တစ်ပြည်ထောင်၊ပြည်ထောင်စုနှင့် ကွန်ဖက်ဒရေးရှင်း (Unitary, Federal and Confedration) နှင့် အနာဂတ်မြန်မာပြည် အပိုင်း (၂)

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးချိန်မှစ၍ ဖွဲ့စည်းပုံ (၃) ခု ရှိခဲ့သော်လည်း ဒီမိုကရေစီဖွဲ့စည်းပုံ အနေဖြင့်ဆိုလျှင် (၂) ခုသာ ရှိသည်ကို တွေ့ရသည်။ ပထမတစ်ခုမှာ လွတ်လပ်ရေးယူခဲ့သော ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံနှင့် အခြားတစ်ခုမှာ အာဏာသိမ်း စစ်အစိုးရမှ ရေးဆွဲပေးခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံတို့ဖြစ်သည်။ ၎င်း ဖွဲ့စည်းပုံ (၂) ကို နှိုင်းယှဉ် ကြည့်လျှင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံထက် ဒီမိုကရေစီအနှစ်သာရ ပို၍ပြည့်ဝသည်ကို တွေ့မြင်ရသည်။ ၎င်းဖွဲ့စည်းပုံ (၂) ခု စလုံးသည် တစ်ပြည်ထောင်စနစ်ဘက်ကိုသာ ဦးတည်ခဲ့သောဖွဲ့စည်းပုံ ဖြစ်ခဲ့ပြီး ဖက်ဒရယ်စနစ်ကို ကိုယ်စားပြုခြင်း မရှိသည်ကို တွေ့ရသည်။ ဖွဲ့စည်းပုံတစ်ခုကို ဖက်ဒရယ်စနစ်လား၊ တစ်ပြည်ထောင် စနစ်လား မည်သည့်စနစ်ကို ကိုယ်စားပြု သလဲ ဆိုသည်ကို လေ့လာရာတွင် အဓိက ခွဲခြမ်းစိတ်ဖြာရမည့်အချက်မှာ အာဏာမည်ကဲ့သို့ ခွဲဝေထားသည်ကို လေ့လာ ရမည်ဖြစ်သည်။

