ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် ကိုယ်စားပြုရွေးချယ်အုပ်ချုပ်သည့်စနစ်ကို ကျင့်သုံးသည့်အတွက် သူတို့ကို မည်ကဲ့သို့ ရွေးချယ်မည် ဆိုသည့်အကြောင်းအရာသည် နိုင်ငံရေးစနစ်တွင် အရေးပါသော ကိစ္စတစ်ခုဖြစ်လာသည်။ ထိုအကြောင်းအရာသည်ကား ရွေးကောက်ပွဲစနစ်ပင်ဖြစ်သည်။ ရွေးကောက်ပွဲစနစ်ဆိုသည်မှာ အခြေခံသဘောတရားအား ဖြင့် ရွေးကောက်ပွဲများတွင် ပါတီ (သို့) ကိုယ်စားလှယ်လောင်းများ ရရှိသော ဆန္ဒမဲများအပေါ်တွင် တွက်ချက်၍ လွတ်တော်အသီးသီးတွင် ကိုယ်စားလှယ်နေရာ ရရှိမှုအပေါ် အသွင်ပြောင်းသတ်မှတ်သော စနစ်ဖြစ်သည်။
ဆန္ဒမဲလက်မှတ်များကို အသွင်ပြောင်းတွက်ချက်ရာတွင် စနစ်တစ်ခုနှင့်တစ်ခု မတူညီသည်ကို တွေ့ရပါသည်။ ကမ္ဘာပေါ်တွင် ရွေးကောက်ပွဲစနစ်အမျိုးအစားများစွာ ရှိနေသော်လည်း အဓိကအားဖြင့် ရွေးကောက်ပွဲစနစ် (၃) မျိုးကို အသုံးများသည်ကို တွေ့ရှိရသည်။ ထိုစနစ် အမျိုးအစားကြီး (၃) မျိုးကို ထပ်မံလေ့လာပါကမျိုးကွဲစနစ် (၉) မျိုး ရှိသည်ကို တွေ့နိုင်သည်။
စနစ် (၃) မျိုးမှာ –
(၁)အများစု ကိုယ်စားပြုစနစ် (Plurality/ Majority System)
(၂)အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation (PR) System)
(၃)ရောနှောပေါင်းစပ်စနစ် (Mixed System) တို့ ဖြစ်သည်။
(၁) အများစု ကိုယ်စားပြုစနစ် (Plurality/ Majority System)
ထိုစနစ်တွင် ပုံစံကွဲ (၅) မျိုး ရှိပါသည် –
(က)နိုင်သူအကုန်ယူစနစ် (First Past The Post – FPTP)
(ခ)ကိုယ်စားလှယ်အများဗဟိုပြု နိုင်သူယူစနစ် (Block Vote – BV)
(ဂ)ပါတီဗဟိုပြု နိုင်သူယူစနစ် (Party Block Vote – PBV)
(ဃ)အဆင့်လိုက်မဲပေးစနစ် (Alternative Vote – AV)
(င)နှစ်ကျော့ပြန်စနစ် (Two Round System – TRS) တို့ဖြစ်သည်။
(က)နိုင်သူအကုန်ယူစနစ် (First Past The Post – FPTP)
နိုင်သူအကုန်ယူစနစ် (First Past The Post – FPTP) သည် Plurality/ Majority စနစ်တွင် အရှင်းဆုံး စနစ်ဖြစ်သည်။ မဲဆန္ဒနယ်မြေတစ်ခုချင်းစီ သတ်မှတ်၍ ကိုယ်စားလှယ်လောင်းတစ်ဦးစီမှ ဝင်ရောက်ယှဉ်ပြိုင်သောစနစ်ဖြစ်သည်။ မဲဆန္ဒရှင်များမှ မိမိနှစ်သက်ရာ ကိုယ်စားလှယ်လောင်းတစ်ဦးကိုသာ ရွေးချယ် မဲပေးရ၍ ဆန္ဒမဲလက်မှတ် အများဆုံးရရှိသော ကိုယ်စားလှယ်လောင်းမှာ ထိုမဲဆန္ဒနယ်တွင် အနိုင်ရသည့် စနစ်ဖြစ်ပါသည်။ ကိုယ်စားလှယ်လောင်း တစ်ဦးစီအပေါ်တွင် အဓီကထား ရွေးချယ်သောစနစ်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း (၂၁၃) နိုင်ငံတွင် ၂၂% သည် နိုင်သူအကုန်ယူစနစ် (First Past The Post – FPTP) ကို ကျင့်သုံးပါသည်။ ဗြိတိသျှ လက်အောက်ခံနိုင်ငံဖြစ်ခဲ့သော နိုင်ငံများတွင် အသုံးပြုပါသည်။ ထိုစနစ်၏ အားသာချက် အားနည်းချက်များကို အောက်ပါအတိုင်း တွေ့နိုင်ပါသည်။
