သယံဇာတ ကျိန်စာကို ကျော်လွန်၍ သဘာဝ သယံဇာတ ဖက်ဒရယ်စနစ်ဆီသို့ (အပိုင်း -၃)

ဖက်ဒရယ်ဘဏ္ဍာရေးစနစ် ဆိုသည်မှာ ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံအတွင်း အစိုးရအဖွဲ့များ အကြား ဘဏ္ဍာငွေသုံးစွဲခြင်း၊ အခွန်ငွေကောက်ခံခြင်းဆိုင်ရာ အခွင့်အာဏာနှင့် အခွန်ငွေမျှဝေခြင်း၊ ဘဏ္ဍာငွေ လွှဲပြောင်းခြင်းဆိုင်ရာ အစီအမံများ ပြုလုပ်သည့် ပြည်သူ့ဘဏ္ဍာရေးစနစ်ကို ခေါ်သည်။ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဆိုသည့် ဝေါဟာရကို တားမြစ်အသုံးအနှုန်းအဖြစ် ကာလရှည်ကြာစွာ ရှောင်ကျဉ်လာခဲ့သည့်အားလျော်စွာ ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီးအစိုးရများအကြား သဘာဝသယံဇာတ အရင်းအမြစ်ခွဲဝေခြင်းနှင့် ဘဏ္ဍာငွေလွှဲပြောင်းခြင်း ကိစ္စရပ်များတွင် ဖက်ဒရယ်
အသုံးအနှုန်းများဖြစ်သည့် ဖက်ဒရယ် ဘဏ္ဍာရေးစနစ်နှင့် သဘာဝ သယံဇတဖက်ဒရယ်စနစ်ဆိုသည့် အသုံးအနှုန်းများကို ရှောင်လွှဲကာ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ခြင်း၊ သဘာဝ သယံဇာတ ကဏ္ဍတွင် ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ခြင်းဆိုသည့် အသုံးအနှုန်းများကိုသာ အစားထိုး သုံးစွဲခဲ့ ကြသည်။

