တို့မြန်မာ ပြည်သူ့ဝန်ထမ်းတွေရဲ့ CDM

(၁) ရက်နေ့ ဖေဖော်ဝါရီမှာ မြန်မာတစ်ပြည်လုံး အမှောင့်တကာ့ အမှောင်ဆုံးအချိန်ကို ရောက်ခဲ့တယ်။ ပြည်သူ့ဝန်ထမ်းတွေ စဉ်းစားရပြီ။ ဖေဖော်ဝါရီ ၁၊ ၂၊ ၃ ရက် မှာ သတင်းတွေကို နားစွင့်ကြ၊ အချင်းချင်း ဖလှယ်ကြ၊ ဆွေးနွေးတိုင်ပင်ကြနဲ့ ၄ ရက်နေ့မှာတော့ တချို့သတင်းတွေကို ပိုမို သေသေချာချာသိဖို့၊ တချို့ကိစ္စတွေ စနည်းနာဖို့ ကျနော်ကတော့ ရန်ကုန်က သူငယ်ချင်းတစ်ယောက်ဆီ ထွက်ခဲ့တယ်။ အဲနေ့က ပြန်လာပြီး ရုံးကမိတ်ဆွေတွေကို ပြန်ဖြန့်ဝေ ပြောပြဖြစ်ပါတယ်။

ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ ၅ ရက်နေ့ကျတော့ ကျွန်တော်တို့၏ ရုံးမှာ Red Ribbon Campaign လုပ်တယ်။ ရုံးမှာ ကျွန်တော့်အထက်က အရာရှိတစ်ယောက် ဦးဆောင်ပြီး ကျွန်တော်အပါအဝင် ရုံးက အရာထမ်း၊ အမှုထမ်း အယောက် (၃၀)  ကျော် ပါဝင်ဆောင်ရွက်ကြပါတယ်။ ၆ ရက်နေ့မှာ ကားတစ်စီးပေါ် အဝတ်အစား၊ အသုံးအဆောင် ပစ္စည်းတွေတင်ပြီး ကျွန်တော် ရန်ကုန်ကို ထွက်ခွာလာခဲ့ပါတယ်။ အဲနေ့က စနေနေ့ပါ။

ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် တယ်လီဖုန်းနဲ့ အဆက်အသွယ်ပြုကြတယ်။ အင်တာနက်လိုင်း အဆင်ပြေတဲ့ အချိန်တွေမှာ Messenger, Email တို့နဲ့ ပုံတွေပို့တာ၊ အချက်အလက်တွေပို့တာ လုပ်ကြတယ်။ ဖေဖော်ဝါရီလအတွက် Support ပေးမယ်ဆိုပြီး ကျွန်တော့်ဆီ Messenger ကတဆင့် ပထမဆုံး ဆက်သွယ်လာတာ တက္ကသိုလ် ကျောင်းနေဖက်  ကျွန်တော့်သူငယ်ချင်းတွေ စုဖွဲ့ထားတဲ့ Facebook Group တစ်ခုကပါ။

ချက်ချင်းပဲ ကျွန်တော်ဟာ ကျွန်တော့်ရုံးက သူငယ်ချင်းများနဲ့ ဆက်သွယ်ပီး ကျွန်တော်တို့ရုံးရဲ့ CDM List ကို မေးမြန်းစုပေါင်း ပြုစုကြပါတယ်။ ဖေဖော်ဝါရီအတွက် ကျွန်တော်တို့ရုံးရဲ့ CDM အရေအတွက်က (၆၀) ယောက်ဖြစ်ပီး တစ်ယောက်ကို တစ်သိန်းခွဲနှုန်းနဲ့ စုစုပေါင်း (၉၀) သိန်းကျပ် ကျွန်တော့်သူငယ်ချင်းများ Group က Support လုပ်ပါတယ်။

