မြန်မာ့ရွေးကောက်ပွဲများသမိုင်း (၃)

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ် ရွေးကောက်ပွဲများ

၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချုပ်ကြီးနေဝင်းအပါအဝင် အဖွဲ့ဝင် (၁၇) ဦးနှင့် တော်လှန်ရေးကောင်စီကို ဖွဲ့စည်းခဲ့သည်။ ၁၉၆၂ ခုနှစ် မတ်လ (၃) ရက်နေ့တွင် ပါလီမန်နှင့် ပြည်နယ်ကောင်စီများ (ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ ချင်း)ကို ဖျက်သိမ်း ခဲ့သည်။ ၁၉၆၂ခုနှစ် ဇူလိုင် (၄) ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖွဲ့စည်းလိုက်သည်။

၁၉၆၃ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်ပြီး ဇွန်လ (၁၁) ရက်တွင် တောတွင်း လက်နက်ကိုင်အဖွဲ့အစည်းများအား မျက်နှာစုံညီဆွေးနွေးရန် ကြေငြာဖိတ်ခေါ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်ကို (၁) ရခိုင်ကွန်မြူနစ်ပါတီ၊ (၂) ကေအင်ယူပါတီ၊ မွန်ပြည်သစ်ပါတီနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့၏ သုံးပါတီကိုယ်စားလှယ်အဖွဲ့၊ (၃) အလံနီကွန်မြူနစ် ပါတီ၊ (၄) ကရင်တော်လှန်ရေးကောင်စီ၊ (၅) ရှမ်းအမျိုးသားတပ်ပေါင်းစုနှင့် ရှမ်းပြည်နယ်လွတ်မြောက်ရေးတပ်မတော်၊ (၆) ဗမာပြည် ကွန်မြူနစ်ပါတီ၊ (၇) ကချင်လွတ်မြောက်ရေးကောင်စီ၊ (၈) မဒညတ (ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကေအင်ယူပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် ချင်းဦးစီးအဖွဲ့တို့ ပါဝင်သည်) တို့က လက်ခံပြီး ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်၍ လာရောက် ဆွေးနွေးခဲ့ကြသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကရင်တော်လှန်ရေးကောင်စီမှအပ အခြားအဖွဲ့များနှင့် အောင်မြင်မှုမရခဲ့ပါ။ ၁၉၆၄ ခုနှစ်၊ မတ်လ(၁၉)ရက်နေ့တွင် တိုင်းရင်းသားပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းများ (လုပ်ငန်းနှင့်စက်ရုံပေါင်း၁၅၀၀၀ခန့်)ကို နိုင်ငံပိုင် ပြုလုပ်ခဲ့သည်။ ၁၉၆၄ မေလ (၁၅) ရက်တွင် တော်လှန်ရေးကောင်စီသည် ကျပ်ငါးဆယ်တန် နှင့် ကျပ်တစ်ရာတန် ငွေစက္ကူများကို တရားဝင်ငွေအဖြစ်မှ ရပ်စဲခဲ့သည်။ ၁၉၆၄ ခုနှစ်၊ မတ်လ (၃) ရက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့်ဥပဒေကို ပြဋ္ဌာန်းပြီး နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း၊ သမဂ္ဂစသည်တို့ကိုဖျက်သိမ်းသည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ (အသစ်) ရေးဆွဲရေးကို ဆောင်ရွက်ခဲ့သည်။

၁၉၇၃ခုနှစ်၊ဒီဇင်ဘာ(၁၅)ရက်နေ့တွင် လူထုဆန္ဒခံယူပွဲပြုလုပ်ပြီး ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ၁၉၇၃ ခုနှစ် လူထုဆန္ဒခံယူပွဲ တွင် ဆန္ဒမဲ ပေးခွင့်ရှိသူ (၁၄.၇) သန်း ကျော် မှ (၁၄)သန်း မဲပေးခဲ့ကြပြီး ထောက်ခံဆန္ဒမဲ ပေးသူ ၉၄.၄၅% ရှိသည် ဟု ထုတ်ပြန် ကြေငြာခဲ့သည်။

(၁၉၇၄ ခုနှစ်) ပထမ အကြိမ် ပြည်သူ့လွှတ်တော် နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲ

၁၉၇၄ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့မှ ၁၉၇၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့အတွင်း တွင်ကျင်းပခဲ့သည်။

