မြန်မာ့ရွေးကောက်ပွဲများသမိုင်း (၄)

၂၀၁၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ

နောက်ခံ အခြေအနေများ

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်တွင် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခံရ သည့် လွှတ်တော်ကိုယ်စားလှယ်များ၊၊ လူထုလူတန်းစား နှင့်တိုင်းရင်းသား ကိုယ်စားလှယ်များ  ပါဝင်သော အမျိုးသားညီလာခံ ကိုကျင်းပပြီး အနာဂတ် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် အတွက် အခြေခံမူများနှင့် အသေးစိတ် အခြေခံရမည့်မူများ ရေးဆွဲရေးကို ဆောင်ရွက်ခဲ့သည်။ ၁၉၉၇ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ယခင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရး အဖွဲ့  ကို ဖျက်သိမ်းခဲ့ ပြီး  ထိုနေ့မှာပင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ကို ဖွဲ့စည်းခဲ့သည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၀၃ခုနှစ်၊သြဂုတ်(၃၀)ရက်နေ့တွင် နိုင်ငံတော် ရှေ့ဆက်သွားရမည့် မူဝါဒ လမ်းစဉ် (၇) ရပ်ကို ကြေညာခဲ့သည်။ ထိုလမ်းစဉ်(၇) ရပ် အရ ပထမ အဆင့်ဖြစ်သည့် အမျိုးသားညီလာခံကျင်းပရေးကို ဆက်လက် ဆောင်ရွက် ခဲ့သည်။ ၂၀၀၇ ခုနှစ်၊စက်တင်ဘာလ (၃) ရက်နေ့တွင် အမျိုးသားညီလာခံ စုံညီအစည်းအဝေးမှ  နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွက် အခြေခံမူများနှင့် အသေးစိတ် အခြေခံရမည့်မူ များကို ချမှတ်ခဲ့ပြီး အမျိုးသားညီလာခံ ကိုအပြီးသတ်နိုင်ခဲ့သည်။

၂၀၀၈ ခုနှစ် မေလ (၁၀)   ရက်နေ့နှင့်  (၂၄) ရက်နေ့တို့တွင်    ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(မူကြမ်း)ကို အတည်ပြုနိုင်ရေးအတွက်  ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကို ကျင်းပခဲ့သည်။ ( ဆန္ဒခံယူပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၀၈ ခုနှစ် မေလ(၁၀)ရက်နေ့ တစ်ရက်တည်းတွင် ကျင်းပပြုလုပ်ရန် စီစဉ် ရည်ရွယ်ထားခဲ့သော်လည်း ၂၀၀၈ ခုနှစ် ‌ မေလ(၂)ရက်နေ့ နှင့် မေလ(၃)ရက်နေ့များ တွင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မြန်မာ့သမိုင်းတွင် ပျက်စီးမှု နှင့် လူအသေအပျောက် အများဆုံး ဖြစ်ပေါ်စေခဲ့သော နာဂစ် မုန်တိုင်းကြီးကြောင့် ဧရာဝတီတိုင်းမှ (၇) မြို့နယ်နှင့် ရန်ကုန်တိုင်းမှ (၄၁) မြို့နယ်တွင်  ဆန္ဒခံယူပွဲ ပြုလုပ်မည့် နေ့ရက်ကို မေလ(၁၀)ရက်နေ့ အစား မေလ(၂၄)ရက်နေ့သို့ ရွှေ့ဆိုင်းသတ်မှတ် ခဲ့ရသည်။)

ဆန္ဒမဲပေးခွင့်ရှိသူ ၂၇,၂၈၈,၈၂၇ ဦးအနက် ၂၆,၇၇၆,၆၇၅ ဦး (မဲပေးမှု ရာခိုင်နှုန်း ၉၈.၁၂%)လာရောက်မဲပေးခဲ့ကြ ပြီး  ၎င်းတို့အနက် ၂၄,၇၆၄,၁၂၄ဦး၊ ( ၉၂. ၄၈%) ထောက်ခံဆန္ဒမဲပေးခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်  ဖွံ့ဖြိုးရေး  ကောင်စီက  ၂၀၀၈ခုနှစ်၊  မေ(၂၉)ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဌာန်းကြောင်းကြေငြာ ခဲ့သည်။

