မြန်မာ့ရွေးကောက်ပွဲများသမိုင်း (၂)

လွတ်လပ်ရေး အကြို ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ

၎င်းရွေးကောက်ပွဲ ကို  ၁၉၄၇ ခုနှစ်၊ ဧပြီလ (၉)ရက်  နေ့တွင် ကျင်းပသည်။ ဗိုလ်ချုပ်အောင်ဆန်း နှင့် အဖွဲ့သည် ဗမာနိုင်ငံလွတ်လပ်ရေးအတွက် လန်ဒန်သို့ သွားရောက်ခဲ့ပြီး ဗြိတိသျှအစိုးရနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ တစ်နှစ်အတွင်း လွတ်လပ်ရေး ပေးမည်ဆိုသော အချက်အပါအဝင် အခြားသဘောတူညီချက်များ ပါဝင်သည့် အောင်ဆန်း-အက်တလီစာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းစာချုပ်ပါ အချက်များအရ တိုင်းပြုပြည်ပြု လွှတ်တော် တစ်ရပ်အတွက် ရွေးကောက်ပွဲကို ၁၉၄၇ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့တွင် ကျင်းပခဲ့သည်။ ထိုတိုင်းပြုပြည်ပြုလွှတ်တော်သည် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရရှိသည့်အခါ ကျင့်သုံးမည့် မြန်မာနိုင်ငံ၏ ဖွဲ့စည်း  အုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲရမည် ဖြစ်သည်။

တိုင်းပြုပြည်ပြု လွှတ်တော် အတွက် စုစုပေါင်း ကိုယ်စားလှယ်(၂၅၅) နေရာ သတ်မှတ်ခဲ့သည်။ ထိုကိုယ်စားလှယ် (၂၅၅) နေရာတွင် လူမျိုးစုများအတွက် (၄၅) နေရာ ချန်လှပ်၍ ကျန် (၂၁၀) အတွက် ပြည်သူလူထုက ရွေးကောက် တင်မြှောက်ရခြင်း ဖြစ်သည်။   လူမျိုးအလိုက်မဟုတ်သော အထွေထွေမဲဆန္ဒနယ် (၁၈၂) နယ်၊ လူမျိုးအလိုက်မဲဆန္ဒနယ် (၂၈)နယ် (ကရင်လူမျိုးများအတွက် (၂၄) နယ်၊ အင်္ဂလိပ်-မြန်မာကပြားများအတွက် (၄) နေရာ)၊ စုစုပေါင်းမဲဆန္ဒနယ် (၂၁၀) နယ်တွင် ရွေးကောက်ပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မျိုးချစ်ပါတီ  မှ ဦးစောက ရွေးကောက်ပွဲ လှုံ့ဆော်ရေးကာလအတွင်း ဖဆပလအဖွဲ့ချူပ်  သည် ခြိမ်းခြောက်မှုများ မသမာမှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ သခင်ဗစိန်၏ တို့ဗမာအစည်းအရုံး  ကလည်း ဖဆပလအဖွဲ့ချူပ်ကို ဗြိတိသျှနယ်ချဲ့ဝါဒ၏ လက်ကိုင်တုတ် ဟု စွပ်စွဲပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ မဲပေးခွင့်ရှိသူ စုစုပေါင်း၏ ၄၉.၈% မဲပေးခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးခါစ နိုင်ငံအတွင်း မတည်ငြိမ်မှုများကြောင့် မဲပေးသူအရေအတွက် လျော့နည်းရခြင်း ဖြစ်သည်ဟု ယူဆရသည်။

