တောင်အာဖရိက သမ္မတနိုင်ငံ သမိုင်းအကျဉ်း

၁၉၉၁ ခုနှစ်တွင် အစိုးရနှင့် အသားအရောင်ခွဲခြားမှု ကိုဆန့်ကျင်တွန်းလှန်နေသော ခေါင်းဆောင်များ ၏ ငြိမ်းချမ်းရေးသဘောတူညီချက် အရ အသားအရောင် လူမျိုးရေးခွဲခြားမှု မရှိဘဲ တန်းတူအခွင့်အရေးပေးထားသော  ကြားဖြတ်ဖွဲ့စည်းပုံ တစ်ခုရေးဆွဲပြီး ၁၉၉၄ ခုနှစ် ဧပြီလ (၂၇) ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သည်။ ၁၉၉၆ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာညီလာခံမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးနှင့် ပတ်သက်သော အချက်အလက် များကို ထပ်မံဖြည့်စွက်ခဲ့သည်။ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ပြင်ဆင်ထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ သည်စတင်အသက်ဝင်လာခဲ့သည်။

 တောင်အာဖရိကသမ္မတနိုင်ငံသည် အာဖရိကတိုက်၏ တောင်ဘက်စွန်းတွင် တည်ရှိပြီး နှစ်ပေါင်းများစွာ ကိုလိုနီဘဝဖြင့် နေခဲ့ရသော နိုင်ငံတစ်ခုဖြစ်သည်။ နိုင်ငံ၏ လူဦးရေမှာ ၅၉ သန်းကျော်ရှိသည်။ တောင်အာဖရိကတွင် မြို့တော် (၃) ခုရှိပြီး ပရီတိုရီးယားမြို့သည် အုပ်ချုပ်ရေးရုံးစိုက်ရာမြို့၊  ကိတ်တောင်း မြို့သည် ဥပဒေပြုလွှတ်တော်များရှိရာမြို့၊ ဘလူးဖောင်တိန်မြို့သည် တရားရုံးချုပ် ရုံးစိုက်ရာမြို့ တို့ဖြစ်သည်။ တောင်အာဖရိကသမ္မတနိုင်ငံ၏ မြောက်ဘက်တွင် ဘော့စဝါနာ၊ ဇင်ဘာဘွေ၊ အနောက်မြောက်ဘက်တွင် နမီးဘီးယား၊ အရှေ့မြောက်နှင့် အရှေ့ဘက်တွင် မိုဇမ်ဘစ်နှင် ဆွာဇီလန်နိုင်ငံတို့နှင့် နယ်နမိတ်ချင်း ထိစပ်နေပြီး အရှေ့ဘက်နိုင်ငံ နယ်နမိတ် အတွင်းတွင် လီဆိုသိုနိုင်ငံ ရှိသည်။ နိုင်ငံ၏အရှေ့တောင်ဘက်တွင် အိန္ဒိယသမုဒ္ဒရာ၊ အနောက်တောင်ဘက်တွင် အတ္တလန်တစ် သမုဒ္ဒရာ တို့နှင့် ထိစပ်နေသည်ကိုလည်း တွေ့နိုင်သည်။ တောင်အာဖရိကနိုင်ငံသည် အသားအရောင်ခွဲခြားမှု ပြုလုပ်ခဲ့သော နိုင်ငံတစ်ခုအဖြစ် လူသိများခဲ့သည့် နိုင်ငံတစ်ခုဖြစ်သည်။ ၁၉၉၄ ခုနှစ် မေလ (၁၀) ရက်နေ့တွင် တောင်အာဖရိကနိုင်ငံ ၏ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုသည့် ပထမဆုံးသော လူမဲသမ္မတ နယ်လ်ဆင်ဂိုရီဟာလာ မင်ဒဲလား မတိုင်ခင် အချိန်အထိ တောင်အာဖရိကနိုင်ငံ၏ နိုင်ငံရေးကို လူဖြူများကသာ လွှမ်းမိုးချုပ်ကိုင်ထားခဲ့သည်။