အားသာချက်များ
First Past The Post (FPTP) စနစ်၏ လုပ်ထုံးလုပ်နည်းများသည် လူတိုင်းအတွက် အလွယ်တကူ နားလည် လွယ်သည်။နယ်မြေတစ်ခုချင်းစီကို အခြေခံသော တာဝန်ယူ၊ တာဝန်ခံမှု ရှိနိုင်သော ကိုယ်စားလှယ်များကို ထွက်ပေါ်စေသည်။ ပါတီကြီး (၂) ပါတီကသာ နောက်ဆုံးတွင်လွှမ်းမိုးသွားတတ်သောစနစ် ဖြစ်သည့်အတွက် မဲဆန္ဒရှင်များအနေဖြင့် မည်သည့်ပါတီကို မဲပေးမည်ကို အလွယ်တကူ ရွေးချယ်နိုင်သည်။ ပါတီတစ်ခုထဲမှ ဖွဲ့စည်းသောအစိုးရအဖွဲ့မျိုးသာ ပေါ်ထွက်စေတတ်ပြီး နိုင်ငံတော်နှင့် သက်ဆိုင်သော မူဝါဒများ ချမှတ်ရာတွင် လျင်မြန်လွယ်ကူလေ့သည်။ နိုင်ငံသားတစ်ဦးခြင်းအနေဖြင့် ရွေးကောက်ပွဲများတွင်ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။ မဲပေးသည့်စနစ်သည် အလွန်ရိုးရှင်းသောကြောင့် ရွေးကောက် ပွဲ စီမံခန့်ခွဲရသူများအတွက် လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူသည်။ အယူဝါဒရေးရာအပိုင်းတွင် အစွန်းရောက်သူများအနေဖြင့် နယ်မြေဒေသတစ်ခုတည်းတွင် စုစုစည်းစည်းမရှိလျှင် လွှတ်တော်တွင် နေရာရနိုင်မှုမရှိသည့်အတွက် အယူဝါဒအစွန်း ရောက်များ ပေါ်ထွက်လာရန် ခက်ခဲသည်။
အားနည်းချက်များ
ပါတီကြီး တစ်ခုထဲကသာ ကြီးစိုးသွားတတ်သဖြင့် ပါတီငယ်များအနေဖြင့် လွှတ်တော်အတွင်း ကိုယ်စားပြုခွင့် ဆုံးရှုံးစေပြီး လူနည်းစုများအတွက် ကိုယ်စားပြုခွင့် အခွင့်အရေးကို ဆုံးရှုံးသွားစေသည်။ ထို့အပြင် အမျိုးသမီးများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခွင့် အားနည်းသည်။ မဲဆန္ဒရှင်များ၏ ရွေးကောက်ပွဲတွင် ရွေးချယ်မဲပေးခဲ့မှု အားလုံးကို အသိအမှတ်ပြုမှု မရှိပါ။ အချိန်ကြာလာသည်နှင့်အမျှ ရွေးချယ်ပိုင်ခွင့် နည်းပါးလာသောကြောင့် လူထုမှ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု အားနည်း၍ မဲပေးမှုရာခိုင်နှုန်း လျော့ကျနိုင်ပြီး ကိုယ်စားပြုမှု အားနည်းလာတတ်သည်။
(၂)အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation (PR) System)
ထိုစနစ်အောက်တွင် ပုံစံကွဲ (၂) မျိုး တွေ့ရသည်။ ၎င်းတို့မှာ
(က)List PR
(ခ)Single Transterable Vote (STV) တို့ဖြစ်သည်။
