အကာကွယ်မဲ့နေသော လူမှုဘဝများ

ဖေဖော်ဝါရီ တစ်ရက်နေ့ကတည်းက သတင်းဆိုးတွေကို တစ်နေ့တစ်မျိုး ကြားနေရသည်။ နာကျင်ခံ ခက်လွန်၍ ဖြေစရာကားမရှိ။ မြန်မာ့လူ့အဖွဲ့အစည်းမှာလည်း ခိုကိုးရာမဲ့ ဖြစ်နေ၏။ အာဏာသိမ်း စစ်ကောင်စီ၏ ရမ်းကားရက်စက်မှုကို လူမျိုးဘာသာမရွေး အရွယ်သုံးပါးမရွေး လည်စင်းခံနေရရှာသည်။

လူအခွင့်အရေးကို ဂရုမစိုက်ခြင်း စစ်ရာဇဝတ်မြောက်ခြင်းများကို ပြောင်ပြောင်တင်းတင်းပင်  နေရာစုံ မှာ ချိုးဖောက်ခံနေရသည်။ စစ်တလင်းဒေသများ တိုးလာနေသည်။ ချင်းပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် သာလွန်သော စစ်အင်အား၊ လက်နက်ကြီးများနှင့် လူမျိုးတုန်းသတ်ဖြတ်တော့မယောင် အကြီးအကျယ် နှိမ်နင်းနေ၏။ ထိုမျှမက စစ်နှင့်ဝေးသော  အထက်အညာဒေသရှိ မြို့များ၊ ရွာများမှာ လိုက်အနိုင်ကျင့်ခံရပြီး အားလုံးသည် အိုးအိမ်စွန့်ခွာပြီး လွတ်ရာသို့ ပုန်းရှောင်နေရသည်။

မိုးဥတုကလည်း ဝင်ရောက်နေပြီ။ မေလ ၃၀ ရက်နေ့ သတင်းတစ်ပုဒ်မှာတော့ တန့်ဆည်မြို့နယ် အတွင်းရှိ ကာပေါင်းကျကျေးရွာသို့ စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာကြသည်။ ရွာသားများ မှာ ကြောက်လန့်ပြီး မိုးထဲရေထဲ ထွက်ပြေးကြသည်။ နောက်မှ လိုက်လံပစ်ခတ်ပြီး နာတာရှည် လေဖြတ်ရောဂါသည် အပါအဝင် ရွာသားသုံးဦး ဖမ်းဆီးခံရသည်။ ရွာသားတစ်ဦး၏ ပြောဆိုချက်အရ “ဘာကိစ္စကြောင့် ဝင်လာမှန်း မသိဘူး။ ဒါနဲ့ဆို သုံးကြိမ်ရှိသွားပြီ။ ရွာသားတွေ မတွေ့ရင် အိမ်တွေကို ဖျက်၊ ပစ္စည်းတွေ၊ ဆန်ဆီတွေ ယူကြသလို ကြက်ဝက်နွားတွေလည်း ယူတာပဲ” လို့ ပြောဆိုထား၏ ။

မြို့နယ်လူထုလည်း အကာကွယ်မဲ့နေသလို ကျေးလက်ဒေသမှာလည်း စစ်သားအရိပ်တွေ့တာနှင့် ကြောက်နေရသည်။ ပိုဆိုးတာကတော့ အရွယ်မရောက်သေးသည့် ကလေးသူငယ်များ၏ လုံခြုံရေးပင် ဖြစ်သည်။ စစ်ကောင်စီ၏ မဲမဲမြင်ရာ ပစ်ခတ်မှုကြောင့် ရောဂါသည် အပါအဝင် ကလေးသူငယ်များ အသက်ဆုံးရှုံးရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ မေလ ၂၆ ရက် ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁၅ ရက်မှ မေ ၁၅ ရက် အထိ ၁၈ နှစ်အောက်ကလေးငယ် ၇၃ ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု သိရ၏။ မြေပြင်တွင် ဒီထက်မက ရှိနိုင်သည်။ NUG ကိုယ်တိုင်ကလည်း ဝန်ခံထား၏။ တစ်မြို့လုံးကို ပစ်မှတ်ထား ဖိနှိပ်တိုက်ခိုက်ခဲ့တဲ့ မင်းတပ်၊ ကနီ၊ ဒီမောဆိုး ဒေသမှ သေဆုံးစာရင်း မပါဝင်သေးဟု ဆိုသည်။

