သယံဇာတ ကျိန်စာကို ကျော်လွန်၍ သဘာဝ သယံဇာတ ဖက်ဒရယ်စနစ်ဆီသို့ (အပိုင်း -၂ )

၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖေါ် ထုတ်လုပ်ရေး စက်မှုလုပ်ငန်း ပွင့်လင်း မြင်သာမှု ဖေါ်ဆောင်ရေး (EITI)အစီရင်ခံစာတွင် အစိုးရက ခွင့်ပြုပေးထား သော ကျောက်မျက် လိုင်စင် (၁၂၅၈)ခု ရှိသည့်အနက် (၄၂၈)ခုကို မြန်မာစစ်တပ် ဘဏ္ဍငွေ ရင်းမြစ် တစ်ခုဖြစ်သော မြန်မာ့ဦးပိုင်ကုမ္ပဏီ လိမိတက်၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Myanmar Imperial Jade ကျောက်မျက်ရတနာ ကုမ္ပဏီက လိုင်စင်ရရှိခဲ့ကြောင်းဖေါ်ပြထားသည်။

 သယံဇာတအရင်းအမြစ်ဆိုင်ရာအာဏာခွဲဝေခြင်း

သယံဇာတ ကြွယ်ဝသော နိုင်ငံများတွင် ရေနံ၊ စိန် ကဲ့သို့သော တစ်ချို့သော သယံဇာတများကို နိုင်ငံတော် အဆင့်သတ်မှတ်ကာ နိုင်ငံပိုင်လုပ်ငန်းအဖြစ် သတ်မှတ်ထားသည်များ ရှိသော်လည်း ၅၀% ကိုသာ ထိန်းချုပ်ထားပြီး ကျန်ရာခိုင်နှုန်းကို ပုဂ္ဂလိကပေးအပ်ကာ တွဲဖက်လုပ်ကိုင်ကြလေ့ရှိသည်။ ၁၉၉၃ ခုနှစ်တွင် နဝတအစိုးရ တက်လာခဲ့ပြီးနောက် နိုင်ငံပိုင်သိမ်းယူထားသော စီးပွားရေးလုပ်ငန်း တစ်ချို့ကို အစိုးရအာဏာပိုင်များနှင့် နီးစပ်သူတစ်ချို့ကို ပုဂ္ဂလိကပိုင်အဖြစ် စတင်လွှဲပြောင်းလာခဲ့ သော်လည်း သဘာဝသယံဇာတ ကဏ္ဍကိုမူ အစိုးရကပင် ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ် များတွင် သဘာဝသယံဇာတ တူးဖေါ်ထုတ်ယူ ရောင်းချမှု အမြင့်ဆုံးဖြစ်ခဲ့ပြီး မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက အပြိုင်အဆိုင် လက်နက်တပ်ဆင်နိုင်ရန် စျေးပေါပေါပဲပဲဖြင့် ရောင်းချခဲ့ ကြခြင်းဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်လည်း ပုဒ်မ ၃၇ အရသော်လည်းကောင်း၊ ပြည်ထောင်စု၏ ဥပဒေပြုစာရင်း ဇယား(၁)အရ သော်လည်းကောင်း သဘာဝ သယံဇာတများနှင့် စပ်လျဉ်းသော လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုအစိုးရကပင် ဆက်လက် ထိန်းချုပ်ထားခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖေါ် ထုတ်လုပ်ရေး စက်မှုလုပ်ငန်း ပွင့်လင်း မြင်သာမှု ဖေါ်ဆောင်ရေး (EITI)အစီရင်ခံစာတွင် အစိုးရက ခွင့်ပြုပေးထား သော ကျောက်မျက် လိုင်စင် (၁၂၅၈)ခု ရှိသည့်အနက် (၄၂၈)ခုကို မြန်မာစစ်တပ် ဘဏ္ဍငွေ ရင်းမြစ် တစ်ခုဖြစ်သော မြန်မာ့ဦးပိုင်ကုမ္ပဏီ လိမိတက်၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Myanmar Imperial Jade ကျောက်မျက်ရတနာ ကုမ္ပဏီက လိုင်စင်ရရှိခဲ့ကြောင်းဖေါ်ပြထားသည်။