သဘာဝသယံဇာတဝင်ငွေများကို ဖက်ဒရယ်ဘဏ္ဍာရေးစနစ်ဖြင့် ခွဲဝေခြင်း

ဖက်ဒရယ် ဘဏ္ဍာရေးစနစ်ဆိုသည်မှာ ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံအတွင်း အစိုးရအဖွဲ့များအကြား ဘဏ္ဍာငွေသုံးစွဲခြင်း၊ အခွန်ငွေကောက်ခံခြင်းဆိုင်ရာ အခွင့်အာဏာနှင့် အခွန်ငွေမျှဝေခြင်း၊ ဘဏ္ဍာငွေ လွှဲပြောင်းခြင်းဆိုင်ရာအစီအမံများပြုလုပ်သည့် ပြည်သူ့ဘဏ္ဍာရေးစနစ်ကို ခေါ်သည်။ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဆိုသည့် ဝေါဟာရကို တားမြစ်အသုံးအနှုန်းအဖြစ် ကာလရှည်ကြာစွာ ရှောင်ကျဉ်လာခဲ့သည့်အားလျော်စွာ ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီးအစိုးရများအကြား သဘာဝသယံဇာတ အရင်းအမြစ်ခွဲဝေခြင်းနှင့် ဘဏ္ဍာငွေလွှဲပြောင်းခြင်း ကိစ္စရပ်များတွင် ဖက်ဒရယ် အသုံးအနှုန်းများဖြစ်သည့် ဖက်ဒရယ်ဘဏ္ဍာရေးစနစ်နှင့် သဘာဝသယံဇတ ဖက်ဒရယ်စနစ်ဆိုသည့် အသုံးအနှုန်းများကို ရှောင်လွှဲကာ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုဖြေလျှော့ခြင်း၊ သဘာဝ သယံ ဇာတ ကဏ္ဍတွင် ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ခြင်းဆိုသည့် အသုံးအနှုန်းများကိုသာ အစားထိုး သုံးစွဲခဲ့ ကြသည်။ ယင်းအယူအဆများအရပင် ဘဏ္ဍာရေးနှင့် သဘာဝသယံဇာတအရင်းအမြစ်ကဏ္ဍများကို ပြည်ထောင်စုအစိုးရကသာလျှင် ပိုမိုပိုင်ဆိုင်ခွင့်ရှိနေပြီး ဗဟိုမှ ကျန်ယူနစ်များဆီသို့ ထိုက်သင့် သလောက် တဖြည်းဖြည်း အာဏာခွဲဝေပေးသွားရန်သာ ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ခဲ့ကြဟန်တူသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခွန်ကောက်ခံရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက မြေခွန်၊ ဓါတ်သတ္တုခွန်၊ တာတမံခွန်နှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် မြေခွန်ကောက်ခံပြီး ပြည်ထောင်စုအစိုးရသို့ အပ်နှံသည်။ ပြည်ထောင်စုလက်အောက်ခံ ဝန်ကြီးဌာနများကလည်း ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ၎င်းတို့နှင့်သက်ဆိုင်သော ကဏ္ဍများကို အခွန်ကောက်ခံပြီး ပြည်ထောင်စုအစိုးရထံသို့ပင် အပ်နှံပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအတွက် အခွန်ကောက်ခံမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဇယား (၅)အရ စည်ပင်သာယာရေးအဖွဲ့က ကောက်ခံပါသည်။ ယင်းအခွန်ကောက်ခံရရှိငွေနှင့် ပြည်ထောင်စုအစိုးရမှ လွှဲပြောင်းပေးအပ်သော ရံပုံငွေတို့ကို ပေါင်းကာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများ၏ အသုံးစရိတ်ဘဏ္ဍာငွေအဖြစ် အသုံးပြုခြင်း ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဇယား (၁)တွင်ပါရှိသော ဥပဒေပြုစာရင်းများအရ ပြည်ထောင်စုကသာ ကောက်ခံခွင့်ရှိသည့် အခွန်နှင့် ဘဏ္ဍာငွေအရင်းအမြစ်က အလွန်များပြားပါသည်။ မြန်မာစစ်တပ်သည် ဦးသိန်းစိန် အစိုးရလက်ထက်မှစ၍ ပြည်ထောင်စုအစိုးရ၏ စုစုပေါင်း အသုံး စရိတ်မှ ၂၀% ကို ဘတ်ဂျက်ခွဲတမ်းအဖြစ် နှစ်စဉ်ပုံမှန် ထုတ်နှုတ်သုံးစွဲလာခဲ့ပြီး၊ NLD အစိုးရ လက်ထက် ၂၀၁၉-၂၀၂၀ ခုနှစ်များတွင် ၂၄% အထိ မြင့်တက်လာခဲ့ကြောင်း အစီရင်ခံစာတစ်ချို့တွင် ဖေါ်ပြပါရှိသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ စစ်တပ်က သယံဇာတ လက်ဝါးကြီး အုပ်မှုနှင့်အတူ၊ စစ်တပ်၏ ပင်မဌာနကြီးများဖြစ်သော ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့၏ အသုံးစရိတ်မှာ အစိုးရဝန်ကြီးဌာနများအားလုံး၏ စုစုပေါင်းအသုံးစရိတ်၏ ၂၆% ဖြစ်
လာခဲ့သည်။