ယူနီဆက်လို နိုင်ငံတကာအဖွဲ့စည်းများက အရွယ်မရောက်သေးသူများ ထိခိုက်သေဆုံးမှုနှင့် ပတ်သက် ပြီး ကန့်ကွက်ရှုတ်ချ တားမြစ်နေသော်လည်း စစ်ကောင်စီက ဂရုစိုက်လိုက်နာခြင်းမရှိခဲ့ချေ။ အချို့သော အရွယ်မရောက်သေးသောသူများမှာ လမ်းမများပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြရင်း သေနတ်ထိမှန်၍ တစ်မျိုး ရိုက်နှက်ခံရ၍ တစ်ဖုံ သေဆုံးခဲ့ရသည်။ လမ်းမပေါ်မထွက်ဘဲ အိမ်အတွင်းနေထိုင်သော ကလေး သူငယ်များမှာလည်း နေအိမ်တွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးရသည်။ ဆန္ဒပြခြင်းနှင့် မပတ်သက်သော်လည်း အိမ်ပြင်ထွက်ပြီး ဆော့ကစားနေသော ကလေးသူငယ်များမှာလည်း စစ်ကောင်စီဝင်များ၏  ကျည်ဆန်သင့်ပြီး အသက်ဆုံးရှုံးရသည်။

မေလ၂၅ ရက် သတင်းတစ်ပုဒ်မှာလည်း စစ်ဖြစ်နေသော ကချင်ဒေသတွင် ၁၃ အရွယ် ကလေးတစ်ဦး လက်နက်ကြီး ထိမှန်ပြီး သေဆုံးရသည်ဟု ဆို၏။ ကလေးသူငယ်များ၏ အသက်လုံခြုံရေးကို မည်သူမျှ အကာကွယ် မပေးနိုင်ကြပေ။ အရပ်ဒေသ အသီးသီးမှာ ကလေးသူငယ်များအဖို့ လုံခြုံမှု မရှိနိုင်ခဲ့ပေ။

မေလ ၂၇ ရက်တွင် ဖြစ်ပျက်ခဲ့သော ရန်ကုန် သာကေတမှ ရင်နင့်စရာ သတင်းတစ်ပုဒ်ကို ပြောပြချင် ပါသည်။ မောင်ရဲလင်းထွန်း ဆိုသည်မှာ မေ ၂၅ ရက် မနက်ပိုင်းမှာ ပစ်သတ်ခံရသည်။ ပစ်သတ်ပြီးမှ စစ်ကောင်စီဝင်များက အိမ်ကို ဝင်ရောက်ရှာဖွေကြသည်။ အိမ်သို့ရောက်သောအခါမှ စိတ်ဝေဒနာရှင် ဖြစ်နေမှန်း သိကြတော့သည်။ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ ကိုရဲလင်းထွန်းမှာ စစ်ကောင်စီဝင်များကို တိုက်ခိုက်ရန်အတွက် ဓားနှင့် ဗုံးများ ယူဆောင်လာခြင်းကြောင့် ပစ်ခတ်ခြင်း ဖြစ်ကြောင်း မမှန်သတင်းလွှင့်သည်။ စိတ်ဝေဒနာရှင် ဖြစ်နေခြင်းကို တစ်ရပ်ကွက်လုံးက သိနေကြသလို ဓားတို့၊ ဗုံးတို့ဖြင့် တိုက်ခိုက်ဖို့ ကြိုးစားခြင်းမှာလည်း မဖြစ်နိုင်ကြောင်းကို သိနေကြသည်။ မိဘဆွေမျိုး များနှင့်အတူ တစ်ရပ်ကွက်လုံးက ကိုရဲလင်းထွန်း သေဆုံးခြင်းအတွက် ယူကြုံးမရဖြစ်ရုံမှတစ်ပါး ဘာမှ တတ်နိုင်စွမ်း မရှိကြပေ။ အားလုံးက စစ်ကောင်စီဝင်များ လုပ်သမျှကို ခေါင်းငုံ့ခံပြီး အသံတိတ်နေ ကြရသည်။

အရွယ်မရောက်သေးသူများကို ကင်းလွတ်ခွင်ပြုသင့်သည်။ ပစ်မှတ်မထားသင့်ပေ။ ထို့အတူ ရောဂါသည် များကိုလည်း လက်ရှောင်သင့်သည်။ နိုင်ငံတကာ အဖွဲ့စည်းတွေက ဘယ်လိုတားတား စစ်ကောင်စီ အဖို့ အာဏာတည်မြဲရေးကလွဲပြီး ဘယ်သူ့ကိုမျှ ဂရုစိုက်ခြင်း မရှိပေ။ ကြမ်းချင်ကြမ်းပြီး လူသားဆန်မှု ကင်းမဲ့နေသော စစ်ကောင်စီ၏ အပြုအမူများမှာ သွေးဆာနေသော မိစ္ဆာတွေလို ဖြစ်နေကြသည်။ မြန်မာ့လူ့အဖွဲ့စည်းမှာလည်း ငရဲခန်းများကို ဆက်လက်ဖြတ်သန်းနေရဦးမှာ ဖြစ်သည်။

                (လက်ရုံးညီ)