ဒီမိုကရေစီ နိုင်ငံတစ်ခုတွင် ဖွဲ့စည်းပုံ၏ အရေးပါမှုအခန်းကဏ္ဍ

မျက်မှောက်ကာလတွင် ကမ္ဘာနိုင်ငံများ တည်ထောင်ဖွဲ့စည်းမှု၊ လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးအပေါ် အရေးထားမှု၊ နိုင်ငံရေးစနစ် သန်မာအားကောင်းမှု စသည်တို့ကို တိုင်းတာရာတွင် ထိုနိုင်ငံ၏ ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာခြင်းဖြင့် အလွယ်တကူသိရှိနိုင်ပါသည်။ နိုင်ငံတစ်ခု၏ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် နိုင်ငံတော် (အုပ်ချုပ်သည့် အစုအဖွဲ့) နှင့် နိုင်ငံသားတို့အကြား  လုပ်ပိုင်ဆောင်ရွက်ခွင့်များ ၊ လိုက်နာစောင့်ထိန်းရမည့် တာဝန်များကို မည်ကဲ့သို့ ဆောင်ရွက်သွားမည်ကို အပြန်အလှန် သဘောတူညီချက် ရယူထားသော အချက်အလက်များကို ဥပဒေများဖြင့် ဖေါ်ပြထား သည့် စာချုပ်တစ်ခုဖြစ်သည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတစ်ခုအတွက် အလွန်အရေးကြီးသောအရာ ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တစ်ချို့က နိုင်ငံ၏ ပင်မဥပဒေ၊ အခြေခံဥပဒေ၊ အမြင့်ဆုံးဥပဒေ စသည်ဖြင့် ခေါ်ဝေါ် သုံးစွဲကြပါသည်။

နိုင်ငံတော်ကို ဖွဲ့စည်းတည်ထောင်သည့် စနစ်များထဲတွင် ဒီမိုကရေစီစနစ်သည် နိုင်ငံသားများ၏ သဘောဆန္ဒများကို အလေးထားသော စနစ်တစ်ခုဖြစ်သည်။ နိုင်ငံတစ်ခု၏ ဒီမိုကရေစီစနစ် ကျင့်သုံးမှု အခြေအနေကို လေ့လာရာတွင် ထိုနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာပုံကို လေ့လာရမည်။ ထို့အပြင် ထိုဖွဲ့စည်းပုံထဲရှိ ပြဋ္ဌာန်းချက်များနှင့် ထိုပြဋ္ဌာန်းချက် များကို မည်ကဲ့သို့ အသုံးချသည်ကိုလည်း လေ့လာရမည်ဖြစ်သည်။ ဒီမိုကရေစီ စနစ်တွင် နိုင်ငံ၏ ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ကျယ်ပြန့်သော ပြည်သူတို့၏ တရားဝင် အသိအမှတ်ပြုမှု ရှိရမည်ဖြစ်သည်။ နိုင်ငံတော်အား လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ ပါတီတစ်ခု၊ အဖွဲ့အစည်းတစ်ခု သို့မဟုတ် လူ့အဖွဲ့အစည်း တစ်စိတ်တစ်ပိုင်းမှ ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ နိုင်ငံသားအားလုံး စုပေါင်းပိုင်ဆိုင်သည်ဆိုသော စိတ်ခံစားချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်မှသာ ကျယ်ပြန့်သော ပြည်သူ လူထု၏ သဘောတူလက်ခံမှုကို ရရှိနိုင်သည်။ နိုင်ငံတော်၏ အခွင့်အာဏာကို ထိန်းချုပ်လိုသောကြောင့် လူ့အဖွဲ့အစည်း အစိတ်အပိုင်းတစ်ခု သို့မဟုတ် လူအုပ်စု တစ်စုမှ လွှမ်းမိုး၍ ရေးဆွဲသော ဖွဲ့စည်းပုံသည် လူ့အဖွဲ့အစည်းအများစု၏ တန်ဖိုး ထားမှုများကို ပစ်ပယ်ခြင်းဖြစ်ပြီး နိုင်ငံတော်အတွက် အနာဂါတ်တွင် အကျပ်အတည်းကိုသာ ဖော်ဆောင်ပေးလေ့ရှိသည်။ ကမ္ဘာပေါ်တွင် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲဖော်ဆောင်ရာတွင်  အကျပ်အတည်းများ၊ ပဋိပက္ခများဖြင့် ဒီမိုကရေစီစနစ်မှ ပြန်လည်လျောကျခဲ့သည့် နိုင်ငံများ၏ အခြေအနေများကို လေ့လာကြည့်မည်ဆိုလျှင် ထိုနိုင်ငံများ၏ ပင်မဥပဒေဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၎င်းတို့၏ လူ့အဖွဲ့အစည်းတစ်ခုလုံး ဆန္ဒနှင့် အမှန်တကယ် ကိုက်ညီမှု မရှိခြင်း၊ ကျယ်ပြန့်ပြီး အားလုံးသဘောတူညီသော အချက်များကို အခြေခံမှု မရှိခြင်းတို့ကြောင့် ဖြစ်သည်။

