသအတွင်း စည်းလုံးညီညွတ်မှုအင်အား တောင့်တင်း ခိုင်မာစေရန် လိုအပ်သည်ဟု ယုံကြည်၍ လည်းကောင်း၊

            ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းမှုကို ပိုမိုမြှင့်တင်လျက် အာဆီယံကွန်ကော့ (၂) ဘာလီ ကြေညာချက်တွင် ဖော်ပြထားသည့်အတိုင်း အာဆီယံလုံခြုံရေးအသိုက်အဝန်း၊ အာဆီယံစီးပွားရေးအသိုက်အဝန်းနှင့် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဟူသည့် မဏ္ဍိုင် (၃) ရပ် ပါဝင်သော အာဆီယံအသိုက်အဝန်း ထူထောင်ခြင်းဖြင့် အသိုက်အဝန်းထူထောင်မှုကို ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် သန္နိဌာန်ချမှတ်၍ လည်းကောင်း၊

            အာဆီယံ၏ ဥပဒေဆို်ငရာနှင့် ဖွဲ့စည်းမှုဆိုင်ရာ မူဘောင်ကို ဤပဋိညာဉ်စာတမ်းဖြင့် ထူထောင်ရန် ဆုံးဖြတ်ကြသည်။

            ဤကိစ္စ အလို့ငှာ အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ နိုင်ငံတော် အကြီးအကဲများ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲများ သည် စင်ကာပူနိုင်ငံ၌ အာဆီယံတည်ထောင်သည့် နှစ် (၄၀) ပြည့် သမိုင်းဝင် အခမ်းအနားတွင် စုစည်းတွေ့ဆုံကြလျက် ဤပဋိညာဉ်စာတမ်းအား သဘောတူ ချမှတ်ကြသည်။

အခန်း (၁)

ရည်ရွယ်ချက်နှင့် အခြေခံမူများ

အပိုဒ် (၁)

ရည်ရွယ်ချက်များ

အာဆီယံ၏ ရည်ရွယ်ချက်များ –

၁။         ဒေသအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်၊ ငြိမ်းချမ်းမှုကို လိုလားသည့် အလေ့အထ များ ပိုမိုခိုင်မာစေရန်၊

၂။         နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုမြှင့်တင်ခြင်းအားဖြင့် ဒေသ ဆိုင်ရာ ခံနိုင်ရည်ရှိမှုကို မြှင့်တင်ရန်၊

၃။         အရှေ့တောင်အာရှဒေသကို အဏုမြူလက်နက် ကင်းမဲ့ဇုန်အဖြစ်လည်းကောင်း၊ ထို့အပြင် အဖျက်စွမ်းအား ကြီးမား သော လက်နက်များ ကင်းမဲ့သော ဒေသအဖြစ်လည်းကောင်း ထိန်းသိမ်းထားရန်၊

၄။         အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပြည်သူများအနေဖြင့် ကမ္ဘာတစ်ဝှမ်း တရားမျှတပြီး ဒီမိုကရေစီ ပြည့်ဝ၍ ညီညွတ် မျှတသည့် ပတ်ဝန်းကျင်တွင် ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြစေရန်၊

၅။         ကုန်စည်များ၊ ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ လွတ်လပ်စွာ စီးဆင်း၍ စီးပွားရေးလုပ်ငန်းရှင်များ၊ အသိ ပညာရှင်များ၊ အလုပ်သမားများ အဆင်ပြေချောမွေ့စွာ ရွှေ့ပြောင်းနိုင်ပြီး မတည်အရင်းအနှီးများ ပိုမိုလွတ်လပ်စွာ စီးဆင်းမှုရှိသည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ထိရောက်စွာ အထောက်အကူပြုနိုင်သော တည်ငြိမ်၍ ကြွယ်ဝ ချမ်းသာပြီး အဆင့်မြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စီးပွားရေးပေါင်းစည်းမှု ဖြစ်ပေါ်စေမည့် တစ်ခုတည်းသော ဈေးကွက်နှင့် ထုတ်လုပ်မှုဒေသ ထူထောင်ရန်၊

၆။         အပြန်အလှန်ကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အာဆီယံဒေသအတွင်း ဆင်းရဲနွမ်းပါးမှု လျော့ပါးစေရန်နှင့် ဖွံ့ဖြိုးမှု ကွာဟချက်ကို ကျဉ်းမြောင်းစေရန်၊

၇။         အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အခွင့်အရေးနှင့် တာဝန်များကို အလေးထားပြီး ဒီမိုကရေစီ ပိုမိုတောင့်တင်းခိုင်မာ စေရန်၊ စီမံအုပ်ချုပ်မှုကောင်းမွန်ရေးနှင့်  အခြေခံလွတ်လပ်ခွင့်များကို ကာကွယ်မြှင့်တင်ရန်၊

၈။         ဘက်စုံလုံခြုံရေးအခြေခံမူများနှင့်အညီ ခြိမ်းခြောက်မှုများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့် နယ်နိမိတ်ဖြတ်ကျော် စိန်ခေါ်မှုများကို ထိရောက်စွာ တုံ့ပြန်ရန်၊၏

၉။         ဒေသအတွင်း သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ခြင်း၊ သဘာဝအရင်းအမြစ်များ ရေရှည်ဖွံ့ဖြိုး တိုးတက် စေခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် အာဆီယံပြည်သူများ၏ ဘဝအရည်အသွေး မြင့်မားမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်း တို့ကို အာမခံချက်ရရှိစေမည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊

၁၀။       အာဆီယံပြည်သူများ၏ စွမ်းရည်မြင့်မားစေရေးနှင့် အာဆီယံအသိုက်အဝန်း ပိုမိုတောင့်တင်းခိုင်မာစေရေးအတွက် ပညာရေးနှင့် ဘဝတစ်သက်တာ သင်ကြားရေးတွင်လည်းကောင်း၊ သိပ္ပံနှင့်် နည်းပညာရပ်တွင်လည်းကောင်း နီးကပ်စွာ ပူးပေါင်းဆောင်ခြင်းဖြင့် လူ့စွမ်းအား အရင်းအမြစ်များကို ဖွံ့ဖြိုးတိုးတက်စေရန်၊

၁၁။       လူ့ဖွံ့ဖြိုးမှု၊ လူမှုဖူလုံမှုနှင့် တရားမျှတမှုအတွက် တန်းတူအခွင့်အလမ်းများ ရရှိစေရန် ဆောင်ရွက်ပေးခြင်းဖြင့် အာဆီယံပြည်သူများ၏ လူနေမှုဘဝနှင့် ကောင်းကျိုးချမ်းသာ တိုးတက်လာစေရန်၊

၁၂။       အာဆီယံပြည်သူများအတွက် လုံခြုံ၍ ဘေးကင်းပြီး မူးယစ်ဆေးဝါးကင်းစင်သည့် ပတ်ဝန်းကျင်ထူထောင်ရာတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတောင့်တင်းခိုင်မာလာစေရန်၊

၁၃။       အာဆီယံ ပေါင်းစည်းရန်နှင့် အသိုက်အဝန်း ထူထောင်ရေးလုပ်ငန်းစဉ်တွင် လူ့အဖွဲ့အစည်း၏ ကဏ္ဍအားလုံးအနေ ဖြင့် ပါဝင်ဆောင်ရွက်၍ အကျိုးခံစားမှု ရရှိကြစေရန် အားပေးခြင်းဖြင့် ပြည်သူများကို အလေးထားသည့် အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန်၊

၁၄။       အာဆီယံဒေသအတွင်း ကွဲပြားခြားနားသော ယဉ်ကျေးမှုနှင့် အမွေအနှစ်များကို ပိုမိုထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် အာဆီယံ၏ အသွင်လက္ခဏာကို မြှင့်တင်ရန်၊

၁၅။       ပွင့်လင်းပြီး မြင်သာထင်သာရှိ၍ အများပါဝင်နိုင်သည့် ဒေသဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှုအတွင်း အာဆီယံ အနေဖြင့် ပြင်ပမိတ်ဖက်များနှင့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတွင် အာဆီယံ၏ ပင်မတွန်းအားဖြစ်သည့် တက်ကြွ သော အခန်းကဏ္ဍနှင့် ဗဟို အချက်အချာကျမှုတို့ကို ထိန်းသိမ်းရန်။

အပိုဒ် (၂)

အခြေခံမူများ

၁။         အပိုဒ် (၁) တွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် ယင်း၏ အဖွဲ့ဝင် နိုင်ငံများသည် အာဆီယံ၏ ကြေညာစာတမ်းများ၊ သဘောတူစာချုပ်များ၊ ကွန်ဗင်းရှင်းများ၊ သဘောတူညီချက်များ၊ စာချုပ်များနှင့် အခြားစာချုပ်စာတမ်းများပါ အခြေခံမူများကို ထပ်လောင်းအတည်ပြု၍ လိုက်နာမည်။

၂။         အာဆီယံနှင့် ယင်း၏ အဖွဲ့ဝင်နိုင်ငံများသည် အောက်ဖော်ပြပါ အခြေခံမူများနှင့်အညီ ဆောင်ရွက်ရမည် –

(က)      အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ ခိုင်မြဲမှုနှင့် အမျိုးသားရေး လက္ခဏာများကို လေးစားလိုက်နာခြင်း၊

(ခ)        ဒေသဆိုင်ရာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် သာယာဝပြောရေးကို တိုးတက်စေရန် အတူတကွ သန္နိဌာန်ချမှတ် ဆောင်ရွက်ခြင်းနှင့် စုပေါင်းတာဝန်ယူမှုရှိခြင်း၊

(ဂ)        ကျူးကျော်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အင်အားသုံးရန် ခြိမ်းခြောက်ခြင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် ကိုက်ညီမှုမရှိသည့် အခြားလုပ်ဆောင်မှု မှန်သမျှကို စွန့်လွှတ်ခြင်း၊

(ဃ)      အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ အဖြေရှာသည့် နည်းလမ်းအပေါ် အားထားခြင်း၊

(င)        အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုမရှိခြင်း၊

(စ)        ပြင်ပမှ ဝင်ရောက်စွက်ဖက်မှု၊ ဖျက်လိုဖျက်ဆီးပြုမှုနှင့် ဖိအားပေးမှုများ ကင်းရှင်းစွာဖြင့် အမျိုးသားရေး တည်ရှိမှု ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံတိုင်း၏ အခွင့်အရေးကို လေးစားခြင်း၊

(ဆ)      အာဆီယံ၏ ဘုံအကျိုးစီးပွားကို ပြင်းထန်စွာ ထိခိုက်စေသည့် ကိစ္စရပ်များအပေါ် တိုင်ပင်ဆွေးနွေးမှုများကို ပိုမို ပြုလုပ်ခြင်း၊

(ဇ)        တရားဥပဒေစိုးမိုရေး၊ စီမံအုပ်ချုပ်မှု ကောင်းမွန်ရေး၊ ဒီမိုကရေစီအခြေခံမူများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် အစိုးရရှိမှုဟူသည့် အခြေခံသဘောတရားများကို လိုက်နာခြင်း၊

(ဈ)       အခြေခံလွတ်လပ်ခွင့်များ၊ လူ့အခွင့်အရေးများကို မြှင့်တင်ကာကွယ်ခြင်းနှင့် လူမှုရေး၊ တရားမျှတမှု မြှင့်တင်ခြင်းတို့ ကို လေးစားခြင်း၊

(ည)      ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သဘောတူလက်ခံထားသည့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေအပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေကို စောင့်ထိန်းလိုက်နာခြင်း၊

(ဋ)        အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံကသော်လည်းကောင်း၊ အာဆီယံအဖွဲ့ဝင်မဟုတ်သည့် အဖွဲ့အစည်း တစ်ခုခုက သော်လည်းကောင်း၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုခုကသော်လည်းကောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှုတို့ကို ချိန်းခြောက်သည့် မိမိ၏နယ်မြေကို အသုံးချခြင်း အပါအဝင် မည်သည့်လုပ်ဆောင်မှုမျိုး သို့မဟုတ် မူဝါဒတွင်မဆို ပါဝင်ခြင်းကို ရှောင်ရှားခြင်း၊

(ဌ)        ကွဲပြားမှုများရှိသော်လည်း စည်းလုံးညီညွတ်ခြင်း စိတ်ဓာတ်ဖြင့် ဘုံတန်ဖိုးထားမှုအပေါ် အလေးထား၍ အာဆီယံ ပြည်သူများ၏ ကွဲပြားခြားနားသည့် ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်သည့် ဘာသာတရားတို့ကို လေးစားခြင်း၊

(ဍ)        နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပြင်ပဆက်ဆံရေးတွင် တက်ကြွစွာ ပါဝင်ထိတွေ့ခြင်း၊ ဓမ္မဓိဌာန် ကျသော အမြော်အမြင်ကျယ်ခြင်း၊ အများပါဝင်နိုင်ခြင်းနှင့် ခွဲခြားမှု မရှိခြင်းတို့ကို ဆက်လက်ထိန်းသိမ်းပြီး အာဆီယံကို ဗဟို အချက်အချာ ကျစေခြင်း၊

(ဎ)        ဈေးကွက်ကို အခြေခံသည့် စီးပွားရေးတွင် စီးပွားရေးကတိကဝတ်များကို ထိရောက်စွာ အကောင်အထည်ဖော်ရေး နှင့် ဒေသဆိုင်ရာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ၏ အဟန့်အတားများကို အဆင့်ဆင့် လျော့ချရေးတို့အတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး သတ်မှတ်ပြဌာန်းချက်များနှင့် အာဆီယံကချမှတ်ထားသည့် ပြဌာန်းချက်များကို လိုက်နာ ဆောင်ရွက်ခြင်း၊

အခန်း (၂)

ဥပဒေအရ ဥပဓိဂုဏ်ရှိမှု

အပိုဒ် (၃)

