ထိုင်းနိုင်ငံဖွဲ့စည်းပုံသမိုင်း အကျဉ်း

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် ကိုလိုနီဘဝကို မရောက်ခဲ့သော တစ်ခုတည်းသော နိုင်ငံဖြစ်သည်။ ၁၉၃၂ ခုနှစ်တွင် သက်ဦးဆံပိုင် ဘုရင်စနစ်မှနေ၍ စည်းမျဉ်းခံဘုရင်စနစ်သို့ ပြောင်းလဲ၍ ဒီမိုကရက်တစ် ဖွဲ့စည်းပုံအခြေခံဖြင့် အစိုးရကို ဖွဲ့စည်းတည်ဆောက်သော နိုင်ငံတစ်ခုဖြစ်သည်။  ၁၉၄၇ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးနောက်  နိုင်ငံအမည်ကို Siam မှ Thailand  သို့ ပြောင်းလဲ သတ်မှတ်ခဲ့ပြီး ၁၉၄၉ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ကို ကြေညာခဲ့သည်။ ထိုင်းနိုင်ငံသည် စစ်တပ်မှ မကြာခဏ အာဏာသိမ်းခြင်းနှင့်အတူ ဖွဲ့စည်းပုံအခြေခံဥပဒေများလည်း မကြာခဏပြောင်းလဲသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ၁၉၃၂ ခုနှစ် မှ ယခု နောက်ဆုံး ပြဋ္ဌာန်း သော ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအထိ  ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် ပဋိညာဉ် စာတမ်း စုစုပေါင်း (၂၀) အထိရှိသော နိုင်ငံဖြစ်သည်။

ထိုင်းနိုင်ငံသည် တစ်ပြည်ထောင်စနစ် ကျင့်သုံးသောနိုင်ငံတစ်ခုဖြစ်ပြီး ဘုရင်သည် နိုင်ငံတော်၏ အကြီးအကဲဖြစ်သည်။ ထိုင်းနိုင်ငံ၏ အုပ်ချုပ်ရေးအာဏာကို ဝန်ကြီးများကောင်စီက ဆောင်ရွက်ပြီး အစိုးရအဖွဲ့၏ အကြီးအကဲသည် ဝန်ကြီးချုပ် ဖြစ်သည်။ ဥပဒေပြုရေးကဏ္ဍတွင် လွှတ်တော် နှစ်ရပ်ထားရှိပါသည်။ တရားစီရင်ရေး အာဏာကို တရားလွှတ်တော်ချုပ်၊ လုပ်ငန်းဆိုင်ရာတရားလွှတ်တော်ချုပ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံး၊ စစ်တရားရုံးများကိုလည်း သီးခြားဖွဲ့စည်း တာဝန်ပေးထား ပါသည်။ထိုင်းနိုင်ငံ၏ နိုင်ငံတော်အုပ်ချုပ်ရေး အတွက် ပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံနှင့် ပဋိညာဉ် ( Constitution and Charter) များကို နှစ်အလိုက်ဖေါ်ပြရမည်ဆိုလျှင်

  1. Temporary Charter for the Administration of Siam Act 1932
  2. Constitution of the Kingdom of Siam 1932
  3. Constitution of the Kingdom of Thailand 1946
  4. Constitution of the Kingdom of Thailand (Interim) 1947
  5. Constitution of the Kingdom of Thailand 1949
  6. Constitution of the Kingdom of Thailand 1932 (Revised 1952)
  7. Charter for the Administration of the Kingdom 1959
  8. Constitution of the Kingdom of Thailand 1968
  9. Interim Charter for Administration of the Kingdom 1972
  10. Constitution for the Administration of the Kingdom 1974
  11. Constitution for Administration of the Kingdom 1976
  12. Charter for Administration of the Kingdom 1977
  13. Constitution of the Kingdom of Thailand 1978
  14. Charter for Administration of the Kingdom 1991
  15. Constitution of the Kingdom of Thailand 1991
  16. Constitution of the Kingdom of Thailand 1997
  17. Constitution of the Kingdom of Thailand (Interim) 2006
  18. Constitution of the Kingdom of Thailand 2007
  19. Constitution of the Kingdom of Thailand (Interim) 2014
  20. Constitution of the Kingdom of Thailand 2017

၂၀၁၄ ခုနှစ် မေလ (၂၂) ရက်နေ့တွင် ထိုင်းစစ်တပ်မှ အာဏာသိမ်းယူပြီးနောက် အမျိုးသားငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှုကောင်စီ(The National Council for Peace and Order) ကို ဖွဲ့စည်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ခုကို ရေးဆွဲကာ ၂၀၁၆ခုနှစ် မတ်လ (၂၉) ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ကြေညာခဲ့သည်။ ၂၀၁၆ ခုနှစ် ဩဂုတ်လ (၇) ရက်နေ့တွင် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ပြီး အတည်ပြုခဲ့သည်။ ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေသည် ပုဒ်မပေါင်း (၂၇၉) ခုပါဝင်သည်။