ဖေဖေါ်ဝါရီလ (၁) ရက်နေ့ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အာဏာသိမ်းဖြစ်စဉ်ကို လေ့လာရာတွင် စစ်တပ်မှ အာဏာကို ပြန်လည်ရယူပြီး နိုင်ငံတော်ကို စိတ်ကြိုက်စီမံခန့်ခွဲချင်သည်မှာ သိသာပါသည်။ သို့သော်လည်း ထိုကဲ့သို့ အကြောင်းပြချက် များစွာဖြင့် အလွယ်တကူ ဆောင်ရွက်နိုင်ခြင်းမှာ နိုင်ငံ၏ဖွဲ့စည်းပုံဆိုင်ရာ အားနည်းချက်ကြောင့်ဆိုသည်မှာ ထင်ရှားလှသည်။ မြန်မာနိုင်ငံ၏ လက်ရှိကျင့်သုံးနေသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံသည် လွတ်လပ်ရေး ရယူပြီးနောက် တတိယအကြိမ် ရေးဆွဲသော ဖွဲ့စည်းပုံ တစ်ခုဖြစ်ပြီး ယခင်ကျင့်သုံးခဲ့သော ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံ၊ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံတို့နှင့် မတူဘဲ ကွဲပြားနေသည်ကို တွေ့ရသည်။ ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် ထင်ရှားသော တိုင်းရင်းသားများ ပါဝင်သဘောတူခဲ့သည့် ပင်လုံစာချုပ်အပေါ်တွင် အခြေခံ၍ ရေးဆွဲထားသည်။ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော အာဏာသိမ်းအစိုးရမှ တစ်ပါတီ ဆိုရှယ်လစ် စနစ်ကို ကျင့်သုံးရန် ရေးဆွဲထားသော ဖွဲ့စည်းပုံဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းပြည်ကို ပါတီစုံ ဒီမိုကရေစီ စနစ်ဖြင့် တည်ဆောက်ရန်ဆိုသော ရည်ရွယ်ချက်ဖြင့် ရေးဆွဲသော ဒီမိုကရက်တစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုဖြစ်သည်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ ဖြစ်ပေါ်လာသော အခြေအနေကို လေ့လာလျှင် ၁၉၉၀ ခုနှစ် ပါတီစုံ ရွေးကောက်ပွဲကို စစ်အာဏာသိမ်း အစိုးရဖြစ်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ)မှ ဦးဆောင် ကျင်းပခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၎င်း၏ မဟာမိတ်များက  အများစုအနိုင်ရရှိခဲ့သည်။ သို့သော် စစ်အာဏာသိမ်းအစိုးရမှ ထိုအနိုင်ရကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန်အတွက်သာဖြစ်သည် ဆိုသော အကြောင်းပြချက်ဖြင့် နိုင်ငံတော်အာဏာ လွှဲပြောင်းမပေးခဲ့ပါ။ ၁၉၉၃ ခုနှစ်တွင် (နအဖ) မှ ဦးဆောင်သော အမျိုးသားညီလာခံ တစ်ရပ်ကျင်းပ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုရေးဆွဲရန် စတင်ဆောင်ရွက်ခဲ့သည်။ အမျိုးသားညီလာခံတွင် တက်ရောက်မည့် ပညာရှင်များ၊ လူထုလူတန်းစားအသီးသီးမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ စသည့် အစုအဖွဲ့များကို (နအဖ) မှ စိတ်ကြိုက် ရွေးချယ်ခဲ့သည်။ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များသည် ညီလာခံတွင် အစုအဖွဲ့တစ်ခု အနေဖြင့်သာ ပါဝင်စေခဲ့သည်။ ထို့အပြင် ညီလာခံတွင် ဆွေးနွေးမည့်မူများကိုလည်း  နအဖ မှ စိတ်ကြိုက်ချမှတ်ခဲ့သည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ကိုယ်စားလှယ်များသည် နောက်ဆုံးတွင် ညီလာခံကို သပိတ်မှောက်ထွက်ခွာခဲ့သည်။ မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းဒဏ် အကြီးအကျယ်ခံစားနေရသည့် ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်တွင် စစ်အာဏာသိမ်းအစိုးရမှ စိတ်ကြိုက်ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြုခဲ့သည်။ ထိုဖွဲ့စည်းပုံကို အတည်ပြုရာချိန်တွင် Vote No, No Vote ဆိုသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူများမှ အပြင်းအထန် ဆန့်ကျင်ခဲ့ကြသလို ပြည်သူအများစုကလည်း လက်မခံဘဲ ဆန့်ကျင်ခဲ့ကြပါသည်။ သို့သော်လည်း နောက်ဆုံးတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများထဲမှ ၉၂.၄% ထောက်ခံသည်ဟု ကြေညာ၍ နအဖ မှ ဖွဲ့စည်းပုံကို အတည်ပြုခဲ့သည်။

၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ၏  နိဒါန်းတွင် “နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြည်သူများ၏ လိုအင်ဆန္ဒနှင့် အညီ ပါတီစုံဒီမိုကရေစီစနစ်နှင့် စျေးကွက်စီးပွားရေးစနစ်တို့ကို မိမိနိုင်ငံနှင့် လိုက်လျောညီထွေစွာ ထူထောင်နိုင်ရန်အတွက် ကြိုးပမ်းတည်ဆောက်ပေးခဲ့ပေသည်” ဟု ထည့်သွင်းဖော်ပြထားသည်။  သို့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံသည် ဒီမိုကရက်တစ် ဖွဲ့စည်းပုံများ၏ အခြေခံစံနှုန်းဖြစ်သော လူ့အဖွဲ့အစည်းတစ်ခုလုံး၏ သဘောဆန္ဒအလေးထားမှုနှင့် ကျယ်ကျယ်ပြန့်ပြန့် နားလည်လက်ခံမှု အပိုင်းတွင် အလွန်အားနည်းပြီး လူတစ်စု၏ သဘောဆန္ဒအတိုင်း ရေးဆွဲအတည်ပြုထားသည်ကို တွေ့မြင်ရ၏။ ဒီမိုကရေစီစနစ်၏ ယေဘူယျ သဘောတရားဖြစ်သော အာဏာခွဲဝေထားရှိမှုပုံစံအတိုင်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ၂၀၀၈ ဖွဲ့စည်းပုံတွင် ပိုင်းခြားသတ်မှတ်ထားသည်။ ထို့အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး များကိုလည်း အာဏာခွဲဝေ ပိုင်းခြားပေးထားသည်။ အာဏာ (၃) ရပ် တည်ဆောက်မှုအပိုင်းတွင် ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီသယောင်ရှိသော်လည်း ထိုအာဏာများအောက်တွင် လုပ်ငန်းယန္တရားများကို ဖေါ်ဆောင်နေသော အဓိကကျသည့် အင်စတီကျူးရှင်း တစ်ချို့သည် အာဏာရှိ လူအစုအဖွဲ့ တစ်ခုစီ၏ လိုသလိုပုံသွင်းဆောင်ရွက်ပိုင်ခွင့်ရှိသော အနေအထားဖြစ် နေသည်ကို တွေ့ရသည်။ ဥပဒေပြုရေးအာဏာကိုင်စွဲထားသော လွှတ်တော်တွင် ပြည်သူများ၏သဘောဆန္ဒဖြင့် ရွေးချယ် တာဝန်ပေးသော ကိုယ်စားလှယ်များသာ ရှိရမည့်အစား ကာကွယ်ရေးဦးစီးချုပ်မှ စေလွှတ်သော စစ်တပ် ကိုယ်စားလှယ် (၂၅%) အလိုအလျောက် ပါဝင်နေသည်။ အုပ်ချုပ်ရေးအာဏာတွင် ဒုသမ္မတ တစ်ဦး အပါအဝင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်လုံခြုံရေး ဝန်ကြီး (၃) ဦး ကို ကာကွယ်ရေးဦးစီးချုပ်မှသာ ခန့်အပ်ရသည်။ နိုင်ငံတော်၏ အရေးကြီးအဖွဲ့အစည်း တစ်ခုဖြစ်သော ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၁) ဦးတွင် စစ်တပ်မှ (၆) ဦးပါနေသည်။ ထိုကဲ့သို့ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးတွင် ကာကွယ်ရေးဦးစီးချုပ်မှ ခန့်အပ်ခွင့်ရနေခြင်းသည် ဒီမိုကရက်တစ် စံချိန်စံညွှန်းများနှင့် နှိုင်းယှဉ်လျှင် ကိုက်ညီမှုမရှိပါ။ ထို့အပြင် ကာကွယ်ရေး ဦးစီးချုပ်အသစ်တစ်ဦး ရွေးချယ်ခန့်အပ်မည်ဆိုလျှင်လည်း  လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်မှသာ စိတ်ကြိုက် ရွေးချယ်ခန့်အပ်ခွင့်ရသည့် အခြေအနေကို ဖန်တီးထားပြီး နိုင်ငံတော်သမ္မတသည်  အတည်ပြုရုံ သက်သက်သာ လုပ်ပိုင်ခွင့် ရှိပါသည်။