မြန်မာနိုင်ငံတွင် ဝန်ကြီးဌာနအလိုက် အခွန်ကောက်ခံရရှိမှုစာရင်းဇယားများအရ ၂၀၁၁-၁၂ ခုနှစ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အခွန်ကောက်ခံရရှိမှုမှာ ကျပ်သန်း ပေါင်း ၃၆၃၀.၆၃၈ ဖြစ်ပြီး၊ ပြည်ထောင်စုလွှတ်တော်က အခွန်ဥပဒေပြဌာန်းပြီးနောက် ၂၀၁၄-၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ အခွန် ကောက်ခံရရှိမှုမှာ ကျပ်သန်းပေါင်း ၃၂၆၆၁.၀၀၃ သို့ မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများသို့ ကျပ်ငွေ ၁.၈ ထရီလီယံ ခွဲဝေပေးခဲ့သည်။ ဦးသိန်းစိန်အစိုးရလက်ထက်၂၀၁၃-၂၀၁၄ ခုနှစ်မှစ၍ အရပ်သားအစိုးရများ လက်ထက်တွင် မဲဆန္ဒ နယ်အလိုက် ဖွံ့ဖြိုးမှုရံပုံငွေ (Constituency Development Fund)ကို မြို့နယ် တစ်မြို့နယ်အတွက် ကျပ်သိန်းတစ်ထောင်စီ ခွဲဝေချထားပေးခဲ့သည်။ သို့ရာတွင် ၎င်းခွဲဝေမှုက မြို့နယ်အလိုက် လူဦးရေ အနည်းအများအပေါ်မူတည်ပြီး လူတစ်ဦးချင်းစီ ရရှိသည့်ပျဉ်းမျှပမာဏ မညီမျှမှုများရှိပါသည်။

သဘာဝ သယံဇာတ အရင်းအမြစ်ခွဲဝေရာတွင် သွယ်ဝိုက်ခွဲဝေခြင်းနှင့် တိုက်ရိုက်ခွဲဝေခြင်းဟူ၍ နှစ်မျိုး ရှိသည်။ သွယ်ဝိုက်ခွဲဝေခြင်းမှာ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ အခြေခံအအောက်အအုံများ ဆောက်လုပ်ရာတွင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဆိုလိုပါသည်။ မြန်မာနိုင်ငံတွင် အထွေထွေ ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ခြင်းအတွက် (၂၀၁၅-၂၀၁၆)ခုနှစ်မှစတင်၍ ဖြန့်ဝေခြင်း ပုံသေ နည်းကို သုံးစွဲခဲ့သည်။ အဆိုပါ အထွေထွေထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ခြင်းအတွက် ပုံသေနည်း တွက်ချက်ရာတွင် စံသတ်မှတ်ချက်များအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ လူဦးရေ၊ မြေဧရိယာ၊ မြို့ပြလူဦးရေ ရာခိုင်နှုန်း၊ လူတစ်ဦးချင်းစီမှ ပျဉ်းမျှအခွန်ကောက်ခံရရှိငွေ၊ ဆင်းရဲမှု ညွှန်းကိန်းနှင့် လူတစ်ဦးချင်း၏ ပျဉ်းမျှ ဂျီဒီပီတို့ကို ထည့်သွင်းတွက်ချက်ပါသည်။ သယံဇာတအခွန်ကောက်ခံခွင့်နှင့် ပတ်သက်ပြီး နည်းအမျိုးမျိုးရှိသည်။ ပြည်ထောင်စုနှင့် ပြည်နယ်များအကြား မည်သည့်အခွန်ကို မည်သည့်အလွှာက ကောက်ခံမည်ဆိုသည် ခွဲခြားသတ်မှတ်ထားနိုင်သလို၊ ပြည်ထောင်စုမှသာ အခွန်အားလုံးကို ပုံသေနည်းဖြင့် ကောက်ခံမည်ဆိုသည့်နည်းဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ
ဥပဒေအရ အခွန်အားလုံးနီးပါးခန့်ကို ပြည်ထောင်စုမှသာ သိမ်ကြုံးကောက်ခံခွင့်ရှိထားပြီး၊ NLD အစိုးရ လက်ထက်တွင် ပြည်ထောင်စုက အခွန်ကောက်ခံသော်လည်း ပုံသေနည်းဖြင့် ကောက်ခံသည့် နည်းကို သုံးစွဲခဲ့ခြင်းဖြစ်သည်။ တိုက်ရိုက်ခွဲဝေခြင်းဆိုသည်မှာ ပြည်ထောင်စုမှ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများကိုလည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများအကြား အချင်းချင်းကိုသော်လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရက ပြည်ထောင်စုအစိုးရဆီသို့ သော်လည်း တိုက်ရိုက်ခွဲဝေခြင်းကို ဆိုလိုပါသည်။

