အာဏာသိမ်းစစ်ခေါင်းဆောင်၏ MSME PROMOTION

“နောက်ဆုံးမှာတော့ လျှပ်စစ်မီးပြတ်တောက်မှုသည် အငယ်စားလုပ်ငန်းများကိုလည်း ကြီးမားစွာ ရိုက်ခတ်ပြန်သည်။ ၂၀၁၈ခုနှစ်လောက်တုံးကပင် လစဉ်လျှပ်စစ်၁၅နာရီခန့်ပြတ်တောက်မှုသည် အငယ်စားလုပ်ငန်းများ၏ အလုပ်ချိန်၂ရက်ခန့်ထိခိုက်စေသည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ရေးသား ထားသဖြင့် လက်ရှိကာလလို နေ့စဉ် ၈နာရီမှ ၁၂နာရီနှင့် အချို့မြို့များမှာဆိုလျှင် ၃-၄ရက်ထိ ပြတ်တောက်တတ်သဖြင့်မည်မျှထိခိုက်မည်ဆိုသည်ကိုခန့်မှန်းကြည့်နိုင်သည်။”

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အငယ်စား၊ အသေးစားနှင့် အလယ်အလတ်စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေး (Micro, Small and Medium Enterprises-MSME) ဆိုသည့် ဂါထာကို ရေရွတ်နေသည်မှာ အချိန်ကာလ အတော်ကြာလာခဲ့ပြီ ဖြစ်သည်။ စစ်ကောင်စီအစည်းအဝေးများနှင့် ပြည်တွင်း လုပ်ငန်းရှင်များဖြင့် တွေ့ဆုံပွဲများမှာလည်း ယခင် အစိုးရအဆက်ဆက်က ပြည်တွင်းထုတ်လုပ်မှုကို အားမပေးခဲ့ခြင်းကြောင့် MSME များ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခဲ့ရကြောင်းကိုလည်း ထပ်ခါတစ်လဲလဲ ပြောကြားတတ်သလို သွင်းကုန်များကိုထိန်းချုပ်မှု မရှိခဲ့ခြင်းကြောင့်လည်း ကုန်သွယ်မှု လိုငွေပြခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားလေ့ရှိသည်။ MSME ကဏ္ဍမြှင့်တင်ရေးဆိုသည့်ခေါင်းစဉ်သည် အမေရိကန်သမတထရန့်၏ မာဂါ (Make America Great Again-MAGA) လိုပင်ဖြစ်သည်။

တကယ်တော့ ထိုသို့မင်းအောင်လှိုင်ပြောကြားရခြင်းမှာ အခြားအကြောင်းကြောင့်မဟုတ်ဘဲ ယင်း၏ အာဏာသိမ်းမှုကြောင့် နိုင်ငံစီးပွားရေးသည် နာလန်မထူနိုင်တော့သလို MSME များလည်း လျှော့နည်းသွားပြီး ချိနဲ့နေသည်ကလည်း များနေခြင်းကို ဖုံးဖိရန်သာဖြစ်သည်။ နောက်ထပ်အကြောင်းရင်းကတော့ အရန်နိုင်ငံခြားငွေ လျှော့နည်းလာမှုကို ဟန့်တားနိုင်ရန် သွင်းကုန်များတင်သွင်းမှုကို ပိတ်ပင်လာရခြင်းကြောင့်ဖြစ်သည်။ ယခုဆိုလျှင် သွင်းကုန်အမျိုးအစား ၈၀၀၀ ကျော်ကို လိုင်စင်လျှောက်ရန် လိုအပ်သည့် အမျိုးအစားထဲ ထည့်သွင်းခဲ့သည်။ နိုင်ငံခြားငွေကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားခြင်းနှင့် လျှော့နည်းလာခြင်း၊ နိုင်ငံတကာအလှူရှင်များ (ကမ္ဘာ့ဘဏ်၊ အေဒီဘီ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ အစရှိသဖြင့်) ထံမှလည်း ချေးငွေမရရှိတော့ခြင်း ပို့ကုန်များကျဆင်းလာမှုတို့ကြောင့် လျှော့နည်းလာခဲ့သဖြင့် စစ်လက်နက်များဝယ်ယူရန် မရှိမဖြစ်လိုအပ်သဖြင့် သွင်းကုန်များ တင်သွင်းခြင်းကို ထိန်းချုပ်လာရခြင်း ဖြစ်သည်။

“အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စီးပွားရေးနှင့်ပတ်သက်လျှင် အကောင်းပြောစရာ ဘာမှမရှိသည့်အတွက် ရောက်လေရာမှာ MSMEများကို ဦးစားပေးပံ့ပိုး ကူညီနေ ပါသည်ဟု ပြောဆိုနေခြင်းသာဖြစ်လိမ်မည်ဟုဆိုရမည်။ ၎င်း၏အဆင်အခြင်မဲ့စွာ အာဏာသိမ်း ခြင်းက မြန်မာ့စီးပွားရေးတစ်ခုလုံးနှင့် အငယ်စား၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ အားလုံးကို ဆိုးဝါးစွာထိခိုက်သွားပြီဖြစ်သည်။”

MSME များခေတ်အဆက်ဆက်မထွန်းကားရခြင်း

မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် MSME များမထွန်းကားရခြင်းမှာ ဈေးကွက်မရှိခြင်းကြောင့် ဖြစ်သည်။ စားသုံး နိုင်သူဦးရေနည်းပါးခြင်းကြောင့် ၎င်းတို့အတွက် ပြည်တွင်း ဈေးကွက်ကြီးကြီးမားမားမရှိသလို၊ မဆလခေတ် တံခါးပိတ်ဝါဒကြောင့် ပြည်ပဈေးကွက်များသို့ ထိုးဖေါက်ဝင်ရောက်နိုင်သည့် အခြေအနေ မရှိခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ နဝတနအဖခေတ်တွင်လည်း စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ခံရမှု၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းများ အမျိုးမျိုးရှိနေမှု၊ မူဝါဒမတည်ငြိမ်မှုများကြောင့် ပြည်ပဈေးကွက်များသို့ ယင်းတို့အနေ ဖြင့် မဝင်ရောက်နိုင်ခဲ့ချေ။ ပြည်တွင်း၌လည်း ခရိုနီများသာကောင်းစားသည့်ခေတ်ဖြစ်နေခြင်းကြောင့် လူလတ်တန်းစားနည်းပါးနေ၍ ပြည်တွင်းဈေးကွက်လည်း မဖွံ့ဖြိုးနိုင်ဖြစ်ခဲ့ရသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ နည်းပါးရခြင်းကလည်း MSME များအတွက် ပြည်တွင်းပြည်ပဈေးကွက်မရှိ ဖြစ်နေခဲ့ရသည်။ နဝတနအဖခေတ် ဆိုးဝါးစွာ လျှပ်စစ်မီးပြတ်တောက်ခြင်းများကလည်း ယင်းတို့အတွက် ကြီးမားသည့် အဟန့်အတားဖြစ်သည်။

နောက်ထပ် MSME များ စစ်အစိုးရအဆက်ဆက်များ မတိုးတက်ရခြင်းမှာ ယင်းတို့၏ အဆင်အခြင်မဲ့သည့် အကြီးစားစက်မှုလုပ်ငန်းများ ထွန်းကားရေး အစီအစဉ်များကြောင့် ဖြစ်သည်။ စက်မှုဝန်ကြီးဋ္ဌာနက မည်သူမှ မစီးလိုသည့်ကားများထုတ်လုပ်ခြင်း၊ ရှမ်းစတားဂျစ်များထုတ်လုပ်ရန် စက်မှုဇုန်များ တောင်ကြီး အနီးနားမှာ ထူထောင်ခြင်း၊ သံမဏိစက်ရုံများကို ယင်းတို့၏ ဦးပိုင်ကုမ္ပဏီက တရုတ်အစိုးရ ချေးငွေယူ၍ တည်ဆောက်ခြင်းများက အရှုံးပေါ်သည့် စက်ရုံများသာ ထွက်ပေါ်လာပြီး စက်မှုကဏ္ဍလည်း မထွန်းကားသလို၊ MSME များလည်း မဖွံ့ဖြိုးနိုင် ဖြစ်ခဲ့ရသည်။

