မြန်မာ့ရွေးကောက်ပွဲ သမိုင်း (၁)

နောက်ခံသမိုင်း

ဗြိတိသျှ နယ်ချဲ့တို့သည် ၁၈၂၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၅၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၈၅ ခုနှစ်တွင် တစ်ကြိမ် ကျူးကျော်စစ် (၃)ကြိမ် ဆင်နွဲခဲ့ပြီး ဗမာနိုင်ငံတစ်နိုင်ငံလုံးအား သိမ်းပိုက်နိုင်ခဲ့သည်။ ၁၉၀၆ခုနှစ်၊မေလ(၁၀)ရက်တွင် ရန်ကုန် ကောလိပ်ကျောင်းသား မျိုးချစ်လူငယ်တစုဖြစ်သော  ဦးဘဖေ၊ ဦးမောင်ကြီး၊      ဒေါက်တာဘရင် တို့မှ   စတင်စည်းရုံး လှုံ့ဆော်ခဲ့ပြီး ဦးမေအောင်၊ ဦးခင်၊ ဦးဘဒွန်း၊ ဦးစံဘ၊ ဦးစံလွင် ၊ ဦးလှဖေ၊ ဦးသိန်းမောင်၊ ဦးစိန်လှအောင် စသောပုဂ္ဂိုလ်များဖြင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ) ကို ဖွဲ့စည်းခဲ့ကြသည်။ အမျိုးဘာသာ သာသနာ အကျိုးအတွက် လုပ်ဆောင်မည်ဟူသော ကြွေးကြော်သံကို ရှေ့တန်းတင်၍ အမျိုးသားရေးလှုပ်ရှားမှုများကို အသွင်သဏ္ဍာန်မျိုးစုံဖြင့် အဆက်မပြတ် ဖော်ဆောင်လုပ်ကိုင်ခဲ့ကြသည်။ ထိုသို့ အဆက်မပြတ် ပေါ်ပေါက်ခဲ့သော လှုပ်ရှားမှုများကြောင့် အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုတက်ကြွလာပြီး ၁၉၂၀ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားသပိတ် ဖြစ်ပေါ်လာခဲ့သည်။ ထိုကျောင်းသားသပိတ်၏ အကျိုးဆက်ကြောင့် တစ်ပြည်လုံးတွင် အမျိုးသားကျောင်း များပေါ်ပေါက်လာခြင်းနှင့်အတူ အမျိုးသားရေးအုံကြွမှုများ ပိုမိုပြင်းထန်လာခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် ဗြိတိသျှ နယ်ချဲ့တို့သည် ဗမာနိုင်ငံကို ဒိုင်အာခီ အုပ်ချုပ်ရေးစနစ်ဖြင့် ပြောင်းလဲကျင့်သုံးအုပ်ချုပ်ရန် ရည်ရွယ်စီစဉ်ခဲ့သည်။ ယင်းဒိုင်အာခီအုပ်ချုပ်ရေး ကျင့်သုံးချိန်မှစ၍  မြန်မာ့သမိုင်းတွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပခြင်း စတင်ပေါ်ပေါက်လာသည်။

ကိုလိုနီခေတ်ရွေးကောက်ပွဲများ

၁၉၂၂ အထွေထွေရွေးကောက်ပွဲ

ပထမဆုံးသော ရွေးကောက်ပွဲ ကို ၁၉၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ကျင်းပသည်။ဥပဒေပြုအဖွဲ့အစည်း တစ်ခုတည်းသာ ရှိသည်။ ထိုတစ်ခုတည်းသော လွှတ်တော် (Unicameral Legislature) အတွက် ရွေးကောက်တင်မြှောက် ရခြင်းဖြစ်သည်။

ဒိုင်အာခီ (Dyarchy) ဖွဲ့စည်းပုံဥပဒေအရ ဥပဒေပြုကောင်စီသည် ဗြီတိသျှကိုလိုနီဘုရင်ခံကို အကြံပေးရပြီး၊ပညာရေး၊ ဒေသန္တရအစိုးရ၊ ပြည်သူ့ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် သစ်တောဌာနများကို ညွှန်ကြားနိုင်သော အခွင့်အာဏာ ရှိသည်။