 

ဖက်ဒရယ်နိုင်ငံများတွင် သဘာဝသယံဇာတမှရရှိသော ဘဏ္ဍာငွေ ပြန်လည်ခွဲဝေပေးသည့် ပုံစံ ၂ မျိုးရှိပါသည်။ ပြည်နယ်အားလုံးမှရရှိသော ဘဏ္ဍာငွေများကို စုပေါင်းကာ ပြည်နယ်များအကြား တူညီစွာ ပြန်လည်ခွဲဝေပေးသည့်ပုံစံနှင့် သဘဝ သယံဇာတ တည်ရှိရာ ပြည်နယ်များကို အခွင့်အရေးပိုမိုပေးအပ်သည့်ပုံစံဟူ၍ဖြစ်ပါသည်။

သဘာဝသယံဇာတ ဝင်ငွေခွဲဝေခြင်းဆိုရာတွင် သယံဇာတရောင်းချရာမှ ရရှိလာသော ဝင်ငွေအပေါ် ခွဲဝေခြင်းမဟုတ်ပဲ၊ တူးဖေါ်ထုတ်ယူရာတွင် ကုန်ကျခဲ့သော အထွေထွေကုန်ကျစရိတ်များကို နှုတ်ပြီး ကျန်ငွေကို ခွဲဝေခြင်းသည်ဖြစ်ပါသည်။ ဖက်ဒရယ်နိုင်ငံများတွင် သဘာဝသယံဇာတမှရရှိသော ဘဏ္ဍာငွေ ပြန်လည်ခွဲဝေပေးသည့် ပုံစံ ၂ မျိုးရှိပါသည်။ ပြည်နယ်အားလုံးမှရရှိသော ဘဏ္ဍာငွေများကို စုပေါင်းကာ ပြည်နယ်များအကြား တူညီစွာ ပြန်လည်ခွဲဝေပေးသည့်ပုံစံနှင့် သဘဝ သယံဇာတ တည်ရှိရာ ပြည်နယ်များကို အခွင့်အရေးပိုမိုပေးအပ်သည့်ပုံစံဟူ၍ဖြစ်ပါသည်။ ဥပမာ- အင်ဒိုနီးရှား တွင် ရေနံနှင့်သဘာဝဓါတ်ငွေ့မှရရှိသည့်ဝင်ငွေအားလုံး၏ ၇၀% ကို အာချေးပြည်နယ်သို့ ပေးအပ် သည်။ မြန်မာနိုင်ငံတွင် သဘာဝသယံဇာတမှရရှိသောဝင်ငွေများကို ခွဲဝေရာတွင် ပြည်ထောင်စုမှ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများသို့ ခွဲဝေပေးပြီး၊ ယင်းသို့ခွဲဝေ ပေးရာတွင်လည်း သယံဇာတမှ ရရှိသည့် ဘဏ္ဍာငွေအနေဖြင့် သီးသန့်မဟုတ်ပဲ တခြားသော လွှဲပြောင်းငွေများနှင့်အတူ ရောနှောခွဲဝေ ပေးခြင်းဖြစ်သည်။

