၁၉၄၃ခုနှစ် ဂျပန်ခေတ်ဖွဲ့စည်းပုံ အကြောင်း အကျဉ်းချုပ်

ဒုတိယကမ္ဘာစစ်ကြီးသည် ၁၉၃၉ ခုနှစ်တွင် ဥရောပတွင် စတင်ဖြစ်ပွားခဲ့သည်။ ၁၉၄၁ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့တွင် ဂျပန်နိုင်ငံသည် စစ်မကြေညာဘဲ အမေရိကန်ရေတပ်စခန်းဖြစ်သည့် ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် ဒုတိယ ကမ္ဘာစစ်ထဲ ပါဝင်လာခဲ့သည်။ ၁၉၄၁ -၁၉၄၂ ခုနှစ်များတွင် ဂျပန် တို့သည် မလေးယား၊ စင်္ကာပူ၊ ဒပ်ချ်အရှေ့အိန္ဒိယကျွန်းစု၊ ဖိလစ်ပိုင်တို့ကို တိုက်ခိုက်သိမ်းခြင်းနှင့်အတူ ဗမာနိုင်ငံကို လည်း တိုက်ခိုက်ခဲ့ပါသည်။ ဂျပန်တို့သည် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)နှင့်အတူ ဗမာနိုင်ငံကို လျှင်မြန်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ဂျပန်တို့သည်မြန်မာနိုင်ငံအား စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၉၄၂ ခုနှစ် သြဂုတ်လ ၁ ရက်တွင် ဂျပန်စစ်သေနာပတိ ဗိုလ်ချုပ်ကြီး အီဒါးက-

(၁) ဒေါက်တာဘမော် (ဝန်ကြီးချုပ်နှင့်ပြည်ထဲရေးဝန်ကြီး)၊

(၂) သခင်မြို့ (ဌာနလက်ကိုင်မရှိသောဝန်ကြီး)၊

(၃) ဒေါက်တာ သိမ်းမောင် (ဘဏ္ဍာရေးဝန်ကြီး)၊

(၄) ဦးထွန်းအောင် (တရားရေးဌာနဝန်ကြီး)၊

(၅) ဦးဘဝင်း (ပညာရေးနှင့်ကျန်းမာရေးဌာနဝန်ကြီး)၊

(၆) သခင်သန်းထွန်း (မြေနှင့်လယ်ယာစိုက်ပျိုးရေးဝန်ကြီး)၊

(၇) သခင်ထွန်းအုပ် (သစ်တောရေးရာဝန်ကြီး)၊

(၈) ဦးလှဖေ(ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုဌာနဝန်ကြီး)၊

(၉) သခင်ဗစိန် (လမ်းခရီးဆက်သွယ်ရေးနှင့် ဆည်မြောင်းဌာနဝန်ကြီး)

တို့ပါဝင်သော မြန်မာပြည်အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ထိုအစိုးရအဖွဲ့သည် ဂျပန်စစ်အုပ်ချုပ်​ရေးအဖွဲ့၏ လက်အောက်ခံသာ ဖြစ်ခဲ့သည်။ ရှမ်းပြည်နှင့် ကရင်နီပြည်များကိုမူ ဂျပန် စစ်အုပ်ချုပ်ရေးအဖွဲ့၏ လက်အောက်တွင် တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။

၁၉၄၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ဂျပန်အစိုးရက ဒေါက်တာ ဘမော်၊ သခင်မြ၊ ဒေါက်တာသိမ်းမောင်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ကို ခေါ်ယူဆွေးနွေးခဲ့ပြီးနောက် ၁၉၄၃ ခုနှစ်၊ မေလ ၈ ရက်နေ့တွင်-

(၁) ဒေါက်တာဘမော်၊

(၂) သခင်မြ၊

(၃) ဒေါက်တာသိန်းမောင်၊

(၄) သခင်သန်းထွန်း၊

(၅) သခင်ထွန်းအုပ်၊

(၆) ဦးလှဖေ၊

(၇) ဦးထွန်းအောင်၊

(၈) ဗန္ဓုလဦးစိန်၊

(၉) ဦးဘဝင်း၊

(၁၀) သခင်ဗစိန်၊

(၁၁) ဗိုလ်ချုပ်အောင်ဆန်း၊

(၁၂) ဆာမြဘူး၊

(၁၃) သခင်ကိုယ်တော်မှိုင်း၊

(၁၄) ဦးဆက်၊

(၁၅) ဦးချစ်လှိုင်၊

(၁၆) သခင်နု၊

(၁၇) ဒေါက်တာစံစီဖိုး၊

(၁၈) ဦးအေး၊

(၁၉) ဝတ်လုံ ဦးသိမ်းမောင်၊

(၂၀) ဟင်္သာတဦးမြ၊

(၂၁) ဦးအေးမောင်၊

(၂၂) ဦးထွန်းဖေ၊

(၂၃) ဆာဦးသွင်၊

(၂၄) ဦးကျော်၊

(၂၅) ဦးခင်မောင်ထွေး၊

(၂၆) ဦးကျော်ငြိမ်း (အတွင်းရေးမှူး) တို့ပါဝင်သော ဗမာပြည်လွတ်လပ်ရေးစီစဉ်မှုအဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။

အဆိုပါလွတ်လပ်ရေးစီစဉ်မှုအဖွဲ့သည် ဂျပန်အကြံပေးအရာရှိ စစ်ဗိုလ်ချုပ်ကြီး အီဆိုမူယာ၏ လမ်းညွှန်ချက်ဖြင့် ဗမာ နိုင်ငံတော်အုပ်ချုပ်ရေးစည်းမျဉ်း ပြုလုပ်သောဥပဒေ (၁၉၄၃ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းပုံဥပဒေ)ကို ၁၉၄၃ ခုနှစ် ဇူလိုင်လလယ် ၌ရက်ပိုင်းအနည်းငယ်အတွင်း ရေးဆွဲခဲ့သည်။

၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ဗမာနိုင်ငံတော် အုပ်ချုပ်ရေးစည်းမျဉ်းပြုလုပ်သောဥပဒေကိုပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေကို ဂျပန်ခေတ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟုလည်း ခေါ်ကြသည်။ထိုနေ့တွင် ဗမာနိုင်ငံကို ဂျပန်ဦးဆောင်သော မဟာအာရှ သာတူညီမျှရေးဒေသမူအရ လွတ်လပ်သော နိုင်ငံအဖြစ်ကြေညာခဲ့သည်။ ထိုလွတ်လပ်ရေးမှာ အတုအယောင် လွတ်လပ်ရေး သာဖြစ်ပြီး ဒေါက်တာဘမော် အစိုးရအဖွဲ့မှာ အမည်ခံဖြစ်သည်။ လက်တွေ့တွင် အာဏာမရှိခဲ့ပါ။ သို့သော်လည်း ထိုဥပဒေ၏ ထူးခြားချက်မှာ ကိုယ်ပိုင်တပ်မတော်ထားရှိခွင့် ပြုခြင်းပင်ဖြစ်သည်။ ဥပဒေသက်တမ်းမှာ ၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိဖြစ်သည်။  ယင်းဥပဒေ၌ အခန်း ၁၂ ခန်းနှင့် ပုဒ်မ ၆၄ ခုပါရှိသည်။ အခန်းခေါင်းစဉ်များမှာ နိုင်ငံတော်၊ နိုင်ငံတော် အဓိပတိဝန်ကြီးများအဖွဲ့၊ အတိုင်ပင်ခံလွှတ်တော်၊ ဥပဒေပြုခြင်း၊ ဗမာအမျိုးသားတို့၏ အခြေခံအခွင့်အရေးများ၊ တရားရုံးတော်များ၊ ဘာသာ၊ နိုင်ငံတော်ဝန်ထမ်းများ၊ စာရင်းစစ် နှင့် စာရင်းကိုင်၊ လက်နက်ကိုင်စစ်တပ်များ၊ အုပ်ချုပ်မှုစီမံရေးအဖွဲ့တို့ဖြစ်သည်။ “ဗမာ ဘာသာသည် ဗမာနိုင်ငံတော်သစ်၏ ရုံးသုံးဘာသာစကားဖြစ်ရမည်” ဟူသော ပြဋ္ဌာန်းချက် ပါရှိသည်။

၁၉၄၃ခုနှစ် စက်တင်ဘာလတွင် ဂျပန်သံအမတ်ကြီး မစ္စတာရင်ဇောဆာဝါဒါနှင့် ဒေါက်တာဘမော် တို့ စာချုပ်တစ်ရပ်ချုပ်ဆို ခဲ့သည်။ ထိုစာချုပ်အရ ရှမ်းပြည်ရှိ ကျိုင်းတုံ နှင့် မိုင်းပန်နယ်များကို ချန်လှပ်၍ ကျန်ရှမ်းနယ်၊ ကရင်နီနယ်များကို ဗမာပြည်မ နှင့် တစ်စုတစ်စည်းထဲ အုပ်ချုပ်မှုလုပ်ငန်းဆောင်ရွက်ခဲ့သည်။ ယခင်အင်္ဂလိပ်ခေတ်က ပြဋ္ဌာန်းခဲ့သော ဥပဒေအရ ဇယားဝင်နယ်များဖြစ်သော ကချင် နှင့် ချင်း​တောင်တန်းဒေသ တို့ကိုမူ ဂျပန်များ မသိမ်းပိုက်နိုင်ခဲ့သောကြောင့် ထိုဒေသများ၏ အုပ်ချုပ်ရေးကို ဗမာပြည်ပြေးအစိုးရမှ အိန္ဒိယစစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီးဝေဗဲလ် (Field Marshal Wavell) လက်အောက်သို့ လွှဲအပ်ခဲ့သည်ကို တွေ့ရသည်။

ဂျပန်ခေတ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည်  ဂျပန်တို့က မြန်မာနိုင်ငံအား လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ အဖြစ် အသိအမှတ် ပြုခဲ့သည့် ၁၉၄၃ ခုနှစ်၊ သြဂုတ်လ ၁ရက်နေ့တွင် ဥပဒေအမှတ်(၁)ဖြင့် ပြဋ္ဌာန်းခဲ့ရာ ဂျပန်တပ်များသည် ၁၉၄၃ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် လက်နက်ချကြောင်း တရားဝင် လက်မှတ်ရေးထိုးချိန်အထိ အာဏာသက်ရောက်ခဲ့သည့် အတွက် သက်တမ်း ၂ နှစ်ခန့်သာရှိခဲ့သည်။ ၁၉၄၃ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အခန်း (၁၂)ခန်း၊ ပုဒ်မ (၆၄) ခု ပါဝင်သည့်အတွက် မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေများအနက် ဤဥပဒေသည်အခန်းနှင့် ပုဒ်မ ပြဋ္ဌာန်းချက်များ အနည်းဆုံးလည်း ဖြစ်သည်။

ဂျပန်စစ်အုပ်ချုပ်ရေးခေတ် ဖွဲ့စည်းပုံအခြေခံဥပဒေ (English) ဒေါင်းလုပ် ရယူရန်

ဂျပန်စစ်အုပ်ချုပ်ရေးခေတ် ဖွဲ့စည်းပုံအခြေခံဥပဒေ (Myanmar) ဒေါင်းလုပ် ရယူရန်

သက်နှင်း (ရိုးမ)