အမေရိကန်နိုင်ငံသမိုင်းအကျဉ်း

အမေရိကန်နိုင်ငံကို United States (သို့မဟုတ်)  U. S (သို့မဟုတ်) U.S.A ဟုခေါ်ဝေါ်လေ့ရှိသည်။ အမေရိကန်နိုင်ငံသည် ဖွဲ့စည်းပုံအရ ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဖြစ်ပြီး ပြည်နယ် (၅၀) နှင့် ပြည်ထောင်စုနယ်မြေတစ်ခုပါဝင်သည်။ အမရိကန်ပြည်ထောင်စုသည် မြောက်အမေရိကအလယ်ပိုင်းတွင် တည်ရှိပြီး တစ်ဆက်တည်းဖြစ်သော ပြည်နယ် (၄၈) ပြည်နယ် နှင့် အုပ်ချုပ်ရေးဆိုင်ရာမြို့တော် ဝါရှင်တန်ဒီစီတို့သည် ပစိဖိတ်နှင့် အတ္တလန္တိတ် သမုဒ္ဒရာ တို့၏အကြားတွင် တည်ရှိပြီး မြောက်ဖက်တွင် ကနေဒါနိုင်ငံ၊ တောင်ဖက်တွင် မက္ကဆီကိုနိုင်ငံတို့နှင့် ထိစပ်နေသောနိုင်ငံတစ်ခုဖြစ်သည်။ အလက်စကာပြည်နယ်သည် တိုက်ကြီး၏ အနောက်မြောက်ဖက်ပိုင်းတွင်တည်ရှိသည်။ ဟာဝိုင်အီပြည်နယ်သည် ပစိဖိတ်သမုဒ္ဒရာ အလယ်တွင်ရှိသော ကျွန်းစုဖြစ်သည်။

အကျယ်အဝန်း စတုရန်းမိုင်ပေါင်း ၃.၇၉ သန်း နှင့် လူဦးရေ ၃၃၂ သန်းကျော်ရှိသော နိုင်ငံဖြစ်သည့်အတွက် ကမ္ဘာပေါ်တွင် အကျယ်အဝန်းအားဖြင့် စတုတ္တမြောက်အကြီးဆုံး, ကုန်မြေအကျယ်အဝန်းမှာ တတိယအကျယ်ဆုံး နှင့် လူဦးရေမှာ တတိယ မြောက် အများဆုံးနိုင်ငံဖြစ်သည်။ ကမ္ဘာ့နိုင်ငံအများအပြားမှ လူမျိုးပေါင်းစုံရွှေ့ပြောင်းနေထိုင်သော နိုင်ငံဖြစ်သည့်အတွက် လူမျိုးစု အများအပြား ရောထွေးနေထိုင်ပြီး ယဉ်ကျေးမှုအစုံလင်ဆုံး နိုင်ငံများစာရင်းတွင် ပါဝင်သည်။