အာဆီယံ၏ ဥပဒေအရ ဥပဓိဂုဏ်ရှိမှု

            အာဆီယံကို အစိုးရအချင်းချင်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုအဖြစ် ဥပဒေကြောင်းအရ ဥပဓိဂုဏ်ရှိမှုကို ဤပဋိညာဉ် စာတမ်းဖြင့် အပ်နှင်းလိုက်သည်။

အခန်း (၃)

အဖွဲ့ဝင်ဖြစ်ခြင်း

အပိုဒ် (၄)

အဖွဲ့ဝင်နိုင်ငံများ

            အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ၊ ကမ္ဘောဒီးယားဘုရင့်နိုင်ငံ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပြည်ထောင်စုမြန်မာနိုင်ငံ၊ ဖိလစ်ပိုင် သမ္မတနိုင်ငံ၊ စင်ကာပူ သမ္မတနိုင်ငံ၊ ထိုင်းဘုရင့်နိုင်ငံနှင့် ဖိလစ်ပိုင်ဆိုရှယ်လစ်သမ္မတနိုင်ငံတို့ ဖြစ်ကြသည်။

အပိုဒ် (၅)

အခွင့်အရေးနှင့် တာဝန်များ

၁။         အဖွဲ့ဝင်နိုင်ငံများသည် ဤပဋိညာဉ်စာတမ်းအရ တူညီသော အခွင့်အရေးနှင့် တာဝန်များ ရှိရပါမည်။

၂။         အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဤပဋိညာဉ်စာတမ်းပါ ပြဌာန်းချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ရန်နှင့် အဖွဲ့ဝင်၏ တာဝန်ဝတ္တရားများအားလုံးကို လိုက်နာဆောင်ရွက်ရန် သင့်လျော်သည့် ပြည်တွင်းဥပဒေများ ပြဌာန်းခြင်း အပါအဝင် လိုအပ်သည့် အစီအမံအားလုံးကို ဆောင်ရွက်ရမည်။

၃။         ပဋိညာဉ်စာတမ်းကို ပြင်းထန်စွာ ချိုးဖောက်ခြင်းပြုလျှင် သို့မဟုတ် လိုက်နာခြင်းမရှိလျှင် ယင်းကိစ္စကို အပိုဒ် (၂၀) သို့ ရည်ညွှန်းရမည်။

အပိုဒ် (၆)

အဖွဲ့ဝင်သစ်များအား လက်ခံခြင်း

၁။         အာဆီယံအဖွဲ့ဝင်အဖြစ် လျှောက်ထားခြင်းနှင့် ဝင်ခွင့်ပြုခြင်းတို့အတွက် လုပ်ထုံးလုပ်နည်းများကို အာဆီယံ လုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက သတ်မှတ်ပေးရမည်။

၂။         အဖွဲ့ဝင်သစ် ဝင်ခွင့်ပြုခြင်းကို အောက်တွင်ဖော်ပြထားသည့် စံသတ်မှတ်ချက်များအပေါ် အခြေခံရမည် –

(က)      အရှေ့တောင်အာရှဟု အသိအမှတ်ပြုထားသည့် ပထဝီဒေသအတွင်း တည်ရှိသည့် နေရာဖြစ်ခြင်း၊

(ခ)        အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးက အသိအမှတ်ပြုခြင်း၊

(ဂ)        ဤပဋိညာဉ်စာတမ်းကို လိုက်နာရန် သဘောတူညီခြင်း၊

(ဃ)      အဖွဲ့ဝင်၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်နိုင်စွမ်းနှင့် ထိုသို့ ဆောင်ရွက်လိုသည့် ဆန္ဒရှိခြင်း၊

၃။         အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ခွင့်ပြုခြင်းကို အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၏ ထောက်ခံချက်ဖြင့် အာဆီယံ ထိပ်သီးအစည်းအဝေးက တူညီဆန္ဒဖြင့် ဆုံးဖြတ်ရမည်။

၄။         လျှောက်ထားသည့် နိုင်ငံက ဤပဋိညာဉ်စာတမ်းအား နောက်မှ ပါဝင်ချုပ်ဆိုကြောင်း စာချွန်လွှာကို လက်မှတ် ရေးထိုးခြင်းဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ခွင့်ပြုရမည်။

အခန်း (၄)

အဖွဲ့အစည်းများ

အပိုဒ် (၇)

အာဆီယံထိပ်သီးအစည်းအဝေး

၁။         အာဆီယံထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံအကြီးအကဲများ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲ များ ပါဝင်ရမည်။

၂။         အာဆီယံထိပ်သီးအစည်းအဝေးသည် –

(က)      အာဆီယံ၏ မူဝါဒချမှတ်ပေးသည့် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်ရမည်။

(ခ)        အာဆီယံ၏ ရည်မှန်းချက်များ လက်တွေ့အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်းသော အဓိကကျသည့် ကိစ္စရပ်များ အပေါ်တွင်လည်းကောင်း၊ အသင်းဝင်နိုင်ငံများ၏ အကျိုးစီးပွားအတွက် အရေးကြီးသော ကိစ္စရပ်များအပေါ်တွင် လည်းကောင်း၊ အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၊ အာဆီယံအသိုက်အဝန်းကောင်စီများနှင့် အာဆီယံဝန်ကြီး အဆင့် ကဏ္ဍအလိုက် အဖွဲ့အစည်းများက တင်ပြလာသည့် ကိစ္စရပ်များအပေါ်တွင်လည်းကောင်း ဆွေးနွေးခြင်း၊ မူဝါဒ ပိုင်းဆိုင်ရာ လမ်းညွှန်မှုပေးခြင်းနှင့် ဆုံးဖြတ်ခြင်း ပြုရမည်။

(ဂ)        သက်ဆိုင်ရာ ကောင်စီအသီးသီးမှ သက်ဆိုင်ရာဝန်ကြီးများအား ယာယီဝန်ကြီးအဆင့် အစည်းအဝေးများ ကျင်းပရန် လမ်းညွှန်ခြင်းနှင့် အသိုက်အဝန်းကောင်စီ တစ်ခုထက်မက ကျော်လွန်သက်ရောက်မှုရှိသည့် အာဆီယံနှင့် ပတ်သက်သော အရေးကြီးသော ကိစ္စရပ်များကို အရေးယူဆောင်ရွက်ရန် ညွှန်ကြားရမည်။ အဆိုပါ အစည်းအဝေးများ ကျင်းပရန် လုပ်ထုံးလုပ်နည်းများကို အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ချမှတ်ပေးရမည်။

(ဃ)      အာဆီယံနိုင်ငံများအပေါ် ထိခိုက်မှုရှိမည့် အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဆောင်ရွက်ရန် သင့်လျော်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရမည်။

(င)        ဤပဋိညာဉ်စာတမ်း၏ အခန်း (၇)နှင့် အခန်း (၈) တွင် ရည်ညွှန်းထားသော ကိစ္စရပ်များ အပေါ် အဆုံးအဖြတ် ပေးရမည်။

(စ)        အာဆီယံဝန်ကြီးအဆင့် ကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် အခြားသော အာဆီယံအဖွဲ့အစည်းများ ထူထောင်ခြင်း နှင့် ဖျက်သိမ်းခြင်းအပေါ် ခွင့်ပြုချက်ပေးရမည်။

(ဆ)      ဝန်ကြီးအဆင့်အတန်းရှိသည့် အာဆီယံအတွင်းရေးမှူးချုပ်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ထောက်ခံချက်အရ နိုင်ငံတော်အကြီးအကဲများ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲများ၏ ယုံကြည်အားရနှစ်ခြိုက်မှုဖြင့် လုပ်ငန်းဆောင်ရွက်ရန် ခန့်အပ်ရမည်။

၃။         အာဆီယံထိပ်သီးအစည်းအဝေးများကို –

(က)      တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပပြီး အာဆီယံဥက္ကဌရာထူးကို ရယူထားသည့်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပရမည်။

(ခ)        လိုအပ်သည့်အခါတိုင်း အထူး သို့မဟုတ် ယာယီအစည်းအဝေးများကို အာဆီယံဥက္ကဌရာထူးကို ရယူထားသည့် နိုင်ငံက ဥက္ကဌအဖြစ်ဆောင်ရွက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သဘောတူသည့် သတ်မှတ်နေရာတွင် ကျင်းပရမည်။

အပိုဒ် (၈)

အာဆီယံလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ

၁။         အာဆီယံလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေးကောင်စီတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ပါဝင်ရမည်ဖြစ်ပြီး တစ်နှစ်လျှင် အနည်းဆုံး အစည်းအဝေးနှစ်ကြိမ် ကျင်းပရမည်။

၂။         အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီသည် –

(က)      အာဆီယံထိပ်သီးအစည်းအဝေးများ ကျင်းပရေးအတွက် ပြင်ဆင်ရမည်။

(ခ)        အာဆီယံထိပ်သီးအစည်းအဝေး၏ သဘောတူညီချက်များနှင့် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရေး အတွက် ညှိနှိုင်းဆောင်ရွက်ရမည်။

(ဂ)        မူဝါဒရေးရာ ဆီလျော်ညီညွတ်မှု၊ ထိရောက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြှင့်ရန် အာဆီယံအသိုက်အဝန်း ကောင်စီများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

(ဃ)      အာဆီယံအသိုက်အဝန်းကောင်စီများ၏ အစီရင်ခံစာများကို အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြရေးအတွက် ညှိနှိုင်းဆောင်ရွက်ရမည်။

(င)        အတွင်းရေးမှူးချုပ်၏ အာဆီယံလုပ်ငန်း နှစ်ပတ်လည်အစီရင်ခံစာကို လေ့လာသုံးသပ်ရမည်။

(စ)        အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အခြားသက်ဆိုင်သည့် အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များနှင့် လုပ်ငန်း ဆောင်ရွက်မှုများဆိုင်ရာ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာကို လေ့လာသုံးသပ်ရမည်။

(ဆ)      အာဆီယံအတွင်းရေးမှူးချုပ်၏ ထောက်ခံချက်ဖြင့် အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်များ ခန့်အပ်ခြင်း၊ တာဝန်မှ ရပ်စဲခြင်းများကို အတည်ပြုပေးရမည်။

(ဇ)        ဤပဋိညာဉ်စာတမ်းတွင် ပြဌာန်းထားသည့် အခြားလုပ်ငန်းတာဝန်များ သို့မဟုတ် အာဆီယံထိပ်သီး အစည်းအဝေး မှ ပေးအပ်သည့် အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်။

၃။         အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီကို သက်ဆိုင်ရာအဆင့်မြင့် အရာရှိများက အထောက်အကူပြုပေးရ မည်။

အပိုဒ် (၉)

အာဆီယံအသိုက်အဝန်းကောင်စီများ

၁။         အာဆီယံအသိုက်အဝန်းကောင်စီများတွင် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းကောင်စီ၊ အာဆီယံ အသိုက်အဝန်းကောင်စီနှင့် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုကောင်စီတို့ ပါဝင်ရမည်။

၂။         အာဆီယံအသိုက်အဝန်းကောင်စီတစ်ခု၏ ပတ်သက်ရာနယ်ပယ်အောက်တွင် သက်ဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် ကဏ္ဍအလိုက် အဖွဲ့အစည်းများ ပါဝင်ရမည်။

၃။         အာဆီယံအသိုက်အဝန်းကောင်စီ အစည်းအဝေးတစ်ခုစီအတွက် မိမိတို့နိုင်ငံကို ကိုယ်စားပြုတက်ရောက်မည့် သူများကို အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးက သတ်မှတ်ပေးရမည်။

၄။         အာဆီယံအသိုက်အဝန်း မဏ္ဍိုင် (၃) ရပ်မှ မဏ္ဍိုင်တစ်ရပ်စီ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရေး အတွက် အာဆီယံအသိုက်အဝန်းတစ်ခုစီသည် –

(က)      အာဆီယံထိပ်သီးအစည်းအဝေး၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

(ခ)        မိမိပတ်သက်ရာ နယ်ပယ်အောက်ရှိ ကဏ္ဍအသီးသီး၏ လုပ်ငန်းများကိုလည်းကောင်း၊ အခြားအသိုက်အဝန်း ကောင်စီများနှင့် ဆက်နွယ်နေသည့် ကိစ္စများအပေါ်တွင်လည်းကောင်း ညှိနှိုင်းပေးရမည်။

(ဂ)        မိမိပတ်သက်ရာ နယ်ပယ်အောက်ရှိ ကိစ္စရပ်များအတွက် အာဆီယံထိပ်သီးအစည်းအဝေးသို့ အစီရင်ခံစာများနှင့် ထောက်ခံချက်များ တင်သွင်းရမည်။

၅။         အာဆီယံအသိုက်အဝန်း ကောင်စီတစ်ခုစီသည် တစ်နှစ်လျှင် အနည်းဆုံး ၂ ကြိမ် အစည်းအဝေးကျင်းပပြီး အာဆီယံ ဥက္ကဌအဖြစ် ဆောင်ရွက်သည့် အဖွဲ့ဝင်နိုင်ငံ၏ သင့်တော်သည့် ဝန်ကြီးက ဥက္ကဌအဖြစ် ဆောင်ရွက်ရမည်။

၆။         အာဆီယံအသိုက်အဝန်းကောင်စီတစ်ခုစီကို သက်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများက အထောက်အကူပြုရမည်။

အပိုဒ် (၁၀)

အာဆီယံဝန်ကြီးအဆင့် ကဏ္ဍအလိုက် အဖွဲ့အစည်းများ

၁။         အာဆီယံဝန်ကြီးအဆင့် ကဏ္ဍအလိုက် အဖွဲ့အစည်းများသည် –

(က)      ယင်းတို့နှင့် သက်ဆိုင်သော သတ်မှတ်ထားသည့် လုပ်ပိုင်ခွင့်နှင့်အညီ လုပ်ငန်းဆောင်ရွက်ရမည်။

(ခ)        အာဆီယံထိပ်သီးအစည်းအဝေးက ချမှတ်သည့် သဘောတူညီချက်များနှင့် ဆုံးဖြတ်ချက်များကို မိမိတို့ ပတ်သက် ရာ နယ်ပယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

