မျက်မှောက်ကာလနိုင်ငံများ၏ ဖွဲ့စည်းမှု၊ တည်ထောင်မှုကို လေ့လာရာတွင် တစ်ပြည်ထောင်စနစ် (Unitary System)၊ ပြည်ထောင်စုစနစ် (Federal System) နှင့် ကွန်ဖက်ဒရေးရှင်းစနစ် (Confederation System) တို့ကိုတွေ့နိုင်သည်။
တစ်ပြည်ထောင်စနစ်ကိုလေ့လာခြင်း
တစ်ပြည်ထောင်စနစ်သည် အစိုးရတစ်ခုတည်းအောက်တွင် ဖွဲ့စည်းထားသော နိုင်ငံတော်ပုံသဏ္ဍာန် ဖြစ်သည်။ ဗဟိုအစိုးရအနေဖြင့် လုပ်ပိုင်ခွင့်အားလုံးကို ချုပ်ကိုင်ထားပြီး ၎င်းလုပ်ပိုင်ခွင့် အာဏာများကို လက်အောက်ခံ အုပ်ချုပ်ရေး အဖွဲ့အစည်း အသီးသီးကို အာဏာပြန်လည် ပေးအပ်ထားသည့်ပုံစံ ဖြစ်သည်။ ထိုလွှဲအပ်ထားသော အာဏာများကို ဗဟိုအစိုးရ အနေဖြင့် အချိန်မရွေး ပြန်လည်ရုပ်သိမ်းနိုင်သည်။ ၎င်းစနစ်တွင် အဆင့်ဆင့်သော လုပ်ပိုင်ခွင့်အာဏာ ရရှိမှုနှင့် ဥပဒေပြုမှုတို့ မရရှိပါ။ လက်အောက်ခံ အုပ်ချုပ်ရေး အဖွဲ့အစည်းများသည် ဗဟိုအစိုးရ၏ ဆုံးဖြတ်ချက်ကို ကျော်လွန်၍ ဆောင်ရွက်ခွင့်မရှိပေ။ လုပ်ပိုင်ခွင့်များ၏ စတင်ရာနှင့် အဆုံးသတ်ရာသည် ဗဟိုအစိုးရပင်ဖြစ်သည်။ မတူကွဲပြားသော လူမျိုးနွယ်များ စုစည်းနေထိုင်ရာနိုင်ငံများတွင် ကျင့်သုံးရန် အခက်အခဲရှိသောစနစ် တစ်ခုဖြစ်သည်။ ၎င်းစနစ်ကို တစ်ပါတီ အာဏာရှင် နိုင်ငံများတွင် ကျင့်သုံးသကဲ့သို့ ဒီမိုကရေစီနိုင်ငံများတွင်လည်း ကျင့်သုံးသည်ကို တွေ့ရသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအရ ပေါ်ထွက်လာသော ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံသည် တစ်ပြည်ထောင်စနစ်ကို ကျင့်သုံးသော နိုင်ငံတော်ဖြစ်သည်။ ယခု လက်ရှိကာလတွင် တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံတို့သည် တစ်ပြည်ထောင်စနစ် ကျင့်သုံးသော နိုင်ငံများ ဖြစ်သည်။
ပြည်ထောင်စုစနစ် သို့မဟုတ် ဖက်ဒရယ်စနစ်ကိုလေ့လာခြင်း
ပြည်ထောင်စုစနစ်သည် တစ်ပြည်ထောင်စနစ်နှင့် လုံးဝဆန့်ကျင်သည့် နိုင်ငံတော်စုဖွဲ့သည့်စနစ် တစ်မျိုးဖြစ်သည်။ ပြည်ထောင်စုစနစ်တွင် ဗဟိုနှင့်ပြည်နယ်အဆင့်ဆင့် ဖွဲ့စည်းထားသော အစိုးရ အဖွဲ့အစည်းများရှိသည်။ ၎င်းအစိုးရ အဖွဲ့အစည်းများသည် တစ်ဖွဲ့ကို အခြားတစ်ဖွဲ့မှ ဖယ်ရှား၍ မရနိုင်သော မတူညီသည့် လုပ်ပိုင်ခွင့် အာဏာများ ရရှိ ထားကြသည်။ ၎င်းအစိုးရ နှစ်ဖွဲ့စလုံးသည် မိမိသက်ဆိုင်ရာ နိုင်ငံသားများကို တာဝန်ခံဆောင်ရွက်မှုလည်း ရှိသည်။ ဖက်ဒရယ်စနစ်ကို ပထမဆုံးစတင်ဆောင်ရွက်သည့်နိုင်ငံမှာ အမေရိကန်ပြည်ထောင်စုဖြစ်သည်။ ၁၇၈၇ ခုနှစ်တွင် ရေးဆွဲသော ဖွဲ့စည်းပုံမှစတင်၍ ၎င်းစနစ်ကို အကောင်အထည်ဖေါ်ခဲ့သည်။ သို့သော် ၎င်းဖွဲ့စည်းပုံတွင် ဖက်ဒရယ် ဆိုသော စကားတစ်လုံးမှ မတွေ့ရပါ။ နိုင်ငံရေးသိပ္ပံပညာရှင်များကတော့ ထိုဖွဲ့စည်းပုံကို ဖက်ဒရယ်ဖွဲ့စည်းပုံအဖြစ် အသိအမှတ် ပြုထားသည်ကို တွေ့ရသည်။ ထို့အတူ ဖက်ဒရယ်စနစ်ကျင့်သုံးမည့် နိုင်ငံများမှလည်း အမေရိကန်ဖွဲ့စည်းပုံကို ချဉ်းကပ် လေ့လာ အတုယူကြသည်ကို တွေ့ရသည်။