ထို့နောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည်  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊   နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများကို ပြဌာန်းခဲ့သည်။  ထို့အပြင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဥက္ကဌ ဦးသိန်းစိုး အပါအဝင် အဖွဲ့ဝင်(၁၇)ဦး ပါဝင်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ကော်မရှင်အတွင်းရေးမှူး အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချူပ် ဦးဝင်းကိုအား တာဝန်ပေးအပ်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ၊ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ များကိုလည်း တပ်မံထုတ်ပြန်ခဲ့သည်။

နိုင်ငံရးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ-၂၅ အရ နိုင်ငံရေးပါတီ (၁၀) ပါတီ  {(၁) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ (၂)တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊(၃) ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်၊ (၄) ပြည်ထောင်စုပအို့ဝ်အမျိုးသားအဖွဲ့ချုပ်၊ (၅) မြို (ခေါ်) ခမီအမျိုးသား ညီညွတ်ရေးအဖွဲ့ (မ-ခ-မ-ည-ဖ)၊ (၆) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ (၇) ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ (၈) လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၉) ‘ဝ’အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၁၀) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်} တို့ကိုလည်း သတ်မှတ်ထားသည့် ရက်ပေါင်း(၆၀)အတွင်း ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ်ဆက်လက်တည်ထောင်ခွင့် လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာခဲ့သည်။  ယင်း (၁၀) ပါတီအနက် နိုင်ငံရေးပါတီ (၅) ပါတီ {(၁) မြို (ခေါ်) ခမီအမျိုးသားညီညွတ်ရေးအဖွဲ့ (မ-ခ-မ-ည-ဖ)၊ (၂) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ (၃) လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၄) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ (၅) ပြည်ထောင်စုကရင် အမျိုးသားများအဖွဲ့ချုပ်} သည် သတ်မှတ်ထားသည့် ရက်ပေါင်း (၆၀) အတွင်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်ထံသို့ လျှောက်ထားခြင်းမရှိ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ကျန်နိုင်ငံရေးပါတီ (၅) ပါတီ ကို ကော်မရှင်မှ ဖျက်သိမ်းခဲ့သည်။ ထို့ကြောင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ တွင် မဲဆန္ဒနယ် (၃၉၂) နယ်၌ ရွေးကောက်ပွဲ အောင်နိုင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် သည် နိုင်ငံရေးပါတီ အဖြစ် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အတွက် မှတ်ပုံတင်ခြင်း မရှိခဲ့ပါ။

ထို့အပြင် နိုင်ငံရေးပါတီ(၅)ပါတီ {(၁) ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်၊ (၂) မြန်မာ့လူဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ (၃) မြန်မာ ဒီမိုကရေစီ ကွန်ဂရက် ပါတီ (၄) မြို အိုင်းရင်းသား ပါတီ၊  (၅)  ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ပြည်} သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော် မဲဆန္ဒနယ်များအနက် အနည်းဆုံး မဲဆန္ဒနယ်သုံးနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုနိုင်သဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ထားခြင်းကို ပယ်ဖျက်၍ ပါတီများကို ဖျက်သိမ်းခဲ့သည်။