လူမျိုးအလိုက်မဟုတ်သော အထွေထွေမဲဆန္ဒနယ် (၁၈၂)ရှိသည့်အနက်  မဲဆန္ဒနယ်(၅၆)နေရာအား ဖဆပလအဖွဲ့ချုပ်က ယှဉ်ပြိုင်သူမရှိ အနိုင်ရရှိ ခဲ့ကြသည်။ ထိုရွေးကောက်ပွဲတွင် ဖဆပလ အဖွဲ့ချုပ်က (၁၇၃) နေရာ၊ ဗမာပြည်ကွန်မြူနစ်ပါတီ  (ဗကပ)က (၇) နေရာ၊ တစ်သီးပုဂ္ဂလက (၂) နေရာ အနိုင်ရရှိခဲ့ပြီး လူမျိုးအလိုက် မဲဆန္ဒနယ် (၂၈) နေရာတွင် ကရင်လူမျိုးများအတွက် (၂၄) နေရာရှိရာ ကရင်လူငယ်များ အစည်းအရုံး က (၁၉) နေရာ၊ ကရင်လူမျိုး တစ်သီး ပုဂ္ဂလများက (၅) နေရာ အနိုင်ရရှိခဲ့သည်။ ကျန် (၄) နေရာမှာ အင်္ဂလိပ်-ဗမာ ကပြားများအတွက်ဖြစ်သည်။ ၎င်းရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည် ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခံရသည်။

၁၉၄၇ ခုနှစ် ဇူလိုင် (၁၉) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် အစိုးရအဖွဲ့ဝင်များ လုပ်ကြံခံရ၍ ဦးနုက  ဖဆပလအဖွဲ့ချုပ် ကို ဆက်လက် ဦးဆောင်ခဲ့သည်။ တိုင်းပြုပြည်ပြု လွှတ်တော်မှ ၁၉၄၇ ဖွဲ့စည်းပုံ အုပ်ချုပ်ပုံ အခြေခံဥပဒေကို ၁၉၄၇ ခုနှစ် စက်တင်ဘာလ (၂၄) ရက်တွင် အတည်ပြုနိုင်ခဲ့သည်။

လွတ်လပ်ရေး ရရှိပြီး ပါလီမန် ဒီမိုကရေစီခေတ် ရွေးကောက်ပွဲများ

၁၉၅၁-၁၉၅၂ အထွေထွေရွေးကောက်ပွဲ

၎င်းရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ်၊ဇွန်လ (၁၂) ရက်မှ ၁၉၅၂ ခုနှစ်၊ဇန်နဝါရီလ (၃) ရက်နေ့ အထိ (၃) ကြိမ် ခွဲ၍ ကျင်းပခဲ့သည်။ ၁၉၄၇ ခုနှစ်၊ တိုင်းပြုပြည်ပြုလွှတ်တော်မှ အတည်ပြုခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပထမဆုံးအကြိမ် ကျင်းပသော ရွေးကောက်ပွဲဖြစ်သည်။ နိုင်ငံအတွင်း ပြည်တွင်းစစ် ဖြစ်ပွားနေသော အချိန် ကာလဖြစ်နေ၍ ရွေးကောက်ပွဲ ကြီးကြပ်ရေးအဖွဲ့က ကျင်းပနိုင်ပြီဟု သတ်မှတ်ထားသော နယ်များ၌သာ တစ်နယ် ပြီးတစ်နယ် ကျင်းပခဲ့သည်ကို လည်းတွေ့ရသည်။

ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်တို့ ပါဝင်သည့် ဥပဒေပြု အဖွဲ့အစည်း (၂)ရပ်ရှိသော ပါလီမန် (လွှတ်တော်) (Bicameral Legislature) ဖြစ်သည်။ လူဦးရေအပေါ် အခြေခံ၍ သတ်မှတ်ထားသော မဲဆန္ဒနယ်များမှ ရွေးကောက်တင်မြှောက်သည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသောပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် (၂၅၀) နေရာ ရှိပြီး လူမျိုးစုလွှတ်တော်တွင် ကိုယ်စားလှယ် (၁၂၅) နေရာ သတ်မှတ်ထားသည်။

လူမျိုးစုလွှတ်တော်

လူမျိုးစုလွှတ်တော်ကိုယ်စားလှယ်နေရာ (၁၂၅) နေရာတွင် ရှမ်းပြည်နယ် (၂၅) နေရာ၊။ ကချင်ပြည်နယ်(၁၂) နေရာ၊ ချင်းဝိသေသတိုင်း (၈) နေရာ၊ ကယား(ကရင်နီ)ပြည်နယ် (၃)နေရာ၊ ကရင်ပြည်နယ် (၂၄) နေရာ၊ ပြည်ထောင်စု ဗမာနိုင်ငံရှိ ကျန်နယ်မြေများအတွက် (၅၃) နေရာ သတ်မှတ်ထားသည်။  နောင်တွင် ကရင်ပြည်နယ်အတွက် (၁၅) နေရာ၊ ပြည်ထောင်စု ဗမာနိုင်ငံရှိ ကျန်နယ်မြေများအတွက် (၆၂) နေရာ ပြောင်းလဲ သတ်မှတ်သည်။

