ဒုတိယအပိုင်း
စစ်ကောင်စီဟာ နိုင်ငံရေးအရ လုပ်ကိုင်နိုင်မှုမှန်သမျှကို ထိန်းချုပ်ပိတ်ပင်တဲ့ ဥပဒေတွေ ထုတ်ပြန်နေတာဟာ နိုင်ငံရေးနယ်ပယ်ကို ပိုမိုကျဉ်းမြောင်းသွားစေပြီး စစ်ရေးနယ်ပယ် ဘောင်ကို ကျယ်သထက်ပိုကျယ်လာစေတာ ကောင်းမွန်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။
အခုတော့ဖြင့် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ NLD ပါတီကို နိုင်ငံရေးနယ်ပယ်ထဲကနေ အပြီးတိုင် ဖယ်ထုတ်ဖို့ ကြိုးပမ်းတဲ့ ဥပဒေကို ထုတ်ပြန်လိုက်တာကို ပြောချင်ပါတယ်။ ဒါဟာတိုင်းပြည်အတွက် မှန်ကန်နိုင်ပါသလား။ NLD အဓိကခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်ချထားပြီး သူမရဲ့ပါတီဖြစ်တဲ့ NLD ကိုလဲ ရွေးကောက်ပွဲ ရဲ့ လမ်းစဖြစ်တဲ့ ပါတီပြန်လည်မှတ်ပုံတင်ခြင်း မပြုနိုင်အောင် ဥပဒေများနဲ့ တင်းကြပ်လိုက်တာဟာ ဖြစ်သင့်ပါသလား။ စစ်တပ်က သူရဲ့ယှဥ်ပြိုင်ဖက်ကို ဖယ်ရှားလိုက်တာဘဲမို့ စစ်တပ်အတွက်သာလျှင် ပိုမိုအကျိုးဖြစ်မှာ ဖြစ်ပါတယ်။ တိုင်းပြည်အတွက်ကတော့ ပါတီစုံဖြစ်မှု ဝေးသထက်ဝေးကွာသွားတာပါ။ ၂၀၂၃- ဖေဖေါ်ဝါရီ (၁) ရက်နေ့မှာ အခြေခံဥပဒေအရ သက်တမ်းကုန်ဆုံးနေပြီဖြစ်တဲ့ နစကအဖွဲ့ကို (မိမိဖာသာ လိုသလိုအဓိပ္ပါယ်ဖွင့်ဆိုပြီး) နောက်ထပ် သက်တမ်း (၆)လ ထပ်မံတိုးလိုက်ပြီး အရေးပေါ် ကာလကိုလဲ ထပ်မံသက်တမ်းတိုးလိုက်ပါတယ်။ အဲ့ဒီမတိုင်ခင်ကလဲ အသင်းအဖွဲ့များနဲ့ သက်ဆိုင်တဲ့ ဥပဒေတစ်ခုကို ပြဌာန်းလိုက်ပြီး လူမှုအသင်းအဖွဲ့တွေကို ပြန်လည်မှတ်ပုံတင်စေပြီး ကန့်သတ်ချုပ်ခြယ်မှုတွေ လုပ်လိုက်ပါသေးတယ်။ နောက်ပိုင်းမှာ မြို့နယ် (၃၇) မြို့နယ်ကို စစ်ဥပဒေပြဌာန်း ကျေညာခဲ့တဲ့အတွက် မြန်မာပြည် တဝှမ်း စစ်ဥပဒေကျေညာထားခြင်းခံရတဲ့ မြို့နယ်ပေါင်း (၄၄) မြို့နယ်ရှိလာပါတယ်။ လက်နက်ကိုင်ဆောင်ခြင်းမူ၊ စီတန်း လှည့်လည်ခြင်း ဥပဒေတွေကို လိုသလိုပြင်ဆင်ပြီး ဆက်တိုက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါက ဆက်လက်ဖိနှိပ် အကြမ်းဖက်တော့မယ်ဆိုတဲ့လက္ခဏာဘဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲအတွက်ကိုလဲ အီလက် ထရောနစ် မဲပေးတဲ့စက်ကို တီထွင်တယ်လို့ သတင်းမှာ ဖေါ်ပြလာတဲ့အခါ ဖတ်ရသူတိုင်းက သူတို့နိုင်အောင် လိမ်လည်တော့မယ်လို့ဘဲ အားလုံးက ပိုမိုယုံကြည်သွားကြပါတယ်။ စစ်ကောင်စီဟာ နိုင်ငံရေးအရ လုပ်ကိုင်နိုင်မှုမှန်သမျှကို ထိန်းချုပ်ပိတ်ပင်တဲ့ ဥပဒေတွေ ထုတ်ပြန်နေတာဟာ နိုင်ငံရေးနယ်ပယ်ကို ပိုမိုကျဉ်းမြောင်းသွားစေပြီး စစ်ရေးနယ်ပယ် ဘောင်ကို ကျယ်သထက်ပိုကျယ်လာစေတာ ကောင်းမွန်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။
