အင်ဒိုနီးရှားနိုင်ငံသည် အရှေ့မှ အနောက်သို့ မိုင်ပေါင်း ၃၀၀၀ ခန့် ရှည်လျားပြီး ကျွန်းပေါင်း (၁၇၀၀၀) ကျော်ဖြင့် ဖွဲ့စည်း ထားသော နိုင်ငံတစ်ခုဖြစ်သည်။ ယခင်က ဒတ်ချ် လက်အောက်ခံ ကိုလိုနီ နိုင်ငံတစ်ခု ဖြစ်ပြီး ၁၉၄၂ ခုနှစ်တွင် ဂျပန်တို့၏ ကျူးကျော်မှုကို ခံခဲ့ရသည်။ ၁၉၄၅ ခုနှစ်တွင် ဂျပန်လက်အောက်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။ အင်ဒိုနီးရှား လွတ်လပ်ရေးကို ၁၉၄၅ ခုနှစ် ဩဂုတ်လ (၁၇) ရက် နေ့တွင် ဆူကာနိုနှင့် မိုဟာမက်ဟာတာတို့က ကြေငြာခဲ့ပြီး ဩဂုတ်လ (၁၈)ရက်နေ့တွင်အင်ဒိုနီးရှားနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေကိုကြေငြာခဲ့သည်။သို့သော်လည်း ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲ များကို မကျင်းပနိုင်ဘဲ ဒတ်ချ်နယ်ချဲ့စနစ် ပြန်လည် အသက်သွင်းလာသောကြောင့် လွတ်လပ်ရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရပြီး ၁၉၄၉ ခုနှစ် ဒီဇင်ဘာလတွင် နယ်သာလန် နိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံ၏ လွတ်လပ်ရေးကို အသိအမှတ်ပြုသောကြောင့် လွတ်လပ်ရေး ဆိုင်ရာ လှုပ်ရှားမှုများ ပြီးဆုံးသွားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် ပြည်နယ်ပေါင်း (၃၃) ပြည်နယ်ရှိပြီး လူဦးရေမှာ (၂၃၈) သန်းကျော်ရှိရာ ကမ္ဘာပေါ်တွင် စတုတ္ထမြောက်လူဦးရေ အများဆုံးနိုင်ငံဖြစ်သည်။ မြို့တော်မှာ ဂျကာတာ ဖြစ်သည်။ အင်ဒိုနီးရှားသမ္မတနိုင်ငံနှင့် ကုန်းမြေချင်းထိစပ်လျက်ရှိသော နိုင်ငံများမှာ ပါပူအာနယူးဂီနီ၊ အရှေ့တီမော နှင့် မလေးရှားနိုင်ငံတို့ဖြစ်သည်။ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ဩစတြေးလျ နိုင်ငံတို့သည်လည်း နယ်နမိတ်ချင်း ထိစပ်နေသော နိုင်ငံများဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် အာစီယံ အဖွဲ့ စတင်ဖွဲ့စည်းသည့် နိုင်ငံထဲတွင် ပါဝင်သည်။ အင်ဒိုနီးရှားနိုင်ငံသည် မတူညီသော လူမျိုးစု၊ ဘာသာစကား၊ ဘာသာရေး အဖွဲ့ များရှိသောနိုင်င့တစ်ခုဖြစ်သည်။ ဂျာဗားလူမျိုးများသည် အင်အားအများဆုံးလူမျိုးစုဖြစ်ပြီး နိုင်ငံရေးတွင်လည်း လွှမ်းမိုးထားသည်။ ကမ္ဘာပေါ်တွင် အစ္စလမ် ဘာသာကိုးကွယ်သူ အများဆုံးနိုင်ငံတစ်ခုဖြစ်ပြီး လူဦးရေ၏ ၈၇.၁၈% သည် အစ္စလမ်ဘာသာဝင်များဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံသည် တစ်ပြည်ထောင်စနစ် ကျင့်သုံးသောနိုင်ငံဖြစ်ပြီး ဥပဒေပြု အခန်းကဏ္ဍတွင် လွှတ်တော် (၂) ရပ်ထားရှိ ပါသည်။ ပြည်သူ့လွှတ်တော်(House of Representatives)နှင့် ဒေသဆိုင်ရာ ကိုယ်စားလှယ်များကောင်စီ (Council of Representative of the Region) တို့ဖြစ်သည်။ သက်တမ်းမှာ (၅) နှစ်ဖြစ်သည်။ အုပ်ချုပ်ရေးကဏ္ဍတွင် သမ္မတသည် နိုင်ငံတော် အကြီးအကဲ ဖြစ်သလိုအုပ်ချုပ်ရေးအဖွဲ့၏ အကြီးအကဲလည်း ဖြစ်သည်။ သမ္မတနှင့် ဒုတိယသမ္မတ တို့ကို ပြည်သူ လူထုမှ တိုက်ရိုက် ရွေးကောက်တင်မြှောက်ပြီး သက်တမ်းမှာ (၅) နှစ်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတသည် အင်ဒိုနီးရှား နိုင်ငံ၏ ကြည်း၊ ရေ၊ လေ တပ်အားလုံး၏ စစ်သေနာပတိဖြစ်သည်။ တရားစီရင်ရေးကဏ္ဍတွင် တရားလွှတ်တော်ချုပ်၊ လက်အောက်ခံပြည်သူ့တရားရုံး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံး၊ ဘာသာရေးဆိုင်ရာတရားရုံး နှင့် စီမံခန့်ခွဲမှု ဆိုင်ရာတရားရုံးများကို သီးခြားဖွဲ့စည်းထားသည်ကို တွေ့ရသည်။