(ဂ)        အာဆီယံပေါင်းစည်းရေးနှင့် အသိုက်အဝန်းထူထောင်ရေးကို အထောက်အကူပြု ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရမည်။

(ဃ)      အာဆီယံအသိုက်အဝန်းကောင်စီအသီးသီးတို့ အစီရင်ခံစာနှင့် ထောက်ခံချက်များ တင်သွင်းရမည်။

၂။         အာဆီယံဝန်ကြီးအဆင့်အလိုက် အဖွဲ့အစည်းတိုင်းသည် နောက်ဆက်တွဲ (၁) တွင် ပါရှိသည့် လုပ်ငန်းတာဝန်များ ကို ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများနှင့် အထောက်အကူပြုရေးအဖွဲ့အစည်းများကို မိမိပတ်သက် ရာ နယ်ပယ်အောက်တွင် ထားရှိနိုင်သည်။ ဤပဋိညာဉ်စာတမ်းပါ ပြင်ဆင်ချက်များဆိုင်ရာ ပြဌာန်းချက်အား ရည်ရွယ် ကိုးကားခြင်း မပြုဘဲ အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ၏ ထောက်ခံချက်အရ အဆိုပါနောက်ဆက်တွဲကို အာဆီယံအတွင်းရေးမှူးချုပ်က ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်နိုင်သည်။

အပိုဒ် (၁၀)

အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး

၁။         အာဆီယံအတွင်းရေးမှူးချုပ်ကို အာဆီယံထိပ်သီးအစည်းအဝေးက အာဆီယံအဖွဲ့ဝင်နိုင်ငံ၏ နိုင်ငံသားများထဲမှ သက်တမ်းထပ်မံတိုးခွင့်မရှိသည့် (၅) နှစ်သက်တမ်းအတွက် တာဝန်ထမ်းဆောင်ရန် နိုင်ငံအက္ခရာစဉ်အလိုက် အလှည့်ကျဖြင့် သိက္ခာ သမာဓိရှိမှု၊ စွမ်းဆောင်ရည်ရှိမှုအပြင် အသိပညာဆိုင်ရာ အတွေ့အကြုံရှိမှုနှင့် ကျားမ တန်းတူရှိမှုကို အခြေခံ၍ ထည့်သွင်းစဉ်းစားကာ ရွေးချယ်ခန့်အပ်ရမည်။

၂။         အတွင်းရေးမှူးချုပ်သည် –

(က)      ဤပဋိညာဉ်စာတမ်းပါ ပြဌာန်းချက်များ၊ သက်ဆိုင်ရာ အာဆီယံစာချုပ်စာတမ်းများ၊ ပရိုတိုကော စာချုပ်များနှင့် အခိုင်အမာ လက်ခံကျင့်သုံးနေသော ကျင့်စဉ်များနှင့်အညီ ဤအဆင့်မြင့်ရုံး၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရမည်။

(ခ)        အာဆီယံစာချုပ်များနှင့် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရာတွင် အဆင်ပြေချောမွေ့စေရန် ကြည့်ရှုစိစစ်ရန်နှင့် အာဆီယံ၏ လုပ်ငန်းနှစ်ပတ်လည် အစီရင်ခံစာကို အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြရမည်။

(ဂ)        အာဆီယံထိပ်သီးအစည်းအဝေး၊ အာဆီယံအသိုက်အဝန်းကောင်စီများ၊ အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ၊ အာဆီယံဝန်ကြီးအဆင့် ကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်ရာ အာဆီယံအစည်းအဝေးများတွင် ပါဝင်တက်ရောက်ရမည်။

(ဃ)      အတည်ပြုထားသည့် မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် အတွင်းရေးမှူးချုပ်သို့ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့် အာဏာနှင့်အညီ ပြင်ပအဖွဲ့အစည်းများနှင့် ပြုလုပ်သည့် အစည်းအဝေးများတွင် ပါဝင်ဆောင်ရွက်ခြင်းနှင့် အာဆီယံ သဘောထားအမြင်ကို တင်ပြခြင်း ပြုရမည်။

(င)        ဒုတိယအတွင်းရေးမှူးချုပ်များ ခန့်အပ်ခြင်းနှင့် ရပ်စဲခြင်းအတွက် အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီသို့ အတည်ပြုချက်ရယူရန် ထောက်ခံတင်ပြရမည်။

 ၃။        အာဆီယံအတွင်းရေးမှူးချုပ်သည် အာဆီယံ၏ အုပ်ချုပ်မှုဆိုင်ရာ အရာရှိချုပ်လည်း ဖြစ်ရမည်။

၄။         အတွင်းရေးမှူးချုပ်ကို ဒုတိယဝန်ကြီးအဆင့် ရာထူးရှိသော ဒုတိယအတွင်းရေးမှူးချုပ် (၄) ဦးက ကူညီရမည်။ ဒုတိယအတွင်းရေးမှူးချုပ်များက ယင်းတို့၏ လုပ်ငန်းတာဝန်ဆောင်ရွက်ရာတွင် အတွင်းရေးမှူးချုပ်သို့ တာဝန်ခံရပါမည်။

၅။         ဒုတိယအတွင်းရေးမှူးချုပ် (၄) ဦးသည် အာဆီယံအတွင်းရေးမှူးချုပ်နှင့် တစ်နိုင်ငံသားတည်း မဖြစ်စေရသည့် အပြင် မတူညီသည့် အာဆီယံအဖွဲ့ဝင် (၄) နိုင်ငံမှ ဖြစ်ရမည်။

၆။         ဒုတိယအတွင်းရေးမှူးချုပ် (၄) ဦးအဖြစ် ပါဝင်ဆောင်ရွက်သူများတွင် –

(က)      ဒုတိယအတွင်းရေးမှူးချုပ် (၂) ဦးမှာ  သက်တမ်းထပ်မံတိုးခွင့်မရှိသည့် (၃)နှစ် သက်တမ်းအတွက် တာဝန် ထမ်းဆောင်ရန်ဖြစ်ပြီး အက္ခရာစဉ်အလိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ နို်ငငံသားများထဲမှ သိက္ခာ သမာဓိရှိမှု၊ အရည်အချင်း ပြည့်ဝမှု၊ စွမ်းဆောင်နိုင်မှု၊ အတွေ့အကြုံရှိမှု၊ ကျားမ တန်းတူရည်တူရှိမှုအပေါ် အခြေခံ၍ ရွေးချယ်ရမည်။

(ခ)        ဒုတိယအတွင်းရေးမှူးချုပ် (၂) ဦးမှာ (၃) နှစ် သက်တမ်းအတွက် တာဝန်ထမ်းဆောင်ရန်ဖြစ်ပြီး နောက်ထပ် သက်တမ်း (၃) နှစ် တစ်ကြိမ်တိုး၍ ခန့်ထားနိုင်သည်။ ယင်း ဒုတိယအတွင်းရေးမှူးချုပ် (၂) ဦးကို အရည်အချင်းအပေါ် မူတည်၍ ခန့်ထားရမည်။

၇။         အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် အတွင်းရေးမှူးချုပ်နှင့် လိုအပ်သော ဝန်ထမ်းများ ပါဝင်ရမည်။

၈။         အတွင်းရေးမှူးချုပ်နှင့် ဝန်ထမ်းများသည် –

(က)      တာဝန်ထမ်းဆောင်ရာတွင် သိက္ခာ သမာဓိရှိမှု၊ အရည်အချင်း ပြည့်ဝမှု၊ သိက္ခာ သမာဓိရှိမှု၊ အရည်အချင်း ပြည့်မီမှု၊ စွမ်းရည်ပြည့်ဝမှုတို့တွင် အမြင့်မားဆုံးသော စံများကို ထိန်းသိမ်းရမည်။

(ခ)        အာဆီယံပြင်ပရှိ မည်သည့်အစိုးရ သို့မဟုတ် ပုဂ္ဂိုလ်များ၏ ညွှန်ကြားချက်များကိုမျှ တောင်းခံခြင်း သို့မဟုတ် လက်ခံရယူခြင်း မရှိစေရ။

(ဂ)        အာဆီယံအပေါ်တွင်သာ တာဝန်ခံရမည်ဖြစ်သော အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ တာဝန်ရှိသူများသည် ယင်းတို့၏ ရာထူးအဆင့်အတန်းအပေါ် ထိခိုက်စေမည့် မည်သည့်အပြုအမူမျိုးကိုမဆို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရမည်။

၉။         အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းသည် အာဆီယံအတွင်းရေးမှူးချုပ်နှင့် ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုအပိုင်းတွင် အာဆီယံ၏ ဝိသေသလက္ခဏာတို့ကို လေးစားရမည်ဖြစ်ပြီး ယင်းတို့၏ တာဝန်ထမ်းဆောင်မှုအပေါ် ဩဇာလွှမ်းမိုးနိုင်အောင် ကြိုးပမ်းခြင်း မပြုရ။

အပိုဒ် (၁၂)

အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ

၁။         အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းသည် ဂျာကာတာမြို့တွင် သံအမတ်ကြီးအဆင့်ရှိ အာဆီယံ၏ အမြဲတမ်းကိုယ်စားလှယ် ကို ခန့်အပ်ထားရှိရမည်။

၂။         အမြဲတမ်းကိုယ်စားလှယ်များ စုပေါင်းပါဝင်သော အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီကို ဖွဲ့စည်းပြီး ထိုကော်မတီသည် –

(က)      အာဆီယံအသိုက်အဝန်းကောင်စီများနှင့် အာဆီယံဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်းများကို အထောက် အကူပြုရမည်။

(ခ)        အာဆီယံအမျိုးသားအဆင့် အတွင်းရေးမှူးရုံးများနှင့် အခြား အာဆီယံဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်း များနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

(ဂ)        လုပ်ငန်းပိုင်းနှင့် သက်ဆိုင်သော ကိစ္စရပ်အားလုံးအပေါ်တွင် အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့ကို ဆက်သွယ်ဆောင်ရွက်ခြင်း ပြုရမည်။

(ဃ)      အာဆီယံ၏ ပြင်ပမိတ်ဖက်များနှင့် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်ရေးတွင် ပံ့ပိုးကူညီရမည်။

(င)        အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီက သတ်မှတ်ထားသည့် အခြားတာဝန်များကို ထမ်းဆောင်ရမည်။

အပိုဒ် (၁၃)

အာဆီယံ အမျိုးသားအဆင့် အတွင်းရေးမှူးရုံးများ

            အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းသည် အာဆီယံအမျိုးသားအဆင့် အတွင်းရေးမှူးရုံးကို ဖွဲ့စည်းတည်ထောင်ရမည်။ ထိုရုံးသည် –

(က)      အမျိုးသားအဆင့် ဆက်သွယ်ရာ ဗဟိုဌာနအဖြစ် ဆောင်ရွက်ရမည်။

(ခ)        အမျိုးသားအဆင့် အာဆီယံရေးရာ ကိစ္စရပ်အားလုံးဆိုင်ရာ သတင်းအချက်အလက်များ သိုမှီးရာ ဌာနအဖြစ် ဆောင်ရွက်ရမည်။

(ဂ)        အမျိုးသားအဆင့်တွင် အာဆီယံ၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်မှုအတွက် ညှိနှိုင်းဆောင်ရွက်ပေး ရမည်။

(ဃ)      အမျိုးသားအဆင့် အာဆီယံအစည်းအဝေးကျင်းပရန် ပြင်ဆင်မှုများတွင် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ပံ့ပိုးခြင်းပြု ရမည်။

(င)        အမျိုးသားအဆင့်တွင် အာဆီယံ၏ ဥပဓိရုပ်နှင့် အာဆီယံကို အများသိရှိစေရန် တိုးမြှင့်ပြုလုပ်ရမည်။

(စ)        အာဆီယံအသိုက်အဝန်းထူထောင်ရာတွင် ပါဝင်ဆောင်ရွက်ရမည်။

အပိုဒ် (၁၄)

အာဆီယံ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့

၁။         အာဆီယံပဋိညာဉ်စာတမ်းတွင် ပါဝင်သည့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ တိုးမြှင့်ရေးတွင် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ရည်ရွယ်ချက်များ၊ အခြေခံမူများနှင့်အညီ အာဆီယံသည် အာဆီယံလူ့အခွင့်အရေးဆိုင်ရာ အဖွဲ့ကို တည်ထောင်ရမည်။

၂။         အာဆီယံလူ့အခွင့်အရေးဆိုင်ရာအဖွဲ့သည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ဆုံးဖြတ်သတ်မှတ် ပေးသော လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်ရမည်။

အပိုဒ် (၁၅)

အာဆီယံဖောင်ဒေးရှင်း

၁။         အာဆီယံဖောင်ဒေးရှင်းသည် အာဆီယံအတွင်းရေးမှူးချုပ်ကို အထောက်အကူပြုရမည့်အပြင် အာဆီယံ၏ ဥပဓိရုပ် ကို လူအများ ပိုမိုသိရှိစေခြင်း၊ အာဆီယံအတွင်း ပြည်သူလူထုအကြား အပြန်အလှန် ဆက်ဆံမှုပြုခြင်း၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးအသင်းအဖွဲ့များ၊ တက္ကသိုလ်အသိုက်အဝန်းနှင့် အခြား သက်ဆိုင်သူများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အာဆီယံအသိုက်အဝန်းထူထောင်ခြင်းကို အထောက်အကူပြုမည့် သက်ဆိုင်ရာအာဆီယံအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်ခြင်း ပြုရမည်။

၂။         အာဆီယံဖောင်ဒေးရှင်းသည် အာဆီယံအတွင်းရေးမှူးချုပ်ကို တာဝန်ခံရမည်။ အတွင်းရေးမှူးချုပ်သည် အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီမှတဆင့် အာဆီယံဖောင်ဒေးရှင်း၏ အစီရင်ခံစာကို အာဆီယံထိပ်သီး အစည်းအဝေးသို့ တင်ပြရမည်။