၁၉၄၇ ခုနှစ် အာဏာခွဲဝေပုံကို လေ့လာကြည့်ပါက ဥပဒေပြု အာဏာအတွက် လွှတ်တော် နှစ်ရပ်စနစ်ဖြင့် ပြဌာန်း ကျင့်သုံးပြီး အုပ်ချုပ်ရေးတွင် ပါလီမန်စနစ်အုပ်ချုပ်ရေးကို ကျင့်သုံးခဲ့သည်။ နိုင်ငံတော်အကြီးအကဲအဖြစ် သမ္မတကို ရွေးချယ်ခန့်အပ်ထားပြီး အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲမှာ ဝန်ကြီးချုပ်ဖြစ်သည်။ ၁၉၄၇ ဖွဲ့စည်းပုံတွင် ပြဌာန်းထားသော ဥပဒေပြုနိုင်ခွင့် အခြေအနေကို လေ့လာလျှင် ဖွဲ့စည်းပုံ၏ တတိယ ဇယား စာရင်း(၁) ပြည်ထောင်စုနိုင်ငံဥပဒေပြုစာရင်း နှင့် စာရင်း(၂) ပြည်နယ် ဥပဒေပြုစာရင်းဟူ၍ (၂) မျိုးတွေ့ရသည်။ စာရင်း(၁) သည် ဖွဲ့စည်းပုံ ပုဒ်မ ၉၂ ပုဒ်မခွဲ (၁) ကို ညွှန်းဆိုထားပြီး စာရင်း(၂) သည် ပုဒ်မခွဲ (၂) ကို ညွှန်းဆိုထားသည်ကို တွေ့နိုင်သည်။ ညွှန်းဆိုထားသော ပုဒ်မများအရ ပြည်ထောင်စုနိုင်ငံသည် ပြည်နယ်ကောင်စီများသို့ ခွဲဝေလွှဲအပ်ထားသော ဥပဒေပြု အာဏာမှလွှဲ၍ ပါလီမန်တွင် ပြည်ထောင်စု တစ်ခုလုံးအတွက် ဖြစ်စေ၊ ပြည်ထောင်စု တစ်စိတ်တစ်ဒေသ အတွက်ဖြစ်စေ ဥပဒေပြုရန် အာဏာရှိသည်ကို တွေ့မြင်ရသည်။ ဖက်ဒရယ်နိုင်ငံများတွင် အရေးပါသော အာဏာဖြစ်သည့် ကြွင်းကျန်အာဏာကို ပြည်ထောင်စုက ရယူထားသောကြောင့် တစ်ပြည်ထောင်စနစ်ဘက်ကို ယိမ်းသော စနစ်ဖြစ်သည်။ အုပ်ချုပ်ရေးဘက်တွင်လည်း ပြည်နယ် ကောင်စီ ဥက္ကဌကို ပြည်နယ်မှ လွတ်လပ်စွာ ရွေးချယ်ခွင့်ရသော်လည်း ပြည်နယ်ကောင်စီဥက္ကဌသည် သက်ဆိုင်ရာပြည်နယ် ဝန်ကြီးအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့တွင် ပါဝင်သောကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လက်အောက်ခံ အဖြစ်သာ ရှိနေသည်။ ဤအချက်ကြောင့် အုပ်ချုပ်ရေးကဏ္ဍတွင်လည်း ပြည်နယ်များအနေဖြင့် လွတ်လပ်သော အုပ်ချုပ်ရေး စနစ်ပုံစံ မရှိဘဲ ပြည်ထောင်စုလက်အောက်တွင်သာ ရောက်နေသည်ကို တွေ့ရသည်။

ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံတွင်လည်း ပြည်ထောင်စုဥပဒေပြုစာရင်း ဇယား (၁) ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်း ဇယား (၂)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြု စာရင်း ဇယား (၃) ဆိုပြီး ဖေါ်ပြထားပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၉၈ တွင် အထက်ပါဇယား (၃) ခုတွင် ဖော်ပြမထားသော အခြားကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဥပဒေပြုပိုင်ခွင့် အာဏာကို ပြည်ထောင်စုလွှတ်တော်သို့ အပ်နှင်းသည်ဟု ထပ်မံဖေါ်ပြထားသောကြောင့် ပြည်ထောင်စု၏ အာဏာကို ပိုမိုတိကျခိုင်မာ ကျယ်ပြန့်အောင် ပြုလုပ်ထားသည်ကို တွေ့မြင်ရသည်။ အုပ်ချုပ်ရေးကဏ္ဍတွင် နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ သတ်မှတ်သည့် အရည်အချင်းနှင့် ပြည်စုံသော သင့်လျော်သည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား ရွေးချယ်ရမည်ဟု ဖွင့်ဆိုထားသည့်အတွက် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံထက် ပိုမို ချုပ်ကိုင်မှုများသည်ကို တွေ့ရသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံသည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံကဲ့သို့ တစ်ပြည်ထောင်စနစ်ဘက်သို့ ယိမ်းသည့် ဖွဲ့စည်းပုံဟု ပြောရန်ထက် တစ်ပြည်ထောင်စနစ်နီးပါး ဖြစ်သည့်ဖွဲ့စည်းပုံဟု သတ်မှတ်သင့်သည်။ မြန်မာနိုင်ငံ၏ အခြေအနေသည် ဖက်ဒရယ်စနစ်ဖြင့် သင့်လျော်သည် ဆိုသည်မှာ ငြင်းမရသော အချက်ဖြစ်သည်။ ယခု စစ်ကောင်စီမှ ကိုင်ဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်၍ တိုင်းရင်းသားအားလုံးပါဝင်သော အမျိုးသားနိုင်ငံတော် (သို့) ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်မည်ဆိုသော စဉ်းစားချက်သည် စိတ်ကူးယဉ်ဆန်သော စဉ်းစားချက်သာ ဖြစ်မည်ဟု ထင်မြင်မိသည်။ ၂၀၀၈ ဖွဲ့စည်းပုံကို ဖက်ဒရယ်ဖွဲ့စည်းပုံအဖြစ် ပြင်ဆင်ရေးဆွဲမည်ဆိုပါက နိဒါန်းအခန်းမှစ၍ ပြင်ဆင်ရမည် ဖြစ်သောကြောင့် ဖွဲ့စည်းပုံအသစ် တစ်ခု ရေးဆွဲခြင်းသည်သာ အကောင်းဆုံးသော နိုင်ငံရေး ဆုံးဖြတ်ချက်၊ စဉ်းစားချက်အဖြစ် မဖြစ်မနေ ရည်မှန်းထားရှိရမည်။ သို့မှသာ တိုင်းရင်းသားအားလုံး၏ ယုံကြည်စိတ်ချစွာ ပူးပေါင်းဆောင်ရွက်သော အနာဂါတ် ဖက်ဒရယ်နိုင်ငံရေး အခင်းအကျင်းကို နိုင်ငံရေး ခေါင်းဆောင်များ ဖေါ်ဆောင်နိုင်မည်ဟု ယုံကြည်မိပါသည်။ သို့မဟုတ်ပါက တိုင်ရင်းသားများ၏ အနာဂါတ် နိုင်ငံတော်အပေါ် မျှော်မှန်းချက်သည် ဖက်ဒရယ်စနစ်အစား အချိန်မရွေး တစ်စဆီ ကွဲထွက်သွားနိုင်သော ကွန်ဖက်ဒရေးရှင်းပုံစံ စုဖွဲ့မှုဆီသို့ မကြာခင်ကာလမှာ တိမ်းညွတ် ဦးတည်သွားနိုင်သည်ဟု မြင်ယောင်မိသည်။  အားလုံးလက်ခံနိုင်သော ဖက်ဒရယ်ဖွဲ့စည်းပုံ တစ်ခုပေါ်ပေါက်ရန်အတွက် အခြေခံ စဉ်းစားသင့်သည့် အချက်များမှာ –

၁။ နိုင်ငံအတွင်း အတူတကွ နေထိုင်နေသော တိုင်းရင်းသား၊ လူမျိုးများ အားလုံး၏ နောက်ခံသမိုင်း

၂။ လွတ်လပ်ရေးအတူတကွ ရယူရန်နှင့် နိုင်ငံတော်သစ်တည်ထောင်ရန် တိုင်းရင်းသားအားလုံး သဘောတူညီထားခဲ့သည့် ပင်လုံ သဘောတူညီမှုများ

၃။ ယနေ့ကာလ တိုင်းရင်းသားတို့၏ နိုင်ငံရေးအရ မျှော်လင့်တောင့်တနေမှုများနှင့် ၎င်းတို့၏ လက်ရှိ နိုင်ငံရေး အဆင့်အတန်း တို့ဖြစ်သည်။

ထိုအချက်များအပေါ် အခြေခံ၍ ကမ္ဘာပေါ်ရှိ ဖက်ဒရယ်ဖွဲ့စည်းပုံများကို နမူနာယူကာ ရေးဆွဲမှသာ အားလုံး လက်ခံနိုင်သော ဖက်ဒရယ်စနစ်ကို ကျင့်သုံးသည် အမျိုးသားနိုင်ငံတော်သစ်တစ်ခု တည်ဆောက် နိုင်မည်ဟု ယုံကြည်မိပါသည်။

                                                                                                                                    မောင်မြစ်သစ်