ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်တွင် ဥပဒေဒီဂရီအမြင့်မားဆုံးသော ဥပဒေကြီး (Supreme Law of the Land)ဖြစ်ရုံမျှမက နိုင်ငံတွင်းရှိ ဥပဒေအားလုံး၏ အခြေခံဥပဒေလည်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို Basic Law ဟူ၍လည်းကောင်း၊ State Law ဟူ၍လည်းကောင်း အတိုချုပ်အားဖြင့် ခေါ်ဆိုကြပါ သည်။ မြန်မာ့ဥပဒေပညာရှင် ဒေါက်တာမောင်မောင်က “အခြေခံဥပဒေဆိုသည်မှာ နိုင်ငံတော်၏ အခြေခံသဘောတရား၊ သဘောတရားများနှင့် နိုင်ငံတော်အာဏာကို ခွဲဝေသုံးစွဲရန် အဖွဲ့အစည်းများ တည်ထောင်ပုံ၊ ဆက်သွယ်ကြပုံကို ဥပဒေ စကားလုံးများဖြင့် ရုပ်လုံးဖော် ဖွင့်ဆိုထားခြင်းဖြစ်သည်” ဟူ၍လည်းကောင်း၊ အစိုးရနှင့် ပြည်သူကြား သဘောတူညီမှုအရ ချုပ်ဆိုထားသော ပဋိညာဉ်စာချုပ်စာတမ်း ဖြစ်သည်ဟူ၍လည်းကောင်း ဆိုခဲ့ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို C.F Strong ကလည်း “နိုင်ငံအား မည်သို့သော ဌာနများဖြင့် ဖွဲ့စည်းမည်၊ ယင်းဌာနများကို မည်သည့်အာဏာများ အပ်နှင်းမည်၊ ယင်းဌာနများက မိမိတို့ဌာနအား အပ်နှင်းထားသော အာဏာကို မည်သည့်စည်းကမ်း များဖြင့် မည်သို့ကျင့်သုံးမည် စသည်တို့ကို ပြဌာန်းထားသော ဥပဒေဖြစ်သည်” ဟု ဆိုခဲ့သည်။
ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကို –
(၁)နိုင်ငံတော်က နိုင်ငံသားများအတွက် ပြဌာန်းပေးသင့်ပါသလား။
(၂)နိုင်ငံတော်ကို အုပ်ချုပ်သူအာဏာပိုင်များနှင့် နိုင်ငံသားတို့ နှစ်ဖက်ညှိနှိုင်း ရေးဆွဲသင့်ပါသလား။
(၃)နိုင်ငံသားအားလုံး သဘောဆန္ဒနှင့်အညီ ရေးဆွဲပြဌာန်းခြင်း ဖြစ်သင့်ပါသလား။ ဆိုသည်ကိုလည်းကောင်း၊ မည်သို့ မည်ပုံ စီရင်ရေးသားခြင်းက အကောင်းဆုံးဖြစ်သည်ကိုလည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်၏ အခြေခံအကျဆုံး အဆင့်အဖြစ် တွေးတောဆင်ခြင်သင့်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို လေ့လာသည့်အခါ ရှေးခေတ်အယူအဆများတွင် နိုင်ငံသားတို့၏ အခြေခံအခွင့်အရေးနှင့် ဆက်စပ်မှုရှိကြောင်း ဖွင့်ဆိုချက်များကို မတွေ့ရပါ။ ပြည်သူ (နိုင်ငံသား) တို့၏ အခွင့်အရေးကို အုပ်ချုပ်သူအာဏာပိုင်တို့က ထိပါးနေကြသည်ကို မခံနိုင်၍ တော်လှန်ရေးများ ပေါ်ပေါက်လာရာမှ ဖွဲ့စည်းပုံအခြေခံ သဘောတရား တဖြည်းဖြည်းရှေ့တန်းရောက်ရှိလာသည်ကို တွေ့ရပါသည်။
နိုင်ငံသားတို့၏ အခွင့်အရေးဆိုရာတွင် –
(၁)နိုင်ငံသားဖြစ်မှု အခွင့်အရေး
(၂)တန်းတူညီမျှမှု အခွင့်အရေး
(၃)လွတ်လပ်မှု အခွင့်အရေး
(၄)ဘာသာရေး လွတ်လပ်ခွင့် အခွင့်အရေး
(၅)ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ အခွင့်အရေး
(၆)စီးပွားရေးနှင့် သက်မွေးဝမ်းကြောင်းမှုဆိုင်ရာ အခွင့်အရေး
(၇)ပြစ်မှုကြောင်းအရ အရေးယူခံရမှုဆိုင်ရာ အခွင့်အရေး
(၈)ဖွဲ့စည်းပုံအခြေခံဥပဒေကို အကာအကွယ်ရယူခွင့်ဆိုင်ရာ အခွင့်အရေးဟူ၍ အများအပြားရှိပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသည် — နိုင်ငံသားတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ပြဌာန်းထားသော ဥပဒေဖြစ်သလား (သို့မဟုတ်)- နိုင်ငံကို အုပ်ချုပ်သူ၏ အကျိုးစီးပွားကို ကာကွယ်ရန် ပြဌာန်းထားသော ဥပဒေဖြစ်သလား ဟူ၍ အထူးစဉ်းစား ဆင်ခြင်သင့်သည့် အချက်ဖြစ်ပါသည်။
မျက်မှောက်ခေတ် အခြေခံဥပဒေများတွင် နိုင်ငံသားတို့၏ အခြေခံအခွင့်အရေးများယူသော ခေါင်းစဉ်ဖြင့် အခန်းတစ်ခန်း သတ်မှတ်၍ ရေးသားပြဌာန်းထားကြသည်ကို တွေ့နိုင်ပေသည်။
သို့သော် အမှန်တကယ် ပြည်သူ(နိုင်ငံသား)များကို ပေးအပ်သော အခွင့်အရေးလား (သို့မဟုတ်) ဟန်ပြအခွင့်အရေးလား စသဖြင့် စီစစ်သုံးသပ်သင့်သည်။
မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၈) ပါ နိုင်ငံသားတို့၏ အခွင့်အရေးများကို လေ့လာကြည့်မည်ဆိုပါက –