ပြည်သူ့လွှတ်တော်

၁၉၅၁-၅၂ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၂၅၀) နေရာအတွက်သာ ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် (၂၅၀) နေရာရှိသောကြောင့် အနည်းဆုံး ကိုယ်စားလှယ် (၁၂၆)နေရာ အနိုင်ရရှိမှသာ အစိုးရဖွဲ့နိုင်မည် ဖြစ်သည်။ ဖဆပလအဖွဲ့ချုပ်သည် ဗမာပြည်ဆိုရှယ်လစ်ပါတီ၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမားအစည်းအရုံး၊ ကချင်အမျိုးသားကွန်ဂရက်၊ ပြည်ထောင်စုကရင်အဖွဲ့ချုပ်(Union Kayin League)၊ ချင်းတောင်တန်းကွန်ဂရက်( Chin Hills Congress) တောင်တန်းသားများ စည်းလုံးညီညွတ်ရေး ဦးစီးအဖွဲ့ ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးလွတ်လပ်ရေးအဖွဲ့ချုပ် ၊ ဗမာမူစလင်ကွန်ဂရက် ၊ ရခိုင် မူစလင် အဖွဲ့များနှင့် မဟာမိတ်ပြုလုပ်ပြီး  ရွေးကောက်ပွဲဝင်ခဲ့သည်။

ဗမာပြည်အလုပ်သမားလယ်သမားပါတီ ၊ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားအစည်းအရုံး၊ ပြည်ချစ်မဟာမိတ်အဖွဲ့ (ဦဘဖေဦးဆောင်)၊ ဗမာပြည်ဒီမိုကရက်တစ်ပါတီ  တို့သည်လည်း မဟာမိတ်ပြု စုစည်းပြီး ပြည်သူ့ ဒီမိုကရက်တစ် တပ်ပေါင်းစု (People Democratic Front) အမည်ဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့သည်။

ရခိုင်အမျိုးသားအဖွဲ့၊ မဟာဗမာအဖွဲ့(ဒေါက်တာဗမော်ဦးဆောင်)၊ ပြည်သူငြိပ်းချမ်းရေးအဖွဲ့ပေါင်းစု၊ ပြည်သူ့ရဲဘော် တပ်ဖွဲ(ဗိုလ်ထွန်းစိန် ဦးဆောင်)၊ တို့ဗမာအစည်းအရုံး(ဘခင်ဗမောင်နှင့်သခင်သင်ဦးဆောင်)၊ ဗိုလ်ချူပ်အောင်ဆန်းအဖွဲ့ (ဗိုလ်သိမ်းဆွေဦးဆောင်)၊ ဆင်းရဲသားပပျောက်ရေးပါတီ(ဝါ)သံမဏိအဖွဲ့(ဦးဝမ်းမောင်ဦဆောင်) ၊ အောင်ပါတီ၊ ဗမာပြည် လွတ်လပ်ရေးအဖွဲ့၊ ယူနီယံလိဂ် (ဝါ) ဗမာပြည် ပြည်ထောင်စုအဖွဲ့နှင့် တစ်သီးပုဂ္ဂုလ များသည်လည်း ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

မဲပေးခွင့်ရှိသူ (၈) သန်းရှိပြီး မဲပေးခွင့်ရှိသူ စုစုပေါင်း၏ ၁၈.၇၅% မျှသာ မဲပေးခဲ့သည်။  ရွေးကောက်ပွဲတွင် ဖဆပလ အဖွဲ့ချုပ်က (၂၅၀) နေရာရှိသည့်အနက် (၁၉၉) နေရာ အနိုင်ရရှိခဲ့သည်။ ပြည်သူ့ဒီမိုကရက်တစ်တပ်ပေါင်းစု က (၁၉) နေရာ၊ လွတ်လပ်သော ရခိုင် အမျိုးသား ပါလီမန်အဖွဲ့က (၆) နေရာ၊ တစ်သီးပုဂ္ဂုလများက (၁၅) နေရာ အနိုင် ရရှိခဲ့သည်။ ရွေးကောက်ပွဲပြုလုပ်နိုင်ခြင်း မရှိသော မဲဆန္ဒနယ် (၁၁)နယ် ရှိသည်။