ဥပဒေပြုကောင်စီ(Legislative Council) တွင် အဖွဲ့ဝင် (၁၀၃)ဦး ပါရှိသည်။ ယင်း (၁၀၃)ဦးအနက် (၈၀) ဦးကို အများပြည်သူမှ ရွေးကောက်တင်မြှောက်ရသည်။ ၎င်း (၈၀) ဦးတွင် အထွေထွေမဲဆန္ဒနယ်များမှ (၅၈)ဦး၊ လူမျိုး အလိုက်ထားရှိသော မဲဆန္ဒနယ်များမှ (၁၅)ဦး၊ ကုန်သည်များနှင့် တက္ကသိုလ်ကို ကိုယ်စားပြုသည့် အထူးမဲဆန္ဒနယ်များမှ (၇)ဦးတို့ ပါဝင်သည်။ ကျန်အဖွဲ့ဝင်(၂၃) ဦး မှာ ရာထူးအလျှောက် ခန့်ထားသူ (ex officio) (၂) ဦး၊ ဘုရင်ခံ မှ ခန့်ထားသူ (၂၁) ဦး တို့ဖြစ်ကြသည်။ ရာထူးအလျှောက် ခန့်ထားသူ များမှာ ဘဏ္ဍာရေးဝန်ကြီးနှင့် ပြည်ထဲရေး ဝန်ကြီး တို့ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲတွင် အသက် (၁၈)နှစ်အထက် နိုင်ငံသားအားလုံး သည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။   ထိုအချိန်က မြန်မာနိုင်ငံတွင် လူဦးရေ (၁၂)သန်း သာရှိပြီး မဲပေးပိုင်ခွင့်ရှိသူမှာ (၁.၈)သန်း ရှိသည်။

ကရင်လူမျိုးများ၊ ယူရေးရှားများ (ဥရောပ – အာရှသားများ)နှင့် ဥရောပတိုက်သားများအတွက် သီးခြားကိုယ်စားလှယ် နေရာ သတ်မှတ်ထားသည်။ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အသက်ကို (၂၅)နှစ်နှင့် အထက် သတ်မှတ်ထားသည်။

ရွေးကောက်ပွဲကို သဘောထားအလယ်အလတ်ရှိသူများနှင့် အမျိုးသားရေးစိတ်ဓာတ် တက်ကြွသူများ ဝင်ရောက်ခဲ့သည်။ သဘောထား အလယ်အလတ်ရှိသူများသည် လက်တလော အုပ်ချုပ်ရေးပုံစံကို ပြောင်းလဲလာစေရန်သာ ရည်ရွယ်ခဲ့ပြီး အမျိုးသားရေး စိတ်ဓာတ် တက်ကြွသူများ သည် အိန္ဒိယနိုင်ငံမှ ခွဲထွက်လိုပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုခဲ့ သည်။ ဂျီစီဘီအေအသင်းကြီး (General Council of Burmese Associations)က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ဂျီစီဘီအေအသင်းကြီးမှ ခွဲထွက်လာသော (၂၁)ဦး ပါတီက ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ဦးဘဖေဦးဆောင်သော (၂၁)ဦး ပါတီသည် လူမျိုးအလိုက်မဟုတ်သော မဲဆန္ဒနယ် (၅၈)နယ်တွင် (၂၈)နယ်တွင် အနိုင်ရရှိခဲ့သည်။ ဂျိုးဇက် မောင်ကြီး ဦးဆောင်သော ဗြိတိသျှအစိုးရလိုလားသော အင်ဒီပဲဒင့်ပါတီ (The Independent Party) (နောက်တွင် ရွှေတောင်ကြားပါတီ (The Golden Valley Party) လူသိများလာသည်) က (၁၅)နေရာ အနိုင်ရရှိခဲ့သည်။ အခြားမဲဆန္ဒနယ်များတွင် တစ်သီးပုဂ္ဂလများ အနိုင်ရရှိခဲ့သည်။ ရွေးကောက်ပွဲအပြီးတွင် အင်ဒီပဲဒင့်ပါတီ သည် လူမျိုးကိုယ်စားပြု မဲဆန္ဒနယ်များနှင့် ကုန်သည်များကိုယ်စားပြု မဲဆန္ဒနယ်များမှ ကိုယ်စားလှယ်များ ပူးပေါင်းလာမှုကြောင့် ပိုမိုအင်အားကောင်းလာခဲ့သည်။ ထိုရွေးကောက်ပွဲတွင် မဲပေးသူ အလွန်နည်းခဲ့ပြီး မဲပေးခွင့်ရှိသူ စုစုပေါင်း၏ (၆.၈)% မဲပေးခဲ့သည်။ ဘုရင်ခံ ဘတ္တလာသည် ရွေးကောက်ပွဲအပြီးတွင် ပါတီကြီး နှစ်ခု ဖြစ်သော ((၂၁)ဦး ပါတီ နှင့် အင်ဒီပဲဒင့်ပါတီ မှ ပုဂ္ဂိုလ်များဖြင့် အစိုးရအဖွဲ့ကိုဖွဲ့စည်းခဲ့သည်။