ဖက်ဒရယ်နိုင်ငံများတွင် သယံဇာတဝင်ငွေ ခွဲဝေသည့် မတူညီသည့်နည်းလမ်းများအမျိုးမျိုးရှိသည်။ သဘာဝသယံဇာတထွက်ရှိရာပြည်နယ်သို့ ဝင်ငွေ၏ ၇၀% ခွဲဝေပေးပြီး ကျန် ၃၀% ကို ပြည်ထောင်စု အစိုးရက ယူနိုင်သည်။ နောက်တစ်နည်းမှာ ပုဂ္ဂလိကနှင့် နိုင်ငံတော်က အကျိုးအမြတ်ခွဲဝေရယူပြီး နိုင်ငံတော်က ရရှိသည့် ရာခိုင်နှုန်းထဲမှ ပြည်နယ်သို့ ခွဲပေး၊ ပြည်နယ်က ၎င်းရရှိသည့်ခွဲတမ်းထဲမှ သဘာဝသယံဇာတတည်ရှိရာ ဒေသသို့ ထပ်မံခွဲပေးသည့်နည်းဖြစ်ပါသည်။ နမူနာအားဖြင့် မြန်မာ နိုင်ငံတွင် အကြီးစား သတ္တုတွင်းများကို ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက သတ္တုတူးဖော်ရေး ကုမ္ပဏီတို့ အကြား ဖက်စပ် သို့မဟုတ် ထုတ်လုပ်မူအပေါ်ခွဲဝေသည့် စာချုပ် (production-sharing contracts) ဖြင့် လုပ်ကိုင်ကြပြီး၊ ကျောက်မီးသွေး လုပ်ငန်းတွင် အဆိုပါစာချုပ် ပုံစံအရ အမြတ်၏ ၃၀% ကို အစိုးရက ရရှိပြီး ၇၀% ကို ပုဂ္ဂလိက က ရရှိခြင်းဖြစ်သည်။ နောက်ထပ် ဥပမာအားဖြင့် ပြောရလျှင်ဖားကန့်ရှိ ကျောက်စိမ်းလုပ်ငန်းကို ပုဂ္ဂလိက ကုမ္ပဏီနှင့် နိုင်ငံတော်တို့ ဖက်စပ်လုပ်ကိုင်ပြီး၊ ဝင်ငွေ
ခွဲဝေမှုအရ ရရှိသော ရာခိုင်နှုန်းထဲမှ ကချင်ပြည်နယ်ကို ခွဲပေးခြင်းဖြစ်ပြီး၊ ထို့နောက် ကချင် ပြည်နယ်မှတစ်ဆင့် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်သို့ အကျိုးအမြတ်ပမာဏတစ်ခု ပြန်လည်ခွဲဝေပေးခြင်းမျိုးကို ဆိုလိုပါသည်။ သို့ရာတွင် မြန်မာနိုင်ငံ၌ လက်တွေ့တွင် အဆိုပါ အဆင့်ဆင့်ခွဲဝေပေးသည့် နည်းလမ်းကို အသုံးမပြုပေ။  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ သဘာဝသယံဇာတမူဝါဒတွင် အရင်းအမြစ်ခွဲဝေသုံးစွဲရာတွင် ပြည်နယ် ၇၀% ၊ ဗဟို ၃၀% သတ်မှတ်ထားကြောင်း တွေ့ရသည်။