အမေရိကန်သည် အရှေ့ဘက်ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်တွင်ရှိသော ဗြိတိသျှ ကိုလိုနီနယ်မြေ (၁၃) ခု ပူးပေါင်းပြီး ဗြိတိသျှကို တော်လှန်၍ လွတ်လပ်ရေးကို ရယူခဲ့ပြီး ထိုအချိန်တွင် လူဦးရေမှာ ၂.၅ သန်းသာရှိ​သေးသည်။ ၁၇၇၆ ခုနှစ် ဇူလှိုင်လ (၂) ရက်နေ့တွင်  ဖီလာဒယ်ဖီးယားတွင် ညီလာခံ ကျင်းပခဲ့ပြီး ဇူလိူင်လ (၄) ရက်နေ့တွင် လွတ်လပ်ရေးကို ကြေညာ၍ ကွန်ဖက်ဒရေးရှင်း ဟုခေါ်သော ပြည်နယ်များပူးပေါင်းထားသည့် ပြည်ထောင်စုဖွဲ့စည်းခဲ့သည်။ ၁၇၈၇ ခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပသော ဖီလာဒယ်ဖီးယား ညီလာခံမှ အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့သည်။ ၁၇၈၇ – ၁၇၈၈ ခုနှစ်များတွင် ပြည်နယ်များ၌ ဖွဲ့စည်းပုံနှင့် ပတ်သက်သော ညီလာခံများကျင်းပ၍ ဖွဲ့စည်းပုံကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ ၁၇၈၉ ခုနှစ် မတ်လ (၄) ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်စတင်ဝင်ခဲ့သည်။  အမေရိကန်ဖွဲ့စည်းပုံဥပဒေ၏ သက်တမ်းသည် (၂၃၂) နှစ်ရှိပြီဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ သက်တမ်း (၂၃၂) နှစ်တွင် ဖွဲ့စည်းပုံကို ပြင်ဆင်ရန်ဆွေးနွေးသည့် အကြိမ်ပေါင်း (၃၃) ကြိမ်ရှိပြီး (၂၇) ကြိမ်ပြင်ဆင်နိုင်ခဲ့သည်။ ကျန်(၄) ကြိမ်မှာ ယခုထက်ထိ ပြင်ဆင်နိုင်ခြင်းမရှိသေးဘဲ မူရင်းအတိုင်းရှိနေပြီး (၂) ကြိမ်မှာ ပြင်ဆင်ရန်တင်ပြသောအဆို မအောင်မြင်ခဲ့သည် ကို တွေ့ရပါသည်။ ဖွဲ့စည်းပုံပြင်ဆင်သည့် အကြောင်းအရာများထဲတွင် ၁၇၈၉ ခုစက်တင်ဘာလ (၂၅) ရက်နေ့တွင် အဆို တင်သွင်းပြီး ၁၇၉၁ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် အတည်ပြုနိုင်ခဲ့သော နိုင်ငံသားတို့၏ အခြေခံအခွင့်အရေးနှင့် လွတ်လပ်ခွင့်ဆိုင်ရာ ပြင်ဆင်မှု (၁၀) ချက်မှာ ပထမဆုံးပြင်ဆင်ခဲ့သည့် အကြောင်းအရာများ ဖြစ်သည်။ ထိုပြင်ဆင်ချက် များကို အခွင့်အရေးဆိုင်ရာ ဥပဒေ ( The Bill of Rights) ဟု လူသိများခဲ့သည်။  နောက်ဆုံး ပြင်ဆင်ခဲ့သည့် ဥပဒေမှာ ကွန်ဂရက်လွှတ်တော်အမတ်များ၏ လစာတိုးမြှင့်ခြင်း သို့မဟုတ် လျှော့ချခြင်းတို့နှင့် ပတ်သက်သော ဥပဒေပြဋ္ဌာန်းမှု အခြေအနေကို တားမြစ်သည့် ပြင်ဆင်ချက်ဖြစ်သည်။ ၎င်းပြင်ဆင်ချက်ကို ၁၇၈၉ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့တွင် အဆိုတင်သွင်းဆွေးနွေးခဲ့ပြီး ၁၉၉၂ ခုနှစ် မေလ (၅) ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်း နိုင်ခဲ့သောကြောင့် ကြာမြင့်ချိန်ကာလ ၂၀၂ နှစ် နှင့် ၂၂၃ ရက်ကြာခဲ့သည်ကို တွေ့ရပါသည်။

၁၈၆၀ ခုနှစ်များတွင် ကျွန်စနစ်ဖျက်သိမ်းရေးနှင့်ပတ်သက်ပြီး အမေရိကန် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့ အငြင်းပွားကာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည်။ ၎င်းစစ်ပွဲတွင် မြောက်ပိုင်းမှ အနိုင်ရရှိခဲ့ပြီး အမေရိကန်နိုင်ငံတွင် ကျွန်စနစ်ကို တရားဝင် ဖျက်သိမ်းခဲ့သည်။ အမေရိကန်သည် သမ္မတစနစ်ကျင့်သုံးသောနိုင်ငံဖြစ်ပြီး သမ္မတကို သီးခြားရွေးကောက်တင်မြှောက်သော နိုင်ငံဖြစ်သည်။ သမ္မတသက်တမ်းသည် (၄) နှစ်ဖြစ်၍ အစိုးရအဖွဲ့ကို သမ္မတမှ စိတ်ကြိုက်ရွေးချယ်ပြီး ကွန်ဂရက်မှ အတည်ပြုပေးရသည်။ ဥပဒေပြုရေးတွင် လွှတ်တော် (၂) ရပ်စနစ်ကျင့်သုံးပြီး အထက်လွှတ်တော် (Senate) ကို ပြည်နယ် တစ်ခုစီအတွက် (၂) ဦးစီ အညီအမျှ ရွေးချယ်ခွင့် ရရှိသည်။ ကိုယ်စားလှယ်သက်တမ်းမှာ (၆) နှစ်ဖြစ်သည်။ အထက်လွှတ်တော် ရွေးကောက်ပွဲကို (၂) နှစ် တစ်ကြိမ် ပြုလုပ်၍ တစ်ကြိမ်လျှင် ကိုယ်စားလှယ် သုံးပုံတစ်ပုံကို ရွေးချယ်သောစနစ်ကို ကျင့်သုံးသည်။ အထက်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းမှာ (၁၀၀) ဦးဖြစ်ပြီး အောက်လွှတ်တော် (House of Representative) ကို လူဦးရေ အချိုးအစား အပေါ်မူတည်၍ ပြည်နယ်များတွင်ရွေးချယ်ပြီး ကိုယ်စားလှယ် စုစုပေါင်းမှာ (၄၃၅) ဦးဖြစ်ပါသည်။ အောက်လွှတ်တော် ရွေးကောက်ပွဲကို (၂) နှစ်တစ်ကြိမ် ကျင်းပသည်။ အောက်လွှတ်တော် အမတ်နေရာ အရေအတွက် ကို ပြည်နယ်အတွင်းရှိ လူဦးရေ ပေါ်တွင် မူတည်၍ ၁၀ နှစ်တစ်ကြိမ် ပြန်လည်ခွဲဝေ နေရာချထားလေ့ ရှိသည်။ တရားစီရင်ရေးတွင် တရာသူကြီးများကို သမ္မတမှရွေးချယ်၍ အထက်လွှတ်တော်မှ အတည်ပြုပေးသောစနစ်ကို ကျင့်သုံးသည်။ ရွေးချယ်ခံရသော တရားရုံးချုပ် တရားသူကြီးများကို သတ်မှတ်ထားသော ဥပဒေများအရ စွပ်စွဲပြစ်တင်ဖယ်ရှားခြင်းမှအပ သူတို့သည် ရာသက်ပန် တာဝန်ထမ်းဆောင်ခွင့် ရရှိသည်။ တရားရုံးချုပ်သည် ကွန်ဂရက်မှ ချမှတ်သော ဥပဒေများကို အခြေခံဥပဒေနှင့် မညီလျှင် ပယ်ချနိုင်ခွင့်ရှိသည်။