ဥပဒေပြု အဖွဲ့အစည်း တစ်ခုတည်းသာ ရှိသော  လွှတ်တော် (Unicameral Legislature) ပုံစံဖွဲ့စည်းထားသည်။ ထိုရွေးကောက်ပွဲသည် တစ်ခုတည်းသာရှိသော ပြည်သူ့လွှတ်တော် အတွက် ရွေးကောက်တင်မြှောက် ရသော ရွေးကောက်ပွဲမျိုး ဖြစ်သည်။ ပြည်သူ့လွှတ်တော်၏ ပုံမှန်သက်တမ်း သည် ပထမ အကြိမ် အစည်းအဝေး ကျင်ပသည့် နေ့ရက်မှစ၍ လေးနှစ်ဖြစ်သည်။  ပြည်သူ့လွှတ်တော် နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် သို့ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်ရန် မဲဆန္ဒနယ်များကို (၁)ရပ်ကွက်၊ကျေးရွာအုပ်စု ပြည်သူ့ကောင်စီ မဲဆန္ဒနယ်၊ (၂) မြို့နယ် ပြည်သူ့ကောင်စီ မဲဆန္ဒနယ်၊ (၃) ပြည်နယ်၊တိုင်း ပြည်သူ့ကောင်စီ မဲဆန္ဒနယ်၊ (၄) ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ဟူ၍ သတ်မှတ်ထားသည်။  ထို့ကြောင့်မဲဆန္ဒရှင် တစ်ဦးအနေဖြင့် ဆန္ဒမဲ လက်မှတ် (၄) ခု ရရှိပြီး မဲဆန္ဒနယ် (၄) နေရာ အတွက် ထောက်ခံ ဆန္ဒမဲပုံး (သို့) ကန့်ကွက် ဆန္ဒမဲပုံး ထဲသို့ ဆန္ဒမဲ လက်မှတ် (၁) ခုစီကို ဆန္ဒပြုရမည် ဖြစ်သည်။ အဆိုပါ ရွေးချယ်တင်မြှောက်ပွဲများတွင် မဲဆန္ဒနယ် တစ်ခုချင်းစီအတွက် ယှဉ်ပြိုင်သူမရှိဘဲ၊ ကိုယ်စားလှယ် တစ်ဦးတည်းကိုသာ ရွေးချယ်တင်မြှောက်ကြရန် ဖြစ်သည်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် များကို လူဦးရေ အပေါ်အခြေခံ၍ သတ်မှတ်ထားပြီး အချို့ မြို့နယ် များတွင် မဲဆန္ဒနယ် တစ်နယ်ထက် မက ရှိနိုင်သည်။

နိုင်ငံတော်ကောင်စီကို ပြည်နယ်၊တိုင်း(၁၄)ခုမှ ပြည်နယ်၊တိုင်းတစ်ခုစီအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးစီ၊ ယင်းအရေအတွက် နှင့်ညီမျှသည့်  ပြည်သူ့လွှတ်တော်မှ ရွေးချယ်တင်မြှောက်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ နှင့် ဝန်ကြီးချူပ် တစ်ဦး  ဖြင့်ဖွဲ့စည်းထားရှိသည်။  နိုင်ငံတော်ကောင်စီ  ဥက္ကဌ သည် နိုင်ငံတော်သမ္မတ ဖြစ်ပြီး ဒု ဥက္ကဌ သည် နိုင်ငံတော် ဒုတိယသမ္မတ ဖြစ်သည်။  နိုင်ငံတော်ကောင်စီသည် ဝန်ကြီးအဖွဲ့၊ ပြည်သူ့တရားသူကြီး အဖွဲ့ ၊ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ၊ ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့များကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းနိုင်သည်။ အစားထိုး ခန့်အပ်နိုင်သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ သည် နိုင်ငံ၏ တစ်ခုတည်းသောပါတီ ဖြစ်သည်။ ထို့အတွက်ကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄၅၁) ဦး သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဝင်များသာ ဖြစ်သည်။ ဆန္ဒမဲ ပေးခွင့်ရှိသူ စုစုပေါင်းမှာ (၁၁)သန်းကျော် ရှိပြီး ဆန္ဒမဲ ပေးသူ (၁၀) သန်းကျော် ရှိသည်။ ဆန္ဒမဲ ပေးမှုရာခိုင်နှုန်း မှာ ၉၄.၆% ဖြစ်သည်။

