အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှ အမျိုးသမီးများ၏ ကြမ္မာဆိုးများ

မြန်မာ့လူ့အဖွဲ့အစည်းသည် လိင်ကိစ္စနှင့် ပတ်သက်ပြီး မပွင့်လင်းသော ရှေးရိုးစွဲများကြောင့် မွန်းကျပ် ပိတ်လှောင်လျက်ရှိ၏။ တိုတောင်းလှသော အရပ်သားအစိုးရ လက်ထက်တွင် အမျိုးသမီးများအရေးနှင့် ပတ်သက်ပြီး အနည်းငယ်သာ ဆောင်ရွက်နိုင်သည်။ လိင်အကြမ်းဖက်ခံရခြင်းနှင့်အတူ သက်ငယ် မုဒိမ်းများ တိုးပွားရှုပ်ထွေးမှုကို ထိရောက်စွာ အကာအကွယ် မပေးနိုင်ခဲ့ပေ။

ထိုအခြေအနေများအောက်မှာပင် စစ်တပ်၏ မဆင်မခြင် အာဏာသိမ်းမှုကြောင့် အခြေအနေ ပိုဆိုး လာသည်။ စစ်မက်မကင်းသော တိုင်းရင်းသားဒေသများတွင် အုပ်စုလိုက် မုဒိမ်းကျင့်ခံရခြင်း လိင်ပိုင်း ဆိုင်ရာ စော်ကားခံရခြင်းများကို နားနှင့်မဆံ့အောင် ခေတ်အဆက်ဆက်ကြားခဲ့ရသည်။ အမျိုးသမီး များစွာသည် စစ်သားများ၏ လိင်ကျေးကျွန်ဘဝသို့ ရောက်ခဲ့ရသည်။ သီးခြားဥပဒေနှင့်ရပ်တည်သော စစ်တပ်၏ ကျူးလွန်မှုများကို အရပ်သားအစိုးရကလည်း အကာအကွယ် မပေးနိုင်ပေ။ အနီးဆုံး ဥပမာတစ်ခုကတော့ ရခိုင်ဒေသတွင် ဖြစ်ပွားခဲ့သော လူမဆန်စွာ သတ်ဖြတ်မှုများနှင့် အမျိုးသမီးများ အစုလိုက် မုဒိမ်းကျင့်ခံရခြင်းပင်ဖြစ်သည်။ စစ်တပ်၏ မုဒိမ်းကျင့်မှု လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု သတင်းများသည် ကမ္ဘာအနှံ့ရောက်ရှိသွား၏။ ရိုဟင်ဂျာ လူနည်းစုများအပေါ် ပစ်မှတ်ထား ကျူးလွန် ခဲ့ကြ၏။ စစ်မက်ဖြစ်ရာဒေသများတွင် အမျိုးသမီးများမှာ စစ်သားရဲသားများ၏ လိင်ပိုင်းဆိုင်ရာ အသုံးတော်ခံမှု တစ်ခုလို ဖြစ်နေခဲ့၏။

 ထိုအခြေအနေဆိုးများအောက်တွင် စစ်တပ်မှ အာဏာသိမ်း၏။ အရပ်ဘက်အုပ်ချုပ်မှု ပျောက်ဆုံးသွား သလို မြို့ပြများပင် မလုံခြုံတော့ပေ။ လူသူဝေးသော မီဒီယာများနှင့် အလှမ်းဝေးသော တိုင်းရင်းသား များ၏ အဖြစ်ပျက်ဆိုးများကို မြို့ပြလူထုလည်း ခါးသည်းစွာ ကြုံတွေ့ရလေ၏။

လူ့အခွင့်ရေး ဆုံးရှုံးခြင်းများနှင့်အတူ စစ်သားများ၏ ရက်စက်ကြမ်းကြုတ်မှုများက လူရှေ့သူရှေ့ မီဒီယာ များရှေ့တွင် ပေါ်ပေါ်တင်တင် ကျူးလွန်လာကြတော့သည်။ အရင်ကတည်းက အားနည်းသော အမျိုးသမီးထုကြီးမှာ  အကာအကွယ် ပိုမဲ့ခဲ့ရ၏။ အကြောက်တရားကို နည်းပေါင်းစုံဖြင့် ရိုက်သွင်းနေချိန် ဖြစ်၍ စစ်သားများ၏ သားကောင်မှာ အမျိုးသမီးများဖြစ်လာရတော့သည်။