အခန်း (၅)

အာဆီယံနှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများ

အပိုဒ် (၁၆)

အာဆီယံနှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများ

၁။         အာဆီယံသည် အဓိကအားဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို အထောက် အကူပြုသော အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်။ အဆိုပါ ဆက်နွယ်သည့်အဖွဲ့အစည်းများကို နောက်ဆက် တွဲ (၂) တွင် စာရင်းပြုစု ဖော်ပြထားပါသည်။

၂။         ယင်းသို့ ဆက်သွယ်ဆောင်ရွက်မှုများဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် စံသတ်မှတ်ချက်များကို အာဆီယံ အတွင်းရေးမှူးချုပ်၏ ထောက်ခံချက်ဖြင့် အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီက သတ်မှတ်ပြဌာန်းပေးရမည်။

၃။         အာဆီယံအတွင်းရေးမှူးချုပ်သည် ဤပဋိညာဉ်စာတမ်းပါ ပြင်ဆင်ချက်ဆိုင်ရာ ပြဌာန်းချက်များကို ရည်ညွှန်း ကိုးကားခြင်း မပြုဘဲ အာဆီယံအမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ၏ ထောက်ခံချက်ဖြင့် နောက်ဆက်တွဲ (၂) စာရင်းကို ခေတ်နှင့် လျော်ညီအောင် ပြင်ဆင်နိုင်သည်။

အခန်း (၆)

ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများ

အပိုဒ် (၁၇)

အာဆီယံ၏ ကင်းလွတ်ခွင့်နှင့် အခွင့်အရေးများ

၁။         အာဆီယံသည် အဖွဲ့ဝင်နိုင်ငံများ၏ ပိုင်နက်နယ်မြေများအတွင်း ယင်း၏ ရည်ရွယ်ချက်များ ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် လိုအပ်သည့် ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများကို ခံစားရမည်။

၂။         ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများကို အာဆီယံနှင့် အိမ်ရှင်အဖွဲ့ဝင်နိုင်ငံတို့အကြား သီးခြားသဘောတူညီချက် များဖြင့် ရေးဆွဲချမှတ်ရမည်။

အပိုဒ် (၁၈)

အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဝန်ထမ်းများ၏ ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများ

၁။         အာဆီယံ၏ တရားဝင်လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်သော သို့မဟုတ် အဖွဲ့ဝင်နိုင်ငံများတွင် အာဆီယံကို ကိုယ်စားပြုဆောင်ရွက်သော အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး ဝန်ထမ်းများသည် ယင်းတို့၏ လုပ်ငန်းများကို လွတ်လပ်စွာကျင့်သုံး ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများကို ခံစားရမည်။

၂။         ဤအပိုဒ်ပါ ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများကို သီးခြား အာဆီယံသဘောတူညီချက်ဖြင့် ရေးဆွဲချမှတ်ရမည်။

အပိုဒ် (၁၉)

အာဆီယံတာဝန်ကို ထမ်းဆောင်သော အမြဲတမ်းကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ၏

ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများ

၁။         အာဆီယံ၏ တရားဝင်လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်သော သို့မဟုတ် အဖွဲ့ဝင်နိုင်ငံများတွင် အာဆီယံကို ကိုယ်စားပြုဆောင်ရွက်သော အဖွဲ့ဝင်နိုင်ငံများ၏ အမြဲတမ်းကိုယ်စားလှယ်များနှင့် ဝန်ထမ်းများအား ယင်းတို့၏ လုပ်ငန်းများ ကို ဆောင်ရွက်ရန်အတွက် လိုအပ်သည့် အခွင့်အရေးများ ခံစားရမည်။

၂။         အာဆီယံတာဝန်ကို ထမ်းဆောင်သော အမြဲတမ်းကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ၏ ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများကို ၁၉၆၁ ခုနှစ် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာ ကွန်ဗန်းရှင်းအရသော်လည်းကောင်း၊ သက်      ဆိုင်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းဥပဒေနှင့်အညီသော်လည်းကောင်း သတ်မှတ်ရမည်။

အခန်း (၇)

ဆုံးဖြတ်ချက် ချမှတ်ခြင်း

၁။         အခြေခံမူတစ်ရပ်အဖြစ် အာဆီယံတွင် ဆုံးဖြတ်ချက်ချမှတ်မှုကို တိုင်ပင်ဆွေးနွေးခြင်းဖြင့် အဖွဲ့ဝင်အားလုံး၏ တူညီ ဆန္ဒပေါ်တွင် အခြေပြုရမည်။

၂။         အဖွဲ့ဝင်အားလုံး၏ တူညီဆန္ဒကို မရရှိနိုင်သောအခါ မည်သို့သီးသန့် ဆုံးဖြတ်ချက် ချမှတ်ရမည်ကို အာဆီယံထိပ်သီး အစည်းအဝေးက ဆုံးဖြတ်နိုင်သည်။

၃။         ဤအပိုဒ်၏ စာပိုဒ် (၁) နှင့် (၂) ပါ မည်သည့်ပြဌာန်းချက်ကမျှ သက်ဆိုင်ရာ အာဆီယံ ဥပဒေရေးရာ စာချုပ်စာတမ်း တွင် ပါဝင်သော ဆုံးဖြတ်ချက် ချမှတ်သည့် နည်းလမ်းများကို ထိခိုက်မှုမရှိစေရ။

၄။         ဤပဋိညာဉ်စာတမ်းကို ပြင်းထန်စွာ ချိုးဖောက်ခြင်း သို့မဟုတ် လိုက်နာဆောင်ရွက်ခြင်း မရှိပါက ယင်းကိစ္စကို အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြ ဆုံးဖြတ်ချက် ခံယူရမည်။

အပိုဒ် (၂၁)

အကောင်အထည်ဖော်ခြင်းနှင့် လုပ်ထုံးလုပ်နည်းများ

၁။         အာဆီယံအသိုက်အဝန်း ကောင်စီအသီးသီးသည် မိမိ၏ လုပ်ထုံးလုပ်နည်းများကို ပြဌာန်းရမည်။

၂။         စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရာတွင် အဖွဲ့ဝင်အားလုံး တူညီဆန္ဒရှိပါက အာဆီယံ အနုတ်ပုံစံ (ASEAN Minus X) (အာဆီယံမိုင်းနပ်စ်အိတ်စ်) နည်းလမ်းအပါအဝင် အဆင်ပြေလွယ်ကူသော ပါဝင်ဆောင်ရွက်မှု ပုံစံကို အသုံးပြုနိုင်သည်။

အခန်း (၈)

အငြင်းပွားမှုများကို ဖြေရှင်းခြင်း

အပိုဒ် (၂၂)

အထွေထွေမူများ

၁။         အဖွဲ့ဝင်နိုင်ငံများသည် အငြင်းပွားမှုအားလုံးကို တွေ့ဆုံဆွေးနွေးခြင်း၊ တိုင်ပင်ဆွေးနွေးခြင်း၊ စေ့စပ်ဆွေးနွေးခြင်း နည်းဖြင့် အချိန်မီ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်စေရန် ကြိုးပမ်းရမည်။

၂။         အာဆီယံသည် အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍအားလုံးတွင် အငြင်းပွားမှုများ ဖြေရှင်းပေးသည့် နည်းလမ်း များကို ထိန်းသိမ်းတည်ထောင် ဆောင်ရွက်ရမည်။

အပိုဒ် (၂၃)

ကြားဝင်ဆောင်ရွက်ပေးခြင်း၊ ကျေချမ်းအောင်ပြုခြင်း၊ ဖျန်ဖြေပေးခြင်း

၁။         အငြင်းပွားမှုတွင် ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် သဘောတူညီချက် ပြုထားကြသည့် အချိန်ကာလ အတောအတွင်း အငြင်းပွားမှုကို ဖြေရှင်းနိုင်ရန် အလို့ငှာ ကြားဝင်ဆောင်ရွက်ပေးခြင်း၊ ကျေချမ်းအောင်ပြုခြင်း သို့မဟုတ် ဖျန်ဖြေခြင်း နည်းလမ်းတို့ကို ဆောင်ရွက်ရန် အချိန်မရွေး သဘောတူညီနိုင်သည်။

၂။         အငြင်းပွားမှုတွင် ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံဥက္ကဌ သို့မဟုတ် ရာထူးအလျောက် ဆောင်ရွက် ပေးသည့် အာဆီယံအတွင်းရေးမှူးချုပ်ထံသို့ ကြားဝင်ဆောင်ရွက်ပေးခြင်း၊ ကျေချမ်းအောင်ပြုခြင်း သို့မဟုတ် ဖျန်ဖြေခြင်း ပြုလုပ်ပေးရန်အတွက် မေတ္တာရပ်ခံနိုင်သည်။

အပိုဒ် (၂၄)

သီးခြား စာချုပ်စာတမ်းများပါ အငြင်းပွားမှု ဖြေရှင်းရေးနည်းလမ်းများ

၁။         သီးခြားစာချုပ်စာတမ်းများနှင့် သက်ဆိုင်သည့် အငြင်းပွားမှုများကို အဆိုပါ စာချုပ်စာတမ်းများတွင် ဖော်ပြထား သည့် နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းရမည်။

၂။         အာဆီယံ စာချုပ်စာတမ်း တစ်ရပ်ရပ်ကို ကျင့်သုံးခြင်း သို့မဟုတ် အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်းနှင့် သက်ဆိုင်မှု မရှိသည့် အငြင်းပွားမှုများကို အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်နှင့် ယင်းစာချုပ်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ငြိမ်းချမ်းစွာ ဖြေရှင်းရမည်။

၃။         အကယ်၍ အခြားနည်း သီးခြားပြဌာန်းချက်မရှိလျှင် အာဆီယံစီးပွားရေးဆိုင်ရာ သဘောတူညီချက်များကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း သို့မဟုတ် ကျင့်သုံးခြင်း သို့မဟုတ် စပ်လျဉ်းသည့် အငြင်းပွားမှုများကို အငြင်းပွားမှုများ ဖြေရှင်းရေး နည်းလမ်းဆိုင်ရာ အာဆီယံ ပရိုတိုကော စာချုပ်နှင့်အညီ ဖြေရှင်းရမည်။

အပိုဒ် (၂၅)

အငြင်းပွားမှု ဖြေရှင်းရေးနည်းလမ်းများ တည်ထောင်ခြင်း

            အခြားနည်း သီးခြားပြဌာန်းချက် မရှိလျှင် ဤပဋိညာဉ်စာတမ်းနှင့် အခြား အာဆီယံစာချုပ်စာတမ်းများကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် ကျင့်သုံးခြင်းဆိုင်ရာ အငြင်းပွားမှုများကို ခုံသမာဓိနည်းဖြင့် ဖြေရှင်းခြင်း အပါအဝင် သင့်လျော်သည့် အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နည်းလမ်းများကို တည်ထောင်ဆောင်ရွက်ရမည်။

အပိုဒ် (၂၆)

ဖြေရှင်းမရသည့် အငြင်းပွားမှုများ

            အကယ်၍ ဤပဋိညာဉ်စာတမ်းတွင် အထက်ဖော်ပြခဲ့သည့် ပြဌာန်းချက်များအား ကျင့်သုံးပြီး ဖြေရှင်းသော်လည်း ဖြေရှင်းမရသည့် အငြင်းပွားမှုများကို အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြပြီး ဆုံးဖြတ်ချက် ခံယူရမည်။

အပိုဒ် (၂၇)

လိုက်နာဆောင်ရွက်ခြင်း

၁။         အာဆီယံအတွင်းရေးမှူးချုပ်သည် အတွင်းရေးမှူးချုပ်ရုံး သို့မဟုတ် အခြားသော သတ်မှတ်ထားသည့် အာဆီယံ အဖွဲ့အစည်းတစ်ခုခုတို့၏ အထောက်အကူပြုမှုဖြင့် အာဆီယံ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နည်းလမ်းမှ ရရှိသည့် တွေ့ရှိ ချက်များ၊ ထောက်ခံချက်များ သို့မဟုတ် ဆုံးဖြတ်ချက်များအား လိုက်နာဆောင်ရွက်ခြင်းအပေါ် စောင့်ကြပ်စိစစ်ပြီး အစီရင်ခံစာ ပြုစု၍ အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်သွင်းရမည်။

၂။         အာဆီယံအငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာနည်းလမ်းမှ ရရှိသည့် တွေ့ရှိချက်များ၊ ထောက်ခံချက်များ သို့မဟုတ် ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်းမပြုသည့်အတွက် ထိခိုက်နစ်နာမှုရှိသည့် မည်သည့်အာဆီယံနိုင်ငံမဆို အဆိုပါ ကိစ္စရပ်ကို ဆုံးဖြတ်ချက်ရယူရန် အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြနိုင်သည်။

အပိုဒ် (၂၈)

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ပြဌာန်းချက်များနှင့် အခြားသက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

            ဤပဋိညာဉ်စာတမ်းတွင် အခြားနည်း ပြဌာန်းထားခြင်းမရှိလျှင် အဖွဲ့ဝင်နိုင်ငံများသည် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်း အပိုဒ် ၃၃ (၁) တွင်သော်လည်းကောင်း အငြင်းပွားနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်သည့် အခြား အပြည်ပြည်ဆိုင်ရာ ဥပဒေ စာချုပ်စာတမ်းများတွင်သော်လည်းကောင်း ဖော်ပြပါရှိသည့် ငြိမ်းချမ်းစွာ ဖြေရှင်းရေး နည်းလမ်းများကို ဆောင်ရွက်နိုင်ခွင့်ရှိသည်။

အခန်း (၉)

ဘတ်ဂျက်နှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ

အပိုဒ် (၂၉)

အထွေထွေမူများ

၁။         အာဆီယံသည် ဘဏ္ဍာရေးစည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ သတ်မှတ် ရမည်။