ပြည်တွင်းကနေ နယ်စပ်ဒေသနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဖက်ကို မျှော်ကြည့်လိုက်ပြန်တော့လဲ အစောပိုင်းကာလ တွေမှာ စိတ်တိုင်းကျတဲ့ အနေအထားမျိုးကို သိပ်မတွေ့ခဲ့ရပါဘူး။ US နဲ့ တရုတ်ကလဲ မြန်မာ့အရေးကို အာစီယံကိုဘဲ တာဝန်လွဲထားကြတယ်။ UN ကိုယ်တိုင်လဲ နိုင်ငံရေးကိစ္စ မဆိုထားနဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် အကူအညီပေးဖို့ တောင် ပြည်တွင်းထဲကို ကောင်းကောင်းမဝင်နိုင်ပါဘူး။ အာစီယံမှာလဲ အရှေ့ဖက်ခြမ်းအုပ်စုနဲ့ အနောက်ဖက်ခြမ်း အုပ်စု လိုမျိုးကွဲပြားသလို ဖြစ်နေတာ သတိပြုမိကြမှာပါ။ တချို့ကတော့ ဘာသာရေးကို အကြောင်းပြုပြီး ကွဲပြားတဲ့ သဘောမျိုးပြောကြပါတယ်။ ဒါကတော့ ဟုတ် – မဟုတ်ဆိုတာ ကံသေကံမ မပြောနိုင်ပါဘူး။ ထိုင်းက ကမကထပြုတဲ့ ပွဲဆိုရင် လာအို၊ ထိုင်း၊ ကဗ္ဘောဒီးယား၊ ဗီယက်နမ် တို့ကို မြန်မာစစ်အစိုးရရဲ့ ကိုယ်စားလှယ်တွေက သူတို့အမြင် သူတို့ရှုထောင့်တွေကို ရှင်းပြခွင့်ရအောင် ဖန်တီးပေးခဲ့တာ အားလုံးအသိပါ။ အင်ဒိုနီးရှား အမှူးပြုတဲ့ စင်ကာပူ၊ မလေးရှား၊ ဘရုနိုင်း၊ ဖိလစ်ပိုင် တို့က တစ်မျိုးတွေးကြတာမို့ အာစီယံမှာလဲ နှစ်ပိုင်းလို ဖြစ်နေခဲ့တာပါ။ အင်ဒိုနီးရှားကတော့ သူဥက္ကဌ ဖြစ်တဲ့အလှည့်မှာ အတတ်နိုင်ဆုံး ကြိုးပမ်းမဲ့ သဘောမျိုးတော့ တွေ့နေရပါတယ်။ ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ဖြစ်မယ်မှန်းတော့ မသိနိုင်သေးပါဘူး။ အခုဆိုရင် ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ဝင်ရောက်စေ့စပ်ပေးမဲ့ သဘောမျိုးတွေ တွေ့လာနေရပါပြီ။ တရုတ်ရဲ့ နိုင်ငံတော် ကောင်စီအဖွဲ့ဝင် ဝမ်ယီဟာ မော်စကိုကို ရောက်နေတာဖြစ်ပြီး မကြာမတင်မှာ သမတကြီး ရှင်ကျင့်ဖျင်ကိုယ်တိုင် မော်စကိုကိုသွားဖို့ စီစဉ်နေကြတာ သတိပြုမိကြမှာပါ။ (ယခုဆောင်းပါး ဖော်ပြတဲ့အချိန်မှာ သမတကြီး ရှင်ကျင့်ဖျင်လည်း ရုရှားကို ရောက်နေပါပြီ) ယူကရိန်းစစ်ပွဲဆိုရာ အချက်(၁၂) ချက်ပါတဲ့ထုတ်ပြန်ချက်ကိုလဲ ထုတ်ပြန်လိုက်ပါတယ်။ အိမ်နီးချင်း မြန်မာနိုင်ငံအတွက်လဲ တရုတ်နိုင်ငံဖက်က ရေရှည်မှာ ဒီအတိုင်းလွှတ်ထားနိုင်ဖွယ် မရှိဘူးလို့ ခန့်မှန်းသုံးသပ် ရတာပါဘဲ။
ပြည်တွင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အကြမ်းဖက် ဖြိုခွဲခဲ့ပြီးတဲ့နောက်ပိုင်း နယ်စပ်ဒေသတွေကို ထွက်ခွါခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတဲ့ CRPH ရဲ့ နောက်ဆက်တွဲအနေနဲ့ အမျိုးသား ညွန့်ပေါင်းအစိုးရ NUG ကိုဖွဲ့စည်းခဲ့ကြတယ်။ အဲ့ဒီကတဆင့် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံအဖွဲ့ NUCC ဆိုတာကို ဆက်လက်ပြီး မြှင့်တင်ဖွဲ့စည်းခဲ့ပါတယ်။ သင်းဖွဲ့ စည်းမျဉ်းတွေလည်း ရေးဆွဲသဘောတူခဲ့ကြတယ်။ နောက်ပိုင်းမှာ တတိယနိုင်ငံ ရောက်နေတဲ့ NLD ဟောင်းတွေက စု-ရွေး-လွှတ် ဆိုတဲ့မူကို တင်သွင်းလာပြန်တယ်။ အဲ့ဒီအတွေးအခေါ်က ၂၀၂၀-တုန်းက နိုင်ခဲ့တဲ့ NLD ပါတီကို ပြန်လည်ပြီး လွှတ်တော်ခေါ်ယူခွင့်ပေးရေး အယူအဆမို့ အချို့က NLD ပြန်လည် အာဏာရရှိရေးကို ဦးတည်တယ်ဆိုပြီး အပြစ်တင် ဝေဖန်တာတွေရှိပါတယ် ။ NUCC မှာပါတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဆုံးဖြတ် ပိုင်ခွင့်ထဲ ပါဝင်ခွင့်ပေးဖို့ပြောတာကို လက်မခံနိုင်ဘဲ NUCC ကနေပြီး NLD နဲ့ မင်းကိုနိုင်တို့က နောက်ဆုတ် သွားတာတွေလဲ ရှိပါတယ်။ နောက်ဆုံးမှာတော့ NUCC ဆက်လက်အလုပ်လုပ်ဖို့တောင် ခက်လာပါတယ်။
US ကနေ တော်လှန်ရေးကို (လူသေစေတဲ့ လက်နက်မပါတဲ့) ထောက်ပံ့မှုဟာ အတိအကျဖေါ်ပြထားပေမဲ့ တရုတ်နိုင်ငံ ဖက်က စိုးရိမ်ပူပန်မှုကြောင့် မြန်မာပြည် မြောက်ပိုင်း လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေကို ဘယ်လောက်အထိ ပိုပြီးထောက်ပံ့လာနိုင်မလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။
Burma Act ကိုပြဌာန်းလိုက်တဲ့အခါ တော်လှန်ရေးလုပ်နေသူတွေထဲက အချို့က လိုအပ်တာထက်ပိုပြီး ဝမ်းသာသွားကြ ပါတယ်။ တကယ်ဆိုရင် NDAA ကိုပြဌာန်းပြီး ထောက်ပံ့ဖို့ US ကပြဌာန်းလိုက်တာဟာ မြန်မာအတွက် ပိုပြီးတော့ စိတ်ပူစရာတွေ ရှိခဲ့တယ်လို့ ယူဆသူတွေလဲ အများကြီး ရှိခဲ့ပါတယ်။ US ကနေ တော်လှန်ရေးကို (လူသေစေတဲ့ လက်နက်မပါတဲ့) ထောက်ပံ့မှုဟာ အတိအကျဖေါ်ပြထားပေမဲ့ တရုတ်နိုင်ငံဖက်က စိုးရိမ်ပူပန်မှုကြောင့် မြန်မာပြည် မြောက်ပိုင်း လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေကို ဘယ်လောက်အထိ ပိုပြီးထောက်ပံ့လာနိုင်မလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ သူတို့က ထုတ်ဖေါ်ပြောလေ့ မရှိပါဘူး။ ထိုင်ဝမ်နဲ့ ပြည်ပရောက်တဲ့ မြန်မာကို ထောက်ပံ့တာဟာ တရုတ်နိုင်ငံအတွက် စိတ်ပူစရာဖြစ်တယ်ဆိုတဲ့ ခန့်မှန်းချက်ဟာ မှားနိုင်ခြေ သိပ်မရှိပါဘူး။ အခု ဖေဖေါ်ဝါရီလ စတုတ္ထပတ်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံတမန်အသစ် Deng Xijun ဟာ လိုင်ဇာ၊ ပန်ဆန်းနဲ့ မိုင်းလားတွေကိုလာပြီး မြောက်ပိုင်းလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တွေ့ဆုံနေတာဟာ NDAA ထောက်ပံ့ကြေးတွေနဲ့ မပတ်သက်ဘူးလို့ ငြင်းဆိုဖို့အတွက် ခက်ခဲလှပါတယ်။ NUG ကို အမေရိကန်မှာ ရုံးဖွင့်ခွင့်ပေးတာကိုလဲ မနှစ်သက်ဘူးလို့ သတင်းတွေမှာ ဖတ်ရပါတယ်။
တကယ်တမ်းမှာတော့ ပြည်တွင်းမှာ တော်လှန်ရေးတိုက်ပွဲဝင်နေကြတဲ့ PDF, LDF တွေဟာ လက်နက်ခဲယမ်းပြည့်စုံမှု မရှိပါဘူး။ နာကြဉ်းမုန်းတီးမှု အခြေခံနဲ့ တိုက်ပွဲဝင်နေကြတာပါ။ လက်ရှိ အခြေအနေနဲ့ စစ်တပ်ကို နိုင်အောင်တိုက်ဖို့ ဆိုတာ အတော်ကို ခက်ခဲမှာပါ။ သတင်းတွေအရ NUG အစိုးရအဖွဲ့ဝင်တွေ ကားဝယ်စီးနေကြတယ် – စတဲ့အမှား အယွင်းတွေကိုလဲ ကြားသိနေကြရတာပါ။ NUG ဟာ အဝေးရောက် အစိုးရလား၊ တော်လှန်ရေးလုပ်နေတဲ့ အစိုးရလားဆိုတာ မကွဲပြားပါဘူး။ တိုက်ပွဲဝင်နေကြတဲ့ ပြည်တွင်းက ပျောက်ကြားတွေကိုလဲ အမိန့်ပေး စီမံခန့်ခွဲနိုင်မှုဟာ အားလုံးမဟုတ်တောင် အများစုအထိ မကွပ်ကဲနိုင်သေးပါဘူး။ တကယ်တော့ စစ်တပ်ရဲ့ ရက်ရက်စက်စက် ဖိနှိပ်ခံနေရတဲ့ ပြည်သူလူထုကြီး တစ်ရပ်လုံးက NUG ဟာ စစ်တပ်ကို တိုက်ပွဲဝင်နေသူတွေအဖြစ် မျက်စိမှိတ်ထောက်ခံနေလို့သာ အခုထိ ဟန်မပျက် ဆက်လက်လှုပ်ရှား နိုင်နေသေးတာ ဖြစ်ပါတယ် ။
တကယ်တမ်းမှာတော့ ပြည်တွင်းမှာ တော်လှန်ရေးတိုက်ပွဲဝင်နေကြတဲ့ PDF, LDF တွေဟာ လက်နက်ခဲယမ်းပြည့်စုံမှု မရှိပါဘူး။ နာကြဉ်းမုန်းတီးမှု အခြေခံနဲ့ တိုက်ပွဲဝင်နေကြတာပါ။ လက်ရှိ အခြေအနေနဲ့ စစ်တပ်ကို နိုင်အောင်တိုက်ဖို့ ဆိုတာ အတော်ကို ခက်ခဲမှာပါ။
NUG အနေနဲ့ သူတို့မီခိုနေရတဲ့ KNLA/ KNU, KIA တို့လိုမျိုး အစဉ်အလာရှိတဲ့ EAO’s တွေကိုတောင် နှစ်နှစ်တာ ကာလအတွင်း ပိုင်ပိုင်နိုင်နိုင် စည်းရုံးနိုင်ခြင်း မရှိသေးပါဘူး။ တကယ်တမ်းမှာတော့ အခုဖြစ်နေတဲ့ NUG နဲ့ SAC တို့ရဲ့ လက်နက်ကိုင် ပဋိပက္ခဟာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (EAO’s) တွေ ယိမ်းညွတ်တဲ့ဖက် (ထောက်ခံအားပေးတဲ့ဖက်) က အသာစီးနဲ့ အောင်ပွဲဆင်နိုင်ဖို့ ဖြစ်နိုင်တယ်ဆိုတာ စဉ်းစားကြည့်ရင် အသိသာကြီးဖြစ်ပါ တယ်။ စစ်တပ်ဖက်ကတော့ ဒါကို ကောင်းကောင်းနားလည်တယ်လို့ ထင်ပါတယ်။ NUG ဖက်ကတော့ အခုထိ ထိုးဖေါက်နိုင်စွမ်း မရှိတာလား၊ စိတ်မဝင်စားတာလား မသိရပါဘူး။ နိုင်ငံတကာ ထောက်ခံမှုရအောင် ကြိုးပမ်းနေကြ တယ်ဆိုပေမဲ့ NUG ရဲ့ နိုင်ငံခြားရေးဌာနက US , UK စတဲ့ ကိုယ့်ကို ထောက်ခံထားတဲ့ နိုင်ငံတွေဆီကိုဘဲ သွားနေကြတာဖြစ်ပြီး တကယ့်အရေးတကြီး ထောက်ခံမှုကို ရလုရခင်ဖြစ်နေတဲ့ မလေးရှားတို့၊ အင်ဒိုနီးရှားတို့ဆီကိုတော့ သွားဖို့အားထုတ်ကြပုံ မရပါဘူး။ထောက်ခံမှု ရပြီးသားဆီကိုချည်း သွားနေတာထက်စာရင် နောက်ထပ်ထောက်ခံမှု ရခါနီး နိုင်ငံတွေဆီကို သွားတာကပိုပြီး စည်းရုံးရေးဆန်ပြီး အကျိုးရှိမယ်လို့ ထင်မြင်ချက်ပေးသူတွေ အများအပြား ရှိနေပါတယ်။ အရေးပေါ်အခြေအနေကို နောက်ထပ်သက်တမ်း (၆)လ ထပ်တိုးပြီးတဲ့ နောက်ပိုင်းမှာ စစ်ကောင်စီဟာ နိုင်ငံခြားရေးဝန်ကြီးအသစ်ကို ခန့်အပ်လိုက်ပြီး နိုင်ငံတကာ သံခင်းတမန်ခင်းတွေကို ပြန်လည်အသက်သွင်းဖို့ စတင်လုပ်ဆောင်နေတာကိုလဲ တွေ့နေရပြီ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သူတို့ရဲ့ သံတမန်တွေကို လမ်းညွှန်ချက်ပေးနေပါတယ်။ စစ်တပ်ဟာ တစ်ဖက်က EAO’s တွေကို “ခွေ” ထားပြီး တစ်ဖက်က သံခင်းတမန်ခင်း လုပ်ငန်းတွေပြန်စတော့မှာ သေချာပါတယ်။
နိုင်ငံတကာ ထောက်ခံမှုရအောင် ကြိုးပမ်းနေကြ တယ်ဆိုပေမဲ့ NUG ရဲ့ နိုင်ငံခြားရေးဌာနက US, UK စတဲ့ ကိုယ့်ကို ထောက်ခံထားတဲ့ နိုင်ငံတွေဆီကိုဘဲ သွားနေကြ တာဖြစ်ပြီး တကယ့်အရေးတကြီး ထောက်ခံမှုကို ရလုရခင်ဖြစ်နေတဲ့ မလေးရှားတို့၊ အင်ဒိုနီးရှားတို့ဆီကိုတော့ သွားဖို့ အားထုတ်ကြပုံ မရပါဘူး။
အိန္ဒိယ သံအမတ်ဟောင်း[1] ရဲ့ ဆောင်းပါးရေးသားချက် နဲ့ အမေရိကန် သံအမတ်ဟောင်း[2] တို့ ရေးသားချက်တွေ အပြင် အမေရိကန် သံတမန်ကြီးတွေရဲ့ ပြောကြားချက်တွေက NUG အတွက်အားတက်ဖွယ် ဖြစ်တယ်လို့ ပြောနိုင်တဲ့ အတွက် NUG အနေနဲ့ အခုထက်ပိုမို ထိမိတဲ့ လုပ်ဆောင်ချက်တွေကို လုပ်နိုင်ဖို့ လိုမယ်လို့ထင်ပါတယ်။ တနည်းအားဖြင့် ပြောရရင် လက်စွမ်းပြဖို့ လိုပါတယ်။ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက မြန်မာနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ သဘောထားကို