အသုံးစရိတ်ကဏ္ဍများအနေဖြင့် မည်သည့်အစိုးရအလွှာတွင် မည်သည့်ကဏ္ဍများအတွက် လုပ်ပိုင်ခွင့် ပေးအပ်ထားသနည်းဆိုသည်မှာလည်း ဖက်ဒရယ်နိုင်ငံများ၏ ဗဟိုအာဏာလွန်ကဲမှုရှိ/ မရှိကို တိုင်းတာအကဲဖြတ်နိုင်ပါသေးသည်။ အဆိုပါ အသုံးစရိတ်ကဏ္ဍများထဲတွင် သဘာဝသယံဇာတနှင့် ပတ်သက်သည့် အသုံးစရိတ်ကဏ္ဍကို ဖက်ဒရယ်က ရယူထားသလော၊ ပြည်နယ်က ရယူထားသလော ဆိုသည့်အချက်ကလည်း ဖက်ဒရယ်စနစ်ကျင့်သုံးသည့် သဘာဝသယံဇာတပေါကြွယ်ဝသောနိုင်ငံများအတွက် အရေးကြီးပါသည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် ဓါတ်သတ္တုတူးဖေါ်ခြင်းကဏ္ဍအတွက် အသုံးစရိတ်တာဝန်ကို ပြည်ထောင်စုက ရယူထားပြီး၊ ကနေဒါနိုင်ငံသည် သဘာဝသယံဇာတနှင့် ပတ်သက်၍ ဥပဒေပြုခွင့်နှင့် အုပ်ချုပ်ခွင့်ပါဝင်သည့် သီးခြားကျင့်သုံးပိုင်ခွင့်အာဏာအတွက် အသုံးစရိတ်ကဏ္ဍကို ပြည်နယ်များသို့ လုံးလုံးလျားလျားပေးအပ်ထားပါသည်။

နိဂုံးချုပ်

သယံဇာတအကျိုးစီးပွားဆိုင်ရာပြဿနာသည် စနစ်တကျမဖြေရှင်းနိုင်လျှင် ကျော်လွှားရန်ခက်ခဲပြီး တိုင်းပြည်ကို အကြပ်အတည်းထဲသို့ ပိုမိုတွန်းပို့စေတတ်ပါသည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခများက သဘာဝသယံဇာတကို အကြောင်းပြုသည်ဟုမဆိုနိုင်သော်လည်း၊ စစ်ပွဲကို အထောက်အပံ့ဖြစ်စေသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်ကိုတော့ မငြင်းသာပေ။ စစ်ပွဲများကာလရှည်ကြာလာသည်နှင့်အမျှ စစ်တပ်က ၎င်းတို့၏ စစ်ရေးဆိုင်ရာဗျူဟာများပြီးပြည့်စုံရန်အတွက် အရင်းအမြစ်များကို ထုတ်ယူသုံးစွဲခြင်းနှင့် စီးပွားရေးအဆောက်အအုံ၊ ဝင်ငွေအရင်းအမြစ်များအားလုံးကို စစ်တပ်ထိန်းချုပ်မှုအောက်သို့ ဆွဲသွင်းထည့်ထားတတ်သည့်အလေ့ရှိသည်။ ထို့အပြင် စစ်ပွဲကာလအတွင်း သယံဇာတများ တရားမဝင်ခိုးထုတ်မှုကြောင့် အရင်းအမြစ်ပြုန်းတီးသည့်ဒဏ် ကိုလည်း ဆိုးဆိုးရွားရွားခံစားရဦးမည်ဖြစ်ပါသည်။