၁၉၅၁-၅၂ တွင် ကျင်းပသည့် ရွေးကောက်ပွဲများသည် (၃)ကြိမ်ခွဲကျင်းပသည် ဖြစ်ရာ အချို့သောကိုယ်စားလှယ်လောင်း များသည် ပထမ အကြိမ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်သဖြင့် ဆက်လက်ပြုလုပ်သော ဒုတိယ အကြိမ်၊ တတိယအကြိမ်  ရွေးကောက်ပွဲ များတွင် ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်သည်ကို တွေ့ရသည်။ (သာဓကအားဖြင့် သခင်တင် သည် သာယာဝတီ မဲဆန္ဒနယ် ဝင်ရောက် ယှဉ်ပြိုင်ရာ အနိုင်မရရှိသဖြင့် ဒုတိယအကြိမ် ပြုလုပ်သော ရွေးကောက်ပွဲတွင် ဖြူး မဲဆန္ဒနယ်တွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သည်။)

အတိုက်အခံနိုင်ငံရေးပါတီများက တရားမျှတမှုမရှိသော ရွေးကောက်ပွဲ ဖြစ်သည်ဟု ပြောဆိုစွပ်စွဲခဲ့သည်။  ၁၉၅၂ ခုနှစ်၊ ဧပြီလ (၁) ရက်မှ (၄) ရက်နေ့အထိ ပြည်လုံးကျွတ်မတရားရွေးကောက်ပွဲကွန်ဖရင့်ကို ဒေါက်တာဘမော်၊ ဦးအောင်သန်း၊ သခင်ချစ်မောင်၊ သခင်လွင်၊ ဦးဘငြိမ်းစသော နိုင်ငံရေးခေါင်းဆောင်များ ဦးဆောင်ကာ ကျင်းပခဲ့ပြီး ပြည်လုံးကျွတ် မတရားရွေးကောက်ပွဲကွန်ဖရင့်အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ ၎င်းအစီရင်ခံစာတွင် ဥပဒေအလွဲသုံးစားလုပ်မှုများအား စစ်ဆေးရေး၊ လက်နက်အလွဲသုံးစားမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများအား စစ်ဆေးရေး၊ အာဏာနှင့်အခွင့်အရေးများ အလွဲသုံးစားလုပ်မှုများအား စစ်ဆေးရေး၊ ဒီမိုကရေစီကျဆုံးမှုများ အလွဲသုံးစားမှုများအား စစ်ဆေးရေး၊ မြူနီစီပယ် မတရားရွေးကောက်ပွဲများအား စစ်ဆေးရေး၊ ဒီမိုကရေစီကျဆုံးမှုများအား စိစစ်ရေးဟူ၍ ခြောက်ပိုင်းခွဲကာ အစီရင်ခံ တင်ပြခဲ့ကြသည်။ သို့သော် အာဏာလက်ရှိ အင်အားအကြီးဆုံး ဖဆပလအဖွဲ့ချုပ်အား လွန်ဆန်နိုင်ခြင်းမရှိခဲ့ပါ။

၎င်းရွေးကောက်ပွဲအပြီးတွင် ဖဆပလ အဖွဲ့ချူပ် က အစိုးရအဖွဲ့ ဖွဲ့နိုင်ခဲ့သည်။ အစိုးရအဖွဲ့ ဝန်ကြီးချူပ်မှာ ဦးနု ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲတွင် ရရှိသော မဲအရေအတွက်စာရင်း အတိအကျကို ၁၉၅၄ အထိ ထုတ်ပြန်နိုင်ခြင်း မရှိပါ။ ၁၉၅၂ ခုနှစ် မတ်လ(၁၂) ရက်နေ့တွင် နိုင်ငံတော် တရားဝန်ကြီးချူပ်ဟောင်း ဒေါက်တာဘဦးအား ပြည်ထောင်စုသမ္မတနိုင်ငံတော် သမ္မတ ကဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