“အငယ်စားငွေစုငွေချေးလုပ်ငန်းများ (Microfinance Institutions)လည်း ဘဏ်အကျပ်အတည်းနှင့် ပြည်တွင်း စစ်မီးကြောင့် မရှိသလောက် လျှော့နည်းသွားပြီဖြစ်သဖြင့် အငယ်စားလုပ်ငန်းများ (သို့) တစ်နေ့လုပ်တစ်နေ့စားများအတွက် အင်မတန်ခက်ခဲနေပြီဖြစ်သည်။”

လယ်ယာကဏ္ဍကို ဖိနှိပ်ခံထားရခြင်းကလည်း ပြည်တွင်းစက်မှုကဏ္ဍနှင့် MSMEများ မဖွံ့ဖြိုးရခြင်း ဖြစ်သည်ဟု စီးပွားရေးပညာရှင်များက ထောက်ပြခဲ့ကြသည်။ ယခုစစ်ကောင်စီခေတ်မှာ ပို့ကုန်သမားများ ရရှိသည့် နိုင်ငံခြားဝင်ငွေမှ ၆၅%ကို ပြင်ပပေါက်ဈေးထက် ကျပ် ၇၀၀-၈၀၀ လျှော့၍ ဗဟိုဘဏ်ကို ၁ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် ရောင်းချပေးရသလို မဆလခေတ်၌လည်း မိမိလယ်မှ ထွက်သည့်ဆန်စပါးကို အစိုးရဒိုင်များသို့ သတ်မှတ်အရေအတွက် အစိုးရဈေးဖြင့် ပေးသွင်းရခြင်းကြောင့် လယ်သမားများ ဝင်ငွေနည်းရပြီး အကျိုးဆက်အားဖြင့် လိုအပ်သည့် သွင်းအားစုများကိုလည်း မဝယ်ယူနိုင်ဖြစ်ရသည်။ ထွက်နှုန်းလည်း အခြားနိုင်ငံများဖြင့် နှိုင်းယှဉ်လျှင် လျှော့နည်းနေရခြင်းသည် သွင်းအားစုများ မသုံးနိုင်ခြင်းနှင့် နည်းပညာ အားနည်းချက်ကြောင့် ဖြစ်သည်။ အဆိုးသံသရာထဲမှာ ဝဲလည်နေရသည့် လယ်သမားများသည် အပိုဝင်ငွေနည်းပါးသည့်အတွက် လူတန်းစေ့မနေနိုင်၊ လိုအပ်သည့် လူသုံးကုန်ပစ္စည်းများကို ဝယ်ယူစားသုံးနိုင်ခြင်း မရှိသည့်အတွက် MSME များလည်း မထွန်းကားနိုင် ဖြစ်ရသည်ဟု စီးပွားရေးပညာရှင်များက ထောက်ပြခဲ့ကြသည်။ 

MSME များခေါင်းထောင်လာချိန်

တကယ်တော့ MSME များ စတင်ခေါင်းထောင်လာနိုင်သည့်အချိန်မှာတော့ ၂၀၁၁ ခုနှစ်က စတင်ခဲ့သည့် အသွင်ကူးပြောင်းရေးကာလဖြစ်သည်။ လျှပ်စစ်အပါအဝင် အခြေခံအဆောက်အအုံများ ပိုမိုကောင်းမွန်လာခြင်း၊ ဘဏ်စနစ်များ တိုးတက်ကောင်းမွန်လာခြင်း (အထူးသဖြင့် ငွေလွှဲစနစ်များ)နှင့်အတူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဝင် ရောက်လာခြင်းနှင့်အတူ လူလတ်တန်းစား အတော်အသင့် ပေါ်ပေါက်လာခြင်းကြောင့် MSMEများ ခေါင်းထောင်လာခဲ့ရခြင်း ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်အတူ နိုင်ငံခြားသို့ သွားရောက်ရန် နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းများ လွယ်ကူမြန်ဆန်လာခြင်း၊ နိုင်ငံခြားထွက်ခွာရန် လွယ်ကူလာခြင်း၊ နိုင်ငံခြားငွေ ကိုင်ဆောင်ရန် လွယ်ကူလာခြင်းများကြောင့် နိုင်ငံတကာသို့ သွားရောက်ခဲ့သူများ များပြားလာခြင်းကလည်း ပြည်တွင်း၌ စွန့်ဦးတီထွင်သူများ၊ နိုင်ငံတကာဈေးကွက်သို့ ထိုးဖေါက်နိုင်သည့် လုပ်ငန်းများလည်း များပြားလာခဲ့ရခြင်းဖြစ်သည်။