တိုင်းရင်းသားအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်မှုအခွင့်အာဏာများ စွန့်လွှတ်လိုက်ရပြီးနောက်ပိုင်းမှစ၍ ယနေ့အထိ မိမိတို့နယ်မြေအတွင်းမှ သဘာဝသယံဇတများ ထုတ်လုပ်သုံးစွဲခြင်းနှင့်ပတ်သက်၍ ပါဝင်ပတ်သက်ခွင့်မရခဲ့ပဲ ဗဟိုမှပင် အလုံးစုံထိန်းချုပ်ထားခြင်းက နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများကို အတောမသတ်အောင် ပွားများစေပါသည်။ သဘာဝသယံဇာတ ပေါကြွယ်ဝ သည့် နိုင်ငံများသည် တစ်ပြည်ထောင် စနစ်ကျင့်သုံးသည့်နိုင်ငံပင်ဖြစ်စေကာမူ သယံဇာတစီမံခန့်ခွဲမှု အမှားများနှင့် ဒေသခံများ၏ လူမှုစီးပွားကို ငဲ့ညှာထောက်ချင့်ကာ သယံဇတာ တူးဖေါ်ထုတ်လုပ်ခြင်း ဆိုင်ရာလုပ်ငန်းစဉ်များတွင် ဆုံးဖြတ်ပိုင်ခွင့်၊ သို့မဟုတ် စီမံခန့်ခွဲပိုင်ခွင့်၊ သဘောထားမှတ်ချက် ပေးပိုင်ခွင့်များကို ဒေသန္တရသို့ ပေးအပ်ထားတတ်ကြပါသည်။ နိုင်ငံရေးအခင်းအကျင်းအသစ်တွင် ထွက်ပေါ်လာမည့် ပြည်ထောင်စုအစိုးရအနေဖြင့် ယူနစ်များနှင့် သယံဇာတပိုင်ဆိုင်ခွင့်များ ခွဲဝေ သတ်မှတ်ရာတွင် မူလပိုင်ရှင်မှာ သယံဇာတထွက်ရှိရာ ဒေသမှ မူလဌာနေများဖြစ်ကြောင်းကို ကြားကာလ စာချုပ်စာတမ်းများတွင် အတိအကျ ထည့်သွင်းဖေါ်ပြရန်လိုအပ်ပါသည်။ သယံဇာတ သုံးစွဲရာတွင် ပြည်ထောင်စု ၃၀% ၊ ပြည်နယ် ၇၀% ဆိုသည်မှာ ဖက်ဒရယ်နိုင်ငံများအတွက် အလုပ် ဖြစ်သော ခွဲဝေမှုဖြစ်ပါသည်။ သယံဇာတအခွန်ကောက်ခံခြင်းနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုများကိုလည်း ပြည်နယ်များသို့ အာဏာပိုမိုလွှဲအပ်သင့်ပြီး ဌာနတိုင်းရင်းသားများ၏ သဘောဆန္ဒနှင့် ပါဝင်မှုကို ပိုမိုအလေးထားသင့်ပါသည်။

K.L

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)

ရည်ညွှန်းကိုးကားများ-

ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီ – Hanns Seidel Foundation

Stefan Collignon, Public finance for a genuine federal democratic union

ဘဏ္ဍာရေးဖက်ဒရယ်စနစ် – ENAC

မြန်မာနိုင်ငံ၏သဘာဝသယံဇာတ ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု၊ ဝင်ငွေခွဲဝေမှုနှင့် သက်ရောက်မှု – ENAC

မြန်မာနိုင်ငံ၏သဘာဝသယံဇာတအရင်းအမြစ်များနှင့် ဒေသဆိုင်ရာအစိုးရများ ဥစ္စာဓန ခွဲဝေမှုအတွက် အဓိကစဉ်းစားစရာများ – သက်အောင်လင်းနှင့် မာရီအိုးရ်

မြန်မာနိုင်ငံမှသဘာဝသယံဇာတအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် – ကယ်ဗင်ဝုစ်

NGRI, 2016.”Natural Resource Revenue Sharing”

အကြမ်းဖက်စစ်တပ်၏အကျိုးစီးပွားနှင့် အာဏာသိမ်းကာလအတွင်း တရားမဝင်ကျောက်စိမ်း ထုတ်ယူနေမှုများ – CAfT

ကျောက်စိမ်းနှင့် ပဋိပက္ခ၊ မြန်မာနိုင်ငံ၏အဆိုးသံသရာ – Global Witness

World Economic Forum, “Natural Riches? Perspectives on responsible natural resource management in conflict-effected countries”

ဖက်ဒရယ်ဘဏ္ဍာရေးစနစ်နှင့် သဘာဝသယံဇာတ အရင်းအမြစ်များ – Asia Foundation

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှထုတ်ဝေသည့် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ

David Dapice, 2013. “Creating a future: using natural resources for new federalism or unity”

David A. Super, “Rethinking fiscal federalism”

ဖက်ဒရယ်နိုင်ငံတစ်ချို့၏ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်အစီအမံများ – FOF

အခြေပြု ဘဏ္ဍာရေးဖက်ဒရယ်လစ်ဇင် – FOF