ကမ္ဘာပေါ်ရှိ ဒီမိုကရေစီ နိုင်ငံတိုင်းသည် အစိုးရအဖွဲ့များအား ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ပိုင်ဆောင်ရွက်ခွင့်များကို တိတိကျကျ သတ်မှတ်ပေးထား၏။ ထို့အပြင် အစိုးရအဖွဲ့ဝင်များ ရွေးချယ်ရာတွင်လည်း နိုင်ငံရေးပါတီများ အားလုံး တန်းတူ ယှဉ်ပြိုင်ခွင့်ရှိပြီး ပြည်သူများ၏ လွတ်လပ်သော စိတ်သဘောထားဖြင့် ရွေးကောက်တင်မြှောက်မှု ကို အလေးထားအသိအမှတ်ပြုကြသည်။ ထို အချက်နှစ်ခုသည် ဒီမိုကရေစီ၏ အနှစ်သာရ သဘောလည်းဆန်၏။ သို့သော်လည်း လူအဖွဲ့အစည်းများ၏ ထုံးစံအရ ငြင်းခုံမှုများ၊ နိုင်ငံရေး အဂတိလိုက်စားမှုများလည်း နိုင်ငံတိုင်း လိုလိုတွင် ဖြစ်ပွားနေသည်ကို တွေ့မြင်ရ၏။ ထိုကဲ့သို့သော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို ဖော်ပြထားလေ့ရှိပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲသောသူ များ၏ စိတ်စေတနာပိုင်းဆိုင်ရာအပေါ်တွင် မူတည်၍ ထိုဆောင်ရွက်မှုများသည် မည်မျှလွတ်လပ်၍ တရားမျှတမှု ရှိသည်ကိုလည်း တိုင်းတာနိုင်၏။ ထိုတိုင်းတာမှု အခြေအနေအရ ၎င်းဖွဲ့စည်းပုံကို အသုံးပြုသောနိုင်ငံ၏ ဒီမိုကရေစီ စနစ်တည်ငြိမ်ခိုင်မာမှု ကို အကြမ်းအားဖြင့် လေ့လာနိုင်သည်။
ဖွဲ့စည်းပုံဆိုင်ရာ အငြင်းပွားမှုလေ့လာခြင်း
ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံ၏ ပင်မအခြေခံ ဥပဒေဖြစ်သောကြောင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အပိုင်း အပါအဝင် နိုင်ငံသားတို့၏ ရပိုင်ခွင့် အခွင့်အရေးများ အားလုံးကို ဖေါ်ပြထားသော ပင်မနေရာ ဖြစ်သည်။ နိုင်ငံတော်ဆိုင်ရာ အင်စတီကျူးရှင်း အချင်းချင်း အငြင်းပွားမှု၊နိုင်ငံသားများ၏ အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းပေးသော နေရာဖြစ်သည်။ ထိုနေရာသည် လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိမှသာ တရားမျှတသော ဖြေရှင်းမှုများပြုလုပ်နိုင်မည် ဖြစ်သည်။ လွတ်လပ်စွာ ဆောင်ရွက်နိုင်မှု အခြေအနေကို တိုင်းတာရာတွင် ထိုဖြေရှင်းသည့် အဖွဲ့အစည်းတွင် ဆောင်ရွက်မည့်သူများကို မည်ကဲ့သို့ ရွေးချယ်ခန့်အပ်သည် ဆိုသည်မှာ အဓိကကျသော အကြောင်းအရာ တစ်ခုဖြစ်လာ၏။
ကမ္ဘာပေါ်တွင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိသည်။ ဒီမိုကရေစီစနစ်မကျင့်သုံးသော နိုင်ငံများကို ဖယ်ထားပြီး ဒီမိုကရေစီ စနစ်ကျင့်သုံးသော နိုင်ငံများတွင် ဖွဲ့စည်းပုံဆိုင်ရာအငြင်းပွားမှု ကြုံတွေ့ရပါက နိုင်ငံ၏ အဆင့်မြင့်ဆုံးသော တရားလွှတ်တော်များက ကိုင်တွယ်ဖြေရှင်းသလို တစ်ချို့နိုင်ငံများတွင် သီးခြား ဖွဲ့စည်းထားသော အဖွဲ့အစည်းများမှလည်း ဖြေရှင်းပေးတာမျိုးရှိသည်။ သီးခြားဖွဲ့စည်းထားသော အဖွဲ့အစည်း ရှိသည် နိုင်ငံမှာ ၉၇ နိုင်ငံရှိသည်ကိုတွေ့ရှိရသည်။ ဒီမိုကရေစီစံနှုန်းများအရ တရားလွှတ်တော်များသည် လွတ်လပ်ပြီး သီးခြားတည်ရှိသော အင်စတီကျူးရှင်း ဖြစ်သည့် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွား မှုများကို ဖြေရှင်းရာတွင် သက်ဆိုင်သူအားလုံးမှ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှုကို ရရှိနိုင်သည်။ သို့သော် သီးခြားဖွဲ့စည်းထားသော အဖွဲ့အစည်းများအနေဖြင့် အငြင်းပွားမှုများကို ဆုံးဖြတ်ရာတွင် သက်ဆိုင်သူများ၏ ကျယ်ကျယ်ပြန့်ပြန့် လက်ခံမှု ရရှိနိုင်ရန် ထိုအဖွဲ့အစည်းများတွင် ပါဝင်သော လူပုဂ္ဂိုလ်များ၏ အရည်အချင်းနှင့် ရွေးချယ်ခန့်အပ်တာဝန်ပေးမှုအခြေအနေမှာ အလွန်အရေးကြီးသည် ကို တွေ့မြင်ရသည်။