အင်ဒိုနီးရှားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ သမိုင်းကြောင်းကို လေ့လာကြည်လျှင် ၁၉၄၅ ခုနှစ် ဩဂုတ်လ (၁၈) ရက် နေ့တွင် အင် ဒိုနီးရှားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပထမဆုံး စတင်အတည်ပြု ကြေငြာခဲ့ကြောင်းတွေ့ရှိရသည်။ ၎င်းဖွဲ့စည်းပုံကို ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် ဖက်ဒရယ်ဖွဲ့စည်းပုံနှင့် အစားထိုးခဲ့သည်။ ၎င်းအစားထိုးခဲ့သော ဖက်ဒရယ် ဖွဲ့စည်းပုံကို ၁၉၅၀၊ သြဂုတ်လ ၁၇ ရက်နေ့တွင်ယာယီဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ထပ်မံအစားထိုးခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ပြည်သူ့ကိုယ်စားလှယ်များကောင်စီကို ရွေးကောက်ကျင်းပ၍ ရွေးချယ်ပြီး ရွေးကောက်ခံ ကိုယ်စားလှယ်များကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ်ရေးဆွဲရေး ညီလာခံကိုယ်စားလှယ်များအဖြစ် သတ်မှတ်၍ ညီလာခံကျင်းပခဲ့သည်။ ၎င်းညီလာခံတွင် အမျိုးသားရေးဝါဒီများနှင့် အစ္စလမ်ဘာသာရေးဝါဒီများအကြား အငြင်းပွားမှု အမြောက်အများဖြစ်ပေါ်ခဲ့ပြီး ဖွဲ့စည်းပုံရေးဆွဲမှု လုပ်ငန်းစဉ်မှာ ရှေ့ကိုမရောက်ဘဲရှိခဲ့သည်။ သမ္မတဆူကာနိုမှ ထိုအခြေအနေကို ကျော်လွှားရန်အတွက် ၁၉၄၅ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ကျင့်သုံးရန် စစ်တပ်၏ ထောက်ခံမှုနှင့် အဆိုပြုခဲ့သည်။ ၎င်းအဆိုကို လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်သည့် အချိန်တွင် အတည်ပြုရန် လိုအပ်သောမဲအရေအတွက် သုံးပုံ နှစ်ပုံကို မရရှိခဲ့ပါ။ သို့သော်လည်း ၁၉၅၉ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် သမ္မတဆူကာနိုက အစည်းအဝေးအားဖျက်သိမ်းပြီး ၁၉၄၅ ဖွဲ့စည်းပုံ အခြေခံဥပဒေသို့ ပြန်ကျင့်သုံးရန် အမိန့် ထုတ်ပြန်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် သမ္မတ ဆူကာနိုထံမှ ဗိုလ်ချုပ်ကြီး ဆူဟာတိုက အာဏာသိမ်းယူခဲ့ပြီး ၃၁ နှစ်ကျော် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။
အင်ဒိုနီးရှားဖွဲ့စည်းပုံအခြေခံဥပဒေကို (၄) ကြိမ်ပြင်ဆင်ခဲ့ပြီး နောက်ဆုံးပြင်ဆင်သည့် အချိန်မှာ ၂၀၀၂ ခုနှစ် ဩဂုတ်လ (၁၁) ရက်နေ့ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံကို အုပ်ချုပ်ခဲ့သော သမ္မတများနှင့် သူတို့၏ သက်တမ်းများမှာ
စဉ် | အမည် | စတင်အာဏာရသည့်နေ့ | အာဏာစွန့်သည့်နေ့ | ကြာမြင့်ချိန် |
၁ | ဆူကာနို (Sukarno) (1901 – 1970) | ၁၈.၀၈.၁၉၄၅ | ၁၂.၀၃.၁၉၆၇ | ၂၁ နှစ်၂၀၆ ရက် |
၂။ | ဆူဟာတို (Suharto) (1921 – (2008) | ၁၂.၀၃.၁၉၆၂၂ | ၂၁.၀၅.၁၉၉၈ | ၃၁ နှစ်၇၀ ရက် |
၃။ | ဘီဂျေဟာဗီဗီး (B.J. Habibie) (1936 – 2019) | ၂၁.၀၅.၁၉၉၈ | ၂၀.၁၀.၁၉၉၉ | ၁ နှစ် ၁၅၂ ရက် |
၄။ | အဒူရာမန်ဝါဟစ် (Abdurrahman Wahid) (1940 – 2009) | ၂၀.၁၀.၁၉၉၉ | ၂၃.၀၇.၂၀၀၁ | ၁ နှစ် ၂၇၆ ရက် |
၅။ | မီကာဝတီဆူကာနိုပူထရီ (Megawati Sukarnoputri) (1947) | ၂၃.၀၇.၂၀၀၁ | ၂၀.၁၀.၂၀၀၄ | ၃ နှစ် ၈၉ ရက် |
၆။ | ဆူဆီလိုဘမ်ဘမ်းယူဒီယိုနို (Susilo Bambang Yudhoyono) (1949) | ၂၀.၁၀.၂၀၀၄ | ၂၀.၁၀.၂၀၁၄ | ၁၀ နှစ် |
၇။ | ဂျိုကိုဝီဒိုဒို (Joko Widodo) (1961) | ၂၀.၁၀.၂၀၁၄ | ယနေ့အချိန်အထိ |