ပြည်တွင်း စက်မှုလုပ်ငန်းများအနေဖြင့်လည်း ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သည့်သွင်းကုန်များကို လွယ်ကူစွာ တင်သွင်းနိုင်ခြင်းကြောင့် ၎င်းတို့ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းများ၏ အရည်အသွေးလည်း ပိုမိုကောင်းမွန်လာခဲ့သည်။ အလားတူ ပြည်တွင်းရှိ ထိုင်းရင်းနှီးမြှုပ်နှံမှု မက်ခရိုကုန်တိုက် (Makro Super Market)မျိုး ဝင်ရောက်လာသည့်အတွက် ထိုကုန်တိုက်တွင် မိမိတို့ကုန်ပစ္စည်းများ ရောင်းချနိုင်ရန် ပဲမှုန့်၊ ငရုတ်သီးမှုန့်မှအစ ပြည်တွင်း ထုတ်ကုန်ပစ္စည်းများသည် အရေအသွေးကို ဦးစားပေးလာရသည်။ ဘေးဥပါဒ်မဖြစ်နိုင်ကြောင်း ဓါတ်ခွဲခန်းမှ အသိအမှတ်ပြုလက်မှတ် တင်ပြနိုင်ရန် လိုအပ်လာ၍ အရည်အသွေးကောင်းပြီး အန္တရာယ်မရှိသည့် စားသုံးကုန် ပစ္စည်းများကို ထုတ်လုပ်လာကြပြီး ယင်းတို့အနေဖြင့် နိုင်ငံတကာဈေးကွက်ကိုလည်း ချိတ်ဆက်နိုင်ရန် အခွင့်အလမ်းများ ပိုမိုရရှိလာခဲ့သည်။

“တကယ်တော့ MSME များစတင်ခေါင်းထောင်လာနိုင်သည့်အချိန်မှာတော့ ၂၀၁၁ခုနှစ်ကစတင်ခဲ့သည့် အသွင်ကူးပြောင်းရေးကာလဖြစ်သည်။ လျှပ်စစ်အပါအဝင် အခြေခံအဆောက်အအုံများ ပိုမိုကောင်းမွန် လာခြင်း၊ ဘဏ်စနစ်များ တိုးတက်ကောင်းမွန်လာခြင်း (အထူးသဖြင့် ငွေလွှဲစနစ်များ)နှင့်အတူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဝင် ရောက်လာခြင်းနှင့်အတူ လူလတ်တန်းစား အတော်အသင့် ပေါ်ပေါက် လာခြင်း ကြောင့် MSME များ ခေါင်းထောင်လာခဲ့ရခြင်း ဖြစ်သည်။”

အာဏာသိမ်းပြီး ရေစုန်မျှောခြင်း

၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာမှာ တင်ပြထားသလို ယင်းနှစ်မှာပင် မြန်မာ့စီးပွားရေးဟာ ၁၈% ကျော် ကျဆင်းသွားသဖြင့် ပြည်တွင်းဈေးကွက်နှင့် ပြည်တွင်းဝယ်လိုအားသည် အထူးကျဆင်းသွားခဲ့ပြီဖြစ်သည်။ ဘဏ်အကျပ်အတည်း၊ ငွေဖေါင်းပွမှုနှုန်း မြင့်တက်လာမှု၊ မြန်မာကျပ်ငွေတန်ဖိုး ၆၀%ခန့် ကျဆင်းသွားမှု၊ လမ်းပန်းဆက်သွယ်ရေးများ ကျယ်ပြန့်လာနေသည့် စစ်မက်ပဋိပက္ခနှင့်အတူ ခက်ခဲလာမှုနှင့်အတူ အထူးဆိုးဝါးလှသည့် လျှပ်စစ်မီးပြတ်တောက်မှုများက အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ဆိုးဝါးစွာရိုက်ခတ်ခဲ့ပြီဖြစ်သည်။