ပုဒ်မ (၃၅၄) တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး (သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲဆောင်ရွက်ခွင့်ရှိသည်။
(က) မိမိယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်
(ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်
(ဂ) အသင်းအဖွဲ့ (သို့မဟုတ်) အစည်းအရုံးများ ဖွဲ့စည်းတည်ဆောက်ခွင့်
(ဃ) တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့် တစ်မျိုး (သို့မဟုတ်) တိုင်းရင်းသား အချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ၊ သာသနာကိုလည်းကောင်း၊ ထိခိုက်နစ်နာမှုမရှိစေဘဲ၊ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ထုံးထမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ဟူ၍ ပြဌာန်းထားသော်လည်း
ပုဒ်မ (၃၈၂) တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (သို့မဟုတ်) ငြိမ်ဝပ်ပိပြားရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်ရသော တပ်ဖွဲ့ဝင်များအား ယင်းတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးနှင့် စည်းကမ်းသေဝပ်မှုများ ရှိစေရေး တို့အတွက် ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးများအနက် ကန့်သတ်ရန် (သို့မဟုတ်) ဖျက်သိမ်းရန် လိုအပ်သော အခွင့်အရေးများကို ဥပဒေပြဌာန်း၍ ကန့်သတ်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း ပြုရမည်ဟူ၍ နိုင်ငံသားတို့၏ လွတ်လပ်မှု အခွင့်အရေးကို အတိအလင်း ကန့်သတ်တားမြစ်ထားပါသည်။
ထို့အတူ ပုဒ်မ (၃၅၅) တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မည်သည့်အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိကြောင်း ပြဌာန်းထားသော်လည်း အထူးဥပဒေများ ပြဌာန်း၍ နိုင်ငံသားတို့၏ လွတ်လပ်မှု အခွင့်အရေးကို ချုပ်ကိုင်ကြလေသည်။
ယခုမျက်မှောက်ကာလတွင် ညအချိန် ပြည်သူတို့၏ နေအိမ်များသို့ ဖျက်ဆီးမှုများပြုလုပ်၍ ဝင်ရောက်စစ်ဆေးခြင်း၊ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ်ဆောင်ခြင်း စသည်ဖြင့် လူ့အခွင့်အရေး ဆုံးရှုံးမှုများ ဖြစ်ပေါ်နေပါသည်။ နိုင်ငံသားများ အနေဖြင့် မတရားဖမ်းဆီးချုပ်နှောင်မှုများကို ကြုံတွေ့နေရပြီး ပုဒ်မ (၃၇၃) တွင် ပြစ်မှုကျူးလွန်သူ မည်သူ့ကိုမဆို ယင်းပြစ်မှု ကျူးလွန်သည့်အချိန်က အတည်ဖြစ်လျက်ရှိသော သက်ဆိုင်ရာ ဥပဒေအရသာ ပြစ်မှုထင်ရှားစီရင်ရမည်။ ထို့အပြင် ယင်းဥပဒေအရ ချမှတ်နိုင်သော ပြစ်ဒဏ်ထက်ပို၍ ချမှတ်ခြင်းမပြုရဟူ၍ ပြဌာန်းထားသော်လည်း ယခုလက်ရှိအချိန်တွင် မိမိတို့၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်၍ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ခဲ့ကြသော ပြည်သူ(နိုင်ငံသား)များကို လက်ရှိအတည်ဖြစ်လျက်ရှိသော ဥပဒေပြဌာန်းချက်များကို ကျော်လွန်၍ ပြင်းထန်သော အပြစ်ဒဏ်ကို ချမှတ်ရန် အကြံဖြင့် ဥပဒေများကို ပြင်ဆင်ပြဌာန်း၍ တရားစွဲဆိုခဲ့ပါသည်။
ပုဒ်မ (၃၅၁) တွင် မိခင်များ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် ဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးများကို အညီအမျှ ခံစားခွင့်ရှိစေရမည်ဟု ပြဌာန်းထားသော်လည်း ယခုလက်ရှိ အခြေအနေတွင် ထိခိုက်နစ်နာမှု အများဆုံးနှင့် လုံခြုံမှုမရှိသော သူများဖြစ်ကြပြီး ဥပဒေ၏ အကာအကွယ်ရရှိခြင်း မရှိကြောင်း မြင်သာနေ ပါသည်။
သို့ဖြစ်၍ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၈) ပါ နိုင်ငံသားများ၏ အခွင့်အရေးများသည် နိုင်ငံသားများ၏ အကျိုးစီးပွားကို အမှန်တကယ်လိုလား၍ ကာကွယ်ရန် ပြဌာန်းထားခြင်းမဟုတ်ကြောင်းမြင်သာနေသောကြောင့် နိုင်ငံသား များ၏ အကျိုးစီးပွားကို ကာကွယ်သော ခိုင်မာသည့် ဥပဒေပြဌာန်းချက်များဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တစ်ရပ် ပေါ်ပေါက်ရန် အထူးလိုအပ်လျက်ရှိပါသည်။
ဆွေဆွေ