၁၉၀၈ ခုနှစ် တွင် ဗြိတိသျှတို့မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကို ခွင့်ပြုခဲ့ပြီး ၁၉၀၉ ခုနှစ် အက်ဥပဒေကို ပြဋ္ဌာန်း၍ အုပ်ချုပ်ရေးကို စတင်ခဲ့သည်။ ဗြိတိသျှတို့၏ ယခင် ကိုလိုနီနယ်ဟောင်းများဖြစ်သော ‘ကိတ်’ နှင့် ‘နေတယ်’ ဒေသ၊ ‘ဘိုးအား’ နယ်မြေများ ဖြစ်သော ‘အောရိန့် ဖရီးစတိတ်’ နှင့် ‘ထရန့်စ်ဗယ်’ တို့ကို ပေါင်းစု၍ တောင်အာဖရိကပြည်ထောင်စု နိုင်ငံတည်ထောင်ခဲ့သည်။ ၁၉၀၉ ခုနှစ် အက်ဥပဒေသည်  တောင်အာဖရိကပြည်ထောင်စု (Union of South Africa) ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အရင်းအမြစ် ဖြစ်ခဲ့သည်။ ၎င်းဥပဒေကို ဗြိတိသျှ ပါလီမန်မှ ပြဋ္ဌာန်းခြင်းဖြစ်သည်။ ဤဥပဒေအရ အင်္ဂလန်ဘုရင်မကြီးသည် နိုင်ငံ၏ အကြီးအကဲဖြစ်သည်။ အစိုးရအဖွဲ့၏ အကြီးအကဲမှာ ဝန်ကြီးချုပ် ဖြစ်သည်။ ၁၉၆၁ ခုနှစ်တွင် ၎င်းဥပဒေကို ဖျက်သိမ်းပြီး တောင်အာဖရိကသမ္မတနိုင်ငံ ဖွဲ့စည်းပုံအသစ်တစ်ခု ရေးဆွဲခဲ့သည်။ ဓနသဟာရနိုင်ငံများအဖွဲ့ဝင် အဖြစ်မှလည်း နှုတ်ထွက် ခဲ့သည်။

၁၉၈၄ ခုနှစ်တွင် ဖွဲ့စည်းပုံဥပဒေအသစ်တစ်ခုပြဋ္ဌာန်း၍ ၁၉၆၁ ခုနှစ်ဖွဲ့စည်းပုံကို ဖျက်သိမ်းခဲ့သည်။ ဥပဒေပြုလွှတ်တော် နှစ်ရပ်နေရာတွင် လွှတ်တော် (၃) ရပ်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည်။ လူဖြူများအတွက် လွှတ်တော်၊ အခြား အသားအရောင်များ အတွက်ကိုယ်စားပြုလွှတ်တော်နှင့် အိန္ဒိယ ကိုယ်စားလှယ်များအတွက်လွှတ်တော် တို့ဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် တောင်အာဖရိကသမ္မတနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် ယာယီဖွဲ့စည်းပုံကို ပြဋ္ဌာန်းပြီး ၁၉၈၄ ခုနှစ် ဖွဲ့စည်းပုံကို ဖျက်သိမ်းခဲ့သည်။ ယာယီဖွဲ့စည်းပုံအရ အသားအရောင် ခွဲခြားမှုကို အဆုံးသတ်စေခဲ့သည်။ နိုင်ငံသားအခွင့်အရေး၊ လစ်ဘရယ်ဒီမိုကရေစီ စသည်တို့ကိုစတင်မိတ်ဆက်ခဲ့သည်။ ယာယီ ဖွဲ့စည်းပုံတွင် လွှတ်တော်နှစ်ရပ်စနစ်ကို ပြောင်းလဲ ကျင့်သုံးခဲ့သည်။ ကိုယ်စားလှယ် (၄၀၀) ဦး ပါဝင်သော အောက်လွှတ်တော် နှင့် ကိုယ်စားလှယ် (၉၀) ဦးပါဝင်သော ဆီးနိတ် အထက်လွှတ်တော်တို့ ဖြစ်သည်။ အောက်လွှတ်တော်ကို အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ပြည်သူများမှ တိုက်ရိုက် ရွေးကောက်ပြီး အထက်လွှတ်တော်ကို ပြည်နယ် (၉) ပြည်နယ်မှ ကိုယ်စားလှယ် (၁၀) ဦးစီဖြင့် အညီအမျှ ရွေးချယ်ခဲ့သည်။ အထက်လွှတ်တော်အတွက် ကိုယ်စားလှယ်များကို သက်ဆိုင်ရာပြည်နယ် လွှတ်တော်များမှ  ရွေးချယ်ပေးသော စနစ်ကို ကျင့်သုံးသည်။ ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေအရ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး ရွေးချယ်ခံရသော လွှတ်တော်နှစ်ရပ်မှ ကိုယ်စားလှယ်များစုပေါင်း၍ (၂) နှစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ခု ရေးဆွဲရမည် ဖြစ်သည်။

