“လူသားမဆန်သော စစ်မိစ္ဆာတို့၏ ကြမ်းကြုတ်မှုများ”

စစ်ကောင်စီတော့ မဲစာရင်းကိစ္စကို အကြောင်းပြပြီး အာဏာလုယူတယ်။ စစ်အာဏာရှင်စနစ်အောက်ကနေ ဒီမိုကရေစီကို ကူးပြောင်းရေးကာလမှာ နိဂုံးချုပ်သွားတယ်။ လူငယ်မျိုးဆက် ( GEN Z ) များကတော့ သူတို့ရဲ့အနာဂတ်တွေကို ရိုက်ချိုးလိုက်တာပဲလို့ မှတ်ယူကြတယ်။ တိုင်းပြည် အမှောင်တိုက်ဆီ ပြန်ရောက် သွားမှာကို သူတို့မလိုလားကြဘူး။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု ဖြစ်စဉ်မှာ GEN Z များသာ ရှေ့တန်းကနေပြီး လမ်းမတွေအပေါ် တက်မလာဖြစ်ဘူးဆိုရင် စစ်ကောင်စီရဲ့အကြံက တစ်မျိုးတဖုံဖြစ်လာနိုင်စရာပါပဲ။

GEN Z တွေက အသက်နဲ့ အလဲအထပ်လုပ်ပြီးရဲရင့်ပြခဲ့ကြတယ်။ စစ်ကောင်စီရဲ့ ဒေါက်တိုင် စစ်သားနဲ့ ရဲတို့ရဲ့ လူသားဆန်မှုတွေက တစ်ရက်ထက်တစ်ရက် ပျောက်ဆုံးလာပြီး ကမ်းကုန်အောင်ဖြိုခွင်းခဲ့ကြတယ်။ ကျွန်တော်တို့တွေ အားလုံး အော်ဟစ်အကူညီတောင်းခဲ့ပေမယ့် ကမ္ဘာကြီးကတော့ ပြစ်တင်ရှုတ်ချရုံသာ တတ်နိုင်ခဲ့လို့ အသက်များစွာ စတေးခဲ့ရတယ်။ နွေဦးတော်လှန်ရေးအောက်ဆီက စစ်မိစ္ဆာတို့ရဲ့ လူသားမဆန်တဲ့ ဖိနှိပ်မှုတွေက တစ်ထောင့်တစ်ည ပုံပြင်များ ပမာပင်။