၁၉၂၅ အထွေထွေရွေးကောက်ပွဲ

ဒုတိယအကြိမ် ရွေးကောက်ပွဲ ကို ၁၉၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ယခင်နည်းလမ်းအတိုင်းကျင်းပခဲ့သည်။

ထိုရွေးကောက်ပွဲတွင် ဦးတုတ်ကြီးဦးဆောင်သော ဆွာရပ်ဂျ်ပါတီ (Swaraj Party) မှ ကိုယ်စားလှယ်လောင်း (၂၀)ဦး၊ အင်ဒီပဲဒင့်ပါတီမှ ကိုယ်စားလှယ်လောင်း (၈၅)ဦး၊ အမျိုးသားပါတီ (Nationalist Party) (၁၉၂၂ ရွေးကောက်ပွဲတွင် (၂၁) ဦးပါတီ အမည်ဖြင့် ယှဉ်ပြိုင်ခဲ့သည်) မှ ကိုယ်စားလှယ်လောင်း (၄၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

မဲပေးခွင့်ရှိသူ စုစုပေါင်း၏ (၁၆)% မဲပေးခဲ့ကြသည်။ ၁၉၂၂ ရွေးကောက်ပွဲ၏ မဲပေးသူ (မဲပေးခွင့်ရှိသူ စုစုပေါင်း၏ ၆.၈%) နှင့် နှိုင်းယှဉ်လျှင် ပိုမိုများပြားလာသည်ဟု ဆိုရမည်ဖြစ်သည်။ ယခင်ဥပဒေပြုကောင်စီ သက်တမ်းအတွင်း ရွေးကောက် တင်မြှောက်ခံ နိုင်ငံရေးသမားများ၏ ကြိုးပမ်းအားထုတ်မှု များကြောင့် အငြင်းပွားဖွယ်ဥပဒေများ ပြင်ဆင်နိုင်ခဲ့ခြင်းနှင့် နိုင်ငံရေး ပါတီအရေအတွက် တိုးတက်လာခြင်းတို့ကြောင့် မဲပေးမှု ရာခိုင်နှုန်း တိုးတက်လာခြင်း ဖြစ်သည်ဟု ယူဆကြ သည်။

ထိုရွေးကောက်ပွဲတွင် အမျိုးသားပါတီက (၂၅)နေရာ၊ အင်ဒီပဲဒင့်ပါတီက (၂၀)နေရာ၊ ဟုမ္မရူးပါတီ  (Home Rule Party) က(၁၁)နေရာ၊ဆွာရပ်ဂျ်ပါတီက(၉)နေရာ၊အခြားအဖွဲ့အစည်းများက(၁၅)နေရာအနိုင်ရရှိခဲ့သည်။ အမျိုးသားပါတီ သည် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် အများဆုံး ရရှိခဲ့သော်လည်း အစိုးရ မဖွဲစည်းနိုင်ခဲ့ပါ။ ဗြိတိဘျှ အာဏာပိုင်များ လိုလားသော ဂျိုးဇက် မောင်ကြီး ဦဆောင် သည့် အင်ဒီပဲဒင့် ပါတီ ကသာ အစိုးရ ဖွဲ့စည်းနိုင်ခဲ့သည်။