၂။         အာဆီယံသည် ခိုင်မာသော ဘဏ္ဍာရေးစီမံခန့်ခွဲမှု မူဝါဒများ၊ ကျင့်စဉ်များနှင့် ဘတ်ဂျက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း များကို လိုက်နာရမည်။

၃။         ဘဏ္ဍာရေးဆိုင်ရာ ငွေစာရင်းများကို အတွင်း စာရင်းစစ်ဆေးခြင်းနှင့် ပြင်ပ စာရင်းစစ်ဆေးခြင်း ပြုလုပ်ရမည်။

အပိုဒ် (၃၀)

အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဘတ်ဂျက်နှင့် ဘဏ္ဍာရေး

၁။         အာဆီယံအတွင်းရေးမှူးချုပ်ရုံးအား ယင်း၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ဘဏ္ဍာရေး အရင်းအမြစ်များကို ထောက်ပံ့ပေးရမည်။

၂။         အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဘတ်ဂျက်ကို အဖွဲ့ဝင်နိုင်ငံများက ပမာဏ တူညီ သည့် နှစ်စဉ်ထည့်ဝင်ကြေးငွေဖြင့် ဖြည့်ဆည်းရမည်။ ယင်း ထည့်ဝင်ကြေးများကို အတွင်းရေးမှူးချုပ်ရုံးသို့ အချိန်နှင့် တပြေးညီ လွှဲပြောင်းပေးပို့ရမည်။

၃။         အာဆီယံအတွင်းရေးမှူးချုပ်သည် အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ၏ ထောက်ခံချက်ဖြင့် အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ၏ သဘောတူညီချက်ကို ရယူရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ နှစ်စဉ် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဘတ်ဂျက်ကို ပြုစုရေးဆွဲရမည်။

၄။         အာဆီယံအတွင်းရေးမှူးချုပ်ရုံးသည် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ၏ ထောက်ခံချက်ဖြင့် အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ချမှတ်ထားသည့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ လုပ်ငန်းဆောင်ရွက်ရမည်။

အခန်း (၁၀)

အုပ်ချုပ်မှုနှင့် လုပ်ထုံးလုပ်နည်း

အပိုဒ် (၃၁)

အာဆီယံ ဥက္ကဌ

၁။         အာဆီယံဥက္ကဌရာထူးကို အဖွဲ့ဝင်နိုင်ငံအမည်များ၏ အင်္ဂလိပ်အက္ခရာစဉ်အတိုင်း နှစ်စဉ်အလှည့်ကျ ဆောင်ရွက်ရ မည်။

၂။         အာဆီယံသည် ပြက္ခဒိန်နှစ် တစ်နှစ်အတွင်းတွင် တစ်ခုတည်းသော ဥက္ကဌရာထူးရှိရမည်ဖြစ်ပြီး အာဆီယံဥက္ကဌ အဖြစ် လက်ခံဆောင်ရွက်သည့် နိုင်ငံက အောက်ပါအစည်းအဝေးများတွင် ဥက္ကဌအဖြစ် ဆောင်ရွက်ရမည် –

(က)      အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများ

(ခ)        အာဆီယံလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ

(ဂ)        အာဆီယံအသိုက်အဝန်း ကောင်စီ (၃) ရပ်

(ဃ)      သင့်လျော်သည့်ကိစ္စတွင် သက်ဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် ကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး၊

(င)        အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ။

အပိုဒ် (၃၂)

အာဆီယံဥက္ကဌ၏ အခန်းကဏ္ဍ

            အာဆီယံဥက္ကဌအဖြစ် တာဝန်ယူထားသည့် အဖွဲ့ဝင်နိုင်ငံသည် –

(က)      မူဝါဒပိုင်းဆိုင်ရာ ဦးဆောင်ဦးရွက်ပြုခြင်း၊ ပူးပေါင်းညှိနှိုင်းခြင်း၊ တူညီဆန္ဒရယူခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ဖြင့် အာဆီယံအသိုက်အဝန်းတစ်ရပ် တည်ထောင်ရေး ကြိုးပမ်းမှုများ အပါအဝင် အာဆီယံ၏ အကျိုးစီးပွားနှင့် ကောင်းကျိုး ချမ်းသာကို တက်ကြွစွာ တိုးမြှင့်ဆောင်ရွက်ရမည်။

(ခ)        အာဆီယံ၏ ဗဟိုအချက်အခြာကျမှုကို ဖော်ဆောင်စေရမည်။

(ဂ)        အရေးပေါ်ကိစ္စများ သို့မဟုတ် အာဆီယံကို ထိခိုက်စေမည့် အကျပ်အတည်း အခြေအနေများကို ကြားဝင် ဆောင်ရွက်ပေးခြင်းနှင့် အခြားနည်းလမ်းအစီအစဉ်များဖြင့် အချိန်မီ ထိရောက်စွာ တုန့်ပြန်ဆောင်ရွက်စေရမည်။

(ဃ)      ပြင်ပမိတ်ဆွေများနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးကို ခိုင်မာတိုးတက်စေရန် ဆောင်ရွက်ရာတွင် အာဆီယံကို ကိုယ်စားပြု ဆောင်ရွက်ရမည်။

(င)        လုပ်ပိုင်ခွင့် အာဏာပေးထားသည့်အတိုင်း အခြားလုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်ရမည်။

အပိုဒ် (၃၃)

သံတမန်ရေးရာ ထုံးတမ်းစဉ်လာနှင့် အလေ့အထများ

            အာဆီယံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အာဆီယံလှုပ်ရှားမှုအားလုံးကို ဆောင်ရွက်ရာတွင် တည်ဆဲ သံတမန်ရေးရာထုံးတမ်းစဉ်လာနှင့် အလေ့အထများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ ပြောင်းလဲမှုများကို အမြဲတမ်း ကိုယ်စားလှယ်များ ကော်မတီ၏ ထောက်ခံချက်ဖြင့် အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းမှု ကောင်စီက အတည်ပြုပေးရမည်။

အပိုဒ် (၃၄)

အာဆီယံ၏ လုပ်ငန်းဆိုင်ရာ ဘာသာစကား

            အာဆီယံ၏ လုပ်ငန်းဆိုင်ရာ ဘာသာစကားမှာ အင်္ဂလိပ်ဘာသာစကားဖြစ်သည်။

အခန်း (၁၁)

သွင်ပြင်လက္ခဏာနှင့် သင်္ကေတများ

အပိုဒ် (၃၅)

အာဆီယံ၏ သွင်ပြင်လက္ခဏာ

            အာဆီယံသည် ယင်း၏ တူညီသော ပန်းတိုင်၊ ရည်မှန်းချက်များနှင့် တန်ဖိုးများကို ရရှိရန် ယင်း၏ ပြည်သူများအကြား အာဆီယံ၏ ဘုံသွင်ပြင်လက္ခဏာနှင့် အာဆီယံ၏ အဖွဲ့ဝင်ဖြစ်မှု သဘောထားကို တိုးမြှင့်ဆောင်ရွက် ရမည်။

အပိုဒ် (၃၆)

အာဆီယံဆောင်ပုဒ်

            အာဆီယံ၏ ဆောင်ပုဒ်မှာ “တစ်ခုတည်းသောအမြင်၊ တစ်ခုတည်းသော သွင်ပြင်လက္ခဏာ၊ တစ်ခုတည်းသော အသိုက်အဝန်း” ဟူ၍ ဖြစ်ရမည်။

အပိုဒ် (၃၇)

အာဆီယံအလံ

            အာဆီယံအလံသည် နောက်ဆက်တွဲ (၃) တွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ရမည်။

အပိုဒ် (၃၈)

အာဆီယံ အမှတ်တံဆိပ်

            အာဆီယံ၏ အမှတ်တံဆိပ်သည် နောက်ဆက်တွဲ (၄) တွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ရမည်။

အပိုဒ် (၃၉)

အာဆီယံနေ့

            ဩဂုတ်လ (၈) ရက်နေ့ကို အာဆီယံနေ့အဖြစ် ကျင်းပရမည်။

အပိုဒ် (၄၀)

အာဆီယံသီချင်း

            အာဆီယံတွင် အာဆီယံသီချင်းရှိရမည်။

အခန်း (၁၂)

ပြင်ပဆက်ဆံရေး

အပိုဒ် (၄၁)

ပြင်ပဆက်ဆံရေး အပြုအမူများ

၁။         အာဆီယံသည် နိုင်ငံများ၊ ဒေသခွဲ၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနများနှင့် ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေး၊ အပြန်အလှန်အကျိုးရှိစေမည့် ဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံမှုတို့ကို တိုးမြှင့်ဆောင်ရွက်ရမည်။

၂။         အာဆီယံ၏ ပြင်ပဆက်ဆံရေးတွင် ဤပဋိညာဉ်စာတမ်း၌ ပြဌာန်းထားသည့် ရည်ရွယ်ချက်နှင့် အခြေခံမူများကို လိုက်နာရမည်။

၃။         အာဆီယံသည် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် အသိုက်အဝန်းတည်ထောင်မှုတွင် မိမိ၏ ဗဟိုအချက်အချာ ကျမှုကို ထိန်းသိမ်းပြီး မိမိ ဦးဆောင်ဦးရွက်ပြုသည့် ဒေသဆိုင်ရာ ဖွဲ့စည်းမှု အစီအမံများ၌ အဓိကတွန်းအား ဖြစ်ရမည်။

၄။         အာဆီယံ၏ ပြင်ပဆက်ဆံရေးကို ဆောင်ရွက်ရာတွင် အဖွဲ့ဝင်နိုင်ငံများသည် စည်းလုံးညီညွတ်မှု၊ တစ်စုတစ်စည်း တည်းရှိမှုကို အခြေခံ၍ မိမိတို့၏ ဘုံရပ်တည်ချက်များ ဖြစ်ပေါ်တိုးတက်စေရန် ကြိုးပမ်းညှိနှိုင်းပြီး အတူတကွ အရေးယူ ဆောင်ရွက်မှုများကို ပြုလုပ်ရမည်။

၅။         အာဆီယံပြင်ပဆက်ဆံရေး၏ မဟာဗျူဟာကျသည့် မူဝါဒလမ်းညွှန်မှုများကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ထောက်ခံချက်များအရ အာဆီယံထိပ်သီးအစည်းအဝေးက သတ်မှတ်ပေးရမည်။

၆။         အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသည် အာဆီယံပြင်ပဆက်ဆံရေးလုပ်ငန်းများ ဆောင်ရွက်မှုတွင် ရှေ့နောက်ညီညွတ်မှုရှိစေရေးနှင့် ဆီလျော်မှုရှိစေရေးအတွက် ဆောင်ရွက်ပေးရမည်။

၇။         အာဆီယံသည် နိုင်ငံများ၊ ဒေသခွဲ၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနများနှင့် သဘောတူညီချက်များ ရေးဆွဲချုပ်ဆိုနိုင်သည်။ ယင်းသဘောတူညီချက်များ ရေးဆွဲချုပ်ဆိုရေးအတွက် လုပ်ထုံးလုပ်နည်း များကို အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီက အာဆီယံအသိုက်အဝန်းဆိုင်ရာ ကောင်စီများနှင့် တိုင်ပင်ညှိနှိုင်း၍ သတ်မှတ်ပေးရမည်။

အပိုဒ် (၄၂)

ဆွေးနွေးဖက် ဆက်ဆံရေး ညှိနှိုင်းသူ

၁။         ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းပေးသည့်နိုင်ငံအဖြစ် ဆောင်ရွက်သည့် အဖွဲ့ဝင်နိုင်ငံများသည် သက်ဆိုင်ရာ ဆွေးနွေးဖက် နိုင်ငံများ၊ ဒေသဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနများနှင့် ဆက်ဆံရာတွင် အာဆီယံ၏ အကျိုးစီးပွားကို မြှင့်တင်ရန်နှင့် ပေါင်းစပ်ညှိနှိုင်းပေးရန် အလှည့်ကျ တာဝန်အားလုံးထမ်းဆောင်ရမည်။

၂။         ပြင်ပဆွေးနွေးဖက် နိုင်ငံများနှင့် ဆက်ဆံရာတွင် တွေ့ဆုံညှိနှိုင်းပေးသည့် နိုင်ငံများသည် အခြားတာဝန်များအနက်-

(က)      အာဆီယံ၏ အခြေခံမူများနှင့်အညီ အာဆီယံကို ကိုယ်စားပြုပြီး အပြန်အလှန်လေးစားမှုနှင့် သာတူညီမျှမှုကို အခြေခံ၍ ဆက်ဆံမှု တိုးမြှင့်ရမည်။

(ခ)        အာဆီယံနှင့် ပြင်ပဆွေးနွေးဖက်နိုင်ငံများအကြား သက်ဆိုင်ရာ အစည်းအဝေးများတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ရမည်။

(ဂ)        တတိယနိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများရှိ သက်ဆိုင်ရာ အာဆီယံကော်မတီများ၏ အကူအညီကို ရယူရမည်။

အပိုဒ် (၄၃)

တတိယနိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများရှိ အာဆီယံကော်မတီများ

၁။         အာဆီယံမဟုတ်သော နိုင်ငံများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံတမန်အဖွဲ့အကြီးအကဲများ ပါဝင်သော တတိယနိုင်ငံများရှိ အာဆီယံကော်မတီများကို တည်ထောင်နိုင်သည်။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ အလားတူ ကော်မတီများကိုလည်း ဖွဲ့စည်းတည်ထောင်နိုင်သည်။ အဆိုပါ ကော်မတီများသည် အိမ်ရှင်နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများတွင် အာဆီယံ၏ အကျိုးစီးပွားနှင့် ဥပဓိရုပ်ကို မြှင့်တင်ပေးရမည်။

၂။         အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အဆိုပါ ကော်မတီများ၏ လုပ်ထုံးလုပ်နည်းများကို သတ်မှတ် ပေးရမည်။

အပိုဒ် (၄၄)