သဘောတူပေးတဲ့အတွက် ကျေးဇူးတင်စကားပြောလိုက်တာဟာလဲ မြန်မာ့အရေး ဖြေရှင်းဖို့ နည်းလမ်းတွေ စတင်နေပြီလို့တောင် ဆိုနိုင်ပါတယ်။ CNF , KNPP , KNLA လက်နက်ကိုင်အဖွဲ့တွေရဲ့ အတွင်းရေးမှူးတွေကနေပြီး Nikkei Asia မှာရေးသားခဲ့တဲ့စာ[3] အရဆိုရင် NUG ဟာ မိမိနဲ့အနီးကပ်ရှိနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပိုမိုပြီးနီးနီးစပ်စပ် ဆွေးနွေးသဘောတူညီဖို့ လိုအပ်နေတာကို ဖေါ်ညွှန်း ပြဆိုနေပါတယ်။
လက်နက်ကိုင် တိုက်ပွဲဝင်နေကြတဲ့ PDF တွေမှာလဲ အရင်တုန်းက မရှိခဲ့ဖူးတဲ့ ၁၀၇မမ ရှော့တိုက်ဒုံးတွေ ၊ အာပီဂျီ-၇ တွေကို များများစားစားသုံးလာတာကို တွေ့လာရပါတယ်။ ဒါဟာ တရုတ် (သို့) မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ ပေါ်လစီပြောင်းလဲမှု ရှိလာလို့သာ ဖြစ်ပေါ်လာတာလို့ ခန့်မှန်းရပါတယ်။ မုန်းတီးမှုတွေ အားကောင်းနေတဲ့ မြန်မာလက်နက်ကိုင် ပဋိပက္ခတွေကို မြန်မာပြည်တွင်းနေ ဘယ်သူကမှ ကြားဝင်ဖြေရှင်းဖို့ မဖြစ်နိုင်ကြပါဘူး။ သြဇာရှိ တဲ့ နိုင်ငံခြားတိုင်းပြည်တစ်ခုခုကသာ ကြားဝင်နိုင်မဲ့ အခြေအနေ ရှိပါတယ်။ အခုအခါ ယူကရိန်းပြဿနာကို တရုတ် ခေါင်းဆောင်တွေ စတင်ဝင်ရောက် ဆွေးနွေးတာတွေ တွေ့လာနေရပါပြီ။ အထက်တစ်နေရာမှာ ဆိုခဲ့သလို တရုတ်ရဲ့ အိမ်နီးချင်း မြန်မာ့အရေးကိုလဲဘဲ တရုတ်နိုင်ငံအနေနဲ့ အချိန်ကြာကြာ ပစ်ပယ်ထားလိမ့်မယ်လို့လဲ မထင်ရပါဘူး။ အာစီယံကို ဗဟိုပြု လှုပ်ရှားနိုင်တဲ့ အချက်ကိုလဲ တရုတ်နိုင်ငံ ကောင်းကောင်းသိလိမ့်မယ် ထင်ပါတယ်။
စစ်တပ်က ပြောနေတဲ့ ရွေးကောက်ပွဲဆိုတာကတော့ ဝေးကွာသွားပြီလို့ ဆိုနိုင်ပါတယ်။ စစ်တပ်အတွက်လဲ ထွက်လမ်း မဟုတ်တော့ဘူး ဆိုတာ သူတို့နားလည်နေပြီလို့ ယူဆရပါတယ်။ ပြောရမယ်ဆိုရင် စစ်တပ်က ပြောနေတဲ့ ရွေးကောက် ပွဲဆိုတာ သူတို့အစီအစဉ်ရဲ့ နောက်ဆုံးအစီအစဉ် နေရာကို ရောက်သွားပြီလို့ ဆိုနိုင်ပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်မှာ ဖေါ်ပြထားတဲ့ အမှတ်စဉ် (၅)[4] ကိုကြည့်ရင် သိနိုင်ပါတယ်။ သံခင်းတမန်ခင်း တွေ ပြန်ခေါင်းထောင်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ အခွင့်အလမ်းကို သဘောပေါက်ပြီး ငြိမ်းချမ်းချင်တဲ့ စိတ်ဆန္ဒသာ ရှိခဲ့ကြရင် မြန်မာအတွက် ၂၀၂၃ ဟာ အချိန်ကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ ပြန့်ကြဲနေတဲ့ လက်နက်ကိုင် အစုအဖွဲ့တွေရဲ့ ပြင်းပြတဲ့ မုန်းတီးမှုတွေကိုတော့ အကျိတ်အနယ် ကြိုးပမ်းဖြေရှင်းရဖို့တော့ လိုအပ်နေ ပါအုန်းမယ်။ မြှင့်တက်နေတဲ့ စစ်ရေး ပဋိပက္ခတွေကို ပထမဆုံး လျော့ကျသွားအောင် ကြိုးပမ်းဖို့ လိုမယ်ထင်ပါတယ်။ နိုင်ငံရေးကိစ္စတွေမှာ ကွဲပြားခြားနေတာကိုလဲ မြင်ဖို့လိုပါမယ်။ NUG, CRPH ဖက်က ၂၀၀၈ ခြေဥဖျက်သိမ်းကြောင်း ကျေညာထားပါတယ်။ SAC ဖက်ကလည်း ၂၀၀၈ ခြေဥ အတိုင်း လိုက်နာဆောင်ရွက်နေတယ်လို့ အခိုင်အမာ ပြောနေတာမို့ ဖေါ်ပြပါအချက်တွေက ကွဲပြားခြားနား နေကြတယ်လို့ပြောရမှာပါ။ SAC ဖက်က ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အားလုံးကို ပယ်ဖျက်ထားပြီး NUG, CRPH ဖက်က ၂၀၂၀- ရွေးကောက်ပွဲရလဒ်ကို ဆက်လက် ကိုင်စွဲဆောင်ရွက် နေကြတာကလဲ ကွဲလွဲချက်တွေပါ။
သံခင်းတမန်ခင်းတွေ ပြန်ခေါင်းထောင်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ အခွင့်အလမ်းကို သဘောပေါက်ပြီး ငြိမ်းချမ်းချင်တဲ့ စိတ်ဆန္ဒသာ ရှိခဲ့ကြရင် မြန်မာအတွက် ၂၀၂၃ ဟာ အချိန်ကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ ပြန့်ကြဲနေတဲ့ လက်နက်ကိုင် အစုအဖွဲ့တွေရဲ့ ပြင်းပြတဲ့ မုန်းတီးမှုတွေကိုတော့ အကျိတ်အနယ် ကြိုးပမ်းဖြေရှင်းရဖို့တော့ လိုအပ်နေပါအုန်းမယ်။
ဆွေးနွေးခွင့်သာ ရခဲ့မယ်ဆိုရင် အထက်ပါ အချက်တွေကို တူညီအောင် စတင်ပြီး ဆောင်ရွက်ကြရမှာပါ။ လက်ရှိအချိန် မှာတော့ မြန်မာပြည်သူလူထုကြီး တစ်ရပ်လုံးဟာ နိုင်ငံရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ အလွန်အရေးကြီး တဲ့ အခန်းကဏ္ဍတွေအားလုံးမှာ ဆုံးရှုံးမှုကြီးတွေနဲ့ ရင်ဆိုင်နေကြရတယ်ဆိုတာ အားလုံးသိရှိထားကြဖို့ ဖြစ်ပါတယ်။
ဉာဏ်လင်း
(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)
ကိုးကားချက်များ –
- No End in Sight : The Continuing Conflict in Myanmar Two Years After Military Coup, THE WIRE by Gautam Mukhopadhaya )
- With ASEAN stuck, it is up to U.S. to lead on Myanmar : Nikkei Asia By Scot Marciel
- CNF , KNLA , KNPP အတွင်းရေးမှူးများ ရေးသားသောစာ – ASEAN must help reverse Balkanization of Myanmar , Nikkei Asia. 31st January 2023.
- နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ် မှ အမှတ်စဉ် (၅) ။ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ။