ဇာတ်တူသားစားဖို့ ဝန်မလေးတဲ့ လက်မရွံ့ စစ်ကောင်စီ

တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့ လုယူထားတဲ့ စစ်ကောင်စီအဖို့ ရက်ပေါင်းတစ်ရာကျော်တိုင် အထိ အောင်မြင်မှု မရနိုင်သေးပါ။ အဆိုးရွားဆုံး၊ အရက်စက်ဆုံး လုပ်ရပ်များကိုသာ တစ်နေ့တစ်ခြား တိုးပြီး ကျူးလွန်နေပါတယ်။ စိတ်မထင် မထင်သလို ပစ်သတ်တယ်။ အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်တယ်။

အာခံသူလို့ သူတို့ ယူဆသူကို ညဖမ်းသွားပြီး မနက်မှာ အလောင်းလာထုတ်ခိုင်းတယ်။ မိတ်ဆွေ အမျိုးသမီးတစ်ယောက်က သူ့ကိုယ်တွေ့ကို ပြောပြပါတယ်။ သူ့မောင် အရင်းဟာ စစ်ဗိုလ်တစ်ဦးပါ။ အစ်မအရင်းဖြစ်နေလည်း အမိန့်ပေးလာရင် ပစ်ရမှာပဲလို့ ရဲရဲတင်းတင်း ပြောတာခံရပါတယ်။ မိတ်ဆွေ အချို့ကတော့ စကားအရသာပြောတာပါ။ ဒီလောက် မဟုတ်ပါဘူးလို့ နှစ်သိမ့်ကြပါတယ်။

လက်မရွံ့စစ်ကောင်စီ မှန်သမျှဟာ ဇာတ်တူသားစားဖို့ ဝန်မလေးတတ်ကြပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ် က ကြားရသူအပေါင်း ရင်ထုမနာဖြစ်ခဲ့ရတဲ့ ကိုမဲကြီး (ခေါ်) ကိုစိုးမိုးလှိုင်ရဲ့ သေဆုံးမှုက သက်သေခံလို့ နေပါတယ်။

သေဆုံးသူ ကိုမဲကြီးက ဒီမိုကရက်တစ်ဘက်တော်သား။ အစ်ကိုအရင်းဖြစ်သူက စစ်ကောင်စီရဲ့ ထိပ်တန်း စာရင်းဝင်တစ်ဦး။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးဖြစ်သလို ရဲချုပ်တာဝန်ကိုပါ ပူးတွဲယူထား သူပါ။ အာဏာသိမ်းစစ်ကောင်စီ အကြီးအမှူး မင်းအောင်လှိုင်ရဲ့ ယုံကြည်ရသူ လက်မရွံ့တစ်ဦး ဆိုလည်း မမှားပါဘူး။

ကျွန်တော်နဲ့ ကိုမဲကြီးဟာ ထောင်တွင်းမှာ အတူနေခဲ့ဖူးတဲ့ မိတ်ဆွေတွေပါ။ သူကိုဖမ်းတယ်ဆိုတဲ့ သတင်းကြားတော့ အစ်ကိုဖြစ်သူကြောင့်ပဲ ပြန်လွတ်လာလိမ့်မယ်လို့ ထင်မိပါတယ်။ တကယ်တမ်း မှာတော့ အလောင်းလာထုတ်ဖို့ မိသားစုဆီ အကြောင်းကြားလာတယ်ဆိုတဲ့ သတင်းဆိုးကိုသာ ကြားလိုက်ရပါတယ်။ အားလုံးအံ့သြထိတ်လန့်ခဲ့ကြတယ်။ ကိုမဲကြီး ဘယ်လိုသေဆုံးခဲ့ပါသလဲ။ သူ့ရုပ်ကြွင်းကို မိသားစုနဲ့ မိတ်ဆွေများ သင်္ဂြိုဟ်ခွင့်ရပါ့မလားလို့ စိတ်ပူရပါတယ်။ ဒီလပိုင်းတွေမှာတော့ ဖမ်းဆီးခံရပြီး လက်လွန်ခြေလွန်ဖြစ်သွားတဲ့ ရုပ်အလောင်းတွေကို ပြန်ပေးခဲ့ခြင်း မရှိပါဘူး။ ကာယကံရှင်များ အနေနဲ့ သက်ဆိုင်ရာ ဘာသာရေးထုံးစံအရ သင်္ဂြိုဟ်ခွင့်မရကြတာ များပါတယ်။ တစ်မိတည်းမွေးပေမယ့် စိတ်ချင်းမတူတာ သဘာဝကျပါတယ်။ ကျင်လည်ရာ ဝန်းကျင်နဲ့ ခံယူချက် တွေကြောင့် စိတ်တွေ ကွဲပြားပါတယ်။

စစ်ကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်နဲ့ ကိုမဲကြီး (ခေါ်) ကိုစိုးမိုးလှိုင်တို့လည်း ခံယူချက်ခြင်း မတူခဲ့ကြပါဘူး။ ၁၉၈၈ အရေးတော်ပုံကာလကတည်းက အဖြူနဲ့ အမည်းလို ဖြစ်ခဲ့တာပါ။ ကျွန်တော်နဲ့ မသိကျွမ်းခင် အချိန်များက ကိုမဲကြီးဟာ ABSDF ကျောင်းသားတပ်မတော် ရဲဘော်တစ်ဦးပါ။ ဒီနောက်ပိုင်း မြေပေါ်ပြန်ရောက်လာပြီး ၁၉၉၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရခဲ့တဲ့အပေါ် ထောက်ခံတဲ့ ကျောင်းသားလူငယ်လှုပ်ရှားမှုမှာ ကွန်တော်တို့နဲ့ အတူထောင်နှစ်ရှည်ကျ ခဲ့ပါတယ်။ ထောင်ကပြန်လွတ်ပြီးနောက်မှာတော့ ကိုမဲကြီးဟာ နိုင်ငံရေးလောကနဲ့ သိပ်ပြီး မပတ်သက် တော့ပါဘူး။ လူမှုရေးလုပ်ငန်းတွေလုပ်ရင်း မဖွံ့ဖြိုးသေးတဲ့ ဒေသတွေမှာ လူထုအခြပြု လုပ်ငန်းတွေ ကိုသာ လုပ်ကိုင်နေခဲ့သူပါ။

အခုလည်း ပဲခူးချောင်းဖျားဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေတဲ့ ဇောင်းတူမှာပဲ ဖမ်းဆီး သတ်ဖြတ်ခြင်းခံခဲ့ရတာပါ။ ဇနီးဖြစ်သူရဲ့ ပြောစကားအရ အဲဒီဒေသဟာ တရားမဝင်သစ်ခိုးမှုတွေ ဖြစ်နေတဲ့ ဒေသပါ။ ဒေသဖွံ့ဖြိုးရေးနဲ့ သစ်တောမပြုန်းတီးရေးကို ကြိုးစားဆောင်ရွက်နေတဲ့ ကိုမဲကြီးကို ဖောက်ခွဲရေးသမားလို့ လုပ်ကြံလီဆယ်သတင်းပေးလို့ စစ်တပ်အရာရှိကြီးတွေကိုယ်တိုင် စစ်ကြောင်းနဲ့ သွားရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ကိုမဲကြီး သေဆုံးရခြင်းဟာ သွေးပေါင်ကျခြင်းကြောင့်လို့ စစ်ကောင်စီက အကြောင်းပြပေမယ့် ဇနီး ဖြစ်သူက ယုံကြည်လက်ခံခြင်း မရှိပါဘူး။ စိုးမိုးလှိုင်ဆိုတဲ့ အမည်ကို သိသူနည်းပြီး မဲကြီးလို့ အမည်တွင် ခြင်းကလည်း တောင့်တင်းတဲ့ခန္ဓာကိုယ်ရယ် အများနဲ့မတူတဲ့ အရပ်အမောင်းကြောင့်ပါပဲ။

ဇနီးသည်ကတော့ ၉၀၁ အမြောက်တပ်ထဲကို ဖမ်းခေါ်သွားပြီး သတ်ပစ်လိုက်ကြတာလို့ ပြောဆိုပါတယ်။

ကိုမဲကြီးနဲ့အတူ ရွာက ကျောင်းဆရာအပါအဝင် ငါးဦး အဖမ်းခံရတာဖြစ်ပါတယ်။

မေလ (၂၂) ရက်မှာအဖမ်းခံရတဲ့သတင်းရပြီး  မေလ (၂၄) ညပိုင်းမှာတော့ သေဆုံးသွားပြီဆိုတဲ့ သတင်းရတယ်လို့ ဇနီးသည်က ပြောပါတယ်။ မေလ (၂၅) ရက်မနက်အစောကြီးကတည်းက ရုပ်ကြွင်း ကို ပြန်ရဖို့ အမျိုးမျိုးကြိုးစားပါတယ်။ သတင်းပေါင်းစုံအရ နေရာပေါင်းစုံကို ရောက်ခဲ့ပေမဲ့ မထူးခြား ပါဘူး။

နောက်ဆုံးမှာတော့ မင်္ဂလာဒုံစစ်ဆေးရုံဆီ ရုပ်အလောင်းရောက်သွားပြီလို့ သိခွင့်ရပါတယ်။ မင်္ဂလာဒုံ စစ်ဆေးရုံကို အစ်ကိုဖြစ်သူ ဒုဝန်ကြီးသန်းလှိုင် ရောက်လာပြီး အလောင်းကို ကြည့်ခဲ့တယ်လို့ ပြောပါ တယ်။ ရုပ်အလောင်းရှိတာသေချာပေမယ့် ဇနီးဖြစ်သူကို ကြည့်ခွင့်မပြုပါဘူး။ ဘယ်သုသာန်မှာ သင်္ဂြိုဟ်ခွင့်ပေးမလဲဆိုတာလည်း သိခွင့်မရပါဘူး။