၁၉၂၈ အထွေထွေရွေးကောက်ပွဲ

တတိယအကြိမ် ရွေးကောက်ပွဲ ကို ၁၉၂၈ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့တွင် ကျင်းပခဲ့သည်။

အမျိုးသမီးများကို ဥပဒေပြုကောင်စီ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မပေးသည့်အတွက် လူထုဆန္ဒပြပွဲတစ်ခုကို အတွင်းဝန်များ ရုံးတွင် ပြုလုပ်ခဲ့ကြသည်။ ရွေးကောက်ပွဲတွင် အတိုက်အခံပါတီများဖြစ်သော ပြည်သူပြည်သားပါတီ (People’s Party) က (၄၀) နေရာ၊ အမျိုးသားပါလီမန်ဖြစ်မြောက်ရေးအဖွဲ့ (National Parliamentary Organization) က (၅)နေရာ အနိုင်ရရှိခဲ့သည်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များက (၁၆) နေရာ အနိုင်ရရှိခဲ့သည်။ ယင်းတစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များအနက် (၉)ဦးမှာ အတိုက်အခံပါတီများကို လိုလားသူများ ဖြစ်သည်။ ဗြိတိသျှအစိုးရလိုလားသော အင်ဒီပဲဒင့်ပါတီနှင့် အခြားတစ်သီးပုဂ္ဂလများမှာ  (၁၂) နေရာတွင် အနိုင်ရရှိခဲ့ သော်လည်း ၁၉၂၅ ခုနှစ် ရွေးကောက်ပွဲရလဒ်နှင့် နှိုင်းယှဉ်လျှင် (၈) နေရာ လျော့နည်းသွားသည်။  မဲပေးခွင့်ရှိသူ စုစုပေါင်း၏ ၁၈% သာမဲပေးခဲ့ကြသည်။

ထိုဥပဒေပြုကောင်စီရွေးကောက်ပွဲကို ကျင်းပရာတွင် ဗြိတိသျှအစိုးရလိုလားသော ကိုယ်စားလှယ်လောင်းများ အနိုင်ရ လိမ့်မည်ဟု မျှော်လင့်ထားသော်လည်း အတိုက်အခံကိုယ်စားလှယ်များက  (၈၀) နေရာတွင် (၄၅)နေရာ အနိုင်ရရှိ ခဲ့ကြသည်။ သို့သော်လည်း ကိုယ်စားလှယ်အများဆုံး အနိုင်ရရှိသည့် အတိုက်အခံပါတီဖြစ်သော ပြည်သူပြည်သားပါတီ သည် အစိုးရတစ်ရပ် မဖွဲ့စည်းနိုင်ခဲ့ပါ။ လူမျိုးအလိုက် ကိုယ်စားလှယ်များနှင့် ဘုရင်ခံ ခန့်အပ်သော ကိုယ်စားလှယ်များ ပူးပေါင်းမှု ဖြင့် ဗြိတိသျှအစိုးရလိုလားသော အင်ဒီပဲဒင့်ပါတီကသာ အစိုးရဖွဲ့နိုင်ခဲ့သည်။