၂၀၁၀ ခုနှင် ဇွန်လ (၂)ရက်နေ့ တွင် ၁၉၉၃ ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကြီးအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဖြစ်သို့ပြောင်းလဲ ထူထောင်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) အရ  ပြည်သူ့လွှတ်တော် အတွက် ရွေးကောက်တင်မြှောက်ရမည့်  မဲဆန္ဒနယ်  (၃၃၀)နယ် ရှိသည်။  အမျိုးသားလွှတ်တော် အတွက် ရွေးကောက်တင်မြှောက်ရမည့် မဲဆန္ဒနယ် (၁၆၈)နယ် (တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ် တစ်ခု လျှင် အချိုးကျ ကိုယ်စားလှယ် နေရာ (၁၂) နေရာစီ) ရှိသည်၊  တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် လွှတ်တော် အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်အတွင်းရှိ မြို့နယ်များမှ တစ်မြို့နယ်လျှင် ကိုယ်စားလှယ်(၂)ဦးကျစီ ရွေကောက်တင်မြှောက် ရမည် ဖြစ်သည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) အရ တိုင်းဒေသကြီး အတွင်းရှိ နိုင်ငံလူဦးရေ ၏ ဝ.၁% နှင့်အထက်ရှိသော တိုင်းရင်းသား လူမျိုး လွှတ်တော် ကိုယ်စားလှယ်များ အတွက် ပြည်နယ် အတွင်းရှိ ပြည်နယ် ရရှိပြီး တိုင်းရင်းသား လူမျိုးမှအပ အခြား တိုင်းရင်းသား လူမျိုး လွှတ်တော် ကိုယ်စားလှယ်များ ကို ရွေးကောက်တင်မြှောက်ရမည် ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ  ရွေးကောက်ပွဲ ကျင်းပခြင်းမပြုသည့် နယ်မြေများ ကို ကြေငြာခဲ့ရာ မွန်ပြည်နယ်(ဘီးလင်း၊ ကျိုက်ထို)၊ ရှမ်းပြည်နယ်(ဟိုပန်၊မိုင်းခတ်၊မိုင်းယန်း၊မက်မန်း၊မိုင်းလား၊မိုင်းယောင်း၊မိုင်းတုံ၊မိုင်းဆတ်)နှင့် ကယားပြည်နယ် (လွိုင်ကော်၊ ဒီမောဆို၊ဖရူဆို၊ရှားတော၊ဘော်လခဲ၊ဖားဆောင်း)မှ နယ်မြေအချို့ ပါဝင်ခဲ့သည်။ တစ်မြို့နယ်လုံး  ရွေးကောက်ပွဲ ကျင်းပခြင်းမပြုသည့် မြို့နယ်(၄) မြို့နယ်မှာ-ပန်ဆန်း မြို့နယ်၊ နားဖန်း မြို့နယ်၊ ပန်ဝိုင် မြို့နယ် နှင့် မိုင်းမော မြို့နယ် တ်ု့ဖြစ်သည်။

၂၀၁၀  ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပခြင်း

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့ တွင်ကျင်းပခဲ့သည်။

၂၀၁၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် အတွက်   မဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၂၉,၀၂၁,၆၀၈)ဦး ရှိသည့်အနက် (၂၂,၄၂၁,၁၂၃)ဦး လာရောက်မဲပေးသဖြင့် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ အားလုံး၏ (၇၇.၂၆) ရာခိုင်နှုန်း၊အမျိုးသား လွှတ်တော် အတွက် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၂၉,၀၂၁,၆၀၈)ဦး ရှိသည့်အနက် (၂၂,၂၈၃,၄၆၅)ဦး လာရောက်မဲပေးသဖြင့် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ အားလုံး၏ (၇၆.၇၈) ရာခိုင်နှုန်း၊တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် အတွက်   မဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၂၈,၅၃၄,၂၁၆)ဦး ရှိသည့်အနက် (၂၁,၈၆၃,၁၂၃)ဦး လာရောက်မဲပေးသဖြင့် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ အားလုံး၏ (၇၆.၆၂) ရာခိုင်နှုန်း အသီးသီး မဲပေးခဲ့ကြသည်။