လက်ရှိအချိန်မှာ လျှပ်စစ်မီးပြတ်တောက်မှုသည် ယင်းတို့အတွက် အဓိကစိန်ခေါ်မှု ဖြစ်နေခဲ့သည်။ ရေခဲစက်၊ ဆန်စက်ငယ်၊ စာပုံနှိပ်တိုက်အချို့ ပိတ်သိမ်းလိုက်ရကြောင်းလည်း ကြားသိရသည်။ အခြားအိမ်တွင်းမှုလုပ်ငန်း အများအပြားလည်း မီးမလာ၍ ပိတ်သိမ်းရခြင်း (သို့) ယခင်ကထက် လုပ်ငန်းကို လျှော့လုပ်ကိုင်ရခြင်းများ ရှိသည်ဟုလည်း သိရသည်။ ဥပမာ ရန်ကုန်မြို့တွင် လျှပ်စစ်က အလုပ်ချိန်အတွင်း ၄နာရီ ပြတ်တောက်နေပြီး စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဋ္ဌာနကလည်း ညနေ ၅နာရီ နောက်ပိုင်း အိမ်တွင်းမှုလုပ်ငန်းများ မလည်ပတ်ရ လည်ပတ်လျှင်အရေးယူမည်ဟု အမိန့်ထုတ်ပြန်ထားသဖြင့် ညပိုင်းလည်း အလုပ်လုပ်မရဖြစ်ရပြီး ယခင်ကထက် ၃ပုံ ၁ပုံခန့်သာ လုပ်ငန်းလည်ပတ်နိုင်တော့ကြောင်း အလုပ်သမားခပေးနိုင်ရန်သာ ကြိုးပမ်းနေရကြောင်း လုပ်ငန်းရှင်များက ပြောဆိုနေကြသည်။

မြန်မာနိုင်ငံတွင် ၂၀၁၈ခုနှစ် ကမ္ဘာ့ဘဏ်မှထုတ်ပြန်သည့် “Myanmar’s Future Jobs: Embracing Modernity”  အစီရင်ခံစာအရ အငယ်စားစီးပွားရေးလုပ်ငန်း (micro enterprises) ပေါင်း ၅.၄သန်း ရှိသည်ဟု သိရသည်။ အိမ်ထောင်စု ၂စုတွင် တစ်စုလောက်က ထိုအုပ်စုတွင် ပါဝင်နေသည်ဟု ရေးသားထားသည်။ အများစုကတော့ လမ်းဘေးဈေးသည်များ၊ ဆံပင်ညှပ်ဆိုင်ကဲ့သို့ ပိုင်ရှင်ကိုယ်တိုင် လုပ်ဆောင်နေသည့် ဝန်ထမ်း၁၀ဦးအောက်ရှိသည့် လုပ်ငန်းများဖြစ်သည်။ ထိုအစီရင်ခံစာအရ ယင်းတို့ အလိုအပ်ဆုံးမှာ အသေးစားချေးငွေ ရရှိမှုဖြစ်သည်။ ခေါင်းရွက်ဗျတ်ထိုးများအတွက် အရင်းပြုတ်လျှင် ဆိုင်မထွက်နိုင်တော့သဖြင့် အရင်းမတည်ပေးမည့်သူ လိုအပ်သည်။