ပြင်ပအဖွဲ့အစည်းများ၏ အဆင့်အတန်း

၁။         အာဆီယံပြင်ပဆက်ဆံရေးများ ဆောင်ရွက်ရာတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသည် ပြင်ပ မိတ်ဖက်အား ဆွေးနွေးဖက်၊ ကဏ္ဍအလိုက် ဆွေးနွေးဖက်၊ ဖွံ့ဖြိုးမှုမိတ်ဖက်၊ အထူးလေ့လာသူ၊ ဧည့်သည်တော် သို့မဟုတ် နောင်တွင် တည်ထောင်မည့် အခြားအဆင့်အတန်းဟူ၍ ပုံမှန် အဆင့်အတန်း အပ်နှင်းနိုင်သည်။

၂။         ပြင်ပအဖွဲ့အစည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပုံမှန်အဆင့်အတန်း တစ်ရပ်ရပ် အပ်နှင်းထားခြင်းမရှိဘဲ အာဆီယံအဖွဲ့အစည်းများ သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှုများသို့ ဖိတ်ကြားနိုင်သည်။

အပိုဒ် (၄၅)

ကုလသမဂ္ဂစနစ်နှင့် အခြားသော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနများနှင့် ဆက်ဆံရေး

၁။        အာဆီယံသည် ကုလသမဂ္ဂစနစ်နှင့် အခြာသော ဒေသခွဲ၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနများနှင့် ဆက်ဆံရေးတွင် သင့်တော်သည့် အဆင့်အတန်း တစ်ရပ်ရပ်ကို တောင်းဆိုနိုင်သည်။

၂။         အာဆီယံလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေးကောင်စီသည် အခြားသောဒေသခွဲ၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဌာနများတွင် အာဆီယံ၏ ပါဝင်ဆောင်ရွက်မှုကို ဆုံးဖြတ်ရမည်။

အပိုဒ် (၄၆)

အာဆီယံအဖွဲ့ဝင်မဟုတ်သော နိုင်ငံများမှ အာဆီယံဆိုင်ရာ သံအမတ်ကြီးများအား ခန့်အပ်ခြင်း

            အာဆီယံအဖွဲ့ဝင်မဟုတ်သော နိုင်ငံများနှင့် အစိုးရအချင်းချင်း ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများသည် အာဆီယံ ဆိုင်ရာ သံအမတ်ကြီးများကို ခန့်အပ်နိုင်သည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အဆိုပါ တရားဝင် ခန့်အပ်မှုကို ဆုံးဖြတ်ပေးရမည်။

အခန်း (၁၃)

အထွေထွေနှင့် အပြီးသတ် ပြဌာန်းချက်များ

အပိုဒ် (၄၇)

လက်မှတ်ရေးထိုးခြင်း၊ အပြီးသတ် အတည်ပြုခြင်း၊ ထိန်းသိမ်းထားရှိခြင်းနှင့် စာချုပ်အတည်ဖြစ်ခြင်း

၁။         ဤပဋိညာဉ်စာတမ်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးက လက်မှတ်ရေးထိုးရမည်။

၂။         ဤပဋိညာဉ်စာတမ်းကို အဖွဲ့ဝင်နိုင်ငံအားလုံး၏ သက်ဆိုင်ရာ ပြည်တွင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ အပြီးသတ် အတည်ပြုရမည်။

၃။         အပြီးသတ်အတည်ပြုလွှာများကို အာဆီယံအတွင်းရေးမှူးချုပ်ထံ အပ်နှံပေးပို့ရမည်ဖြစ်ပြီး ယင်းအတည်ပြုလွှာ များကို လက်ခံရရှိသည့်အခါတိုင်း အာဆီယံအတွင်းရေးမှူးချုပ်သည် အဖွဲ့ဝင်နိုင်ငံအားလုံးထံ ဆောလျင်စွာ အကြောင်းကြား ရမည်။

၄။         ဤပဋိညာဉ်စာတမ်းသည် အာဆီယံအတွင်းရေးမှူးချုပ်ထံတွင် ဒသမမြောက်အတည်ပြုလွှာ လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း (၃၀) ပြည့်မြောက်သည့်နေ့တွင် အတည်ဖြစ်ရမည်။

အပိုဒ် (၄၈)

ပြင်ဆင်ချက်များ

၁။         မည်သည့်အဖွဲ့ဝင်နိုင်ငံကမဆို ဤပဋိညာဉ်စာတမ်းအပေါ် ပြင်ဆင်ချက်များ အဆိုပြုနိုင်သည်။

၂။         အဆိုပြုထားသည့် ပဋိညာဉ်စာတမ်း ပြင်ဆင်ချက်များကို တူညီဆန္ဒအရ အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီသည် အာဆီယံထိပ်သီးအစည်းအဝေးသို့ ဆုံးဖြတ်ချက်ချမှတ်နိုင်ရန် တင်သွင်းရမည်။

၃။         အာဆီယံထိပ်သီးအစည်းအဝေး၌ တူညီဆန္ဒအရ သဘောတူညီခဲ့သည့် ပဋိညာဉ်စာတမ်းပြင်ဆင်ချက်များကို အပိုဒ် (၄၇) နှင့်အညီ အဖွဲ့ဝင်နိုင်ငံအားလုံးက အတည်ပြုပေးရမည်။

၄။         ပြင်ဆင်ချက် တစ်ရပ်သည် အာဆီယံအတွင်းရေးမှူးချုပ်ထံသို့ နောက်ဆုံးအတည်ပြုလွှာ တင်သွင်းသည့်နေ့မှ ရက်ပေါင်း (၃၀) ပြည့်မြောက်သည့်နေ့တွင် အတည်ဖြစ်ရမည်။

အပိုဒ် (၄၉)

လုပ်ငန်းလမ်းညွှန်များနှင့် လုပ်ထုံးလုပ်နည်းများ

            ဤပဋိညာဉ်စာတမ်းတွင် အခြားနည်းပြဌာန်းထားခြင်းမရှိလျှင် အာဆီယံလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ သည် လုပ်ငန်းလမ်းညွှန်များနှင့် လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ရမည့်အပြင် ရှေ့နောက် ညီညွတ်မှုရှိစေရန် ဆောင်ရွက် ရမည်။

အပိုဒ် (၅၀)

ပြန်လည်သုံးသပ်ခြင်း

            ဤပဋိညာဉ်စာတမ်းကို စတင်အတည်ဖြစ်ပြီးနောက် (၅) နှစ်ကြာသည့်အခါဖြစ်စေ သို့မဟုတ် အခြား သတ်မှတ်ချိန် တွင် အာဆီယံထိပ်သီးအစည်းအဝေးမှ ဆုံးဖြတ်သည့်အခါဖြစ်စေ ပြန်လည်သုံးသပ်နိုင်သည်။

အပိုဒ် (၅၁)

ပဋိညာဉ်စာတမ်းအား အဓိပ္ပာယ်ဖွင့်ဆိုခြင်း

၁။         အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ မေတ္တာရပ်ခံချက်အရ ဤပဋိညာဉ်စာတမ်းအား အနက်အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီက သတ်မှတ်ပေးသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အာဆီယံအတွင်းရေးမှူးချုပ် ရုံးက တာဝန်ယူဆောင်ရွက်ရမည်။

၂။         ဤပဋိညာဉ်စာတမ်းအပေါ် အနက်အဓိပ္ပာယ်ဖွင့်ဆိုမှုမှ အငြင်းပွားမှုတစ်ရပ်ရပ်ကို အခန်း (၈) ပါ သက်ဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဖြေရှင်းရမည်။

၃။         ဤပဋိညာဉ်စာတမ်းတွင် အသုံးပြုထားသည့် ခေါင်းစဉ်ကြီးများနှင့် ခေါင်းစဉ်များသည် ရည်ညွှန်းချက်ပြုရန်အတွက် သာ ဖြစ်ရမည်။

အပိုဒ် (၅၂)

ဥပဒေကြောင်းအရ ဆက်လက်တည်ရှိနေမှု

၁။         ဤပဋိညာဉ်စာတမ်း အတည်မဖြစ်မီကတည်းက အကျိုးသက်ရောက်မှုရှိပြီးဖြစ်သည့် စာချုပ်များ၊ ကွန်ဗန်းရှင်းများ၊ သဘောတူစာချုပ်များ၊ သဘောတူညီချက်များ၊ ကြေညာစာတမ်းများ၊ ပရိုတိုကောစာချုပ်များနှင့် အခြားအာဆီယံ စာချုပ် စာတမ်းများသည် ဆက်လက်၍ အတည်ဖြစ်စေရမည်။

၂။         ၎င်းစာချုပ်စာတမ်းများနှင့် ဤပဋိညာဉ်စာတမ်းများအကြားတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အခွင့်အရေးများနှင့် တာဝန်များသည် ရှေ့နောက် ညီညွတ်မှုမရှိပါက ဤပဋိညာဉ်စာတမ်းကသာ လွှမ်းမိုး၍ အတည်ဖြစ်ရမည်။

အပိုဒ် (၅၃)

မူရင်းစာသား

            လက်မှတ်ရေးထိုးထားသော ဤပဋိညာဉ်စာတမ်း၏ အင်္ဂလိပ်ဘာသာဖြင့် ပြုစုထားသော မူရင်းစာသားကို အာဆီယံအတွင်းရေးမှူးချုပ်ထံတွင် အပ်နှံထားရမည်။ အာဆီယံအတွင်းရေးမှူးချုပ်သည် အဖွဲ့ဝင်နိုင်ငံများထံသို့ ပဋိညာဉ် စာတမ်း၏ မိတ္တူမှန် တစ်စောင်စီပေးအပ်ရမည်။

အပိုဒ် (၅၄)

အာဆီယံပဋိညာဉ်စာတမ်းအား မှတ်ပုံတင်ခြင်း

            ဤပဋိညာဉ်စာတမ်းကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ပုဒ်မ (၁၀၂) စာပိုဒ် (၁) နှင့် အညီ အာဆီယံ အတွင်းရေးမှူးချုပ်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးတွင် မှတ်ပုံတင်ရမည်။

အပိုဒ် (၅၅)

အာဆီယံ၏ ပိုင်ဆိုင်သည့်ပစ္စည်းများ

            အဖွဲ့အစည်း၏ ပိုင်ဆိုင်သည့် ပစ္စည်းများနှင့် ရံပုံငွေများကို အာဆီယံ၏ အမည်ဖြင့် ထားရှိရမည်။

            ၂၀၀၇ ခုနှစ် နိုဝင်ဘာ (၂၀) ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ အင်္ဂလိပ်ဘာသာ မူရင်းတစ်ခုတည်းဖြင့် လက်မှတ်ရေးထိုး ပြုလုပ်ကြပါသည်။

ဘရူနိုင်း ဒါရုဆလမ်နိုင်ငံအတွက်

ဟာဂျီဟာဆန်နယ် ဘိုလ်ကီယာ

ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၏ ဘုရင်

ကမ္ဘောဒီးယားနိုင်ငံအတွက်

ဆမ်ဒက်ဟွန်စန်

ဝန်ကြီးချုပ်

အင်ဒိုနီးရှားနိုင်ငံအတွက်

ဒေါက်တာ ဆူဆီလိုဘမ်ဘန်ယူဒိုယိုနို

သမ္မတ

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံအတွက်

ဘိုအာစုန်ဘိုပါဗန်

ဝန်ကြီးချုပ်

မလေးရှားနိုင်ငံအတွက်

ဒါတိုဆရီ အဗ္ဗဒူလာ အက်မက်ဘာဒါဝီ

ဝန်ကြီးချုပ်

ပြည်ထောင်စုမြန်မာနိုင်ငံအတွက်

ဗိုလ်ချုပ်ကြီးသိန်းစိန်

ဝန်ကြီးချုပ်

ဖိလစ်ပိုင်သမ္မတနိုင်ငံအတွက်

ဂလိုရီယာ မာကာပါဂယ်-အာယိုရို

သမ္မတ

စင်ကာပူသမ္မတနိုင်ငံအတွက်

လီရှန်လွန်း

ဝန်ကြီးချုပ်

ထိုင်းဘုရင်းနိုင်ငံအတွက်

ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချောင်လာနွတ် (အငြိမ်းစား)

ဝန်ကြီးချုပ်

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံအတွက်

ငုယင် တန်ဒန်

ဝန်ကြီးချုပ်

နောက်ဆက်တွဲ –

အာဆီယံဝန်ကြီးအဆင့် ကဏ္ဍအလိုက် အဖွဲ့အစည်းများ

(က)      အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း

၁။         အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (အေအမ်အမ်)

  • အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (အာဆီယံ အက်စ်အိုအမ်)
  • အာဆီယံ အမြဲတမ်းကော်မတီ (အေအက်စ်စီ)
  • ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (အက်စ်အိုအမ်ဒီပီ)

၂။         အရှေ့တောင်အာရှ နျူကလီးယားကင်းမဲ့ရေးဇုန်ဆိုင်ရာ ကော်မရှင် (ရွှန်းဖက်ဇ်ကော်မရှင်)

  • အရှေ့တောင်အာရှ နျူကလီးယားကင်းမဲ့ရေးဇုန်ဆိုင်ရာ ကော်မရှင်၏ အမှုဆောင် ကော်မတီ

၃။         အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (အေဒီအမ်အမ်)

  • အာဆီယံကာကွယ်ရေး အဆင့်မြင့် အရာရှိကြီးများအစည်းအဝေး (အေဒီအက်စ်အိုအမ်)

၄။         အာဆီယံဥပဒေဝန်ကြီးများ အစည်းအဝေး (အေအယ်လ်အေဒဗယ်လျူအမ်အမ်)

  • အာဆီယံ အဆင့်မြင့် ဥပဒေအရာရှိကြီးများအစည်းအဝေး (အေအက်စ်အယ်လ်အိုအမ်)

၅။         အာဆီယံဝန်ကြီးများ၏ နယ်စပ်ဖြတ်ကျော်မှုခင်းဆိုင်ရာ အစည်းအဝေး (အေအမ်အမ်တီစီ)