နောက်ဆုံးတော့ စစ်ဆေးရုံရဲ့ သင်္ဂြိုဟ်စက်မှာပဲ သင်္ဂြိုမှာဖြစ်ကြောင်း သိရပေမဲ့ ရုပ်အလောင်းကို တွေ့မြင်ရခြင်း မရှိသေးပါဘူး။ ညနေ၄နာရီ ထိုးသည်အထိ မသင်္ဂြိုဟ်သေးတဲ့အတွက် မေးကြည့်တော့ သင်္ဂြိုဟ်မိန့်မရသေးလို့ဆိုပြီး ဆင်ခြေပေးပါတယ်။ ဇနီးဖြစ်သူ သားသမီးတွေနဲ့ အဖေါ်ပါလာသူ ဆယ်ယောက်မပြည့်ပါဘူး။ အဲဒီအနီးတဝိုက်မှာ တပ်မ (၇၇) က စစ်ကားသုံးစီး အပြည့်နဲ့ဝန်းရံ စောင့်ကြပ်ခြင်းကို ခံခဲ့ရပါတယ်။

ညနေ(၅) နာရီကျော်မှာတော့ သင်္ဂြိုဟ်ဖို့အတွက် မိသားစုကို ခေါ်ပါတယ်။ ဇနီးသည်ရဲ့ ပြောပြချက်အရ

ခေါင်းတလားဟာ ကလေးငယ်တစ်ယောက်ရဲ့ ခေါင်းတလား ပုံစံမျိုး ဖြစ်နေတယ်လို့ ဆိုပါတယ်။ ကြံ့ခိုင်အရပ်အမောင်းကောင်းတဲ့ ကိုမဲကြီးရဲ့ ခေါင်းတလားလို့ မထင်ထားခဲ့ဘူးလို့ဆိုပါတယ်။

မျက်နှာကိုသာဖော်ထားပြီး ခန္ဓာကိုယ်ကို ဖုံးအုပ်ထားပါတယ်။ ဇနီးသည်နဲ့သားသမီးများဟာ မျက်နှာကိုသာ ကြည့်ခွင့်ပေးပြီး ကိုင်တွယ်ထိတွေ့ခွင့်လည်း မပြုခဲ့ဘူးလို့ ဆိုပါတယ်။ ဆွေမျိုးတွေ ကတော့ အပြစ်ရှိတယ်လို့ ယူဆရင် ဖမ်းဆီးထောင်ချပြီး သတ်ပစ်တဲ့အထိ မရက်စက်သင့်ဘူးလို့ ပြစ်တင်ပြောဆိုကြပါတယ်။ သင်္ဂြိုဟ်ခွင့်ရတယ်ဆိုပေမယ့် စစ်ကောင်စီရဲ့ အစီအစဉ်အတိုင်း မိသားစုကလိုက်နာလက်ခံခဲ့ရပါတယ်။

နောက်ဆုံးသိရတဲ့ အချက်ကတော့ ပိုပြီးရင်နာစရာကောင်းပါတယ်။ ကိုမဲကြီးရဲ့မျက်နှာဟာ ပြုပြင် ဖုံးကွယ် ထားပေမယ့် နားထင်တွေ ချိုင့်ဝင်နေသလို မျက်နှာတစ်ပြင်လုံး ညိုမဲနေပြီး ယင်တွေတောင် နားနေတယ်လို့ ဇနီးသည်ရဲ့ စကားအရ သိရပါတယ်။ ဇနီးသည် အပါအဝင် အားလုံးကတော့ မျက်နှာသာ ကိုမဲကြီးဖြစ်နေပြီး ခန္ဓာကိုယ်ကတော့ မဟုတ်လောက်ဘူးလို့ သုံးသပ်ကြပါတယ်။ ခေါင်းတခြား ကိုယ်တခြားဖြစ်ပြီး ဘယ်လိုပုံစံမျိုး သေဆုံးခဲ့တယ်ဆိုတာကို စစ်ကောင်စီဝင်တွေသာ အသိဆုံး ဖြစ်ပါလိမ့်မယ်။

ပြီးတာတော့ ပြီးခဲ့ပါပြီ။

သေဆုံးသူက ညီ။ သတ်လိုက်တာက အစ်ကိုအရင်းတာဝန်ခံထားတဲ့ စစ်ကောင်စီပါ။ တွေးစရာတွေ ကတော့ အများကြီးပါပဲ။ ကိုမဲကြီးရဲ့ ဇနီးသည်ကတော့ ရင်ကွဲပက်လက်ကျန်ခဲ့ပြီး အငယ်ဆုံးလေးက တစ်နှစ်ခွဲအရွယ် အကြီးဆုံးက ၁၂နှစ်သာရှိသေးတဲ့ ကလေးငါးယောက်နဲ့အတူ ဆက်လက်ရုန်းကန် ရဦးမှာ ဖြစ်ပါတယ်။

                ( လက်ျာဧ )