၁၉၅၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂၃) ရက်တွင် ပြည်သူလွှတ်တော်အစည်းအဝေးကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပနိုင်ခဲ့သည်။ ၎င်း ပြည်သူ့ လွှတ်တော်၏ နာယကမှာ ဗိုလ်မှူးအောင် ဖြစ်သည်။

၁၉၅၆ အထွေထွေရွေးကောက်ပွဲ

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၂၅၀) နေရာအတွက် ရွေးကောက်ပွဲ ကို   ၁၉၅၆ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့ တွင် ကျင်းပသည်။ လူမျိုးစုလွှတ်တော် ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ရန်အတွက် လူမျိုးစုလွှတ်တော် ရွေးကောက်ပွဲကို ၁၉၅၆ ခုနှစ်၊ မေလ (၂၂) ရက်တွင် ဆက်လက်ကျင်းပခဲ့သည်။

ရွေးကောက်ပွဲတွင် ဖဆပလအဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာ (ဗမာ)နိုင်ငံ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု-ပမညတ (National United Front)နှင့် ပါတီငယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပမညတအဖွဲ  တွင် အလုပ်သမားလယ်သမားပါတီ၊ တို့ဗမာအစည်းအရုံး (နောင်တွင် ပြည်သူ့ဒီမိုကရေစီပါတီ)၊ ပြည်သူ့ ညီညွတ်ရေးပါတီ (ဦးအောင်သန်း ဦးဆောင်)၊ ပြည်သူ့ညီညွတ်ရေးပါတီ (ဦးသိန်းဖေမြင့်၊ ဗိုလ်ထွန်းစိန် ဦးဆောင်)၊ တရားမျှတမှုပါတီ (ဒေါက်တာအေးမောင် ဦးဆောင်)၊ ဗမာပြည်အလုပ်သမားအစည်းအရုံးများ အဖွဲ့ချုပ်  တောင်သူ လယ်သမားညီညွတ်ရေးအစည်းအရုံး၊ ပြည်သူ့လူငယ်အဖွဲ့ချုပ်၊ မွန်တိုင်းရင်းသားအစည်းအရုံး၊ ကရင်အမျိုးသားအဖွဲ့ (မန်းထွန်းရင် ဦးဆောင်) တို့ ပါဝင်သည်။

မဲပေးခွင့်ရှိသူ စုစုပေါင်း၏ ၄၇.၈% မဲပေးခဲ့ကြသည်။ ဖဆပလအဖွဲ့ချုပ်သည် ကိုယ်စားလှယ်နေရာ (၄၈) နေရာတွင် ယှဉ်ပြိုင်သူမရှိ အနိုင်ရရှိခဲ့သည်။ ရွေးကောက်ပွဲတွင် ဖဆပလအဖွဲ့ချုပ်က (၁၄၈) နေရာ၊ ပမညတက (၄၈) နေရာ၊ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးဦးစီးအဖွဲ့ (၁၄) နေရာ၊ ရခိုင်အမျိုးသားအဖွဲ့  (၆) နေရာ၊ ပြည်သူ့ယဉ်ကျေးမှုနှင့် တိုးတက်ကြီးပွားရေးအဖွဲ့ က (၄) နေရာ၊ ရှမ်းပြည်လုံးဆိုင်ရာအဖွဲ့ချုပ် က (၄) နေရာ၊ ကချင်အမျိုးသားကွန်ဂရက်က (၂) နေရာ၊ ရှမ်းပြည်လယ်သမားအဖွဲ့(ဦးထွန်းအေး ဦးဆောင်)က (၂) နေရာ၊ ပအို့ဝ်အမျိုးသားအဖွဲ့က (၁) နေရာ၊ ဗမာအမျိုးသားပါတီ က (၁)နေရာ နှင့် တစ်သီးပုဂ္ဂလများက (၁၃) နေရာ အနိုင်ရရှိခဲ့ကြသည်။ လစ်လပ်ကိုယ်စားလှယ် နေရာ (၇) နေရာရှိသည်။