PR စနစ်ကို တီထွင်ကျင့်သုံးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မဲဆန္ဒရှင်ပြည်သူတို့၏ ဆန္ဒမဲများအားလုံးကို အသိအမှတ်ပြုခြင်းနှင့် ပါတီငယ်များသည်လည်း လွှတ်တော်ထဲတွင် အတိုင်းအတာတစ်ခုအထိပါဝင်နိုင်စေရန် ဖြစ်သည်။ ထိုစနစ်သည် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ ပါဝင်နိုင်မှု မရှိသော်လည်းအမျိုးသမီး ပါဝင်နိုင်မှု ရာခိုင်နှုန်းကို ပါတီများမှ တိတိကျကျ သတ်မှတ်နိုင်သည့် အားသာချက် ရှိပါသည်။
PR စနစ်တွင် ကိုယ်စားလှယ်တစ်ဦးထက်ပိုသော မဲဆန္ဒနယ်များကို မဖြစ်မနေ သတ်မှတ်ရပါသည်။ တစ်ချို့ နိုင်ငံများတွင် တစ်နိုင်ငံလုံးကို မဲဆန္ဒနယ် တစ်ခုတည်းအဖြစ် သတ်မှတ်ခြင်း၊ တစ်ချို့နိုင်ငံများတွင် ပြည်နယ်များအား အခြေခံ၍ မဲဆန္ဒနယ်သတ်မှတ်ခြင်းများလည်း ရှိပါသည်။ PR စနစ်ကို များသောအားဖြင့် လက်တင်အမေရိက၊ အာဖရိကနှင့် ဒီမိုကရေစီစနစ် အသစ်ဖြစ်ထွန်းစ ဥရောပနိုင်ငံများတွင် အသုံးများပါသည်။ ထိုစနစ်၏ အားသာချက်၊ အားနည်းချက်များကို အောက်ပါအတိုင်း မြင်တွေ့ရပါသည်။
အားသာချက်များ
ရွေးကောက်ပွဲတွင် ဆန္ဒပြုထားသော ဆန္ဒမဲများကို ကိုယ်စားလှယ်အဖြစ် အသွင်းပြောင်းရာတွင် အညီမျှဆုံး၊ အမျှတဆုံး ဆောင်ရွက်နိုင်သည်။ မဲအများစုနှင့် အနိုင်ရလေ့ရှိသည့် ပါတီကြီးများ၏ လွှမ်းမိုးမှုကို ကာကွယ်နိုင်သောကြောင့် ပါတီငယ်များ လွှတ်တော်အတွင်း ပါဝင်နိုင်မှု အားကောင်းသည်။ ရွေးကောက်ပွဲတွင် အလဟဿ ဖြစ်သွားသော ဆန္ဒမဲများလျော့နည်း သွားစေကာ လူထု ၏ မဲပေးမှုကို ပိုမိုအားပေးသည်။လူနည်းစု၏ကိုယ်စားပြုမှုကို အသိအမှတ်ပြုရာလည်း ရောက်သည့်အပြင် နိုင်ငံအတွက် မူဝါဒများ ချမှတ်ရာတွင် အားလုံးပါဝင်မှုကို အားပေးသည်။ ပါတီများအကြား အာဏာခွဲဝေမှုအပိုင်းတွင် ညှိနှိုင်း တိုင်ပင်လုပ်ဆောင်နိုင်သည်။
အားနည်းချက်များ
ညွှန့်ပေါင်းအစိုးရ ပုံစံမျိုးဖြစ်နိုင်သည့်အတွက် မူဝါဒရေးရာများ ချမှတ်ရာတွင် သဘောတူညီမှု အလွယ်တကူ မရနိုင်တာမျိုး ဖြစ်တတ်သည်ကို တွေ့ရသည်။ပါတီငယ်များ အမြောက်အများ ပေါ်ထွက်လာနိုင်ပြီး နိုင်ငံရေးမတည်မငြိမ် ဖြစ်တတ်သည့်အပြင် အစွန်းရောက် အယူဝါဒများ ရှင်သန်ရပ်တည်ခွင့် ရသွားနိုင်သည်။ ထို့အပြင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ ပါဝင်မှုမရှိသလောက် အားနည်းသွားစေသည်။ ရွေးကောက်ပွဲ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ပြည်သူများ အလွယ်တကူ နားလည် မှု အားနည်းစေသည့်အတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများတွင် အားနည်းချက်များပေါ်ထွက်တတ်သည်။ နယ်မြေအပေါ် အခြေခံ၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ကိုယ်စားလှယ်များ ပျောက်ကွယ်စေပြီး ပါတီကိုသာ တာဝန်ယူ၊ တာဝန်ခံသော ကိုယ်စားလှယ်များ ပေါ်ထွက်လာနိုင်သည်။