မန္တလေးက အမျိုးသားတစ်ဦးရဲ့ ဖြစ်ရပ်ကိုကြည့်ပါ။ ညအချိန်မှာပဲ အိမ်ကနေ လမ်းထိပ်ရှိရာကို ထွက်ခဲ့ပါတယ်။မှောင်ရိပ်ခိုပြီး အသင့်စောင့်နေကြတဲ့ စစ်သားနဲ့ ရဲများရဲ့ဖမ်းဆီးခြင်းကို ခံရတယ်။ ရိုက်နှက်တယ်။ ဒူးထောက် ခိုင်းတယ်။ ပြီးတော့ ဝတ်ထားတဲ့ အင်္ကျီကိုချွတ်တယ်။ သူ့လက်ပေါ်မှာထိုးထားတဲ့ နွေဦးတော်လှန်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် တက်တူးပုံကို ပြဿနာရှာပါတယ်။ တက်တူးကို ဖျက်ပစ်ရမယ်ပြောတော့ ဖျက်ပါ့မယ်လို့ ပြန်ပြောပါတယ်။ ဒီမှာတင် မပြီးဆုံးသွားပါဘူး။ တာယာကွင်းကို ဓာတ်ဆီလောင်းပြီး စစ်သားက မီးရှို့တယ်။ နောက်တစ်ယောက်က အမျိုးသားလက်ကို ဆွဲယူပြီး မီးပုံပေါ်တင်လိုက်တယ်။ တက်တူးကို စစ်သားတွေ ကိုယ်တိုင် ဖျက်ဆီးကြတယ်။ အရေပြားလောင်မြိုက်ခြင်းနဲ့ အတူ ညှော်နံ့ထွက်လာတယ်။ ဘယ်လောက်နာကျင် အခံခက်လေမလဲ တွေးကြည့်ပါ။ တက်တူးကို မီးရှို့ရုံနဲ့ ပျောက်ပြယ် မသွားပါဘူး။ ကာယကံရှင် အမျိုးသားရဲ့ နှလုံးသားထဲမှာ တစ်သက်တာ စွဲမြဲကျန်နေမှာ သေချာပါတယ်။ နောက်ဖြစ်ရပ် တစ်ခုကလည်း ကြွက်မနိုင် ကျီမီးနဲ့ရှို့ခြင်းပါပဲ။ မဲမဲမြင်ရာပစ်ခတ်တယ်။ အကြောက်တရားရှိသွားအောင် တွေ့တဲ့သူကို ဖမ်းဆီးတယ်။ လက်နက်ကိုင်ထားပြီး ဆင်ခြင်တုံတရားတွေကင်းမဲ့ကုန်တော့ ပြည်သူတွေမှာ ကူရာကယ်ရာမဲ့ဘဝ ဖြစ်နေ ပါတယ်။ သူတို့လိုချင်တာက အမျိုးသားတစ်ဦးပါ။အဲဒီအမျိုးသားကလည်းစစ်ကောင်စီရဲ့ လိုက်လံဖမ်းဆီးမှု ကြောင့် ရှောင်တိမ်းနေရသူပါ။ ကာယကံရှင်မမိလို့ မိသားစုဝင်တွေကို ဒုက္ခပေးမှာစိုးလို့ မိသားစုဝင်တွေ ရှောင်တိမ်းခဲ့တာပါ။ တိုက်ကြီးမြို့ဆီ ထွက်လာတဲ့လမ်းမှာပဲ စစ်ကောင်စီက သတင်းရသွားပြီး ကားကိုတားပြီး စစ်ဆေးပါတယ်။ သူတို့ လိုချင်တဲ့သူကို မတွေ့ပေမဲ့  အသက် ၄နှစ်အရွယ် ကာယကံရှင်ရဲ့သမီး ၂ နှစ်အရွယ်တူမ ဖြစ်သူ ၁၃ နှစ်အရွယ် ယောက်ဖတော်သူနဲ့ ကျန်လူကြီးသုံးယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေကိုပါ ဓားစာခံ အဖြစ်ခေါ်ဆောင်သွားတာကတော့ မဖြစ်သင့်တဲ့ကိစ္စပါပဲ။

နွေဦးတော်လှန်ရေးဟာ  အဓမ္မကို တော်လှန်ဖယ်ရှားပြီး ဓမ္မကို ထွန်းကားစေလိုတဲ့ မြန်မာပြည်သူများရဲ့ ရင်တွင်းဆန္ဒပဲ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ သူတို့ပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေ ( စာပေ၊ ရုပ်ရှင် ဂီတ၊ သဘင်)ပါဝင်ခဲ့ကြသလို အကူညီများလည်း ထောက်ပံ့ပေးခဲ့ကြပါတယ်။ အနုပညာရှင်တွေကလည်း စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ မရှင်သန်လိုကြပါဘူး။ ဒါကြောင့်ပဲ စစ်အာဏာရှင်တွေက အလွန်ဒေါသ ထွက်ခဲ့ပါတယ်။ သတင်းစာလွတ်လပ်ခွင့် ဆုံးရှုံးသွားသလို ရုပ်သံလွှင့်မီဒီယာတွေလည်း ရပ်ဆိုင်းတာ ခံရပါတယ်။ ပါဝင်ပတ်သက်ခဲ့တဲ့ အနုပညာရှင်တွေကို ပုဒ်မတပ်ပြီး တရားခံပြေး အဖြစ်ကြေညာပါတော့တယ်။ ဒီမှာတင် မရပ်တန့်ပါဘူး။ အနည်းငယ်မျှသာ ခွင့်ပြုချက်ရထားတဲ့ ရုပ်သံမီဒီယာမှာ  တရားခံပြေးအဖြစ် ကြေညာထားသူတွေ ပါဝင်တဲ့ အစီအစဉ်တွေမှန်သမျှကို ထုတ်လွှင့်ခွင့်မပြုသလို ထုတ်လွှင့်ပြသခဲ့ပါက ပူးပေါင်းကူညီမှုဖြင့် ထိရောက်စွာ အရေးယူမှာဖြစ်ကြောင်း အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဖေါ်ပြပါ ဖြစ်ရပ်သုံးခုဟာ စစ်မိစ္ဆာတွေရဲ့ လူသားမဆန်လွန်းတဲ့ဖိနှိပ်မှုတစ်ထောင့်တစ်ညပုံပြင်များထဲက အချို့သာဖြစ်ပါတယ်။

( လက်ရုံးညီ)