၁၉၃၂ အထွေထွေရွေးကောက်ပွဲ

စတုတ္ထအကြိမ် ရွေးကောက်ပွဲကို ၁၉၃၂ ခုနှစ် အောက်တိုဘာလ (၂၅) ရက်တွင် ကျင်းပရန် လျားထားစီစဉ်ခဲ့သော်လည်း ၁၉၃၂ ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့မှ ကျင်းပပြုလုပ်နိုင်ခဲ့သည်။  ၎င်းရွေးကောက်ပွဲသည် မြန်မာနိုင်ငံအား အိန္ဒိယမှ ခွဲထွက်လိုခြင်း၊ အိန္ဒိယနှင့် ဆက်လက်တွဲဖက်နေလိုခြင်း အကြောင်းကိစ္စကြောင့် (ခွဲရေး၊တွဲရေး) ရွေးကောက်ပွဲ သဖွယ်ဖြစ်ခဲ့ပြီး ဒိုင်အာခီ အုပ်ချူပ်ရေးစံနစ်အရ ကျင်းပသော နောက်ဆုံးရွေးကောက်ပွဲလည်း ဖြစ်သည်။ ရွေးကောက်ပွဲ မတိုင်မှီကာလတွင် အဓိက ပါတီကြီးများသည် ခွဲရေးအဖွဲ့ သို့မဟုတ် တွဲရေးအဖွဲ့ များ အနေဖြင့် စုစည်းခဲ့ကြသည်။

ရွေးကောက်ပွဲတွင် ခွဲရေးအဖွဲ့ဝင်များသာ အနိုင်ရသွားလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသော်လည်း တွဲရေးအဖွဲ့ဝင် များသည် နေရာအများစုတွင် အနိုင်ရသွားခဲ့သည်။ ၎င်းရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ပေါင်း (၂၀၇)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့သည်။ ခွဲရေးအဖွဲ့တွင် ဦးဘဖေဦးဆောင်သော ပြည်သူပြည်သားပါတီက ကိုယ်စားလှယ် (၄၅)ဦး၊ ဂျိုးဇက်မောင်ကြီး ဦးဆောင်သော အင်ဒီပဲဒင့်ပါတီက ကိုယ်စားလှယ် (၄၉) ဦး  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

တွဲရေးအဖွဲ့တွင်ဒေါက်တာဘမော်၏မော်မြင့်ဗြဲ (ဒေါက်တာဘမော်၊ဦးကျော်မြင့်၊ရမ်းဗြဲဦမောင်မောင် ဦးဆောင်သည်) ပါတီ နှင့် ဦးချစ်လှိုင် ဦးဆောင်သော ဂျီစီဘီအေအဖွဲ့များက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ခွဲထွက်ခြင်းကို စိုးရိမ်မကင်း ဖြစ်နေကြသူ အိန္ဒိယအမျိုးသား စီးပွားရေးသမားများက တွဲရေးအဖွဲ့ကို ငွေကြေးထောက်ပံ့မှုများစွာ ထည့်ဝင်ခဲ့သည်။ ဗုဒ္ဓဘာသာ ရဟန်းသံဃာများ ကလည်း ခွဲရေးအဖွဲ့ အနိုင်ရရှိပါက ရဟန်းသံယာများ နိုင်ငံရေးတွင် ပါဝင်မှုကို ပိတ်ပင်လာနိုင်ခြေရှိသည့်အတွက် တွဲရေးအဖွဲ့ကို ကျောထောက်နောက်ခံ ပြုပေးခဲ့ ကြသည်။ ခွဲရေးအဖွဲ့မှာ ငွေကြေး ရန်ပုံငွေ ချို့တဲ့ပြီး အားပေးကူညီမှု အနည်းငယ်သာ ရရှိခဲ့သည်။ ထိုရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ စုစုပေါင်း၏ ၂၄ % က မဲပေးခဲ့သည်။  တွဲရေးအဖွဲ့အတွင်းမှ မော်-မြင့်-ဗြဲပါတီက နေရာအများစု အနိုင်ရရှိခဲ့ကြသည်။ ခွဲရေးအဖွဲ့အတွင်းမှ ပြည်သူပြည်သားပါတီသည် ခွဲရေးအဖွဲ့အတွင်းတွင် မဲအများဆုံးရရှိသောပါတီဖြစ်သည်။ ဥပဒေပြုကောင်စီ၏ ရွေးကောက် တင်မြှောက်ခံ ကိုယ်စားလှယ် (၈၀) နေရာတွင် တွဲရေးအဖွဲ့က (၄၂)နေရာ၊ ခွဲရေးအဖွဲ့က (၂၉) နေရာ၊ ကြားနေအဖွဲ့က (၉)နေရာ အသီးသီးရရှိခဲ့ကြသည်။