ယခုအခါမှာတော့ အထက်တွင်ဖေါ်ပြထားသလို လူလတ်တန်းစားလည်း လျှော့ကျသွားပြီး ပြည်တွင်း ဝယ်လိုအားလည်းနည်းပါးသွားသဖြင့် အဆိုပါ ၅.၄သန်းထဲက မည်မျှပျောက်ကွယ်သွားပြီ ဆိုသည်ကို မသိနိုင်တော့။ အငယ်စား ငွေစုငွေချေးလုပ်ငန်းများ (MicrofinanceInstitutions) လည်း ဘဏ်အကျပ်အတည်းနှင့် ပြည်တွင်း စစ်မီးကြောင့် မရှိသလောက် လျှော့နည်းသွားပြီဖြစ်သဖြင့် အငယ်စားလုပ်ငန်းများ (သို့) တစ်နေ့လုပ်တစ်နေ့စားများအတွက် အင်မတန် ခက်ခဲနေပြီဖြစ်သည်။

အငယ်စားလုပ်ငန်းအများစုသည် ပညာရေးအဆင့်နိမ့်သူများက ဦးဆောင်လုပ်ကိုင်နေသဖြင့် ၎င်းတို့သည် နည်းပညာလိုအပ်နေသည်၊ စနစ်တကျ လုပ်နည်းကိုင်နည်းများ တတ်မြောက်ရန်လိုသည်ဟု ထိုအစီရင်ခံစာတွင် ဖေါ်ပြထားသည်။ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ၎င်းတို့ကို နည်းပညာ ပံ့ပိုးကူညီမည့် အဖွဲ့အစည်းများလည်း မရှိသလောက် ဖြစ်သွားပြီဖြစ်သည်။ ဆန်ဝေလျှင်တောင် စောင့်ကြည့် မေးမြန်းခံရသဖြင့် ပရဟိတအဖွဲ့အစည်းများလည်း ကူချင်သော်လည်းမကူနိုင်ဖြစ်နေရသည်။

ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသွားပြီး ရရှိမည့်လုပ်ခလစာကလည်း ယခုငွေတန်ဖိုးဖြင့်ဆိုလျှင် အတော်နည်းသွားသဖြင့် အရည်အချင်းရှိသည့် အလုပ်သမားများ (အထူးသဖြင့် ပြည်ပတွင် သွားရောက်လုပ်ကိုင်ခဲ့သူများ) လည်း ပြည်ပသို့ ပြန်လည်ထွက်ခွာသွားကြသဖြင့် လူ့စွမ်းအားများ ဆုံးရှုံးရပြန်သည်။

နောက်ဆုံးမှာတော့ လျှပ်စစ်မီးပြတ်တောက်မှုသည် အငယ်စားလုပ်ငန်းများကိုလည်း ကြီးမားစွာ ရိုက်ခတ်ပြန်သည်။ ၂၀၁၈ခုနှစ်လောက်တုံးကပင် လစဉ်လျှပ်စစ် ၁၅နာရီခန့် ပြတ်တောက်မှုသည် အငယ်စားလုပ်ငန်းများ၏ အလုပ်ချိန် ၂ရက်ခန့်ထိခိုက်စေသည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ရေးသားထားသဖြင့် လက်ရှိကာလလို နေ့စဉ် ၈နာရီမှ ၁၂နာရီနှင့် အချို့မြို့များမှာဆိုလျှင် ၃-၄ရက်ထိ ပြတ်တောက်တတ်သဖြင့် မည်မျှထိခိုက်မည်ဆိုသည်ကို ခန့်မှန်းကြည့်နိုင်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စီးပွားရေးနှင့်ပတ်သက်လျှင် အကောင်းပြောစရာ ဘာမှမရှိသည့်အတွက် ရောက်လေရာမှာ MSME များကို ဦးစားပေးပံ့ပိုး ကူညီနေပါသည်ဟု ပြောဆိုနေခြင်းသာ ဖြစ်လိမ်မည်ဟုဆိုရမည်။ ၎င်း၏အဆင်အခြင်မဲ့စွာ အာဏာသိမ်းခြင်းက မြန်မာ့စီးပွားရေးတစ်ခုလုံးနှင့် အငယ်စား၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ အားလုံးကို ဆိုးဝါးစွာထိခိုက်သွားပြီဖြစ်သည်။

လင်းထက်မြတ်

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)