ရွေးကောက်ပွဲ ကျင်းပရန် သတ်မှတ်ထားသည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၃၃၀) နယ် ရှိသည့်အနက်  မဲဆန္ဒနယ် (၃၂၅) နယ် တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်။ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၆၈) နယ် (သတ်မှတ်မဲဆန္ဒနယ် အားလုံး) တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ် လွှတ်တော် (တိုင်းရင်းသားလူမျိုးများအပါအဝင်) အတွက် ကြိုတင် သတ်မှတ်ထားသည့်  မဲဆန္ဒနယ် (၆၇၃) နယ် ရှိသည့်အနက် မဲဆန္ဒနယ် (၆၆၁) နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်။

၂၀၁၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၃၇) ပါတီ မှ ကိုယ်စားလှယ်လောင်းများ နှင့် တစ်သီးပုဂ္ဂလ  ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် များ၌ နိုင်ငံရေးပါတီများ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်း (၉၄၉) ဦး၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း (၄၀) ဦး စုစုပေါင်း (၉၈၉)ဦး၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် များ၌  နိုင်ငံရေးပါတီများ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်း (၄၇၂) ဦး၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း (၇) ဦး စုစုပေါင်း (၄၇၉)ဦး၊ တိုင်းဒေသကြီး လွှတ်တော်(သို့မဟုတ်)ပြည်နယ် လွှတ်တော် (တိုင်းရင်းသားလူမျိုးများ အပါအဝင်) မဲဆန္ဒနယ် များ၌  နိုင်ငံရေးပါတီများ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်း (၁၅၆၆) ဦး၊ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် လောင်း (၃၅) ဦး စုစုပေါင်း (၁၆၀၁)ဦး၊ အသီးသီး ဝင်ရောက်အရွေးခံခဲ့ကြသည်။

၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ တွင် မဲဆန္ဒနယ် (၁၀၀) နယ် အထက် ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေးပါတီများ

စဉ် ပါတီကမည် ပြည်သူ  လွှတ်တော် အမျိုးသား လွှတ်တော် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် (တိုင်းရင်သားလူမျိုး) စုစုပေါင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၃၁၄ ၁၅၉ ၆၁၂ ၂၇ ၁၁၁၂
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ၂၉၄ ၁၄၉ ၅၃၅ ၁၇ ၉၉၅
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ၁၀၂ ၃၄ ၂၃ ၁၅၉
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ၄၅ ၁၅ ၉၃ ၁၅၆

၂၀၁၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာ လွှတ်တော် အလိုက် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ၏ ရွေးကောက်ခံရမှု အခြေအနေမှာ အောက်တွင်ဖော်ပြထားသည့် ဇယားအတိုင်း ဖြစ်ပါသည်။

စဉ် ပါတီကမည် ပြည်သူ  လွှတ်တော် အမျိုးသား လွှတ်တော် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် (တိုင်းရင်သားလူမျိုး) စုစုပေါင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၂၅၉ ၁၂၉ ၄၇၇ ၁၇ ၈၈၂
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ၁၂ ၄၅ ၆၄
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ၁၈ ၃၄ ၅၇
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ၁၈ ၃၅
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ၁၄
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ၁၆
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ ၁၀
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ
ချင်းတိုးတက်ရေးပါတီ ၁၂
၁၀ ချင်းအမျိုးသားပါတီ
၁၁ ဝ’ ဒီမိုကရက်တစ်ပါတီ
၁၂ ကရင်ပြည်သူ့ပါတီ
၁၃ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၁၄ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)
၁၅ တအောင်း(ပလောင်)အမျိုးသားပါတီ
၁၆ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ
၁၇ ကယန်းအမျိုးသားပါတီ
၁၈ ဒီမိုကရက်တစ်ပါတီ (မြန်မာ)
၁၉ ဓနုတိုင်းရင်းသားများဒီမိုကရေစီပါတီ
၂၀ အမျိုးသားဖွံ့ ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ
၂၁ ၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)
၂၂ တိုင်းရင်သားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ
၂၃ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၂၄ တစ်သီးပုဂ္ဂလ
စုစုပေါင်း ၃၂၅ ၁၆၈ ၆၃၂ ၂၉ ၁၁၅၄