  • နယ်စပ်ဖြတ်ကျော်မှုခင်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (အက်စ်အိုအမ်တီစီ)
  • မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (အေအက်စ်အိုဒီ)
  • နိုင်ငံခြားရေးဝန်ကြီးဌာနများမှ ကောင်စစ်ရေးဌာနခွဲ အကြီးအကဲများနှင့် လူဝင်မှုကြီးကြပ်ရေးဌာန၊ ညွှန်ကြားရေးမှူးချုပ်များ၏ အစည်းအဝေး (ဒီဂျီအိုင်စီအမ်)

၆။         အာဆီယံဒေသဆိုင်ရာ ဖိုရမ် (အေအာအက်ဖ်)

အာဆီယံဒေသဆိုင်ရာဖိုရမ် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (အေအာအက်ဖ် အက်စ်အိုအမ်)

(ခ)        အာဆီယံစီးပွားရေးအသိုက်အဝန်း

၁။         အာဆီယံစီးပွားရေး ဝန်ကြီးများအစည်းအဝေး (အေအီးအမ်)

–     အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာအဆင့်မြင့်လုပ်ငန်းအဖွဲ့ (အိပ်ချ်အယ်တီအက်ဖ်-အီးအိုင်)

–     အဆင့်မြင့်စီးပွားရေးအရာရှိကြီးများအစည်းအဝေး (အက်စ်အီးအိုအမ်)

၂။         အာဆီယံလွတ်လပ်စွာကုန်သွယ်မှုဧရိယာ (အက်ဖ်တာ) ကောင်စီ

၃။         အာဆီယံရင်းနှီးမြှုပ်နှံမှုဧရိယာ (အေအိုင်အေ) ကောင်စီ

၄။         အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေး (အေအက်ဖ်အမ်အမ်)

–     အာဆီယဘဏ္ဍာရေးနှင့်ဗဟိုဘဏ်ဒုတိယဥက္ကဌများအစည်းအေဝး (အေအက်ဖ်ဒီအမ်)

–     အာဆီယံအကောက်ခွန်ညွှန်ကြားရေးမှူးချုပ်များအစည်းအေဝး (အကောက်ခွန် ဒီဂျီ)

၅။         အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့်သစ်တောရေးရာဝန်ကြီးများ၏အစည်းအေဝး (အေအမ်အေအက်ဖ်)

–     အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီးများ၏ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (အက်စ်အိုအမ် – အေအမ် အေအက်ဖ်)

–     အာဆီယံသစ်တောရေးရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(အေအက်စ်အိုအက်ဖ်)

၆။         အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေး(အေအမ်အီးအမ်)

  • အာဆီယံစွမ်းအင်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ၏အစည်းအဝေး (အက်စ်အိုအမ်အီး)

၇။         အာဆီယံသတ္တုတွင်းဌာနဝန်ကြးများအစည်းအဝေး (အေအမ်အမ်အိုင်အန်)

  • အာဆီယံသတ္တုတွင်းအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (အေအက်စ်အိုအမ်အမ်)

၈။         အာဆီယံသိပ္ပံနှင့်နည်းပညာဝန်ကြီးများအစည်းအဝေး (အေအမ်အမ် အက်စ်တီ)

  • သိပ္ပံနှင့်နည်းပညာဆိုင်ရာကော်မတီ (စီအိုအက်စ်တီ)

၉။         အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဆိုင်ရာဝန်ကြီးများအစည်းအဝေး (တီအီးအယ်လ်အမ်အိုင်အန်)

–     ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ( တီအီးအယ်လ် အက်စ်အိုအမ်)

–     အာဆီယံဆက်သွယ်ရေးဆိုင်ရာကြီးကြပ်သူများကောင်စီ (အေတီအာရ်စီ)

၁၀။       အာဆီယံသယ်ယူပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး (အေတီအမ်)

  • အာဆီယံသယ်ယူပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (အက်စ်တီအိုအမ်)

၁၁။       အာဆီယံခရီးသွားလာရေးဝန်ကြီးများအစည်းအဝေး(အမ် – အေတီအမ်)

  • အာဆီယံခရီးသွားအမျိုးသားအဖွဲ့အစည်းဆိုင်ရာ အစည်းအဝေး (အာဆီယံ -အန်တီအိုအက်စ်)

၁၂။        အာဆီယံမဲခေါင်မြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းရွက်ရေးအဖွဲ့ (အေအမ်ဘီဒီစီ)

– အာဆီယယံမဲခေါင်မြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ကော်မတီ (အေအမ်ဘီဒီစီ အက်စ်စီ)

– ဘဏ္ဍာရေးဆိုင်ရာအဆင့်မြင့်ကော်မတီအဖွဲ့ (အိတ်ချ်အယ်လ်အက်ဖ်စီ)

၁၃။       အာဆီယံစွမ်းအင်ဌာန

၁၄။       တိုကျိုရှိ အာဆီယံ – ဂျပန်စင်တာ

(ဂ)        အာဆီယံလူမှုရေးနှင့်ယဉ်ကျေးမှုအသိုက်အဝန်း

၁။         အာဆီယံပြန်ကြားရေးဆိုင်ရာဝန်ကြီးများအစည်းအဝေး (အေအမ်အာအိုင်ရ်)

  • ပြန်ကြားရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (အက်စ်အိုအမ်အာအိုင်ရ်)

၂။         အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး (အေအမ်စီအေ)

  • ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေး (အက်စ်အိုအမ်စီအေ)

၃။         အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေး (အေအက်စ်အီးဒီ)

  • အဆင့်မြင့်ပညာရေးအရာရှိကြီးများအစည်းအဝေး (အက်စ်အိုအမ် – အီးဒီ)

၄။         အာဆီယံသဘာဝေဘးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအစည်းအဝေး (အေအမ်အမ်ဒီအမ်)

  • သဘာဝေဘးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအာဆီယံေကာ်မတီ(ေအစီဒီအမ်)

၅။         အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး (အေအမ်အမ်အီး)

  • ပတ်ဝန်းကျင်ဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (အေအက်စ်အိုအီးအန်)

၆။         နယ်နိမိတ်ဖြတ်ကျော်မြူခိုးညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက် အဖွဲ့ဝင်များ၏ ညီလာခံ (စီအိုပီ)

  • နယ်နိမိတ်ဖြတ်ကျော် မြူခိုးညစ်ညမ်းမှုဆိုင်ရာအာဆီယံသဘောတူညီချက် ညီလာခံအဖွဲ့ဝင်များ ညီလာခံ ကော်မတီ( စီအိုအမ်)

၇။         အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေး (အေအိတ်ချ်အမ်အမ်)

  • ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (အက်စ်အိုအမ်အိတ်ချ်ဒီ)

၈။         အာဆီယံအလုပ်သမားဝန်ကြီးများအဆင့်အစည်းအဝေး (အေအယ်လ်အယ်လ်အမ်)

  • အလုပ်သမားအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (အက်စ်အယ်လ်အိုအမ်)
  • အလုပ်အကိုင်ပြောင်းရွှေ့လုပ်ကိုင်သူများ၏အခွင့်အေရးကို ကာကွယ်မြှင့်တင်မှုဆိုင်ရာ အာဆီယံကြေညာ စာတမ်းကို အကောင်အထည်ဖော်ရေး အာဆီယံကော်မတီ

၉။         ကျေးလက်ဖွံ့ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုပေပျာက်ရေးဆိုင်ရာ အာဆီယံဝန်ကြီး အဆင့်အစည်းအဝေး (အေအမ်အာရ် ဒီပီအီး)

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (အက်စ်အိုအမ်အာရ်ဒီပီအီး)

၁၀။        လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေး (အေအမ်အမ်အက်စ်ဒဗလျူဒီ)

  • လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (အက်စ်အိုအမ်အက်စ် ဒဗလျူဒီ)

၁၁။       လူငယ်ဆိုင်ရာ အာဆီယံဝန်ကြီး အဆင့်အစည်းအဝေး (အေအမ်အမ်အိုင်)

  • လူငယ်ဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (အက်စ်အိုအမ်ဝိုင်)

၁၂။       ပြည်သူ့ဝန်ထမ်းဆိုင်ရာ အာဆီယံညီလာခံ (အေစီစီအက်စ်အမ်)

၁၃။       အာဆီယံဇီဝမျိုးစုံမျိုးကွဲဌာန( အေစီဘီ)

၁၄။       ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် အာဆီယံလူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ညှိနှိုင်းမှုဌာန (အေအိတ်ချ်အေဌာန)

၁၅။       အာဆီယံမြေငလျင်သတင်းဌာန

၁၆။       အာဆီယံအထူးပြုမိုးလေဝသဌာန (အေအက်စ်အမ်စီ)

၁၇။       အာဆီယံတက္ကသိုလ်များကွန်ရက် (အေယူအန်)

နောက်ဆက်တွဲ –

အာဆီယံနှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများ

(က)      ပါလီမန်များ

–     အာဆီယံပါလီမန်များညီလာခံ (အေအိုင်ပီအေ)

(ခ)        စီးပွားရေးအဖွဲ့အစည်းများ

–     အာဆီယံလေကြောင်းလိုင်းများအစည်းအဝေး

–     အာဆီယံကျန်းမာရေးဖြည့်စွက်မှုညွန့်ပေါင်းအဖွဲ့ (အေအေအိတ်ချ် အက်စ်အေ)

–     အာဆီယံမော်တော်ကားအဖွဲ့ချုပ် (အေအေအက်ဖ်)

–     အာဆီယံဘဏ်လုပ်ငန်းရှင်များအဖွဲ့အစည်း (အေဘီအေ)

–     အာဆီယံစီးပွားရေးဆိုင်ရာအကြံဉာဏ်ပေးရေးကောင်စီ (အာဆီယံ – ဘီအေစီ)

–     အာဆီယံစီးပွားရေးဖိုရမ် (အေဘီအက်ဖ်)

–     အာဆီယံကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (အာဆီယံ – စီစီအိုင်)

–     အာဆီယံဓါတု ဗေဒလုပ်ငန်းများကောင်စီ

–     အာဆီယံအထည်ချုပ်လုပ်ငန်းများအဖွဲ့ချုပ် (အေအက်ဖ်တီအီးအိတ်စ်)

–     အာဆီယံပရိဘောဂလုပ်ငန်းများကောင်စီ (အေအက်ဖ်အိုင်စီ)

–     အာဆီယံအာမခံလုပ်ငန်းကောင်စီ (အေအိုင်စီ)

–     အာဆီယံအသိဉာဏ်ပစ္စည်းဆိုင်ရာမူပိုင်ခွင့်များအဖွဲ့ (အာဆီယံအိုင်ပီအေ )

–     အာဆီယံအပြည်ပြည်ဆိုင်ရာလေဆိပ်များအစည်းအဝေး (အေအေအ)

–     အာဆီယံသံနှင့်သံမဏိလုပ်ငန်းအဖွဲ့ချုပ်

–     အာဆီယံဆေးဝါးဆိုင်ရာကလပ်အသင်း

–     အာဆီယံခရီးသွားလုပ်ငန်းအဖွဲ့အစည်း (အာဆီယံတီအေ)

–     အာဆီယံစီးပွားရေးအဖွဲ့အစည်းများအဖွဲ့ချုပ် (အက်ဖ်အေအီးအေ)

  • အာဆီယံကုန်စည်ပို့ဆောင်သူများကောင်စီအဖွဲ့ချုပ်

–     အမေရိကန် – အာဆီယံစီးပွားရေးကောင်စီ

(ဂ)        အေတွးအခေါ်ပညာရှင်များအဖွဲ့နှင့် ပညာရေးဆိုင်ရာအဖွဲ့အစည်းများ

–     အာဆီယံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ကွန်ရက် (အာဆီယံ-အိုင်အက်စ်အိုင်အက်စ် ကွန်ရက်)

(ဃ)      အသိအမှတ်ပြုမြို့ပြလူ့အဖွဲ့အစည်းဆိုင်ရာ အဖွဲ့အစည်းများ

–     အာဆီယံသိပ္ပံ၊ အင်ဂျင်နီယာနှင့်နည်းပညာဆိုင်ရာပညာရှင်များအဖွဲ့ (အာဆီယံစီအေအက်စ်အီး)

–     အာဆီယံ အင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာ အကယ်ဒမီ (အေအေအီးတီ)

–     အာဆီယံဓါတ်ခွဲခန်းသိပ္ပံပညာဆိုင်ရာအဖွဲ့အစည်း (အေအေစီအယ်လအက်စ်)

–     အာဆီယံအိုးအိမ်နှင့်အိမ်ရာစီမံကိန်းအဖွဲ့အစည်း (အေအေပီအိတ်ချ်)

–     အာဆီယံရောင်ခြည်ဖြင့်ဆေးကုသသူအတတ်ပညာရှင်များအဖွဲ့ (အေအေအာရ်)

–     အာဆီယံစစ်တုရင်အသင်းအဖွဲ့ချုပ် (အေစီစီ)

–     အာဆီယံလုပ်ငန်းရှင်များအသင်းအဖွဲ့ (အေစီအီး)

–     အာဆီယံအမျိုးသမီးအသင်းအဖွဲ့များအဖွဲ့ချုပ် (အေစီဒဗလျူအို)

–     အာဆီယံကန်ထရိုက်တာများအဖွဲ့ချုပ် (အေစီအက်ဖ်)

–     အာဆီယံအလှကုန်ဆိုင်ရာအဖွဲ့အစည်း (အေစီအေ)

–     အာဆီယံ- ဂျပန်ကျောင်းသားဟောင်းများကောင်စီ (အေအက်စ်စီအိုဂျေအေ)

–     အာဆီယံဆရာများကောင်စီ(အေစီတီ)

–     အာဆီယံစိတ်ပညာနှင့်စိတ်ကျန်းမာရေးဆိုင်ရာအဖွဲ့ချုပ် (အေအက်ဖ်ပီ အမ်အိတ်ချ်)

–     အာဆီယံစာရင်းကိုင်များအဖွဲ့ချုပ် (အေအက်ဖ်အေ)