၁၉၃၆ အထွေထွေရွေးကောက်ပွဲ

ပဉ္စမအကြိမ် ရွေးကောက်ပွဲ ကို ၁၉၃၆ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက် နေ့တွင် ကျင်းပခဲ့သည်။၁၉၃၅ ခုနှစ် ဗမာနိုင်ငံ (စီရင်အုပ်ချုပ်မှု) ဥပဒေ (The Government of Burma Act 1935) အရ ၁၉၃၇ ခုနှစ်၊ ဧပြီလ (၁)ရက်မှစ၍ ဗမာနိုင်ငံအား ဗြိတိသျှအိန္ဒိယမှ ခွဲထွက်ရန် သတ်မှတ်ခဲ့သည်။ အုပ်ချုပ်ရေးစနစ်သစ်အရ လွှတ်တော် (၂)ရပ် ထားရှိသည်။ အောက်လွှတ်တော် (House of Representatives) နှင့် အထက်လွှတ်တော် (Senate) တို့ဖြစ်သည်။ အောက်လွှတ်တော်တွင် ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ် (၁၃၂)ဦး ရှိပြီး အထွေထွေမဲဆန္ဒနယ်များမှ (၉၁)ဦး၊ ကူးသန်းရောင်းဝယ်ရေး၊ စက်မှု၊ အလုပ်သမားနှင့် တက္ကသိုလ်ကို ကိုယ်စားပြုသော အထူးမဲဆန္ဒနယ်များမှ (၁၆)ဦး၊ လူမျိုးအလိုက်မဲဆန္ဒနယ်များအတွက်(၂၅)နေရာ၊ (အိန္ဒိယလူမျိုးများအတွက်(၈)နေရာ၊ဥရောပတိုက်သားများ အတွက် (၃)နေရာ၊ အင်္ဂလိပ်ဗမာကပြားများအတွက် (၂)နေရာ၊ ကရင်လူမျိုးများ အတွက် (၁၂)နေရာ)သတ်မှတ်ထားသည်။

အထက်လွှတ်တော်တွင် ကိုယ်စားလှယ် (၃၆) ဦး ရှိပြီး  ကိုယ်စားလှယ် (၁၈)ဦးကိုအောက်လွှတ်တော်ကိုယ်စားလှယ်များ ထဲမှ  အချိုးကျကိုယ်စားလှယ်များရွေးချယ်သည့်စနစ်ဖြင့်  ရွေးချယ်ပေးရပြီး ကျန် (၁၈)ဦးကို ဘုရင်ခံက ၎င်းသဘောကျ တိုက်ရိုက်ခန့်အပ်သည်။ ကိုယ်စားလှယ် (၁၃၂) နေရာ ရှိသော အောက်လွှတ်တော်တွင် အနည်းဆုံး ကိုယ်စားလှယ် (၆၇) နေရာ ရရှိ မှသာ အစိုးရ ဖွဲ့နိုင်သည့် မဲအများစု ရရှိသည် ဟုသတ်မှတ် နိုင်သည်။