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်(၉)နယ် တွင် ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ် တစ်ဦးတည်းသာ ရှိသဖြင့် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့ပါ။ ထို့ကြောင့် အမည်စာရင်း တင်သွင်းထားသော စစ်ကိုင်းတိုင်း (လဟယ်)၊တနသာရီ တိုင်းဒေသကြီး (ကျွန်းစု)၊ ရှမ်းပြည်နယ် (နမ့်ဆန် ၊ လောက်ကိုင် နှင့် ကုန်းကြမ်း) တို့မှ  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုး့ရေးပါတီ၏ကိုယ်စားလှယ်လောင်းများ၊  ရှမ်းပြည်နယ် (ဟိုပုန်း၊ ဆီဆိုင် ၊ ပင်လောင်း)တို့မှ ပအိုဝ်း အမျိုးသား အဖွဲ့ချူပ်၏ ကိုယ်စားလှယ်လောင်းများ၊ ရှမ်းပြည်နယ်(မန်တုံ)မှ တအောင်း(ပလောင်) အမျိုးသားပါတီ၏ ကိုယ်စားလှယ်လောင်းများသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာသည်။

အမျိုးသား လွှတ်တော် မဲဆန္ဒနယ်(၈)နယ် တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ် တစ်ဦးတည်းသာ ရှိသဖြင့် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့ပါ။ ထို့ကြောင့် အမည်စာရင်း တင်သွင်းထားသော ကရင်ပြည်နယ် မဲဆန္ဒနယ်(၈)၊ မဲဆန္ဒနယ်(၁၁)၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်(၈)၊ မဲဆန္ဒနယ်(၁၀)၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်(၁၁) များမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ ဖြိုး့ရေးပါတီ၏ ကိုယ်စားလှယ်လောင်း များ၊ ကရင်ပြည်နယ် မဲဆန္ဒနယ်(၁၂)မှ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီမ၏ ကိုယ်စားလှယ်လောင်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်(၉) မှ ပအိုဝ်း အမျိုးသား အဖွဲ့ချူပ်၏ ကိုယ်စားလှယ်လောင်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်(၁၀)မှ တအောင်း(ပလောင်) အမျိုးသား ပါတီ၏ ကိုယ်စားလှယ်လောင်း များသည် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်လာသည်။

ရွေးကောက်ပွဲ ပယ်ဖျက်သည့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်(၁၀) နယ်မှာ  ကချင်ပြည်နယ် တွင် ဆွမ်ပရာဘွမ် (၂)၊ အင်ဂျန်းယန် (၂)၊ ရှမ်းပြည်နယ် တွင် ပန်ဆန်း (၁) နှင့် (၂)၊ နားဖန် (၁) နှင့် (၂)၊ ပန်ဝိုင် (၁) နှင့် (၂)၊ မိုင်းမော (၁) နှင့် (၂) တို့ဖြစ်ကြသည်။ ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ် တစ်ဦးတည်းမှ မရှိသဖြင့် ရွေးကောက်ပွဲ မကျင်းပဖြစ်ပဲ ရွေးကောက်ပွဲ ပယ်ဖျက်ခဲ့သည့်  ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်မှာ ရှမ်းပြည်နယ် မိုင်းလား (၁) နှင့် (၂) ဖြစ်သည်။

ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ် တစ်ဦးတည်းသာ ရှိသဖြင့် ရွေးကောက်ပွဲ မကျင်းပဖြစ်သော တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်များမှာ စုစုပေါင်း (၃၂) နယ်  ရှိပြီး ရှမ်းပြည်နယ် တွင် နမ့်ဆန် (၁) နှင့် (၂)၊ မန်တုံ (၁) နှင့် (၂)၊ လောက်ကိုင် (၁) နှင့် (၂)၊ ကုန်းကြမ်း (၁) နှင့် (၂)၊ မက်မန်း (၁)၊ ဟိုပန် (၁) နှင့် (၂)၊ ပင်လောင်း (၂)၊ ဟိုပုန်း (၂)၊ မန္အလေး တိုင်းဒေသကြီးတွင် သပိတ်ကျင်း (၁) နှင့် (၂)၊ မကွေး တိုင်းဒေသကြီး တွင် စေတုတ္တရာ (၂)၊ ပဲခူးတိုင်းဒေသကြီးတွင် ဇီးကုန်း (၁)၊ တနင်္သာရီ တိုင်းဒေသကြီးတွင် တနင်္သာရီ(၁) နှင့် (၂)၊ ကျွန်းစု (၁) နှင့် (၂)၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် လဟယ် (၁) နှင့် (၂)၊ ဘုတလင် (၁) နှင့် (၂)၊ ရွှေဘို (၁)၊ ကရင်ပြည်နယ်တွင် ကြာအင်းဆိပ်ကြီး (၂)၊ ဖာပွန် (၁)၊ ကယားပြည်နယ်တွင် ဘောလခဲ (၁)၊ ဧရာဝတီ တိုင်းဒေသကြီးတွင် အင်္ဂပူ (၁)၊ ရေကြည် (၁)၊ လေးမျက်နှာ(၂) တို့ဖြစ်ကြသည်။ အထက်ပါ မဲဆန္ဒနယ်အသီးသီးမှ အမည်စာရင်း တင်သွင်းထားသော ကိုယ်စားလှယ်လောင်းများသည် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်  ကိုယ်စားလှယ်များ ဖြစ်ကာသည်။

၂၀၁၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်  ကိုယ်စားလှယ်များ (တိုင်းရင်းသားလူမျိုး) များအဖြစ်  ကချင်ပြည်နယ် တွင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ မှ ဗမာ တိုင်းရင်းသားကိုယ်စားလှယ် ကို လည်းကောင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မှ ရှမ်း တိုင်းရင်းသား ကိုယ်စားလှယ် ကို လည်းကောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မှ ရဝမ် တိုင်းရင်းသားကိုယ်စားလှယ်နှင့် လီဆူး တိုင်းရင်းသားကိုယ်စားလှယ် ကို လည်းကောင်း၊ အသီးသီး ရွေးကောက်တင်မြှောက်နိုင် ခဲ့သည်။ ကယားပြည်နယ် တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗမာ တိုင်းရင်းသားကိုယ်စားလှယ် ကို ရွေးကောက်တင်မြှောက်နိုင် ခဲ့သည်။ ကရင်ပြည်နယ် တွင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗမာ တိုင်းရင်းသား ကိုယ်စားလှယ် ကိုလည်းကောင်း၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ  မွန် တိုင်းရင်းသားကိုယ်စားလှယ် ကိုလည်းကောင်း၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦး ကို ပအိုဝ်း တိုင်းရင်းသားကိုယ်စားလှယ် အဖြစ်လည်းကောင်း အသီးသီး ရွေးကောက်တင်မြှောက်နိုင် ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး တွင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရှမ်း တိုင်းရင်းသားကိုယ်စားလှယ် ကိုလည်းကောင်း၊ ချင်းတိုးတက်ရေးပါတီ မှ ချင်း တိုင်းရင်းသားကိုယ်စားလှယ် ကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး တွင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကရင် တိုင်းရင်းသားကိုယ်စားလှယ် ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးတွင်ကရင်ပြည်သူ့ပါတီမှ ကရင်တိုင်းရင်းသား ကိုယ်စားလှယ် ကိုလည်းကောင်း၊ မကွေး တိုင်းဒေသကြီးတွင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ချင်း တိုင်းရင်းသားကိုယ်စားလှယ်ကိုလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီးတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ရှမ်းတိုင်းရင်းသားကိုယ်စားလှယ် ကိုလည်းကောင်း၊ အသီးသီး ရွေးကောက် တင်မြှောက်နိုင် ခဲ့သည်။ မွန်ပြည်နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗမာ တိုင်းရင်းသားကိုယ်စားလှယ်၊ ပအိုဝ်း တိုင်းရင်းသား ကိုယ်စားလှယ်၊ ကရင် တိုင်းရင်းသားကိုယ်စားလှယ် များကို ရွေးကောက် တင်မြှောက်နိုင် ခဲ့သည်။ ရခိုင်ပြည်နယ်တွင်  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ချင်း တိုင်းရင်းသားကိုယ်စားလှယ် ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကရင်ပြည်သူ့ပါတီမှ  ကရင် တိုင်းရင်းသားကိုယ်စားလှယ် ကိုလည်းကောင်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ရခိုင် တိုင်းရင်းသားကိုယ်စားလှယ် ကိုလည်းကောင်း အသီးသီး ရွေးကောက် တင်မြှောက်နိုင် ခဲ့သည်။ ရှမ်းပြည်နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗမာ တိုင်းရင်းသားကိုယ်စားလှယ်၊ ကချင် တိုင်းရင်းသား ကိုယ်စားလှယ်၊ လီဆူး တိုင်းရင်းသားကိုယ်စားလှယ်၊ လားဟူ တိုင်းရင်းသား ကိုယ်စားလှယ် နှင့် အာခါ တိုင်းရင်းသား ကိုယ်စားလှယ် ကိုလည်းကောင်း၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အင်း တိုင်းရင်းသားကိုယ်စားလှယ် ကိုလည်းကောင်း၊ ကယန်းအမျိုးသားပါတီမှ ကယန်း(ပဒေါင်)တိုင်းရင်းသားကိုယ်စားလှယ် ကိုလည်းကောင်း အသီးသီး ရွေးကောက် တင်မြှောက်နိုင် ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကရင် တိုင်းရင်းသားကိုယ်စားလှယ်နှင့် ရခိုင် တိုင်းရင်းသား ကိုယ်စားလှယ် တို့ကို ရွေးကောက် တင်မြှောက်နိုင် ခဲ့သည်။