ရွေကောက်ပွဲ အပြီးတွင် ဦးနုသည် ဝန်ကြီးချူပ် အဖြစ် တာဝန်မယူတော့ဘဲ ဖဆပလ အဖွဲ့ချူပ် ဥက္ကဌ အနေဖြင့်သာ ဆောင်ရွက်ခဲ့သည်။ အစိုးရအဖွဲ့တွင် ဦးဗဆွေသည် ဝန်ကြီးချူပ် တာဝန်ယူခဲ့သည်။ သို့သော် ၁၉၅၇ ခုနှစ်  ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့တွင် ဖဆပလအဖွဲ့ချူပ် က ဦးနု ဝန်ကြီးချူပ် နေရာကို ပြန်လည်တာဝန်ယူမည်ဟု ထုတ်ပြန်ကြေငြာသည်။ ဖေဖေါ်ဝါရီလ(၂၈) ရက်နေ့တွင် ဦးနုသည် အစိုးရအသစ်ကို ဖွဲ့စည်းသည်။ ၁၉၅၇ ခုနှစ် မတ်လ (၁၃) ရက်တွင် ဦးဝင်းမောင်(မန်းဝင်းမောင်) နိုင်ငံတော်သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုသည်။

၁၉၆၀ အထွေထွေရွေးကောက်ပွဲ

၁၉၅၈ ခုနှစ် ဧပြီလတွင် ဖဆပလအဖွဲ့ချုပ်ကြီးသည် သန့်ရှင်းဖဆပလ  နှင့် တည်မြဲဖဆပလ  ဟူ၍ (၂) ဖွဲ့ ဖြစ်လာသည်။ ၁၉၅၈ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့တွင် ဒုတိယဝန်ကြီးချုပ် အဖြစ်မှ ဇွန်လ (၄) ရက်နေ့တွင် နုတ်ထွက်ခဲ့သော ဦးဗဆွေက လွှတ်တော်၌ ဦးနုအစိုးရအား အယုံအကြည်မရှိ အဆို တင်သွင်းပြီး မဲခွဲသောအခါ ထောက်ခံမဲ (၁၁၉)မဲ၊ ကန့်ကွက်မဲ (၁၂၇)မဲ ရရှိခဲ့သဖြင့်  ဦးနုအစိုးရ ဆက်လက်တည်မြဲခဲ့သည်။ ထိုမဲခွဲမှုဖြစ်စဉ်တွင်  ပမညတအဖွဲ့၏ ထောက်ခံမဲ (၄၄)မဲ ကြောင့် သန့်ရှင်းဖဆပလ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

၁၉၅၈ ခုနှစ်တွင် တပ်မတော်ခေါင်းဆောင်တစ်စုက အာဏာသိမ်းရန် ကြိုးပမ်းကြသည်။ ထိုအခါ ဝန်ကြီးချုပ်ဦးနုသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပါလီမန်မှတစ်ဆင့် အာဏာလွှဲပြောင်းပေးခဲ့သည်။ ၁၉၅၈ ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဝန်ကြီးချုပ်ဦးနုက ဗိုလ်ချုပ်ကြီးနေဝင်းကို ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းသည်။ (၂၉) ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ အစိုးရအဖွဲ့ ကျမ်းသစွာကျိန်ဆိုသည်။ အိမ်စောင့်အစိုးရဟု လူသိများသည်။ (၆) လအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အလားအလာမရှိ၍ ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း နုတ်ထွက်စာတင်သည်။ ပါလီမန်က ဖွဲ့စည်းအခြေခံဥပဒေပုဒ်မ (၁၁၆)ကို ခေတ္တရုပ်သိမ်းသည့် အက်ဥပဒေပြဋ္ဌာန်းခဲ့ပြီး  ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းအား ပါလီမန်က ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်သည်။ အိမ်စောင့်အစိုးရသစ်သည် ထိုနေ့၌ပင် ကျမ်းသစ္စာ ကျိန်ဆိုသည်။