အမေရိကန်ဖွဲ့စည်းပုံသည် ကမ္ဘာပေါ်တွင် ပုဒ်မ အနည်းဆုံးပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံတစ်ခုဖြစ်သည်။ ဖွဲ့စည်းပုံတွင် အခန်း   (၇) ခန်းပါရှိ၍ ဖွဲ့စည်းပုံပြင်ဆင်ထားချက်များ ဖွဲ့စည်းပုံပြင်ဆင်ခြင်း ခေါင်းစဉ်ဖြင့် ပြင်ဆင်ဖြည့်စွက်မှုတစ်ခုချင်းစီကို ဖေါ်ပြထားပါသည်။

ဖွဲ့စည်းပုံနှင့်ပတ်သက်သောနိဒါန်း အပိုင်း၏ နောက်ပိုင်းတွင် –

အခန်း(၁) ဥပဒေပြုရေးဆိုင်ရာ

အခန်း(၂) အုပ်ချုပ်ရေးဆိုင်ရာ

အခန်း(၃) တရားစီရင်ရေးဆိုင်ရာ

အခန်း(၄) ပြည်နယ်များဆိုင်ရာပြဋ္ဌာန်းချက်

အခန်း(၅) ဖွဲ့စည်းပုံပြင်ဆင်ခြင်းဆိုင်ရာ

အခန်း(၆) ကြွေးမြီ နှင့် စာချုပ်စာတမ်းများ ဆိုင်ရာ

အခန်း(၇) ဖွဲ့စည်းပုံ အတည်ပြုနိုင်မှု အခြေအနေ

ပြင်ဆင်ချက်များ

အမေရိကန်ဖွဲ့စည်းပုံ  PDF

အမေရိကန်ပြည်နယ် များအမည် နှင့် စတင်ဖွဲ့စည်းသည့် ရက်စွဲ

စဉ် အမည် ရက်စွဲ စဉ် အမည် ရက်စွဲ
Delaware December 7, 1787 ၂၆ Michigan January 26, 1837
Pennsylvania December 12, 1787 ၂၇ Florida March 3, 1845
New Jersey December 18, 1787 ၂၈ Texas December 29, 1845
Georgia January 2, 1788 ၂၉ Iowa December 28, 1846
Connecticut January 9, 1788 ၃၀ Wisconsin May 29, 1848
Massachusetts February 6, 1788 ၃၁ California September 9, 1850
Maryland April 28, 1788 ၃၂ Minnesota May 11, 1858
South Carolina May 23, 1788 ၃၃ Oregon February 14, 1859
New Hampshire June 21, 1788 ၃၄ Kansas January 29, 1861
၁၀  Virginia June 25, 1788 ၃၅ West Virginia June 20, 1863
၁၁ New York July 26, 1788 ၃၆ Nevada October 31, 1864
၁၂ North Carolina November 21, 1789 ၃၇ Nebraska March 1, 1867
၁၃ Rhode Island May 29, 1790 ၃၈ Colorado August 1, 1876
၁၄ Vermont March 4, 1791 ၃၉ North Dakota November 2, 1889
၁၅ Kentucky June 1, 1792 ၄၀ South Dakota November 2, 1889
၁၆ Tennessee June 1, 1796 ၄၁ Montana November 8, 1889
၁၇ Ohio March 1, 1803 ၄၂ Washington November 11, 1889
၁၈ Louisiana April 30, 1812 ၄၃ Idaho July 3, 1890
၁၉ Indiana December 11, 1816 ၄၄ Wyoming July 10, 1890
၂၀ Mississippi December 10, 1817 ၄၅ Utah January 4, 1896
၂၁ Illinois December 3, 1818 ၄၆ Oklahoma November 16, 1907
၂၂ Alabama December 14, 1819 ၄၇ New Mexico January 6, 1912
၂၃ Maine March 15, 1820 ၄၈ Arizona February 14, 1912
၂၄ Missouri August 10, 1821 ၄၉ Alaska January 3, 1959
၂၅ Arkansas June 15, 1836 ၅၀ Hawaii August 21, 1959