–     အာဆီယံလျှပ်စစ်အင်ဂျင်နီယာ ကန်ထရိုက်တာများအဖွဲ့ချုပ် (အေအက်ဖ်အီးအီးစီ)

–     အာဆီယံအင်ဂျင်နီယာအဖွဲ့အစည်းများ အဖွဲ့ချုပ်(အေအက်ဖ်အီးအို)

–     အာဆီယံလေကြောင်းကလပ်အဖွဲ့ချုပ် (အေအက်ဖ်အက်ဖ်စီ)

–     အာဆီယံကုန်စည်ပို့ဆောင်သူများအဖွဲ့ချုပ် (အေအက်ဖ်အက်ဖ်အေ)

–     အာဆီယံနှလုံးဖောင်ဒေရှင်းများအဖွဲ့ချုပ် (အေအက်ဖ်အိတ်ချ်အက်ဖ်)

–     အာဆီယံမြေတိုင်းတာရေးနှင့် ပထဝီဆိုင်ရာတိုင်းတာမှုအဖွဲ့ချုပ် (အာဆီယံအက်ဖ်အယ်လ်အေဂျီ)

–     အာဆီယံသတ္တုတူးဖော်ရေးအသင်းများအဖွဲ့ချုပ် (အေအက်ဖ်အမ်အေ)

–     အာဆီယံငါးလုပ်ငန်းဆိုင်ရာအဖွဲ့ချုပ် (အေအက်ဖ်အက်ဖ်)

–     အာဆီယံဘောလုံးအဖွဲ့ချုပ် (အေအက်ဖ်အက်ဖ်)

–     အာဆီယံသစ်တောထွက်ထုတ်ကုန်လုပ်ငန်းများအသင်း (အေအက်ဖ်ပီအိုင်စီ)

–     အာဆီယံသစ်တောကျောင်းသားများအသင်း (အေအက်ဖ်အက်စ်အေ)

–     အာဆီယံလက်မှုလုပ်ငန်းတိုးမြှင့်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့အစည်း (အေအိတ်ချ်ပီအေဒီအေ)

–     အာဆီယံစွန်ကောင်စီ(အေကေစီ)

–     အာဆီယံဥပေဒအဖွဲ့အစည်း(အေအယ်လ်အေ)

–     အာဆီယံဥပေဒေကျာင်းသားများအဖွဲ့အစည်း (အေအယ်လ်အက်စ်အေ)

–     အာဆီယံဂီတလုပ်ငန်းများအဖွဲ့အစည်း (အေအမ်အိုင်အေ)

–     အာဆီယံအာရုံကြောဆိုင်ရာအဖွဲ့အစည်း (အေအန်အက်စ်)

–     အာဆီယံသက်ကြီးရွယ်အိုများဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း ညွန့်ပေါင်းအဖွဲ့

–     အာဆီယံမူးယစ်ဆေးဝါးကာကွယ်ရေးနှင့် အလွဲသုံးစားမှုတိုက်ဖျက်ရေးဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့ အစည်းများ

–     အာဆီယံအိုလီယိုဓါတုပစ္စည်းထုတ်လုပ်သူများအဖွဲ့ (အေအိုအမ်ဂျီ)

–     အာဆီယံအရိုးအထူးကုဆိုင်ရာအဖွဲ့အစည်း (အေအိုအေ)

–     အာဆီယံကလေးအထူးကုအဖွဲ့ချုပ်(အေပီအက်ဖ်)

–     အာဆီယံမသန်မစွမ်းအားကစားအဖွဲ့ချုပ်(အေပီအက်စ်အက်ဖ်)

–     အာဆီယံဆိပ်ကမ်းများအသင်း(အေပီအေ)

–     အာဆီယံကင်ဆာအသင်း(အေတီအက်စ်)

–     အာဆီယံတန်ဘိုးဖြတ်သူများအသင်း(အေဗွီအေ)

–     အာဆီယံဟင်းရွက်ဆီများအသင်း(အေဗွီအိုစီ)

–     အာရှေကျးလက်ဒေသလူ့အရင်းအမြစ်ဖွံ့ဖြိုးမှု အာရှမိတ်ဘက်အဖွဲ့(အာရှဒီအိတ်ချ် အာရ်အာရ်အေ)

–     အာဆီယံလူငယ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(စီအေဝိုင်စီ)

–     အာဆီယံအတိုင်ပင်ခံအင်ဂျင်နီယာများအဖွဲ့ချုပ်(အက်ဖ်အေစီအီး)

–     အာဆီယံပြည်သူ့ဆက်ဆံရေးအဖွဲ့အစည်းများ၏အဖွဲ့ချုပ် (အက်ဖ်အေပီအာရ်အို)

–     အာဆီယံသင်္ဘောပိုင်ရှင်များအဖွဲ့ချုပ်(အက်ဖ်အေအက်စ်အေ)

–     အရှေ့တောင်အာရှေဆးပညာအသင်းကော်မတီ (အမ်အေအက်စ်အီးအေအန်)

–     အကိုက်အခဲရောဂါဆိုင်ရာအာဆီယံအသင်း

  • လူ့အသိုက်အဝန်းနှင့်ပညာရေးဆိုင်ရာ အရှေ့တောင်အာရှ ဒေသဆိုင်ရာဌာန (အက်စ်အီးအေအာရ်အိုင်စီအီး)

–     အရှေ့တောင်အာရှ လေ့လာမှုဒေသဆိုင်ရာ လဲလှယ်မှုဖောင်ဒေးရှင်း (အက်စ်အီးအေအက်စ်အာရ်အီးပီ)

–     အာဆီယံနိုင်ငံများ၏ တိရိစ္ဆာန်ဆေးကုအသင်းချုပ် (ဗွီအီးစီအိုအန်အေစီ)

(င)        အခြားအာဆီယံနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများ

–     အာဆီယံနားပိုလ် (အေအက်စ်အီးအေအန်ပီအိုအယ်လ်)

–     အာဆီယံအတွင်းရှိ အစားအေသာက်သိပ္ပံနှင့် နည်းပညာဆိုင်ရာဌာနများ၏ အသင်းချုပ် (အက်ဖ်အိုင်အက်ဖ် အက်စ်တီအေ)

–     အရှေ့တောင်အာရှငါးလုပ်ငန်းဖွံ့ဖြိုးမှုဌာန (အက်စ်အီးအေအက်ဖ်ဒီအီးစီ)

–     အာဆီယံလူ့အခွင့်အရေး ယန္တရားဆိုင်ရာလုပ်ငန်းအဖွဲ့

နောက်ဆက်တွဲ –

အာဆီယံအလံ

            အာဆီယံအလံသည် တည်ငြိမ်မှု၊ အေးချမ်းသာယာမှု၊ စည်းလုံးညီညွတ်မှုနှင့် စွမ်းရည်ထက်မြက်မှုရှိသည့် အာဆီယံ အဖွဲ့အစည်းကို ကိုယ်စားပြုပါသည်။ အလံတွင် ပါရှိသည့် အပြာရောင် ၊ အနီရောင် ၊ အဖြူရောင်နှင့် အဝါရောင်တို့မှာ အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံး၏ နိုင်ငံတော်အလံများတွင် ပါရှိသော အဓိက အရောင်များကို ကိုယ်စားပြုထားခြင်း ဖြစ်ပါသည်။

            အပြာရောင်မှာ အေးချမ်းသာယာမှုနှင့် တည်ငြိမ်မှုတို့ကိုလည်းကောင်း၊ အနီရောင်မှာ ရဲရင့်မှုနှင့် စွမ်းရည် ထက်မြက်မှုတို့ကိုလည်းကောင်း ကိုယ်စားပြုပါသည်။ အဖြူရောင်မှာ သန့်ရှင်းစင်ကြယ်မှုနှင့် အဝါရောင်မှာ သာယာဝေပြာမှု တို့ကို အထိမ်းအမှတ်ပြုပါသည်။

            စပါးနှံအစည်းမှာ အရှေ့တောင်အာရှဒေသရှိ နိုင်ငံအားလုံးပါဝင်သော အာဆီယံ အဖွဲ့ကြီးကို စတင် တည်ထောင်ခဲ့ သည့် ဖခင်နိုင်ငံများ၏ ချစ်ခင်ရင်းနှီးမှုဖြင့် ခိုင်မြဲစွာ လက်တွဲဆောင်ရွက်သွားမည်ဆိုသည့် မျှော်မှန်းချက်ကို ကိုယ်စားပြု ခြင်းဖြစ်ပြီး စက်ဝိုင်းပုံသဏ္ဍာန်မှာ အာဆီယံ၏ စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုခြင်းဖြစ်ပါသည်။

            အာဆီယံအလံတွင်ပါရှိသည့် အရောင်များအတွက် နည်းပညာသတ်မှတ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် –

အပြာရောင်         – Pantone 19 – 4053 TC

အနီရောင်           – Pantone 18 – 1655 TC

အဖြူရောင်          – Pantone 11 – 4202 TC

အဝါရောင်           – Pantone 13 – 0758 TC

            အာဆီယံအလံတွင်ပါရှိသည့် အဖြူရောင်မှလွဲ၍ အခြားသော အရောင်များမှာ အာဆီယံ သင်္ကေတ၏ အရောင်များကို ရွေးချယ်သတ်မှတ်ပြီး ပုံနှိပ်ထားခြင်း ဖြစ်ပါသည်။ ယင်းတို့မှာ –

အပြာရောင်         – Pantone 286 or Process Colour 100C 60M 0Y 6K

အနီရောင်           – Pantone Red 032 or Process Colour 0C 91M 87Y 0K

အဝါရောင်           – Pantone Process Yellow or Process Color 0C 0M 100Y 0K

            အလံ၏ အလျားနှင့်အနံ အချိုးမှာ ၂:၃ ဖြစ်ပြီး အလံ အရွယ်အစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

စားပွဲတင်အလံ     – 10 cm x 15 cm

အခန်းအတွင်းအသုံးပြုသည့်အလံ – 100 cm x 150 cm

ကားအလံ           – 10 cm x 30 cm

မြေပြင်တွင်လွှင့်ထူသောအလံ – 200 cm x 300 cm

နောက်ဆက်တွဲ –

အာဆီယံအမှတ်တံဆိပ်

            အာဆီယံအမှတ်တံဆိပ်မှာ တည်ငြိမ်မှု၊ အေးချမ်းသာယာမှု၊ စည်းလုံးညီညွတ်မှုနှင့် ရှင်သန်ထက်မြက်မှုရှိသည့် အာဆီယံအဖွဲ့ကြီးအဖြစ် ကိုယ်စားပြုထားခြင်းဖြစ်ပါသည်။ အမှတ်တံဆိပ်၏ အရောင်များ – အပြာ ၊ အနီ ၊ အဖြူနှင့် အဝါတို့သည် အဖွဲ့ဝင်နိုင်ငံ အားလုံး၏ အမောက်ပုံများ၏ အဓိက အရောင်များကို ကိုယ်စားပြုသည်။

            အပြာရောင်မှာ အေးချမ်းသာယာမှုနှင့် တည်ငြိမ်မှုတို့ကိုလည်းကောင်း၊ အနီရောင်မှာ ရဲရင့်မှုနှင့် ရှင်သန်ထက်မြက်မှု တို့ကိုလည်းကောင်း၊ အဖြူရောင်မှာ သန့်ရှင်းစင်ကြယ်မှုနှင့် အဝါရောင်မှာ သာယာဝေပြာမှုတို့ကို ကိုယ်စားပြုကြပါသည်။

            စပါးနှံများမှာအရှေ့တောင်အာရှဒေသရှိ နိုင်ငံအားလုံးပါဝင်သော အာဆီယံ အဖွဲ့ကြီးကို စတင် တည်ထောင်ခဲ့သည့် ဖခင်နိုင်ငံများ၏ ချစ်ခင်ရင်းနှီးမှုဖြင့် ခိုင်မြဲစွာ လက်တွဲဆောင်ရွက်သွားမည်ဆိုသည့်မျှော်မှန်းချက်ကို ကိုယ်စားပြုခြင်းဖြစ်ပြီး၊ စက်ဝိုင်း ပုံသဏ္ဍာန်မှာ အာဆီယံ၏ စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုခြင်းဖြစ်ပါသည်။

အာဆီယံအမှတ်တံဆိပ်အတွက် အရောင်အမျိုးအစား သတ်မှတ်ချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည် –

အပြာရောင်         – Pantone 286

အနီရောင်           – Pantone Red 032

အဝါရောင်           – Pantone Process Yellow

အရောင် (၄) မျိုး ပုံနှိပ်ရာတွင် အရောင် သတ်မှတ်ချက်မှာ –

အပြာရောင်         – 100C 60M 0Y 6K (100C 60M 0Y 10K)

အနီရောင်           – 0C 91M 87Y 0K (0C 90M 90Y 0K)

အဝါရောင်           – 0C 0M 100Y 0K

ကွင်းအတွင်း ဖော်ပြထားသည့် သတ်မှတ်ချက်များမှာ သတ်မှတ်ထားရှိသည့် အရောင် အတိုင်းအတာအတိုင်း မရရှိနိုင်သည့် အခါတွင် အသုံးပြုရန်ဖြစ်သည်။

အရောင် အမျိုးအစား ဖော်ပြရာတွင် သတ်မှတ်ချက်များမှာ –

အပြာရောင်         – Pantone 204 -1

အနီရောင်           – Pantone 60 -1

အဝါရောင်           – Pantone 1- 3 တို့နှင့် တူညီမှုရှိရမည်ဖြစ်ပါသည်။

            အာဆီယံ အမှတ်တံဆိပ်တွင် ဖော်ပြထားရှိသည့် “အာဆီယံ”ဟူသည့် အင်္ဂလိပ် စာလုံးကို Helvetica စာလုံးပုံစံ (font type) ၏ အသေးစာလုံးကို Bold Type ဖြင့် အသုံးပြုဖော်ပြထားခြင်း ဖြစ်ပါသည်။