နောက်ထပ် ဒီမိုကရေစီစနစ်တွင် အရေးပါသော အင်စတီကျူးရှင်း နှစ်ခုဖြစ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးနှင့် ရွေးကောက်ပွဲကော်မရှင်တို့တွင် တာဝန်ထမ်းဆောင်မည့်သူများ ရွေးချယ်ပုံကို ဖွဲ့စည်းပုံအခြေခံတွင် လေ့လာကြည့်လျှင် အနိုင်ရပါတီမှသာ ရွေးချယ်ခွင့် ရရှိနေပြီး ထိုအဖွဲ့ဝင်များ၏ သက်တမ်းသည် အစိုးရအဖွဲ့၏ သက်တမ်းနှင့် အတူတူ ဖြစ်နေသောကြောင့် လက်ရှိအစိုးရ၏ လက်ဝေခံ အဖွဲ့များကဲ့သို့ ဖြစ်နေပါသည်။

ထိုအခြေအနေအောက်တွင် ရှိနေသော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်များသည် မည်သည့် အတိုင်းအတာနှင့် တိုင်းတိုင်း ဒီမိုကရက်တစ် စံနှုန်းပျောက်ကွယ်နေပြီး တဖြည်းဖြည်းနှင့် ဒီမိုကရေစီစနစ် ခိုင်မာသန်စွမ်းလာရမည့်အစား အာဏာရှင်အုပ်ချုပ်မှုဆီကိုသာ ဦးတည်ရွေ့လျားမည်မှာ အမှန်သာဖြစ်သည်။

ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ ရရှိအောင် ပြန်လည်တည်ဆောက်မည်ဆိုလျှင် လွတ်လပ်၍ ပရော်ဖက်ရှင်နယ်ဆန်သော အင်စတီကျူးရှင်းများ တည်ဆောက်နိုင်ရန်အတွက် ပြဋ္ဌာန်းချက်များအား တိတိကျကျ ပြဋ္ဌာန်းထားရန် လိုအပ်သည်။ ထို့အပြင် လူအစုအဖွဲ့အနည်းငယ်အစား လူတန်းစားအားလုံး ပါဝင်ပြီး တိုင်းရင်းသားပြည်သူအားလုံး ကျယ်ကျယ်ပြန့်ပြန့် လက်ခံသဘောတူညီမှုဖြင့်သာ နိုင်ငံတစ်ခု၏ ပင်မဥပဒေဖြစ်သော ဖွဲ့စည်းပုံကို ရေးဆွဲပြဋ္ဌာန်းရပါမည်။ ထိုအခြေအနေကို ဖော်ဆောင်နိုင်မှသာ နောက်ကြောင်းပြန်မလှည့်နိုင်သော ဒီမိုကရေစီနိုင်ငံတော်တစ်ခု အဖြစ်ခိုင်ခိုင်မာမာ ရပ်တည်နိုင်မည် ဖြစ်ပါသည်။

မောင်မြစ်သစ်