(က)List PR
List PR စနစ်တွင် Open List PR (စာရင်းရှင်) နှင့် Close List PR (စာရင်းသေ) ဟူ၍ (၂) မျိုး ရှိပါသည်။ Close List PR စနစ်သည် ရရှိသော ကိုယ်စားလှယ် အရေအတွက်ပေါ် မူတည်၍ ပါတီမှ ၎င်းတို့ သတ်မှတ်ထားသော ကိုယ်စားလှယ်လောင်း များထဲမှ စိတ်ကြိုက်ကိုယ်စားလှယ်လောင်းများကို ပြန်လည်ရွေးချယ်ကာကိုယ်စားလှယ်အဖြစ် သတ်မှတ်ပေးသော ပုံစံဖြစ်သည်။ Open List PR စနစ်သည် မဲဆန္ဒရှင်အနေဖြင့် ပါတီကိုမဲပေးသည့်အပြင် ထိုပါတီမှ တင်ပြထားသော ကိုယ်စားလှယ်လောင်း အမည်များထဲမှ မိမိကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်လောင်းများအား ထပ်မံမဲပေးသည့် စနစ်ဖြစ်သည်။ ဆန္ဒမဲအရေအတွက် ရရှိမှုအပေါ်တွင် အခြေခံ၍ ပါတီမှအနိုင်ရ ကိုယ်စားလှယ်ကို ရွေးချယ်သော စနစ် ဖြစ်သည်။
(ခ)Single Transferable Vote (STV)
Single Transferable Vote (STV) စနစ်တွင်လည်း ကိုယ်စားလှယ် တစ်ဦးထက်ပိုသော မဲဆန္ဒနယ်ကို အသုံးပြုသည်။မဲဆန္ဒရှင်များမှ မဲပေးသည့်အချိန်တွင် ၎င်းတို့နှစ်သက်ရာ ဦးစာပေးအလိုက် ကိုယ်စားလှယ်လောင်းများကို သတ်မှတ် ရွေးချယ်ရသည်။ သို့သော် စာရင်းတွင်ဖော်ပြထားသော ကိုယ်စားလှယ် အားလုံးကို မဖြစ်မနေဦးစားပေးအဆင့် သတ်မှတ်ရန် မလိုအပ်ပေ။ကိုယ်စားလှယ်ဖြစ်ရန် လိုအပ်သော ဆန္ဒမဲအရေအတွက်ရရှိပါက ထိုကိုယ်စားလှယ်လောင်းသည် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး သတ်မှတ်ချက်ထက် ပိုနေသောဆန္ဒမဲများရှိပါက အခြားသူများထံ ဝေငှ၍ ဆက်လက်တွက်ချက်ကြသည်။ သတ်မှတ်ထားသော ဆန္ဒမဲအရေအတွက်ကို မည်သည့်ကိုယ်စားလှယ်လောင်းမှ မပြည့်မီပါက ဆန္ဒမဲ အနည်းဆုံး ရရှိသော ကိုယ်စားလှယ်လောင်းကို ပယ်ဖျက်၍ ၎င်းရရှိထားသော ဆန္ဒမဲအရေအတွက်ကို အခြားသူများထံ ထပ်မံပေါင်းထည့်၍ ဒုတိယအကျော့ ထပ်မံရေတွက်သည်။ ဤနည်းအတိုင်း သတ်မှတ်ထားသော ကိုယ်စားလှယ်နေရာ မပြည့်မချင်း ဆက်လက် ဆောင်ရွက်သည့်စနစ် ဖြစ်သည်။
(၃)ရောနှောပေါင်းစပ်စနစ် (Mixed System)
ရောနှောပေါင်းစပ်စနစ် (Mixed System) စနစ်သည် Plurality/ Majority နှင့် PR စနစ်တို့၏ အားသာချက်များကိုပေါင်းစပ်ထားသော စနစ်တစ်မျိုးဖြစ်သည်။ ထိုစနစ်တွင် မူကွဲ (၂) မျိုးရှိပါသည် –