ရွေးချယ်တင်မြှောက်ပွဲ အပြီးတွင် ဦးနေဝင်း သည် နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့သည်။

(၁၉၇၈ ခုနှစ်) ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲ

၁၉၇၈ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ မှ ဇန်နဝါရီလ (၁၅) ရက်နေ့ အတွင်း ကျင်းပခဲ့သည်။

၁၉၇၄ ခုနှစ် ရွေးချယ်တင်မြှောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄၅၁) နေရာ ရှိခဲ့ပြီး ၁၉၇၈ ခုနှစ်  ရွေးချယ် တင်မြှောက်ပွဲ တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄၆၄) နေရာ ရှိလာခဲ့သည်။ (၁၃) နေရာ တိုးလာသည်။

ဆန္ဒမဲ ပေးခွင့်ရှိသူ စုစုပေါင်းမှာ (၁၅)သန်း ရှိပြီး ဆန္ဒမဲ ပေးသူ (၁၄) သန်း ရှိသည်။ ဆန္ဒမဲ ပေးမှုရာခိုင်နှုန်း မှာ ၉၃.၃% ဖြစ်သည်။  ရွေးချယ်တင်မြှောက်ပွဲ အပြီးတွင် ဦးနေဝင်းသည် နိုင်ငံတော်သမ္မတ အဖြစ် ထပ်မံတင်မြောက်ခံခဲ့ရသည်။

(၁၉၈၁ ခုနှစ်) တတိယ အကြိမ် ပြည်သူ့လွှတ်တော် နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲ

၁၉၈၁ ခုနှစ် အောက်တိုဘာလ (၄) ရက်နေ့ မှ အောက်တိုဘာလ (၁၈) ရက်နေ့ အတွင်း ကျင်းပခဲ့သည်။၁၉၇၈ ခုနှစ် ရွေးချယ်တင်မြှောက်ပွဲ တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄၆၄) နေရာ ရှိခဲ့ပြီး ၁၉၈၁ ခုနှစ်  ရွေးချယ်တင်မြှောက်ပွဲ တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄၇၅) နေရာ ရှိလာခဲ့သည်။ (၁၁) နေရာ တိုးလာသည်။ ။ ဆန္ဒမဲ ပေးခွင့်ရှိသူ စုစုပေါင်းမှာ (၁၆)သန်းကျော် ရှိပြီး ဆန္ဒမဲ ပေးသူ (၁၅) သန်းကျော် ရှိသည်။ ဆန္ဒမဲ ပေးမှုရာခိုင်နှုန်း မှာ ၉၄.၆% ဖြစ်သည်။  ရွေးချယ်တင်မြှောက်ပွဲ အပြီးတွင် ဦးစန်းယုသည် နိုင်ငံတော်သမ္မတ အဖြစ် တင်မြောက်ခံခဲ့ရသည်။ ယခင် နိုင်ငံတော် သမ္မတ ဦးနေဝင်း မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌ အနေဖြင့် ဆက်လက် တာဝန်ယူခဲ့သည်။

(၁၉၈၅ ခုနှစ်) တတိယ အကြိမ် ပြည်သူ့လွှတ်တော် နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲ

၁၉၈၅ ခုနှစ် အောက်တိုဘာလ (၆) ရက်နေ့ မှ အောက်တိုဘာလ (၂၀) ရက်နေ့ အတွင်း ကျင်းပခဲ့သည်။ ၁၉၈၁ ခုနှစ် ရွေးချယ်တင်မြှောက်ပွဲ တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄၇၅) နေရာ ရှိခဲ့ပြီး ၁၉၈၅ ခုနှစ်  ရွေးချယ်တင်မြှောက်ပွဲ တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄၈၉) နေရာ ရှိလာခဲ့သည်။ (၁၄) နေရာ ထပ်မံတိုးလာသည်။ ရွေးချယ် တင်မြှောက်ပွဲ အပြီးတွင် ဦးစန်းယုသည် နိုင်ငံတော်သမ္မတ အဖြစ် ထပ်မံတင်မြောက်ခံခဲ့ရသည်။ ဦးနေဝင်း သည် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌ အဖြစ် ဆက်လက် တာဝန်ယူခဲ့သည်။

(ဆက်လက် ဖေါ်ပြပါမည်၊)

ဧခြူး