ကမ္ဘာပေါ်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးများဖွဲ့စည်းထားရှိမှု
စဉ် |
ခုံးရုံးအမည် | ဥရောပ | အာရှ | အာဖရိက | လက်တင်အမေရိက | စုစုပေါင်း |
၁ | Constitutional Court | ၃၄ | ၁၁ | ၂၄ | ၈ | ၇၇ |
၂ | Constitutional Council | ၁ | ၂ | ၁၁ | – | ၁၄ |
၃ | Constitutional Tribunal | ၁ | ၁ | – | – | ၂ |
၄ | Constitutional Chamber | ၁ | ၁ | – | ၂ | ၄ |
စုစုပေါင်း | ၃၇ | ၁၅ | ၃၅ | ၁၀ |
၉၇ |
မြန်မာနိုင်ငံ၏ လက်ရှိပြဋ္ဌာန်းထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖွဲ့စည်းပုံဆိုင်ရာအငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ရန်အတွက် တရားလွှတ်တော်ချုပ်ကို တာဝန်ပေးမထားဘဲ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ကိုဖွဲ့စည်းပြီးသီးခြားတာဝန်ပေးထားပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၀ အရ ခုံရုံးကို ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် (၉) ဦးဖြင့် ဖွဲ့စည်းထားသည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဖွဲ့စည်းမှု၊လုပ်ပိုင်ခွင့်၊ အရည်းအချင်းနှင့် အဖွဲ့ဝင်တို့၏ သက်တမ်း
နိုင်ငံတော်ဖွဲ့စည်းပုံဆိုင်ရာခုံရုံး၏ ဖွဲ့စည်းတည်ဆောက်မှု ကို လေ့လာကြည့်လျှင် အနိုင်ရအစိုးရ၏ လက်အောက်ခံ တရားစီရင်ရေးအဖွဲ့ငယ် တစ်ခု ပုံသဏ္ဍာန် ပေါ်လွင်နေသည်။ မြန်မာနိုင်ငံ အစိုးရသက်တမ်း (၂) ခု အတွေ့အကြုံ အရ နိုင်င့တော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများသည် အနိုင်ရပါတီမှမှ သာ ရရှိသောကြောင့် ခုံးရုံအဖွဲ့ဝင်များကို ရွေးချယ်ရာတွင် အနိုင်ရပါတီမှ စိတ်ကြိုက်ရွေးချယ်သလိုဖြစ်နေသည်။ ထို့အပြင် ခုံရုံးအဖွဲ့ဝင်များ၏ သက်တမ်းသည် လွှတ်တော်သက်တမ်း ၊အစိုးရသက်တမ်းနှင့် အတူတူဖြစ်နေသောကြောင့် ခုံရုံးသည် လက်ရှိအစိုးရ ၏ လောင်းရိပ်အောက်တွင်သာရှိနေသည်။ ထို့အပြင် ခုံရုံးအဖွဲ့ဝင်များသည် နိုင်ငံရေးပါတီဝင်မဟုတ်သူဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသော်လည်း မည်သည့်အချိန်မှစ၍ နိုင်ငံရေးပါတီဝင် မဖြစ်ရဆိုသော အချက်ကို လေ့လာကြည့်လျှင် ခုံးရုံးအဖွဲ့ဝင် ဖြစ်သောအချိန်တွင် မဖြစ်ရဆိုသောကြောင့် နိုင်ငံရေးပါတီတစ်ခုမှ ချက်ခြင်း နှုတ်ထွက်၍ ခုံရုံးအဖွဲ့ဝင် အဖြစ်ဆောင်ရွက်နိုင်သောကြောင့် နိုင်ငံရေးပါတီ၏ ဩဇာမကင်းမှုနှင့် ကြုံတွေ့နိုင်ပါသည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ အခန်း(၆) တရားစီရင်ရေးအခန်းတွင် ထည့်သွင်း ဖော်ပြထားသော်လည်း တရားလွှတ်တော်ချုပ်ကဲ့သို့ သီးခြားလွတ်လပ်သော အာဏာမရှိဘဲ အနိုင်ရအစိုးရ အဖွဲ့၏ အာဏာအောက်တွင် ရောက်ရှိနေသော အဖွဲ့အစည်း တစ်ခုဖြစ်နေပါသည်။
စစ်မှန်သော ဒီမိုကရေစီစံနှုန်းများဖြင့် နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုကို ပြန်လည်ရေးဆွဲမည်ဆိုလျှင် ဖွဲ့စည်းပုံဆိုင်ရာပြဿနာများ၊ အကြပ်အတည်းများကို လေ့လာသုံးသပ်ဆုံးဖြတ်ပေးရသော အဖွဲ့အစည်းတစ်ခုကို အနိုင်ရအစိုးရ၊ နိုင်ငံရေးပါတီများမှ သီးခြားကင်းလွတ်သော အခြေအနေမျိုးကိုသာ ဖန်တီးသင့်ပါသည်။ သို့မှသာ လွတ်လပ်ပြီး နိုင်ငံရေး အဂတိကင်းစွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည့် အပြင် နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများ၏ လက်ခံယုံကြည်မှု ကို ကျယ်ကျယ်ပြန့်ပြန့် ရရှိပြီး အနာဂါတ်တွင် ပိုမိုတိုးတက်ကောင်းမွန်သော ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်မိပါသည်။