အမေရိကန်ဖွဲ့စည်းပုံတွင် အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာကို ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရတို့ကို တိတိကျကျ ခွဲဝေ ပေးထားသည်ကို တွေ့ရသည်။ အစိုးရတစ်ဖွဲ့သည် အခြားအစိုးရတစ်ဖွဲ့၏ လက်အောက်ခံမဟုတ်သလို တစ်ဖွဲ့နှင့်တစ်ဖွဲ့ သီးခြားစီ ဆောင်ရွက်ခြင်း မဟုတ်ဘဲ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းမျိုး ဖြစ်သည်။
ကွန်ဖက်ဒရေးရှင်းပုံစံကိုလေ့လာခြင်း (Confederation System)
ကွန်ဖက်ဒရေးရှင်းပုံသဏ္ဍာန်သည် ဖက်ဒရယ်စနစ်လောက်ခိုင်မာတောင့်တင်းမှု မရှိပါ။ ၎င်းစုဖွဲ့မှုမျိုးသည် နိုင်ငံများအနေဖြင့် တစ်စုံတစ်ရာသော အခြေအနေအရ စုဖွဲ့ထားခြင်းမျိုးဖြစ်ပြီး အချိန်မရွေး နိုင်ငံတစ်ခုချင်းစီ ခွဲထွက်နိုင်သော စုဖွဲ့မှုမျိုး ဖြစ်နေသည်ကို တွေ့မြင်ရသည်။ ရည်မှန်းချက်တစ်ခုအတွက် လတ်တလော ပေါင်းစည်းထားခြင်းမျိုးဖြစ်ပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု တည်ထောင်ခြင်း မဟုတ်ပါ။ အဖွဲ့ဝင်နိုင်ငံများသည် မိမိတို့၏ မူလအချုပ်အခြာ အာဏာကို ဆက်လက်ကိုင်ဆွဲထားသည်ကို တွေ့ရသည်။ အမေရိကန် ကွန်ဖက်ဒရေးရှင်း (၁၇၈၁-၁၇၈၉) နှင့် ဂျာမန်ကွန်ဖက်ဒရေးရှင်း (၁၈၁၅-၁၈၆၆) တို့သည် သမိုင်းတွင် ထင်ရှားသော ကွန်ဖက်ဒရေးရှင်းများ ဖြစ်ခဲ့သည်။ သို့သော်လည်း ကွန်ဖက်ဒရေးရှင်း၏ သဘောသဘာဝအရ ၁၇၈၉ ခုနှစ်တွင် အမေရိကန်ကွန်ဖက်ဒရေးရှင်းသည် အမေရိကန်ပြည်ထောင်စုအဖြစ် ပြောင်းလဲ သွားသလို ဂျာမန်ကွန်ဖက်ဒရေးရှင်းသည်လည်း ဩစတြီးယားကို ကျောခိုင်းကာ ဂျာမန် အင်ပါယာအဖြစ် ပြောင်းလဲဖွဲ့စည်း သွားသည်ကို တွေ့ရသည်။ မျက်မှောက်ခေတ် ဆွစ်ဇာလန်နိုင်ငံအား (Swiss Confederation) ဟု ခေါ်ဆိုကြသော်လည်း ၎င်း၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် Federal Constitution of the Swiss Confederation ဟုသာ ဖော်ပြထားသည်ကို တွေ့ရသည်။ ၁၈၄၈ ခုနှစ်တွင် ကန်တွန်ပြည်နယ်များစုပေါင်း၍ ဖက်ဒရယ်နိုင်ငံ ထူထောင်ခဲ့ခြင်းဖြစ်သည်။
အထက်ပါနိုင်ငံများ၏ အာဏာခွဲဝေမှု ကြည့်ပါက တစ်ပြည်ထောင်စနစ်သည် တင်းကျပ်သော ပုံသဏ္ဍာန်ရှိပြီး ကွန်ဖက်ဒရေးရှင်းသည် လျော့ရဲသော ပုံသဏ္ဍာန်ရှိသည်။ ဖက်ဒရယ်သည် အပြန်အလှန်ထိန်းညှိသော ပုံသဏ္ဍာန်ကို တွေ့နိုင်ပါသည်။
မောင်မြစ်သစ်