၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ အရုဏ်ဦး ကြေညာချက်နှင့်အတူ မြန်မာနိုင်ငံ၏ မရင့်မှည့်သေးသော ဒီမိုကရေစီ အသီးအကင်းလေးသည် ကြွေကျခဲ့ရပေပြီ။ ထိုနေ့သည် မြန်မာနိုင်ငံ၏ သမိုင်းတွင် စစ်တပ်မှ နိုင်ငံတော်အာဏာကို အတင်းအဓမ္မရယူခဲ့သည့် (၄) ကြိမ်မြောက်နေ့လည်း ဖြစ်ခဲ့သည်။
စစ်တပ်မှ နိုင်ငံတော်အာဏာကို ရယူခဲ့သည့် (၄) ကြိမ်တွင် တစ်ကြိမ်နှင့်တစ်ကြိမ် တူညီမှု မရှိသော်လည်း နိုင်ငံတော်အာဏာကို အဓမ္မရယူလိုသည့် စိတ်ဆန္ဒသည်ကား အတူတူပင် ဖြစ်သည်။ ၁၉၅၈ ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် မြန်မာ့သမိုင်းတွင် ပထမဆုံး နိုင်ငံတော်အာဏာကို စစ်တပ်မှ ရယူခဲ့သည်။ ပထမအကြိမ် ရယူရာတွင် ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ထားသော အစိုးရ၏ ဝန်ကြီးချုပ် ဦးနု မှ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၁၆) အရ အာဏာကို တရားဝင်လွှဲအပ်ပေးခဲ့ခြင်းဖြစ်သည်။ စစ်တပ်သည် အိမ်စောင့်အစိုးရ အမည်ခံ၍ နိုင်ငံတော်ကို (၁၈) လ အုပ်ချုပ်ခဲ့သည်။ ထို့နောက် ရွေးကောက်ပွဲကျင်းပ၍ အနိုင်ရပါတီအား အာဏာပြန်လည် လွှဲပြောင်းပေးခဲ့သည်။ ထိုအာဏာသိမ်းမှုတွင် ၎င်းအချိန်က ကျင့်သုံးနေသော ၁၉၄၇ ဖွဲ့စည်းပုံကို စစ်တပ်မှ ပြင်ဆင်ပြောင်းလဲခြင်း မရှိခဲ့ပါ။
၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့တွင် စစ်တပ်သည် ဒုတိယအကြိမ် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပါသည်။ ထိုအာဏာသိမ်းမှုတွင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပါ ပယ်ဖျက်ပြီး စစ်တပ်မှ တော်လှန်ရေးကောင်စီ အမည်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။ ထိုအုပ်ချုပ်မှုသည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အသစ်တစ်ခု ရေးဆွဲပြဋ္ဌာန်းပြီးချိန်အထိ (၁၂) နှစ်ကြာခဲ့သည်။ ၁၉၅၈ ခုနှစ်နှင့် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှု နှစ်ခုစလုံးကို ထိုအချိန်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီး နေဝင်းမှ ဦးဆောင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအာဏာသိမ်းမှုကို ကျောင်းသားများမှ အဓိက ဆန့်ကျင်ခဲ့သည်ကို တွေ့ရသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် တတိယအကြိမ် အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။ ၁၉၈၈ ခုနှစ်မတ်လတွင် စတင်ခဲ့သော တက္ကသိုလ်ကျောင်းသားများက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ဆန့်ကျင်တော်လှန်ရာမှ အစပြု၍ တစ်တိုင်းပြည်လုံး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး တစ်ပါတီစနစ်ချုပ်ငြိမ်းကာ ၁၉၇၄ ခုနှစ် ဆိုရှယ်လစ် ဖွဲ့စည်းပုံကိုလည်း ပယ်ဖျက် နိုင်ခဲ့သည်။ နိုင်ငံတစ်ဝှမ်းလုံး ဆန္ဒပြမှုများနှင့် အစိုးရမဲ့နေချိန်တွင် စစ်တပ်သည် နိုင်ငံတော်အာဏာသိမ်းယူ၍ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဖွဲ့စည်းကာ နိုင်ငံတော်ကို ချုပ်ကိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ် စစ်တပ်၏ အာဏာသိမ်းမှုသည် (၂၂) နှစ်အကြာ ၂၀၁၀ ခုနှစ်တွင် အသစ်ရေးဆွဲသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပပေးပြီး အနိုင်ရ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးခြင်းဖြင့် အဆုံးသတ်ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင်၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့သည်ဆိုသော အကြောင်းပြချက်ဖြင့် နိုင်ငံတော်အာဏာကို ပြန်လည်ထိန်းသိမ်းခဲ့သည်။ ယခုအာဏာသိမ်းမှုကို စစ်တပ်မှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်များကို အကိုးအကားပြု၍ အာဏာသိမ်းခြင်းမဟုတ်ဘဲ နိုင်ငံ၏ အရေးပေါ်အခြေအနေ အရ စစ်တပ်မှ အာဏာလွှဲပြောင်းရယူခြင်း ဖြစ်သည်ဟု ပြည်သူများနှင့် နိုင်ငံတကာကို ကြေညာခဲ့သည်။ အာဏာသိမ်းမှုကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁၁) ပုဒ်မ ၄၁၇ အရ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ထိုပုဒ်မမှာ နိုင်ငံတော် သမ္မတမှ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်း၍ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ထုတ်ပြန်ပြီး စစ်တပ်ကို အာဏာလွှဲပြောင်းနိုင်သည်ဟု အဓိပ္ပါယ်ရသော ဖွဲ့စည်းပုံပါပြဋ္ဌာန်းချက်ဖြစ်သည်။ သို့ရာတွင် ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံပါ ဥပဒေအကြောင်းအရာနှင့် လွဲမှားနေသည်မှာ နိုင်ငံတော်သမ္မတနေရာတွင် စစ်တပ်မှ ရွေးချယ် တင်မြှောက်ထားသော ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေကို အစားထိုး၍ ဆောင်ရွက်ထားသည်။ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတ (၂) တို့ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့ ညပိုင်းတွင် စစ်တပ်မှ ဥပဒေမဲ့ဖမ်းဆီးခဲ့ပြီးမှ ဒုသမ္မတ (၁) ကို ယာယီသမ္မတအဖြစ် အစားထိုးဆောင်ရွက်ခြင်း ဖြစ်သည်။ စစ်တပ်သည် မိမိ၏ အာဏာသိမ်းမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညီအောင် ဆောင်ရွက်ထားသော်လည်း မြန်မာ့ဆိုရိုးစကားတစ်ခုဖြစ်သော “ရှေ့ကဖုံး နောက်ကပေါ်” ဆိုသကဲ့သို့ ၎င်းတို့၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံ၏ ပြဋ္ဌာန်းချက်များဖြင့် လုံးလုံးလျားလျား ဆန့်ကျင်နေသည်ကို ထင်ထင်ရှားရှား မြင်တွေ့ရသည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခန်း (၁) အခြေခံမူများ၊ ပုဒ်မ (၁၆) တွင် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အကြီးအကဲနှင့် အုပ်ချုပ်ရေး အကြီးအကဲဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့အပြင် အခန်း (၅) အုပ်ချုပ်ရေး၊ ပုဒ်မ (၂၁၅) တွင် နိုင်ငံတော်သမ္မတ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သို့မဟုတ် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ကျင့်သုံးဆောင်ရွက်မှုများအတွက် မည်သည့် တရားရုံး တွင်မှ ဖြေရှင်းရန် တာဝန်မရှိဟု ဖေါ်ပြထားသည်။ နိုင်ငံတော်သမ္မတကို စွပ်စွဲပြစ်တင်လိုလျှင် အခန်း (၃)၊ ပုဒ်မ (၇၁) အရသာ စွပ်စွဲ ပြစ်တင်နိုင်ပြီး စွပ်စွဲမှုမှန်ကန်ပါက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးက တာဝန်မှ ရပ်စဲကြောင်း ကြေညာရမည်ဟု ဖော်ပြထားသည်။ ထိုအချိန်မှသာ ဒုတိယသမ္မတ(၁)သည် ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ စစ်တပ် သည် ဖွဲ့စည်းပုံတွင် ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက်များကို မျက်ကွယ်ပြု၍ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ (၂) ကို လက်နက်အားကိုးဖြင့် မတရားဖမ်းဆီးပြီး ဒုတိယသမ္မတ (၁) ကို သူ့သဘောနှင့်သူ ယာယီသမ္မတအဖြစ် တာဝန်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး အာဏာသိမ်းခဲ့ကြောင်း သိသာထင်ရှားလှသည်။ စစ်တပ်သည် မိမိလိုသလို လက်နက် အားကိုးဖြင့် ဆောင်ရွက်ပြီးမှ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အခန်း(၁၁) ပုဒ်မ (၄၁၂) (ခ) အရ ခေါ်ယူပြီး အာဏာ လွှဲယူခြင်းသည် အာဏာသိမ်းခြင်းသာဖြစ်သည်ဆိုသည့် အချက်မှာ ထင်ရှားလှပေသည်။
ထို့အပြင်ယခုအာဏာသိမ်းမှုတွင် စစ်တပ်မှ ထောက်ပြခဲ့သော မဲစာရင်းမှားယွင်းမှုကိစ္စမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်သာ သက်ဆိုင်ပြီး အစိုးရအဖွဲ့နှင့် လုံးဝသက်ဆိုင်ခြင်းမရှိပေ။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ တာဝန် များကို ဖွဲ့စည်းပုံ၏ အခန်း(၉)၊ ပုဒ်မ ၃၉၉ တွင် အတိအကျ ဖေါ်ပြထားသည်။ ထိုဖေါ်ပြချက်ထဲတွင် မဲစာရင်းများပြုစုခြင်းနှင့် ပြင်ဆင်ခြင်းပါရှိသလို၊ ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုများကို ဖြေရှင်းရန် လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲများ အတွက် ပြဋ္ဌာန်းထားသည့် ဥပဒေနှင့် နည်းဥပဒေများတွင်လည်း အတိအကျ ဖေါ်ပြထားသည်။ လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို မည်သူတွေက မည်ကဲ့သို့တိုင်ကြားရမည်၊ မည်ကဲ့သို့ အရေးယူမည်ကို အသေးစိတ် ဖေါ်ပြထားချက်များ ပါရှိသည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံ ပုဒ်မ (၄၀၂)တွင် ကော်မရှင်၏ အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်စေရမည် ဟုပါရှိသည်ကိုလည်းတွေ့ရှိရသည်။ ထိုကြောင့် မဲစာရင်းအငြင်းပွားမှုသည် ရွေးကောက်ပွဲကော်မရှင်နှင့်သာ သက်ဆိုင်ပြီး အစိုးရအဖွဲ့၊ လွှတ်တော်တို့နှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။ ထိုကဲ့သို့သော အငြင်းပွားမှုမျိုးကို နိုင်ငံတော်သမ္မတမှ ဖြေရှင်းဆောင်ရွက်ရန်တာဝန်ရှိသည်ဆိုသော ပြဋ္ဌာန်းချက်မျိုး ဖွဲ့စည်းပုံတွင် ပြဋ္ဌာန်းထားခြင်းမရှိပါ။ ထို့အပြင် ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှုများ ပေါ်ပေါက်လာပါက လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ၎င်းတို့၏ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာမဲဆန္ဒရှင် ပြည်သူများမှ တိုင်ကြားနိုင်သော်လည်း စစ်တပ်ဆိုသော အဖွဲ့အစည်းအနေဖြင့် ဝင်ရောက်စွက်ဖက်ရန် တရားဝင် ပြဋ္ဌာန်းချက်မရှိပါ။ တပ်မတော်သားမဲဆန္ဒရှင်တစ်ဦးချင်း အနေဖြင့်သာ ဥပဒေအရ ဆောင်ရွက်ခွင့် ရရှိမည်သာ ဖြစ်သည်။