၁၉၉၄ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် အနိုင်ရရှိသော လွှတ်တော်နှစ်ရပ်မှ ရွေးချယ်ခံ ကိုယ်စားလှယ်များစုပေါင်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ရေးဆွဲခြင်းကို (၂) နှစ် အတွင်း ဆောင်ရွက်ခဲ့သည်။ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် သမ္မတ နယ်ဆင်မင်ဒဲလား မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ကို အတည်ပြုကြေညာခဲ့သည်။ ၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီလ (၄) ရက်နေ့တွင် ယာယီဖွဲ့စည်းပုံကို ဖျက်သိမ်း၍ ဖွဲ့စည်းပုံအသစ် စတင်အသက်ဝင်ခဲ့သည်။ ၁၉၉၆ ခုနှစ် ဖွဲ့စည်းပုံကို တောင်အာဖရိကသမ္မတနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေဟု ခေါ်ဆိုပြီး ယနေ့အချိန်အထိ ပြင်ဆင်မှုပေါင်း (၁၇) ကြိမ် ပြုလုပ်သည်ကို တွေ့ရသည်။ ၎င်းဖွဲ့စည်းပုံအရ လွှတ်တော်နှစ်ရပ်စနစ်ကို ကျင့်သုံးပြီး National Assembly (အောက်လွှတ်တော်) ကို ပြည်သူများမှ တိုက်ရိုက်ရွေးကောက်တင်မြှောက်၍ ပြည်နယ်များ အမျိုးသားကောင်စီ (အထက်လွှတ်တော်) ကို သက်ဆိုင်ရာပြည်နယ် ဥပဒေပြုအဖွဲ့မှ ရွေးချယ်ပေးသည့် စနစ်ဖြစ်သည်။

အုပ်ချုပ်ရေးတွင် သမ္မတစနစ်ကျင့်သုံးပြီး သမ္မတကို အောက်လွှတ်တော်မှ ရွေးချယ်ပေးသည်။ သမ္မတမှ သူ၏ အစိုးရအဖွဲ့ကို ခန့်အပ်သည်။ သမ္မတနှင့် အစိုးရအဖွဲ့သည် လွှတ်တော်ကို တာဝန်ခံရသော စနစ်ဖြစ်သည်။ ပြည်နယ်ဝန်ကြီးချုပ်များကို ပြည်နယ်လွှတ်တော်မှ ရွေးချယ်ခန့်အပ်ပါသည်။ ဝန်ကြီးချုပ်သည် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့၏ အကြီးအကဲဖြစ်ပြီး ပြည်နယ် အလုပ်အမှုဆောင်ကောင်စီကို ခန့်အပ်နိုင်သည်။ အလုပ်အမှုဆောင်ကောင်စီသည် ပြည်နယ်အစိုးရအဖွဲ့ အဖြစ် လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်သည်။ ဒေသန္တရအစိုးရ အဖွဲ့များကို ထားရှိပြီး (၅) နှစ် တစ်ကြိမ် မြူနီစပယ်ရွေးကောက်ပွဲများကို ကျင်းပသည်။

တရားစီရင်ရေးစနစ်တွင် ရာဇဝတ်မှုဆိုင်ရာတရားရုံးများ၊ တရားရုံးချုပ်၊ အယူခံတရားလွှတ်တော် နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံး တို့ဖွဲ့စည်းထားပါသည်။ တရားသူကြီးများကို သမ္မတမှ တရားရေးဆိုင်ရာကော်မရှင်၏ အကြံပြုချက်ဖြင့် ခန့်အပ်နိုင်သည်။

တောင်အာဖရိကသမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေး၊ ရဲတပ်ဖွဲ့ နှင့် သတင်းထောက်လှမ်းရေးတပ်ဖွဲ့ များကို အရပ်ဘက် အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိသည်။ သမ္မတသည် နိုင်ငံတော်၏ စစ်သေနာပတိချုပ် ဖြစ်သည်။ သို့သော် ကာကွယ်ရေး လုပ်ငန်းနှင့်ပတ်သက်သော ဆောင်ရွက်မှုများကို လွှတ်တော်သို့ ပုံမှန်အစီရင်ခံ တင်ပြရသည်။ ရဲတပ်ဖွဲ့သည် နိုင်ငံတော်အစိုးရ၏ လက်အောက်တွင် ရှိသော်လည်း တစ်ချို့သော လုပ်ပိုင်ခွင့်အာဏာများကို ပြည်နယ် အစိုးရအား လုပ်ပိုင်ခွင့်ပေးထားသည်ကို တွေ့ရသည်။