ကျွန်တော့်ရုံးက မိတ်ဆွေများနဲ့အတူ Support ငွေသွားပေးတာက ဖေဖော်ဝါရီ (၁၇) ရက်နေ့ပါ။ လိုင်းခန်းထဲက တစ်ယောက်အိမ်မှာ ကျွန်တော်တို့က Support ငွေပေးနေစဉ် ကျွန်တော့်မိသားစုက ဝန်ထမ်းအိမ်ကနေ မိဘအိမ်ကို ပြန်ဖို့လုပ်နေတာပါ။ အဲဒီနေ့ (၁၁) နာရီကျော်ကျော်လောက်မှာ ကျွန်တော်က ရန်ကုန်ကို ပြန်ပါတယ်။ ၂ နာရီ ခွဲလောက်မှာ ကျွန်တော့်ဆီကို ဖုန်းတစ်ခု ဝင်လာပြီး အရပ်ဝတ်နဲ့ ရဲသုံးယောက် ရုံးဝန်းထဲဝင်လာပြီး စုံစမ်းမေးမြန်းကြောင်း ပြောပါတယ်။

အဲ့မြို့မှာနေတဲ့ သူငယ်ချင်းဟာ အဲဒီရုံးမှာ အနေကြာပြီဖြစ်တာမို့ အားလုံးကသိထားပြီး ရဲကလည်း သူ့ကို နာမည်နှင့်တကွ မေးတာကြောင့် အဲညမှာပဲ သူငယ်ချင်းမိသားစုက ဟိုတယ်တစ်ခုမှာ ရှောင်အိပ်ခဲ့ရပြီး နောက်တစ်နေ့မှာ နယ်ကို တိမ်းရှောင်သွားရပါတယ်။ ရန်ကုန်ရောက်နေတဲ့ ကျွန်တော်တို့က ရန်ကုန်မှာ ရှိနေကြတဲ့ ကျွန်တော်တို့ဌာနတူသူများ စုပေါင်းပြီး နောက်တစ်နေ့မှာ လမ်းလျှောက်သပိတ်ဆင်နွှဲကြပါတယ်။

ပထမဆုံးနေ့က အင်အား(၆၀) ခန့် စုစည်းမိပါတယ်။ စမ်းချောင်းမှာ စုဆုံကြပြီး တရုတ်သံရုံးဆီကို သွားကြပါတယ်။ နောက်ရက်မှာ အင်အား (၁၀၀)ခန့် ဖြစ်လာပြီး အင်းလျားမှာစု၍ အမေရိကန်သံရုံး၊ တောင်ကိုရီးယားသံရုံးတွေရှေ့ဆီကို သွားကြပါတယ်။ ကျွန်တော်တို့အဖွဲ့က ရုံးပိတ်ရက်တွေမှာ နားကြပြီး ဖွင့်ရက်တွေမှာ စုဆုံ၍ သံရုံးရှေ့တွေဆီကို အဓိကထား သွားကြပါတယ်။

အဲသည်လိုနဲ့တစ်ရက်မှာ။ အဲဒီ့နေ့က ကျွန်တော်တို့အဖွဲ့စုရပ်က မြေနီကုန်းလမ်းဆုံ၊ ပြည်လမ်းမပေါ်က City Mart ဆိုင်ရှေ့ မှာပါ။ အခြားအဖွဲ့များနှင့်အတူ ထိုင်သပိတ် ဆင်နွှဲနေကြပါတယ်။ နေ့ခင်း(၁၂) နာရီမှာ ကျွန်တော်တို့အဖွဲ့ လူစုခွဲဖို့ပါ။ (၁၁) နာရီ ထိုးခါနီးလောက်မှာပဲ အခြေအနေက စိုးရိမ်စရာဖြစ်လာတာမို့ ကျွန်တော်တို့အဖွဲ့ လူစုခွဲကြဖို့နဲ့  အမျိုးသမီးဝန်ထမ်း တွေကို အိမ်ပြန်ကြတော့ဖို့ ပြောရပါတယ်။

သူတို့တစ်တွေပြန်သွားပြီး ငါးမိနစ်လောက်မှာပဲ ပြည်လမ်းဘယ်ညာကို လမ်းအပြည့် အင်အားအလုံးအရင်းနဲ့ တက်လာတာ တွေ့ရပါတယ်။ နောက်ချန်နေခဲ့တဲ့ ကျွန်တော်တို့လည်း လူစုခွဲ ပြန်ဖို့ လုပ်ကြပါတယ်။ အဲ့နေ့နောက်ပိုင်း ကျွန်တော်တို့ဌာန ရုံးပေါင်းစုံ CDM သပိတ် ထပ်မလုပ်နိုင်တော့ပါဘူး။

ဖေဖော်ဝါရီလအတွင်း ရန်ကုန်က အခြားစုပေါင်းသပိတ်တွေမှာ ကိုယ့်အစီအစဉ်နဲ့ကို ပါဝင်ဆောင်ရွက်ကြရင်း မတ်လ CDM Support အတွက် ပြင်ဆင်ဆောင်ရွက်ကြပါတယ်။ ဆရာကြီး ဒေါက်တာဇော်ဝေစိုးရဲ့ www.cdmmyanmar@gmail.com နဲ့ CRPH Officials Email များထံကို ကျွန်တော်တို့ ဌာနတစ်ခုလုံးရဲ့ ရုံးအသီးသီးဆီက CDM များကို စုစည်းပြုစုပြီး CDM List ပေးပို့ပါတယ်။ ဝန်ထမ်းပေါင်း (၂၈၄၄) ဦး ဖြစ်ပါတယ်။ အရာထမ်း (၁၁၇) ဦးနဲ့ အမှုထမ်း (၂၇၂၇) ဦးခန့် ဖြစ်ပါတယ်။ အဲဒီထဲမှာ ဒုတိယညွှန်ကြားရေးမှူး (၂) ဦး၊ လက်ထောက် ညွှန်ကြားရေးမှူး (၈) ဦးနဲ့ ဦးစီးအရာရှိ (၁၀၇) ဦး ပါဝင်ပါတယ်။

မတ်လအတွက် CDM Support List လုပ်ကြတဲ့အခါ အခြားဌာန၊ အခြားရုံးတွေကပါ ဆက်သွယ် ပါဝင်လာကြပါတယ်။ နေပြည်တော် FDA ရုံးက အရာထမ်းတစ်ဦး၊ အလုပ်သမားရေးရာဝန်ကြီးရုံးက ညွှန်ကြားရေးမှူးအပါအဝင် အရာထမ်း အမှုထမ်း (၁၃) ဦး၊ ရန်ကုန်တိုင်း သာကေတမြို့နယ် အထက်တန်း ကျောင်းတစ်ခုက ဆရာ/ဆရာမ (၂၂) ဦး၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က အရာထမ်းတစ်ဦးနဲ့ ရန်ကုန်ဆေး တက္ကသိုလ်(၁)က ကွန်ပျူတာအမှုထမ်းတစ်ဦး၊ မြန်မာ့အသံက (၁၀) ဦး၊ မန္တလေး ယဉ်ကျေးမှု တက္ကသိုလ်က (၁၃) ဦး၊ ကျွန်တော့်ရုံးဟောင်း၊ ရုံးသစ်က ဝန်ထမ်းများနဲ့ စုစုပေါင်း အယောက်တစ်ရာခန့် ဖြစ်သွားပါတယ်။

FDA က အရာရှိဟာ ဘဏ္ဍာရေးဌာနက ဖြစ်ပြီး ဖေဖော်ဝါရီ (၅)ရက်နေ့ကတည်းက နေပြည်တော် ဝန်ထမ်းလိုင်းခန်းက ထွက်လာခဲ့တာလို့ ပြောပါတယ်။ အခုထိ နယ်ကအစ်မတစ်ယောက်အိမ်မှာ နေထိုင်လျက် ရှိပြီး မည်သည့်ဝင်ငွေမှ မရှိတဲ့ အတွက် ဖြစ်နိုင်ရင် Support အတွက် ကူညီဆောင်ရွက်ပေးပါလို့ ပြောပါတယ်။ အလုပ်သမားရေးရာ ဝန်ကြီးရုံးက အရာရှိ အစ်မတစ်ယောက်နဲ့ သူခိုလှုံတည်းခိုနေတဲ့ နေအိမ်တစ်ခုမှာ တွေ့ရပြီးနောက် သူအပါအဝင် သူ့အကြီးအကဲများပါ CDM ကို ပီပီပြင်ပြင် လုပ်ကြတာဖြစ်ကြောင်း၊ အချို့အရာရှိများမှာ အမှုဖွင့်တရားစွဲဆိုခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ အားလုံးအတွက် Support ကူညီဆောင်ရွက်ပေးဖို့ ပြောလာပါတယ်။