ရွေးကောက်ပွဲ နောက်ပိုင်း အခြေအနေများ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သည်  ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းအား သတ်မှတ်ရက်အတွင်း (ရွေးကောက်တင်မြှောက် ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏အမည်စာရင်းကြေငြာသည့် နေ့စ၍ ရက်ပေါင်း(၆၀)အတွင်း) တင်သွင်းရန် ပျက်ကွက်သော လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ယင်းတို့၏ရွေးကောက်ပွဲကိုယ်စားလှယ်တို့အား အရည်အချင်းပျက်ယွင်းသူများ ဖြစ်ကြောင်း သတ်မှတ်ကြေငြာခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၃၂)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း(၂၄)ဦး၊ တိုင်းဒေသကြီ း(သို့မဟုတ်) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း(၅၇)ဦး၊ စုစုပေါင်း(၁၁၃)ဦး ရှိခဲ့သည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့ တွင် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၁၀(ခ) အရ နေအိမ်တွင် အကျယ်ချူပ် ကျခံနေရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် မှ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာသည်။

၂၀၁၀ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ တွင် မဲဆန္ဒနယ် အတော်များများ ၌ အငြင်းပွားဖွယ်  ကြိုတင်မဲ များဖြင့် ရွေကောက်ပွဲ ရလဒ် ကို ပြောင်းလဲစေခဲ့သည် ဟု သတင်းများထွက်ပေါ်ခဲ့သည်။

၂၀၁၁ ခုနှစ် မတ်လ(၃၀)ရက်နေ့ တွင် ဥက္ကဌ ဦးတင်အေး အပါအဝင် အဖွဲ့ဝင်(၇)ဦး ပါဝင်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကို ပြန်လည် ဖွဲ့စည်းခဲ့သည်။ ကော်မရှင် အတွင်းရေးမှူး အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချူပ် ဦးဝင်းကို ကပင် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သည်။

ဧခြူး