သို့သော်လည်း စစ်တပ်သည် သူတို့ကိုယ်တိုင်ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံကို မျက်ကွယ်ပြုကာ နိုင်ငံတော်အာဏာသိမ်းခြင်းကို ဖွဲ့စည်းပုံနှင့် အညီဖြစ်အောင် အတင်းဇတ်လမ်းဆင် ဖန်တီးယူခဲ့သည်မှာ ထင်ရှားပါသည်။ ထိုကဲ့သို့ ဇတ်လမ်းဆင် ဖန်တီးယူ၍ အာဏာသိမ်းနိုင်ရန်လည်း ကြိုတင်ပြင်ဆင်ထားခဲ့ပုံရသည်။ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်တစ်ဦးမှ ဖွဲ့စည်းပုံဥပဒေကို အခြေခံ၍ မဲစာရင်းဆိုင်ရာလုပ်ငန်းစဉ်တွင် ရွေးကောက်ပွဲကော်မရှင်၏ ပြဋ္ဌာန်းထားသော လုပ်ပိုင်ခွင့်ကို ထောာက်ပြ၍ မေးမြန်းခဲ့ဖူးသည်။ စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူမှ အခန်း(၁) အခြေခံမူများ၊ ပုဒ်မ(၇) “နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးသည်” နှင့် ပုဒ်မ (၆)၊ ပုဒ်မခွဲ (စ) “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်” ဆိုသော အချက်များကို ထောက်ပြပြီး ပြန်လည်ဖြေရှင်းခဲ့သည်။ အခန်း(၁) နိုင်ငံတော်အခြေခံမူများ၊ ပုဒ်မ(၄) တွင် ပြဋ္ဌာန်းထားသော “နိုင်ငံတော်အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတစ်ဝှမ်းလုံး၌ တည်သည်” ဆိုသော အချက်ကိုမူ မျက်ကွယ်ပြု၍ နိုင်ငံတော်အာဏာသည် ၎င်းတို့၏ကြီးကြပ်မှုအောက်တွင် ရှိသည်ဆိုသော သဘောထား ကို ရှင်းရှင်းလင်းလင်း ချပြလိုက်သည့် ပုံစံကိုတွေ့ရှိရသည်။ ယခုအာဏာသိမ်းမှုကို လေ့လာကြည့်ရာတွင် စစ်တပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်လိုသော ဆန္ဒမရှိသည်ကို တွေ့ရသည်။ သို့သော်လည်း အာဏာသိမ်းပြီးနောက် စစ်တပ်မှဖွဲ့စည်းပေးခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှ အချိုးကျ ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်သည့်စာတမ်းများ တောင်းယူခဲ့သည့်အတွက် ရွေးကောက်ပွဲစနစ်ကို ပြင်ဆင်လိုပုံတွေ့ရပါသည်။ ယခုလက်ရှိ ရွေးကောက်ပွဲစနစ်အရ ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် ပါတီကြီးတစ်ခုခုမှ အစိုးရဖွဲ့နိုင်လောက်သည်အထိ အနိုင်ရရှိခဲ့သည်ကို ကြုံတွေ့ခဲ့ပြီးနောက် ထိုအခြေအနေသည် စစ်တပ်၏ နိုင်ငံရေးတွင် အရေးပါမှုကို လျော့နည်းစေခဲ့သည်။ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တစ်နိုင်ငံ လုံးတွင် အပြတ်အသတ် နိုင်ခဲ့ခြင်းကြောင့် လာမည့်အစိုးရသက်တမ်းတွင် စစ်တပ်၏ နိုင်ငံရေးဩဇာသည် ယခင်ကထက် ပိုမိုကျဆင်းသွားမည်ကို ၎င်းတို့စိုးရိမ်ပူပန်မှု ရှိလာပုံရသည်။ ထို့အတွက်ကြောင့်လည်း မခိုင်လုံသော အကြောင်းပြချက်ဖြင့် အာဏာသိမ်းခြင်းကို မဖြစ်မနေဆောင်ရွက်ခြင်းဖြစ်သည်ဟု ယူဆမိပါသည်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့ ပြင်ဆင်လိုပုံမရပေ။
စစ်တပ်သည် နောင်လာမည့် ရွေးကောက်ပွဲ အစဉ်အဆက်တွင် ၎င်းတို့အနေဖြင့် မြန်မာ့နိုင်ငံရေးအပေါ် လွှမ်းမိုးမှုရှိနေအောင် ဖွဲ့စည်းပုံထဲမှ ရွေးကောက်ပွဲစနစ်ကို ပြင်ဆင်ရုံမှတပါး သူတို့အသားစီးရနေသော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို ဆက်လက်ကိုင်စွဲ သွားမည်ဟု ထင်မြင်မိပါသည်။
နောက်ဆုံးအနေဖြင့် ယခုစစ်တပ်၏အာဏာသိမ်းမှုကို ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော NLD အပါအဝင် အခြားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ အနေဖြင့် အပြီးတိုင် မတွန်းလှန်နိုင်ပါက မြန်မာနိုင်ငံသည် နောင် (၁၀) စုနှစ်ပေါင်းများစွာ ဒီမိုကရေစီနောက်ပြန်ဆုတ်ပြီး စစ်တပ်၏ လွှမ်းမိုးမှုရှိနေသော၊ ပြည်တွင်းစစ်ဆိုးဝါးစွာ ဖြစ်ပွားနေသော နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့နိုင်ငံရေးသမိုင်းတွင် မှတ်တမ်းဝင် သွားပါတော့မည်။
မောင်မြစ်သစ်