အိမ်စောင့်အစိုးရသည် ၁၉၆၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၆) ရက်နေ့တွင် ပါလီမန် အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။ မဲဆန္ဒမဲပေးခွင့်ရှိသူ (၁၀) သန်းရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း၏ ၆၆% မဲပေးခဲ့ကြသည်။ ရွေးကောက်ပွဲတွင် သန့်ရှင်းဖဆပလ၊ တည်မြဲဖဆပလ၊ ပမညတ၊ ရခိုင်အမျိုးသားအဖွဲ့၊ တောင်တန်းသားများ စည်းလုံးညီညွတ်ရေး ဦးစီးအဖွဲ့၊ ကချင်အမျိုးသားကွန်ဂရက်၊ မွန်အမျိုးသားအဖွဲ့၊ ပြည်သူယဉ်ကျေးမှုနှင့် တိုးတက်ကြီးပွားရေးအဖွဲ့၊ ချင်းအမျိုးသားအစည်းအရုံး၊ ကယားအမျိုးသားအဖွဲ့ချုပ်၊ ကယား ဒီမိုကရက်တစ်အဖွဲ့ချုပ်၊ ရှမ်းပြည်လုံးဆိုင်ရာ အဖွဲ့ချုပ်၊ ဗုဒ္ဓဘာသာဒီမိုကရက်တစ်ပါတီ၊ ဗမာပြည်ဒီမိုကရက်တစ်ပါတီ၊ ဗမာအမျိုးသား ပါတီ နှင့် တစ်သီးပုဂ္ဂလများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ရွေးကောက်ပွဲ လှုံ့ဆော်ရေးကာလတွင် သန့်ရှင်းဖဆပလက အဝါရောင်ကိုလည်းကောင်း၊ တည်မြဲဖဆပလက အနီရောင် ကို လည်းကောင်း၊ ပမညတက အပြာရောင်ကိုလည်းကောင်း ပါတီကိုယ်စားပြုအရောင်များအဖြစ် ရွေးချယ် အသုံးပြု ခဲ့သည်။

၁၉၆၀ ပြည့်နှစ် ဖေဖေါ်ဝါရီလ (၆)ရက်နေ့တွင် ပါလီမန်ပြည်သူ့လွှတ်တော် အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပသောအခါ မဲဆန္ဒနယ် (၂၅၀)နယ် ရှိသည့်အနက် (၂၃) နယ် ရွှေ့ဆိုင်းရသည်ကလွဲ၍ ကျန်ဗမာတစ်နိုင်ငံလုံးတွင်  တစ်ပြိုင်နက်တည်း ကျင်းပခဲ့သည်။ သောင်းကျန်းသူများ၏ နှောင့်ယှက်ငြိမ်းခြောက်မှုသော်လည်းကောင်း၊ အမတ်လောင်း များ၏ မကျေနပ်မှု ကြောင့် တရားလွှတ်တော်ရုံးများ၏ အဆုံးအဖြတ် မချမှတ်သေး၍ သော်လည်းကောင်း၊ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရသသည့် နယ်မြေများ ပေါ်ထွက်လာသည်။ ဥပမာ ရခိုင်ပြည်နယ်တွင် ဘူးသီးတောင် မြောက်ပိုင်း၊ ပေါက်တော၊ မောင်းတောမြောက်ပိုင်း၊ မောင်းတောတောင်ပိုင်း၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူမြောက်ပိုင်းနှင့် ရှမ်းပြည်နယ် သိန္နီ တောင်ပိုင်းစသော မဲဆန္ဒနယ်များတွင် ရောင်စုံသောင်းကျန်းသူများ ခြိမ်းခြောက်မှုများ ရှိခြင်းကြောင့် မဲဆန္ဒရှင်များ၏ လုံခြုံမှုမရှိခြင်း၊ တရားမျှတ၍လွတ်လပ်စွာ မဲပေးနိုင်သည့် အခြေအနေ မရှိခြင်း စသော အခက်အခဲများ ပေါ်ပေါက် လာသည့်အတွက် ၁၉၄၈ ခုနှစ် ပါလီမန်ရွေးကောက်ပွဲနည်းဥပဒေ ၆၀ (က)၊ ၉၁နှင့် ၃၄ (၁)ကို အသုံးပြု၍  နိုင်ငံတော် သမ္မတမှ ၎င်းနယ်များတွင် ရွေးကောက်ပွဲကျင်းပခြင်းကို ၁၉၆၀ ပြည့်နှစ် မေလ ၆ ရက်သို့ ရွှေ့ဆိုင်းခဲ့ရသည်။

နိုင်ငံရေးပါတီများ အပြိုင်မဲဆွယ်ခဲ့ကြရာတွင် ပါတီအချင်းချင်း ဝါဒရေးရာပြိုင်ဆိုင်ခြင်း၊ ပုဂ္ဂိုလ်ရေး ဝေဖန်တိုက်ခိုက်ခြင်း၊ သတင်းစာများ မှတဆင့် ကာတွန်းများ၊ ဆောင်းပါးများဖြင့် ပုတ်ခတ်သရော်ခြင်း စသည်ဖြင့် ပါတီတိုက်ပွဲများ ပြင်းထန် ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲကြီးတွင် ဘက်လိုက်ခြင်း၊ မတရားမှုများ ကျူးလွန်ခြင်း၊ ခြိမ်းခြောက်ခြင်း များ ရှိခဲ့သည်။

၁၉၆၀ပြည့်နှစ်၊စက်တင်ဘာလ(၁၉)ရက်နေ့တွင်ထုတ်ပြန်သော ပြည်ထောင်စုဗမာနိုင်ငံတော်(ပါလီမန်) တတိယ ပြည်သူ့ လွှတ်တော် ညီလာခံမှတ်တမ်း ၏ ရွေးကောက်ပွဲအနိုင်အရှုံးစာရင်းအရ မဲဆန္ဒနယ် (၂၅၀) ရှိရာတွင် သန့်ရှင်းဖဆပလက (၁၆၃) နေရာ၊ တည်မြဲ ဖဆပလက (၃၉) နေရာနှင့် အခြားပါတီအဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလမျးက (၄၂) နေရာ အနိုင်ရရှိသည်။ စာရင်းမရသော မဲဆန္ဒနယ် (၆) နေရာရှိသည်။

လူမျိုးစုလွှတ်တော်၌ စုစုပေါင်း ကိုယ်စားလှယ် (၁၂၅) နေရာ ရှိရာတွင် သန့်ရှင်းဖဆပလက (၅၃) နေရာ၊ တည်မြဲဖဆပလက (၂၉) နေရာနှင့် တိုင်းရင်းသား လူမျိုးစု ပါတီများက (၄၃)နေရာ ရရှိခဲ့သည်။

တည်မြဲဖဆပလမှခေါင်းဆောင်နှစ်ဦးဖြစ်သောဦးဗဆွေနှင့်ဦးကျော်ငြိမ်းတို့အရွေးမခံရပေ။ ဒေါက်တာအေးမောင် (သန့်ရှင်း ဖဆပလ) သည် ဦးဗဆွေကို အနိုင်ရရှိပြီး သခင်တင်(သန့်ရှင်းဖဆပလ)သည် ဦးကျော်ငြိမ်းကို အနိုင်ရရှိခဲ့သည်။ တည်မြဲဖဆပလ၏ ခေါင်းဆောင်အများစု အရွေးမခံရသောကြောင့် ပါလီမန်တွင် တည်မြဲဖဆပလ အမတ်များ ခေါင်းဆောင်မဲ့သွားသည်။  လွှတ်တော်တွင် တည်မြဲဖဆပလအမတ် သခင်သာခင်က အတိုက်အခံအမတ် ခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့သည်။

၁၉၆၀ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့်အစိုးရ နုတ်ထွက်ပြီး ဦးနု ခေါင်းဆောင်သော အစိုးရသစ် ကျမ်းသစွာ ကျိန်ဆိုသည်။

၁၉၆၀ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပြင်ဆင်ရေးကို ဦးနုဦးဆောင်သော အာဏာရ အစိုးရက လုပ်ဆောင်ခဲ့သည်။ ၎င်းဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ ပြင်ဆင်ရေးသည် ပြည်နယ်နှင့်လူမျိုးစုတိုင်း တန်းတူညီမျှသော အခွင့်အရေးရှိ၍ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်ထောင်စုစနစ် ဖွဲ့စည်းပေးရေး (ပြည်ထောင်စုစစ်စစ်မူ-ဖယ်ဒရယ်မူ) ကိုဦးတည်ရည်ရွယ်ခဲ့သည်။

၁၉၆၂ခုနှစ်မတ်လ(၂)ရက်တွင် ပြည်ထောင်စုသမ္မတဗမာနိုင်ငံတော်၏ အထူးယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်းစိမ့်သောငှာ ဗမာ့တပ်မတော်မှ တာဝန်ယူ စောင့်ရှောက်လိုက်ပြီးဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းက ကြေငြာခဲ့ပြီး နိုင်ငံတော်အာဏာကို ရယူခဲ့သည်။

ဧခြူး