ဥပဒေပြုလွှတ်တော် (၂) ရပ်ထားရှိသည်။ အထက်လွှတ်တော် ဆီးနိတ်တွင် ကိုယ်စားလှယ် (၂၅၀) ဦး ရှိပြီး အသိပညာရှင်၊ အတတ်ပညာရှင် အပါအဝင် လူတန်းစားအသီးသီးမှ ကိုယ်စားလှယ်များကို ခန့်အပ်သည့်စနစ် ကျင့်သုံးပါသည်။ အောက်လွှတ်တော်တွင် ကိုယ်စားလှယ်စုစုပေါင်း (၅၀၀) ဦးရှိပြီး ၎င်းတို့အနက် ကိုယ်စားလှယ် (၃၅၀) ဦးကို မဲဆန္ဒနယ် တစ်နယ်ချင်းစီ သတ်မှတ်၍ နိုင်သူအကုန်ယူစနစ် (FPTP) ဖြင့်ရွေးချယ်သည်။ ကျန် ကိုယ်စားလှယ် (၁၅၀) ဦးကို အချိုးကျ ကိုယ်စားပြုစနစ် (Party List) ဖြင့် ရွေးချယ်သည်။ လွှတ်တော်သက်တမ်းသည် (၄) နှစ်ဖြစ်သည်။

ထိုင်းနိုင်ငံသည် ဝန်ကြီးချုပ်စနစ် အုပ်ချုပ်ရေးကို ကျင့်သုံးသောနိုင်ငံတစ်ခုဖြစ်သည်။ အောက်လွှတ်တော် ကိုယ်စားလှယ် များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၅၉) အရ နိုင်ငံရေးပါတီများမှ တင်ပြလာသော သူတစ်ဦးဦးကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်အတည်ပြုပေးသည်။ ထိုင်းဘုရင်မင်းမြတ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၅၈) အရ ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်နှင့်  ၃၅ ဦးထက်မပိုသော ဝန်ကြီးများကို ခန့်အပ်အတည်ပြုပေးရသည်။ ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ် သည် သက်တမ်း (၂) ကြိမ် (၈) နှစ်အများဆုံး သာ တာဝန်ထမ်းဆောင်ခွင့်ရှိသည်။

ထိုင်းဘုရင်မင်းမြတ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၉၀) အရ တရားသူကြီးများကို အတည်ပြုခန့်အပ်ပေးရသည်။ ထိုင်းနိုင်ငံ၏ တရားစီရင်ရေးစနစ်တွင် တရားလွှတ်တော်ချုပ်၊ စီမံအုပ်ချုပ်မှုလုပ်ငန်းဆိုင်ရာတရားလွှတ်တော်ချုပ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ တရားရုံး၊ စစ်တရားရုံးများဟူ၍ ခွဲခြားထားသည်။ တရားလွှတ်တော်ချုပ်တရားသူကြီးများကို တရားရေး ကော်မရှင်မှ ရွေးချယ်ပြီး ဘုရင်မှ အတည်ပြုပေးရသည်။ တရားသူကြီးများ၏သက်တမ်းကို ဘုရင်မှ ဆုံးဖြတ်ပေးသည်ကို တွေ့ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး တရားသူကြီးများအဖြစ် တရားလွှတ်တော်မှ (၃) ဦး၊ စီမံအုပ်ချုပ်မှု လုပ်ငန်းဆိုင်ရာ တရားလွှတ်တော်ချုပ်မှ (၂) ဦး၊ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး တရားသူကြီးများ ရွေးချယ်ရေး ကော်မတီမှ (၄) ဦး ရွေးချယ်ပြီး အထက်လွှတ်တော်မှ အတည်ပြုပေးသည်။ ၎င်းတရားသူကြီး (၉) ဦးကို ဘုရင်က အတည်ပြု ခန့်အပ် ပေးသည်။ တရားသူကြီးများ၏ သက်တမ်းသည် (၇) နှစ်ဖြစ်သည်။ စီမံအုပ်ချုပ်မှု လုပ်ငန်းဆိုင်ရာ တရားလွှတ်တော်ချုပ်မှ တရားသူကြီး များကို  စီမံအုပ်ချုပ်မှုလုပ်ငန်းဆိုင်ရာတရားလွှတ်တော်တရားသူကြီးများ ရွေးချယ်ရေးကော်မတီမှ ရွေးချယ်ပြီး ဘုရင်မင်းမြတ် မှ အတည်ပြုပေးပါသည်။ တရားသူကြီးများ သက်တမ်းသည် အသက်ရှင်သရွေ့ ဖြစ်သည်။

ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း လုပ်ငန်းစဉ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၅) ပုဒ်မ (၂၅၆)တွင် အောက်ပါ အတိုင်း အဆင့် (၉) ဆင့်တွေ့ရသည်။

၁။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် အဆိုတစ်ရပ်ကို အောက်လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၅ ပုံ ၁ ပုံ ထက်မနည်းသော လွှတ်တော်ကိုယ်စားလှယ်များ ထောက်ခံမှုဖြင့် ဖြစ်စေ၊ လွှတ်တော်နှစ်ရပ်ပေါင်း ကိုယ်စား ၅ ပုံ ၁ ပုံ ထက်မနည်း ထောက်ခံမှုဖြင့်ဖြစ်စေ၊ ဝန်ကြီး အဖွဲ့သို့မဟုတ် အောက်လွှတ်တော် ကိုယ်စားလှယ်များ သို့မဟုတ် လွှတ်တော် နှစ်ရပ်ပေါင်း ကိုယ်စားလှယ်များ မှ လွှတ်တော် တွင် အဆိုတင်သွင်းနိုင်သည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၅၀၀၀၀) ထက်မနည်း သော သူများ၏သဘောတူညီမှုဖြင့် လွှတ်တော်သို့ ပြည်သူမှ တင်သွင်းသော ဥပဒေအကြမ်း အဖြစ်လည်း တင်ပြနိုင်သည်။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်တင်ပြလာသော အဆိုကို အထက်လွှတ်တော် နှင့် အောက်လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော အမျိုးသားလွှတ်တော် (National Assembly) မှ ကြားနာမှု (၃) ကြိမ် ပြုလုပ်သည်။

၃။ ပထမအကြိမ် ကြားနာမှုတွင် ဗြောင်မဲပေးစနစ်ကျင့်သုံး၍ မဲခွဲဆုံးဖြတ်သည်။ ပြင်ဆင်မှုကို အတည်ပြုရန်အတွက် လွှတ်တော်နှစ်ရပ်လုံးရှိ စုစုပေါင်းကိုယ်စားလှယ်၏ တစ်ဝက်တိတိ ထောက်ခံမှုရှိရမည်။ ၎င်း ထောက်ခံသူ ကိုယ်စားလှယ် တစ်ဝက်ထဲတွင် အထက်လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံ တစ်ပုံ အနည်းဆုံး ထောက်ခံရမည်။

၄။ ဒုတိယအကြိမ် ကြားနာမှုတွင် ဖွဲ့စည်းပုံပြင်ဆင်သည့် အဆိုတွင်ပါဝင်သော အပိုဒ်လိုက်၊ ပုဒ်မအလိုက် လေ့လာဆွေးနွေးပြီး မဲပေးအတည်ပြုရပါမည်။ ၎င်းမဲပေးမှုတွင် ကိုယ်စားအများစု အဘောတူညီရန်သာလိုအပ်သည်။ အကယ်၍ တင်ပြသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုသည် မဲဆန္ဒရှင် ပြည်သူများထံမှ ဖြစ်ပါက ပြင်ဆင်ရန်လက်မှတ်ထိုး တင်ပြသူ၏ အမြင်ကို တင်ပြရန် အခွင့်အရေး ပေးရမည်။

၅။ ဒုတိယအကြိမ် ကြားနာမှု အပြီးတွင် တတိယအကြိမ် ကြားနာမှု မပြုလုပ်ခင် အမျိုးသားလွှတ်တော် (National Assembly) ကို ၁၅ ရက်ကြာ ရပ်နားရမည်။

၆။ တတိယအကြိမ် ကြားနာမှုအပြီးတွင် ဗြောင်မဲပေးစနစ်ကို ကျင့်သုံး၍ လွှတ်တော်ကိုယ်စားလှယ်များမှ မဲခွဲဆုံးဖြတ်သည့် စနစ်ကို ကျင့်သုံး၍ အတည်ပြု မပြု ကို ဆုံးဖြတ်သည်။ လွှတ်တော် နှစ်ရပ်စလုံးရှိ ကိုယ်စားလှယ် စုစုပေါင်း၏ တစ်ဝက်တိတိ ထောက်ခံ မှသာ အတည်ပြုသည်။ ထိုသို့ထောက်ခံမဲပေးမှုကို တွက်ချက်ရာတွင် အောက်လွှတ်တော်ရှိ နိုင်ငံရေးပါတီများမှ ရွေးချယ်ခံရသော ဝန်ကြီး၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ တို့ မဟုတ်သော  နိုင်ငံရေးပါတီတစ်ခုဆီ၏ ကိုယ်စားလှယ် အနည်းဆုံး ၂၅ % ထောက်ခံ မဲပေးရမည်။ အထက်လွှတ်တော်ရှိ ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံ တစ်ပုံ ထောက်ခံမှု လည်းရှိ ရပါသည်။ ထိုကဲ့သို့ သော အချက်အလက်များပြည့်စုံမှသာ ဖွဲ့စည်းပုံပြင်ဆင်မှုကို အတည်ပြုသည်။

၇။ အဆင့် ၆ အရ ထောက်ခံအတည်ပြု ရရှိပြီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှု ဥပဒေအကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၈၁) အရ ထိုင်းဘုရင်မင်းမြတ်ထံ သို့ တင်ပြမှုနှင့်အတူ လွှတ်တော်အား (၁၅) ရက်ထပ်မံ ရပ်နားသည်။

၈။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှု မူကြမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)အထွေထွေပြဋ္ဌာန်းချက်၊ အခန်း(၂) ဘုရင်နှင့်ဆိုင်သော ပြဋ္ဌာန်ချက်၊ အခန်း (၁၅) ဖွဲ့စည်းပုံပြင်ဆင်ခြင်းပြဋ္ဌာန်းချက် တို့နှင့် သက်ဆိုင်သော အကြောင်းအရာ ဖြစ်ပါက  ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်၍ ထောက်ခံအတည်ပြုချက်ရယူပြီးမှသာ အဆင့် (၇) ကို ဆက်လက်ဆောင်ရွက်ရမည်။

၉။ ဝန်ကြီးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်ကို ဘုရင်ထံသို့ လက်မှတ်ရေးထိုးရန် မပေးပို့မှီ လွှတ်တော်တစ်ရပ်စီ သို့မဟုတ် လွှတ်တော်နှစ်ရပ်ပေါင်း ကိုယ်စားလှယ်စုစုပေါင်း၏ ၁၀ ပုံ ၁ ပုံ ထက်မနည်းသော အရေအတွက် လက်မှတ်ရေးထိုး၍ အောက်လွှတ်တော်ဥက္ကဋ္ဌထံသို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အဆင့် (၇) ဖြင့် သဘောတူထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက် ဥပဒေကြမ်းသည် ဖွဲ့စည်းပုံဥပဒေ ပုဒ်မ (၂၅၅) နှင့် ကွဲလွဲနေခြင်း သို့မဟုတ် အဆင့် (၈) ရှိ အခန်းများထဲမှ အကြောင်းအရာများ ဖြစ်နေခြင်း ဆိုသော မိမိတို့၏ယူဆချက်ကို ပူးတွဲ တင်ပြနိုင်သည်။ အောက်လွှတ်တော် ဥက္ကဋ္ဌသည် ၎င်းတင်ပြချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ ပေးပို့၍ တရားရုံး၏ ဆုံးဖြတ်ချက်ကို တောင်းခံရမည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံးသည် လက်ခံရရှိသည့်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း ဆုံးဖြတ်ချက်ကို ချမှတ် ပေးရမည်။ ထိုရက်ပေါင်း (၃၀) အတွင်း ဝန်ကြီးချုပ်သည် ဘုရင်မင်းမြတ်ထံသို့ ပြင်ဆင်ချက်မူကြမ်းကို လက်မှတ်ရေးထိုး အတည်ပြုပေးရန် တင်ပြစရာ မလိုအပ်ပါ။

ကမ္ဘာပေါ်တွင် ဖွဲ့စည်းပုံ အများဆုံးရေးဆွဲပြဋ္ဌာန်းခဲ့သော နိုင်ငံမှာ ဒိုမီနီကန် သမ္မတ နိုင်ငံ (Dominican Republic) ဖြစ်ပြီး ဖွဲ့စည်းပုံ (၃၂) ခုရှိသည်။ လက်တင် အမေရိက နိုင်ငံများဖြစ်သော ဗင်နီဇွဲလား နိုင်ငံ (Venezuela) (၂၆) ခု၊ ဟေသီနိုင်ငံ(Haiti) (၂၄) ခု၊ အီကွေဒေါနိုင်ငံ (Ecuador) (၂၀) ခု အထိရှိပြီး အာရှတိုက်တွင် ထိုင်းနိုင်ငံသည် ဖွဲ့စည်းပုံ (၂၀) အထိရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။

သက်နှင်း (ရိုးမ)