၁၉၃၅ ခုနှစ် အုပ်ချုပ်ရေး ဥပဒေအရ ဗမာနိုင်ငံ တွင် ဌာနပေါင်း (၉၈) ဌာနရှိသည့်အနက် ဗြိတိသျှဘုရင်ခံက အရေးကြီးသည့် (၇)ဌာန (ကာကွယ်ရေးနှင့်စစ်တပ်၊ နိုင်ငံခြားဆက်သွယ်ရေး၊ ငွေဒင်္ဂါးထုတ်လုပ်ရေး နှင့် ငွေစက္ကူရိုက်နှိပ် လဲလှယ်ရေး၊ သာသနာရေး၊ အိုင်စီအက်စ်ခေါ် အိန္ဒိယပဋိညာဉ်ခံရာထူးများအား စောင့်ရှောက်ကာကွယ်ရေး၊ တောင်တန်းဒေသ (ခေါ်) ခြွင်းချန်သောဒေသများအား သီးခြားတိုက်ရိုက်အုပ်ချုပ်ရေး နှင့် အခွန်ကိစ္စအပါအဝင် ဘဏ္ဍာရေး ကိစ္စရပ်များ) ကို တာဝန်ယူပြီး ဗမာကိုယ်စားလှယ်အမတ်များနှင့် ဝန်ကြီးအဖွဲ့က ကျန် (၉၁)ဌာန (စာတိုက်နှင့်ကြေးနန်း ၊ပညာရေး၊ ကျန်းမာရေး၊လမ်းပမ်းဆက်သွယ်ရေး၊ လယ်ယာနှင့်သစ်တော ၊ အခွန်အကောက်၊ တရားစီရင်ရေး စသည့်) ကို ဘုရင်ခံနှင့် ညှိနှိုင်းအုပ်ချုပ်ရသည်။ ဗမာအမျိုးသားများအုပ်ချုပ်ရသည့် (၉၁)ဌာန ကို အစွဲပြု၍ (၉၁)ဌာန အုပ်ချုပ်ရေးဟု အမည်တွင်ခဲ့သည်။ နိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ နယ်မြေ (ရှမ်းပြည်နယ်အပါအဝင်) အများစုကို ဘုရင်ခံကသာတိုက်ရိုက်အုပ်ချုပ်ပြီး ယင်းနယ်မြေများတွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ် ခြင်း မရှိပါ။

ဦးဘဖေဦးဆောင်သော ငါးပွင့်ဆိုင် အဖွဲ့  က (၄၆) နေရာ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနု အဖွဲ့(Poor Man’s Party)က (၁၆) နေရာ၊   လိူင်-မြတ်-ပေါ်  (ဂျီစီဘီအေ မှခွဲထွက်လာသည့် ဦးချစ်လှိုင်၊ ဦးမြတ်သာဒွန်း၊ ဦးပေါ်ထွန်း  တို့ ဦးဆောင်သည်) ပါတီ က (၁၂) နေရာ၊ တို့ဗမာသခင်များ၏ ကိုယ့်မင်း ကိုယ်ချင်း အဖွဲ့   က (၃) နေရာ၊ တစ်သီးပုဂ္ဂိုလများ က (၁၄) နေရာ အသီးသီး အနိုင်ရရှိခဲ့ကြသည်။ ထူးခြားမှု မှာ ဗြိတိသျှ အစိုးရ လိုလားသော အင်ဒီပဲဒင့်ပါတီ (ရွှေတောင်ကြား ပါတီ) မှာ အောက်လွှတ်တော် (၉၁) နေရာ တွင် တစ်နေရာ မှ  မရရှိခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဆင်းရဲသား အကျိုးဆောင် အဖွဲ့(ဖေဘီယန် အဖွဲ့ )  သည်လည်း တစ်နေရာ မှ  မရရှိခဲ့ပါ။ ဦးဘဖေဦးဆောင်သော ငါးပွင့်ဆိုင်အဖွဲ့သည် အောက်လွှတ်တော်အတွင်းတွင် အင်အားအကောင်းဆုံးအဖွဲ့ ဖြစ်လာသည်။  အချို့သော ပါတီများ သည် ဦးဘဖေအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်လိုသော ဆန္ဒရှိကြသည်။ သို့ရာတွင် အောက်လွှတ်တော်အတွင်း (၁၆) နေရာသာ ရရှိထားသည့် ဆင်းရဲသားဝံသာနုအဖွဲ့မှ ဒေါက်တာဘမော်အား ဘုရင်ခံကခေါ်ယူပြီး လိူင် မြတ် ပေါ်ပါတီနှင့် သဘောထား အလယ်အလတ်ရှိသူ  အခြားအမျိုးသားရေးလှုပ်ရှားသူများနှင့် ပူးပေါင်းပြီး ၁၉၃၇ မတ်လ(၂၆) ရက်နေ့တွင် ညွှန့်ပေါင်း အစိုးရ  ဖွဲ့စေခဲ့သည်။ ယင်းညွှန့်ပေါင်းအစိုးရအဖွဲ့တွင် ယခင်ပြည်သူပြည်သားပါတီမှ ဦးပု က သစ်တောဌာန၊ လှိုင်-မြတ်-ပေါ်  ပါတီမှ ဦးပေါ်ထွန်း က ပြည်ထဲရေးဌာန၊ ကရင်လူမျိုးအစုအဖွဲ့မှ ဦးစောဖေသာ က အခွန်တော်ဌာန၊ ဦးထွန်းအောင်ကျော်(ရခိုင်လူမျိုး) က ကူးသန်းရောင်းဝယ်ရေး ဌာန နှင့် ဆင်းရဲသားဝံသာနုအဖွဲ့မှ လွှတ်တော် ကိုယ်စားလှယ် သာယာဝတီ ဦးမောင်မောင်က ပညာရေးဌာန စသည်ဖြင့် အသီးသီး တာဝန်ယူခဲ့ကြသည်။ ဦးချစ်လိူင်သည်လွှတ်တော်ဥက္ကဋ္ဌဖြစ်လာသည်။ ဒေါက်တာဘမော်သည် အစိုးရအဖွဲ့၏ ဝန်ကြီးချုပ် (နန်းရင်းဝန်) နှင့် ဘဏ္ဍာရေး ဝန်ကြီး ဖြစ်လာခဲ့သည်။ရွေးကောက်ပွဲနောက်ပိုင်းတွင်ငါးပွင့်ဆိုင်အဖွဲ့သည်လွှတ်တော်အတွင်း၌နေရာအများစုရရှိခဲ့သော်လည်း အစိုးရမဖွဲ့နိုင်သဖြင့်အဖွဲ့အတွင်း  အကွဲအပြဲများ ဖြစ်ပေါ်ခဲ့သည်။