(က)Mixed – Member Proportional Representation (MMP or MMPR)
(ခ)Parallel System (Mixed Member Majoritarian – MMM) တို့ဖြစ်သည်။
(က)Mixed Member Proportional (MMP)
ဤစနစ်တွင် မဲပေးသောပြည်သူသည် နှစ်ကြိမ်မဲပေးရသည်။ မဲဆန္ဒနယ် တစ်ခုအတွက် တစ်ကြိမ် မဲပေးရပြီး တစ်နိုင်ငံလုံး သို့မဟုတ် နယ်မြေဒေသတစ်ခုလုံးအတွက် နောက်ထပ် တစ်ကြိမ်မဲပေး ရသောစနစ် ဖြစ်ပြီး မဲဆန္ဒနယ် တစ်ခုအတွက် ကိုယ်စားလှယ်ကို FPTP စနစ်ဖြင့် ရွေးချယ်ပြီး မဲဆန္ဒနယ်မြေ တစ်နိုင်ငံလုံးသို့မဟုတ် နယ်မြေဒေသတစ်ခုလုံးအတွက် ကိုယ်စားလှယ်များကို PR စနစ်ဖြင့် ရွေးချယ်သော ရွေးကောက်ပွဲစနစ်နှစ်ခုဖြင့် ရွေးကောက်ပွဲ ကျင်းပသည့် ပုံစံဖြစ်သည်။ အနိုင်ရ ကိုယ်စားလှယ်ကို တွက်ချက်ရာတွင် စနစ်တစ်ခုနှင့် တစ်ခု ချိတ်ဆက်တွက်ချက်မှု ပြုလုပ်သော စနစ်ဖြစ်သည်။ အများစုကိုယ်စားပြုစနစ်ကြောင့် ဖြစ်ပေါ်လာသော ကိုယ်စားလှယ်အချိုးမညီမျှမှုကို ဒုတိယအကြိမ် မဲပေးရသော PR စနစ်မှ အစား ထိုး ဖြည့်စည်းပေးသည့် စနစ်မျိုး ဖြစ်သည်။ ပါတီများကို တတ်နိုင်သမျှ ကိုယ်စားလှယ် အချိုးအစား ညီမျှအောင် ဆောင်ရွက်ပေးသည့်စနစ် ဖြစ်သည်။
(ခ)Parallel System (Mixed Member Majoritarian – MMM)
ဤစနစ်တွင်လည်း ပြည်သူသည် တစ်ချို့နိုင်ငံတွင် တစ်ကြိမ်မဲပေးရပြီး နိုင်ငံအများစုတွင် နှစ်ကြိမ်မဲပေးရသည်။ မဲဆန္ဒနယ် တစ်ခုအတွက် တစ်ကြိမ်မဲပေးရပြီး တစ်နိုင်ငံလုံး သို့မဟုတ် နယ်မြေဒေသတစ်ခုလုံးအတွက် သတ်မှတ်ထားသည့် ကိုယ်စားလှယ် အရေ အတွက် အတွက် နောက်ထပ်တစ်ကြိမ် မဲပေးရသည်။ မဲဆန္ဒနယ်တစ်ခုအတွက် FPTP စနစ်ကို ကျင့်သုံးပြီး မဲဆန္ဒနယ်အများအတွက် ပါတီများမှ တင်ပြသောကိုယ်စားလှယ် စာရင်းပေါ် မူတည်၍ မဲပေးရသော PR စနစ်ဖြင့် ရွေးချယ်သည်။ ရွေးချယ်မှုနှစ်ခုသည် ဆက်စပ်မှုမရှိဘဲ သတ်မှတ်ထားသော အရေအတွက်အပေါ်တွင် သီခြားစီရွေးချယ်ကြပါသည်။ ပါတီများအနေဖြင့် ကိုယ်စားလှယ် ရရှိမှု အချိုးအစား ကွာခြားနိုင်သောစနစ် ဖြစ်သည်။
ထိုကဲ့သို့သော ရွေးကောက်ပွဲစနစ် အမျိုးမျိုးများထဲမှ နိုင်ငံများအနေဖြင့် မိမိတို့၏ နိုင်ငံအခြေအနေနှင့် ကိုက်ညီသော စနစ်များကို ရွေးကောက်ပွဲ အသီးသီးအတွက် ကျင့်သုံးခြင်းဖြင့် နိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုများကို တတ်နိုင်သလောက် လျော့ပါးသွားအောင် လုပ်ဆောင်လေ့ရှိကြောင်းကို ကမ္ဘာနိုင်ငံများ၏ ရွေးကောက်ပွဲဆိုင်ရာသမိုင်းကြောင်းများ လေ့လာရင်း ဖြင့် တွေ့ရှိနိုင်သည်။
သက်နှင်း (ရိုးမ)