 ဆန္ဒပြပွဲများအတွင်းဖမ်းဆီးခံရသော အမျိုးသမီးများမှာ လိင်ပိုင်းဆိုင်ရာ နှုတ်ဖြင့်စော်ကားခြင်း ကိုယ်ထိလက်ရောက်ပြုခြင်းများ ခံရသည်။ မသင်္ကာသောစွပ်စွဲချက်က ရဲများ၊ စစ်သားများအတွက် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ဖို့ အခွင့်အရေးရသွားသည်။ နာမည်ကျော်အနုပညာရှင် အမျိုးသမီးများထံ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများ ပို့ခဲ့ကြသည်။ အဖမ်းဆီးခံရချိန်တွင်လည်း ရိုင်းပျစွာစော်ကားပြောဆို ဆက်ဆံကြသည်။

စစ်သားများသည် မြို့ကြီးများ၏ လမ်းမများပေါ်မှာ ညအချိန် မူးယစ်ရမ်းကားစွာ ဝင်လာကြသည်။ “မင်းတို့ နှမတွေ သားသမီးတွေကို မင်းတို့ရှေ့မှာပဲ မုဒိမ်းကျင့်ပြမယ်။ သတိထားနေကြ”ဟု  ခြိမ်းခြောက် ပြောဆိုကြသည်။ ညအချိန် သံပုံးတီးသော အမျိုးသမီးများကို လူမြင်ကွင်းတွင် ဒူးထောက်ခိုင်းခြင်း၊ ကခိုင်းခြင်းနှင့် မဖွယ်မရာ လုပ်ခိုင်းခြင်းများလည်း ရှိ၏။

 စစ်ကောင်စီ၏ သက်တမ်း တစ်ရက်ရှည်လာသည်နှင့် အမျိုးသီးများမှာ ပို၍ အကာကွယ် မဲ့လာသည်။ ထင်ရှားသော သာဓက များစွာအနက်မှ တစ်ခုအနေဖြင့် မန္တလေးတွင် ဖြစ်ခဲ့သော မြေပြင်အနေအထားကို ပြောပြချင်ပါသည်။ နေ့ခင်းလူမြင်ကွင်းတွင် ဖြစ်ပျက် ခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးငယ်မှာ ဆိုင်ကယ်ဖြင့် အပြင်ထွက်ရင်း စစ်သားနှင့်ရဲတို့၏ တားဆီးစစ်ဆေးခြင်းကို ခံရသည်။ စီးလာသောဆိုင်ကယ်ကို ထားရင်ထားခဲ့။ မထားခဲ့နိုင်ရင် အနမ်းခံပြီးမှပြန်လွှတ်မည်။ ဒီလိုမှ မဟုတ်ရင် အဖမ်းခံရမည်ဟု ဆို၏။ တန်ဖိုးကြီး ဆိုင်ကယ်ကို မထားခဲ့နိုင်သောကြောင့် မိန်းမငယ်မှာ စစ်သား၏ အနမ်းကိုခံရရှာ၏။

ဧပြီလ၁၈ ရက် ရန်ကင်း ဗုံးကွဲမှုဖြင့် စွပ်စွဲ အဖမ်းခံရသော” မပိုး” အကြောင်းကို မိခင်နှင့်အတူ အဖမ်းခံရကာ ပြန်လွတ်မြောက်လာသော အသက်၁၇ နှစ်အရွယ်မိန်းကလေးတစ်ဦး၏ ပြောပြချက်ကြောင့်သာ လူတွေ သိခွင့်ရခြင်းဖြစ်သည်။ သူမကိုယ်တိုင်လည်း ရဲစခန်းမှ ရဲသားတစ်ဦး၏ လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုမှုနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်တာကို ခံခဲ့ရသည် ဟု ဆို၏။

ရန်ကင်းဗုံးခွဲမှုနှင့် အဖမ်းခံရသော မပိုးကို ၉ မိုင်စစ်ကြောရေးမှာ အရင်စစ်ပြီးမှ ရွှေပြည်သာ စစ်ကြောရေးသို့ပို့သည်။ မပိုးမှာ ရွှေပြည်သာသို့ မရောက်မီကပင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှုခံရသည်။ မပိုး မှာ အသက် ၁၉ နှစ်သာ ရှိသေးသည်။ ကိုယ်ရေးကိုယ်တာတွေ စစ်မေးပြီး ရည်းစားမှာ နိုင်ငံခြားသားဖြစ်သည်ဟူသော အချက်ကြောင့် ပိုမိုနှိပ်စက်သည်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုခံရသည်။ ပေါင်ကို ကားခိုင်းပြီး မိန်းမအင်္ဂါမှ  သွေးများကျသည်အထိ ကန်ကျောက် ရိုက်နှက်ကြသည်။ စစ်ကြောရေးမှာလည်း မရှုမလှခံရပြီး ရင်သားများပင် ရောင်ရမ်းမဲညစ်နေသည် ဟု ဆိုသည်။