အစိုးရသက်တမ်း (၁)နှစ်နှင့် (၁၀) လအတွင်း ရေနံမြေအလုပ်သမား သပိတ်၊ ကုလား-ဗမာအဓိကရုဏ်း၊ ဗိုလ်အောင်ကျော်သပိတ်၊ မန္တလေးအာဇာနည် (၁၇) ဦးကျဆုံးခဲ့သည့် အရေးအခင်းစသည့် မကြုံစဖူး ကြီးမားလှသည့် လူထုအုံကြွမှုဒဏ်ကို မခံနိုင်သဖြင့် ဒေါက်တာဘမော် အစိုးရ ပြုတ်ကျသွားခဲ့ရသည်။ ၁၉၃၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကြောင့် ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရပြုတ်ကျပြီး ဦးပု (ရွှေကျင်) ခေါင်းဆောင် သည့် ညွန့်ပေါင်းအစိုးရ က လွဲပြောင်းတာဝန်ယူခဲ့သည်။ ၁၉၄၁ ခုနှစ်၊ စက်တင်ဘာလတွင် ဦးပုအစိုးရပြုတ်ကျပြန်သဖြင့် ဦးစော ဦးဆောင်သည့် အစိုးရက ဆက်လက်တာဝန်ယူခဲ့သည်။ (၉၁) ဌာနအုပ်ချုပ်ရေးခေတ် (၅) နှစ်တာကာလအတွင်း ညွန့်ပေါင်းအစိုးရများသာ ဖွဲ့စည်းနိုင်ခဲ့ပြီး၊ ထိုညွန့်ပေါင်းအစိုးရများမှာလည်း မကြာခဏ ဖြုတ်ချခြင်း ခံခဲ့ရသည်။

(ဆက်လက် ဖေါ်ပြပါမည်၊)

                                                                                                                               ဧခြူး