အမေရိကန်ရောက် သူငယ်ချင်းတစ်ဦးရဲ့ အကူအညီနဲ့ အေမရိကန်ရောက် မြန်မာအချို့ရဲ့ Support၊ စင်ကာပူရောက် အစ်မတစ်ဦးရဲ့ ကူညီဆောင်ရွက်ပေးမှုနဲ့ စင်ကာပူရောက် မြန်မာအချို့ရဲ့ Supportနဲ့ ဖေဖော်ဝါရီလကတည်းက ကူညီခဲ့တဲ့ သူငယ်ချင်းများရဲ့ Group က မတ်လမှာလည်း ထပ်မံထည့်ဝင် ကူညီဆောင်ရွက်ပေးတာတွေကြောင့် မတ်လအတွက် CDM Support ဟာ အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ဆောင်ရွက်လို့ ပြီးခဲ့ပါတယ်။ CDM ဝန်ထမ်း (၉၃) ဦးကို တစ်ဦးလျှင် ခြောက်သောင်းကျပ်နှုန်း Support လုပ်နိုင်ခဲ့ပါတယ်။

CDM ဝန်ထမ်းအများစုက သူတို့ထက် အခက်အခဲရှိသူများရှိလျှင် သူတို့အစား Support လုပ်ပေးလိုက်ဖို့ ဖုန်းဆက် ပြောဆို ကြပါတယ်။ အဆုံးထိ CDM ကြမှာ ဖြစ်ကြောင်း၊ ပြည်သူ့အစိုးရတက်မှ ပြည်သူ့ဝန်ထမ်းပြန်လုပ်မှာ ဖြစ်ကြောင်း၊ မည်သို့ ဆွဲဆောင်သိမ်းသွင်းသည်ဖြစ်စေ၊ ခြိမ်းခြောက်ပြောဆိုသည်ဖြစ်စေ နားယောင်သွားမှာ မဟုတ်ကြောင်း၊ ပြောင်းလဲသွားမှာ မဟုတ်ကြောင်း ဖုံးဆက်ပြောဆိုကြပါတယ်။ သူတို့ရဲ့ နေထိုင်မှုအခြေအနေ၊ လတ်တလော နိုင်ငံရေးအခြေအနေများကိုလည်း မေးမြန်းဆွေးနွေး ပြောဆိုကြပါတယ်။

CDM အောင်မြင်ခဲ့တာမို့ အခုအချိန် ဧပြီလဆန်းပိုင်းအထိ အာဏာကို အဓမ္မလုယူထားခဲ့တဲ့ သူတို့ရဲ့ အုပ်ချုပ်မှုယန္တရား၊ ဌာနဆိုင်ရာ အသီးသီးက လုပ်ငန်းတွေ၊ ဘာတစ်ခုခုမှ ထိထိရောက်ရောက် မလုပ်နိုင်သေးတာလို့ ဝန်ထမ်းအများစုက ယုံကြည်ကြပါတယ်။ ဆက်လက်၍လည်း CDM ကို ပီပီပြင်ပြင် ထိထိရောက်ရောက် ဆက်ဆောင်ရွက်ကြမှာပါ။ ကျွန်တော်တို့အားလုံးရဲ့ ရည်ရွယ်ချက်ပန်းတိုင်ဟာ ပြည်သူရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့အစိုးရ လက်အောက်မှာမှ ပြည်သူ့တာဝန် ထမ်းဆောင်ရေးပါပဲ။ ပြည်သူ့အစိုးရကို ငံ့လင့်စောင့်စားနေတဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေထဲမှာ CDM လုပ်နေတဲ့ ပြည်သူ့ ဝန်ထမ်းတွေက ထိပ်ဆုံးကပါလို့ ကျွန်တော်က သူတို့ကိုယ်စား ပြောမယ်ဆိုရင် သူတို့က ဟုတ်ပါတယ်လို့ တညီတညွတ်တည်း ပြောကြမှာ မလွဲပါဘူး။

ကျွန်တော် CDM ကို ပြတ်သားစွာ ဆောင်ရွက်နေတဲ့ ပြည်သူ့ဝန်ထမ်းတစ်ဦးပါ။ အရေးတော်ပုံအောင်ရမယ်ဆိုတာ ကျွန်တော်က ကျွန်တော့်အသက်နဲ့ထပ်တူ ယုံကြည်ထားပါတယ်လို့ ပြောပါရစေ။ ။

ဒေါင်းဝေ