မိန်းမငယ်၏ ပြန်လည်ပြောပြမှုအရ  အခြားအသက်၁၉ နှစ်အရွယ် အမျိုးသမီးသည်လည်း လိင်ပိုင်းဆိုင်ရာ ပြောဆိုရမ်းကားမှုများ ခံရသေးသည်ဟု ဆိုသည်။ အမျိုးသမီး၏ ရည်းစားမှာ ဖမ်းခံရသော အုပ်စုတွင်ပါဝင်ပြီး ဘာသာခြားတစ်ယောက် ဖြစ်သည်ဆိုသောအချက်ကြောင့်ပင် ဖြစ်သည်။

လူမဆန်သည့် ရဲ၊ စစ်သားများနှင့် စစ်မေးသူများ၏ ပစ်မှတ်အောက်တွင် အမျိုးသမီးများမှာ အကာအကွယ်မဲ့ကြရသည်။ စစ်ဆေးရာမှာလည်း ရဲမေများမှ စစ်မေးခြင်းမျိုး မဟုတ်ဘဲ ရဲများ၊ စစ်သား များကပင် ဆိတ်ကွယ်ရာမှာ သီးသန့်စစ်မေးကြသည်။ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်လိုလျှင် ကာမ ဆက်ဆံခွင့်ပြုရမည်ဟု အပေးအယူလုပ်သည့် သတင်းများလည်းထွက်နေသည်။

အမည်မဖော်လိုသူ စစ်ကြောရေးရဲအရာရှိငယ်တစ်ယောက်နှင့် မေးမြန်းခွင့်ရခဲ့သည့် အတွေ့အကြုံအရ ၎င်းတို့ဆီ မရောက်ခင် ဘာတွေဖြစ်ခဲ့သည်ကို မသိရကြောင်းနှင့် အချို့မိန်းမငယ်လေးများမှာ ဘာမှမေးလို့မရအောင် ရှိုက်ကြီးတငင် ငိုယိုကြသူများကို ကြုံခဲ့ရသည် ဟုဆိုသည်။ အပြင်မှာထွက်နေသည့် သတင်းဆိုး များနှင့် ပတ်သက်ပြီး မေးမြန်းမှုကိုတော့ အရာရှိငယ်က အတည်ပြုချက် မပေးခဲ့သော်လည်း လုပ်ပိုင်ခွင့်အာဏာ ကုန် ရထားသည့် အခြေအနေနှင့် လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြတာမို့ ဘာမဆို ဖြစ်နိုင်သည်ဟုသာ ခြုံငုံပြီး ဖြေကြားခဲ့၏။

ဖမ်းဆီးစစ်ဆေးခံရသည်မှာ ဆယ်ကျော်သက်အရွယ်တွေက အများစုဖြစ်ကြပြီး  အရာရှိငယ် ပြောခဲ့ သလို ဘာမဆို ဖြစ်သွားနိုင်သည့် အနေအထားတွင်ရှိနေသည်။ ဖမ်းဆီးသွားပြီး အကျဉ်းထောင်သို့ မရောက်ခင် လနှင့်ချီပြီး ကြာသည်။ လူမြောက်မြားစွာ အကျဉ်းထောင်များဆီသို့ မရောက်သေးဘဲ မည်သည့်နေရာတွင် ရှိနေမှန်းကို မိသားစုဝင်များ စုံစမ်း၍ မရပေ။

အထက်ပါအဖြစ်ပျက်များသည် ဖေဖော်ဝါရီ  ၁ ရက်နေ့ နောက်ပိုင်းမှ စပြီး တစ်နေ့တခြား ဆိုးဝါးလာ၏။

ထိုကိစ္စများကို နိုင်ငံတကာသိနေသော်လည်း ICRC လို အဖွဲ့စည်းကပင် အမျိုးသမီးများအတွက် မည်သည့် အကူအညီမျှ ပေးစွမ်းနိုင်ခြင်း မရှိခဲ့ချေ။

မှောင်သထက်မှောင်လာနေသော မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှ အမျိုးသမီးများ၏ ကံကြမ္မာမှာကား ကူကယ်ရာမဲ့ ဖြစ်နေပေပြီ။

(Nay La Yaung)