ဖက်ဒရယ်နိုင်ငံများတွင် သဘာဝသယံဇာတကို အစိုးရများက စီမံထိန်းချုပ်ခွင့်ရှိသည်ဆိုသော် ငြား လည်း စည်းမျဉ်းအရ အကျိုးအမြတ်ခံစားခွင့်မှာ ပြည်သူအားလုံးနှင့် သက်ဆိုင်ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံ၌ မှားယွင်းသည့် သဘာဝသယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာများကြောင့် အမှန်တစ်ကယ် ရသင့်သည့် ဘဏ္ဍငွေထက် ဆယ်ဆခန့် လျော့နည်းဖွယ်ရှိကြောင်းနှင့် ရရှိလာသော ဘဏ္ဍာငွေများ မှာလည်း အစိုးရထံ ထက်ဝက်ခန့်သာ စီးဝင်ပြီး ကျန်တစ်ဝက်ခန့်မှာ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ ထံသို့ ရောက်ရှိသွားကြောင်းကို ကျွမ်းကျင်သူများက ထောက်ပြထားကြသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ၏ တရားဝင် သတ္တုတူးဖော်ထုတ်လုပ်မှုသည် ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံရှိပြီး အိမ်နီးချင်း ထိုင်းနိုင်ငံက ၉.၄ ဘီလီယံအထိရှိခဲ့သည်။ မြန်မာအနေဖြင့် အမှန်တစ်ကယ် ရသင့်သည့် ပမာဏထက် များစွာလျော့နည်း ရရှိခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် NLD အစိုးရက ကျောက်စိမ်းတူးဖေါ် ထုတ်ယူနေမှုများကို ကန့်သတ်ရန်အတွက် လိုင်စင်ထုတ်ပေးမှု ရပ်ဆိုင်း လိုက်ပြီးနောက်တွင် ကျောက်စိမ်း တူးဖေါ်ရေး ကုမ္ပဏီများနှင့် သူဌေးများက ဒေသအခြေစိုက် အာဏာပိုင်များ၊ တပ်မတော်နှင့် KIO/A အရာရှိများနှင့် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ကြခြင်း ကလည်း အကျင့်ပျက်ခြစားမှုကို ပိုမိုအားကောင်း လာစေခဲ့သည်။

သယံဇာတ ပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲခွင့်နှင့် ဝင်ငွေရှာဖွေခွင့်

ဖက်ဒရယ်စနစ် စတင်ကျင့်သုံးသော နိုင်ငံများတွင် သဘာဝသယံဇာတ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားစရာများရှိနေပြီး၊ သဘာဝသယံဇာတ စီမံခန့်ခွဲမှုနှင့် ယင်းမှရသော ဝင်ငွေများအား မည်သို့ ခွဲဝေမည်ဆိုသည်ကလည်း အရေးကြီးသည့် စဉ်းစားစရာများဖြစ်ပါသည်။ ဖက်ဒရယ်နိုင်ငံများတွင် သဘာဝ သယံဇာတနှင့်ပတ်သက်၍ အခွန်နှင့် တွင်းဝခွန်တို့ကို မည်သို့ကောက်ခံမည်ကို ပြည်ထောင်စု အဆင့်မှ ဥပဒေနှင့် မူဝါဒများ ချမှတ်သတ်မှတ်ကြသော်လည်း ရရှိလာသောအခွန်ဘဏ္ဍာငွေများထဲမှ အချိုးညီ ဖြစ်စေ၊ အချိုးမညီဖြစ်စေ အတိုင်းအတာတစ်ခုရှိသည့် ဝေစုငွေပမာဏကို ပြည်နယ် အစိုးရ တို့က ရရှိကြသည်။ မူလဌာနေတိုင်းရင်းသားလူမျိုးစုများကလည်း ၎င်းတို့၏ ဒေသ/ ပိုင်နက် နယ်ပယ် များပေါ်တွင် တူးဖေါ်ထုတ်လုပ်မှုများအတွက် အနည်းဆုံး ၁% နှင့်အထက် တွင်းဝခွန် ကောက်ခံခွင့် ရှိကြပါသည်။ ဒေသခံ/ တိုင်းရင်းသားများအနေဖြင့် သယံဇာတ တူးဖေါ်ရေးလုပ်ငန်းများ၏ ဘေးထွက် ဆိုးကျိုးများကို တိုက်ရိုက် သက်ရောက်မှု ကြုံတွေ့နေကြရသည်ဖြစ်ရာ ၎င်းတို့ဒေသတွင် လာရောက် တူးဖေါ် ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် အကျိုးအမြတ်ခံစားခွင့်အပါအဝင် ဘေးထွက် ဆိုးကျိုးများ အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာအချက်အလက်များကို စာချုပ်များ တိကျစွာ ချုပ်ဆိုခြင်းနှင့် ဘေးအန္တရာယ်တစ်စုံတရာ ကြုံလာပါက လုပ်ငန်းရပ်ဆိုင်းရန်အတွက် ကန့်ကွက် တားမြစ်ပိုင်ခွင့် ကိုလည်း ပေးအပ်ထားလေ့ရှိကြပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် သဘာဝသယံဇာတ တူးဖေါ်ထုတ်ယူမှု နှင့်ပတ်သက်ပြီး လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစံနှုန်းများ၊ အလုပ်သမားကဏ္ဍ စသည့် ကိစ္စရပ်များကို စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ဒေသန္တရအစိုးရသို့ လွှဲအပ်ပေးထားသည်။ ၂၀၁၆ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေတစ်ခုရေးဆွဲပြဌာန်းခဲ့ပြီးနောက် မြန်မာနိုင်ငံ ရင်းနှီး မြှပ်နှံမှု ကော်မရှင်ဆိုသော အဖွဲ့ဝင် (၁၁)ဦးပါဝင်သည့် ဗဟိုကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ယင်းကော်မရှင်အဖွဲ့ဝင်အားလုံးကို ဗဟိုအစိုးရအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကိုယ်စားလှယ်များ ပါဝင်ခြင်းမရှိချေ။ အဆိုပါကော်မရှင်က တိုင်းရင်းသား ဒေသများရှိ လူမျိုးစုများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ထိခိုက်ပျက်စီးစေမည့် ရင်းနှီးမြှပ်နှံမှုမျိုးကို တားမြစ်ကန့်သတ်ပေးရန် ဆိုသော်လည်း ၎င်းတို့၏ ဆုံးဖြတ်ချက်များသည် ဒေသခံများ၏ အသံနှင့် သဘောဆန္ဒကို ထည့်သွင်းစဉ်းစားထားခြင်းမျိုးမဟုတ်ချေ။

သဘာဝ သယံဇာတအရင်းအမြစ်မှရရှိသည့်ဝင်ငွေ၏ အရေးပါမှုမှာ ဖက်ဒရယ်တစ်နိုင်ငံနှင့် တစ်နိုင်ငံ က တူညီလိမ့်မည်မဟုတ်ချေ။ တစ်ချို့သောဖက်ဒရယ်နိုင်ငံများတွင် သဘာဝသယံဇာတမှ ရရှိသည့် ဝင်ငွေက အရေးပါသော်လည်း၊ ထိုဝင်ငွေအပေါ် အဓိကထား မှီခိုစရာမလိုသည့်နိုင်ငံများလည်း ရှိကြပါသည်။ သယံဇာတပေါကြွယ်ဝသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထိုအရင်းအမြစ်မှရရှိသည့် ဝင်ငွေ အပေါ်တွင် လုံးလုံး လျားလျား မှီခိုရပ်တည်နေရသည့် အခြေအနေ၌ ရှိတတ်ကြသည်။ သဘာဝ သယံဇာတ ထိန်းချုပ်မှု၊စီမံခန့်ခွဲမှုနှင့် သယံဇာတအရင်းအမြစ်မှရရှိလာသည့် ဝင်ငွေများကို ပြန်လည် ခွဲဝေမှုတို့သည် ဖက်ဒရယ်စနစ် စတင်ကျင့်သုံးစ နိုင်ငံများအတွက် ကြီးမားသည့်စိန်ခေါ်မှု တစ်ရပ် ဖြစ်နေပြီး၊ ပြည်ထောင်စုနှင့် ပြည်နယ်များအကြား သော်လည်းကောင်း၊ ပြည်နယ်အချင်းချင်းကြား တွင်သော်လည်း ပဋိပက္ခနှင့် တင်းမာမှုများ ရှိတတ်ကြသည်။ သဘာဝသယံဇာတအရင်းအမြစ်ကို အခြေခံသည့်နိုင်ငံများ၌ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကျောက်မီးသွေး၊ စိန်ကဲ့သို့သော သဘာဝ သယံဇာ တများသည် အစိုးရအတွက် အရေးပါသည့် ဘဏ္ဍာငွေရှာဖွေပေးရာ ကဏ္ဍများဖြစ်ကြသည်။ အဆို ပါသယံဇာတလုပ်ငန်းများကို မည်သည့် အစိုးရအလွှာမှ ကောက်ခံသင့်သနည်း၊ ရရှိလာသော ဝင်ငွေကို ပြည်နယ်များအကြား မည်ကဲ့သို့ ပြန်လည်ခွဲဝေပေးမည်နည်း၊ မည်ကဲ့သို့သော အချိုးအစား ဖြင့် ခွဲဝေပေးမည်နည်း၊ သဘာဝသယံဇာတ ထွက်ရှိရာဒေသခံ အစိုးရနှင့် ပြည်သူများကို မည်ကဲ့သို့ သော လုပ်ပိုင်ခွင့်အာဏာများ လွှဲပြောင်းပေးအပ် ထားမည်နည်းဆိုသည့်အချက်မှာ ဖက်ဒရယ်စနစ် ကျင့်သုံးရာတွင် အထူးအလေးအနက်ထား ဦးစားပေး စဉ်းစားရမည့်ကိစ္စရပ်များဖြစ်ကြပါသည်။ ဥပမာ အားဖြင့် တစ်ပြည်ထောင်စနစ် ကျင့်သုံးသည့် နိုင်ငံများ ဖြစ်ကြသော တရုတ်၊ ကာတာ၊ ဖိလစ်ပိုင် နိုင်ငံတို့တွင် သဘာဝသယံဇာတထိန်းချုပ်ခွင့်ကို ဗဟို အဆင့်က ရယူထားပြီး၊ ကနေဒါ၊ ဩစတေးလျ၊ အိန္ဒိယကဲ့သို့သော ဖက်ဒရယ်နိုင်ငံများတွင်မူ ပြည်နယ်အဆင့်သို့ လွှဲအပ်ပေးထားသည်ကို တွေ့ရ သည်။ နိုင်ငံများအတွက် အရေးကြီးသည့် စွမ်းအင်လောင်စာကဲ့သို့သော အရင်းအမြစ်များကို ပြည်ထောင်စုက ထိန်းချုပ်ထားတတ်သည်ကိုလည်း တွေ့ရသည်။ ဥပမာအနေဖြင့် အမေရိကန် နိုင်ငံတွင် ပြည်နယ်တစ်ချို့မှာရှိနေသည့် ရေနံသိုက်များကို ဖက်ဒရယ်ပိုင် နယ်မြေများအဖြစ် သတ်မှတ်ကာ ပြည်ထောင်စုမှ ထိန်းချုပ်ထားသည်။ သဘာဝသယံဇာတ တည်ရှိမှုမှာလည်း ပြည်နယ် တစ်ခုနှင့် တစ်ခုက တူညီနိုင်လိမ့်မည်မဟုတ်ပဲ၊ ပြည်နယ်များအကြား နယ်နမိတ် ဖြတ်ကျော် ပြန့်နှံ့ တည်ရှိမှုမျိုးလည်း ရှိနေနိုင်ပါသည်။ ထိုသို့ သဘာဝသယံဇာတ ပြန့်နှံ့တည်ရှိမှုအပေါ် မူတည်၍ ပြည်နယ်တစ်ခုနှင့် တစ်ခု ဘဏ္ဍာငွေရရှိမှု၊ ကြွယ်ဝမှုက တူညီနိုင်လိမ့်မည်မဟုတ်ချေ။ ထို့အပြင် ပြည်နယ်များ အချင်းချင်း ပြိုင်ဆိုင်မှုများရှိလာနိုင်ပြီး နယ်မြေဖြတ်ကျော် တည်ရှိသည့် သဘာဝ သယံဇာတများနှင့်ပတ်သက်၍လည်း ပြည်နယ်များ အချင်းချင်းကြားတွင် ပဋိပက္ခများ ဖြစ်ပေါ် နိုင်သည့် အန္တရာယ်လည်း ရှိပါသေးသည်။ မြန်မာနိုင်ငံတွင် ၁၉၉၄ သတ္တုတွင်းဥပဒေအရ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို အကြီးစားစီမံချက်များသာ ခွင့်ပြုပေးခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင်  ပြင်ဆင်မှု များပြုလုပ်ကာ အလတ်စား သတ္တုတူးဖော်မူ လုပ်ငန်းများဟူသည့် အမျိုးအစားကို ထပ်မံ ထည့်သွင်း ထားပြီး၊ အသေးစားနှင့် လက်လုပ်လက်စား အဆင့်များအတွက် ပါမစ်များချထားခွင့်ကို ပြည်နယ်/ တိုင်းဒေသကြီး အစိုးရသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ သယံဇာတပေါကြွယ်ဝသော ဖက်ဒရယ်နိုင်ငံများတွင် လိုင်စင်ကြေး၊ မြေခွန်၊ တွင်းဝခွန်တို့ကို သက်ဆိုင်ရာ ဒေသန္တရအစိုးရများက ကောက်ခံလေ့ရှိကြပါသည်။ ၂၀၁၂ ခုနှစ်တွင် ပြင်ဆင်ခဲ့သည့်ဥပဒေအရ တွင်းဝခွန်ကောက်ခံခွင့်ကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများသို့ လွှဲပြောင်းပေးခဲ့သော်လည်း၊ သက်ဆိုင်ရာအစိုးရများသည် တွင်းဝခွန် ကောက်ခံခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို ဖိဖိစီးစီးမလုပ်နိုင်ခဲ့သောကြောင့် အခွန်ဘဏ္ဍာငွေ နစ်နာ ဆုံးရှုံးမှုများရှိခဲ့ပါသည်။ သာဓကအားဖြင့် ကချင်ပြည်နယ်တွင် ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ နှစ်အထိ ရတနာခွန်နှင့် တွင်းဝခွန် ကျပ်သန်းပေါင်း ၅၅၅၄၇ သန်းကျော် ကောက်ခံရရှိခဲ့သော်လည်း အဆိုပါ ကောက်ခံရရှိငွေသည် အမှန်တစ်ကယ်ကောက်ခံရရှိရမည့် အခွန်ငွေပမာဏထက် များစွာ လျော့နည်း နေခဲ့ကြောင်း ကချင်ပြည်နယ်လွှတ်တော်က ထောက်ပြခဲ့သည်။ ယခင်က ကျောက်မျက်ရတနာနှင့် ပတ်သက်သည့်အခွန်များကို အထူးကုန်စည်ခွန်ဥပဒေဖြင့် ကောက်ခံခဲ့ပြီး၊ ၂၀၂၀ ခုနှစ်တွင် ရတနာခွန် အဖြစ် သီးသန့်ကောက်ခံနိုင်ရန် ဥပဒေပြဌာန်းခဲ့သည်။ ရတနာခွန်အနေဖြင့် နှစ်စဉ် ၂၀၀ ဘီလီယံ ကျပ်နီးပါးခန့် ရရှိနေခဲ့သော်လည်း ၂၀၁၉-၂၀၂၀ တွင် ကိုဗစ် ကပ်ရောဂါကြောင့် ကျောက်မျက်ရတနာ ပြပွဲများ ကျင်းပနိုင်ခြင်းမရှိခဲ့သည့်အတွက် ရတနာခွန် ဘဏ္ဍာငွေ ၂၀၀ ဘီလီယံနီးပါး ဆုံးရှုံးမှုရှိခဲ့သည်။ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ ရတနာခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အောင်ဘာလေသိန်းဆုခွန် (အခွန် စနစ် ၆ မျိုး)မှ ကောက်ခံရရှိငွေ ကျပ်ဘီလီယံ ၆၃၀၀ ခန့်ရှိသည်။ ၂၀၁၉ ခုနှစ်တွင် ကျောက်မျက် ရတနာဥပဒေကို ပြဌာန်းခဲ့သော်လည်း တပ်မတော် အရာရှိ အငြိမ်းစားများဖြင့် စုဖွဲ့ထားသော စည်းမျဉ်းကြီးကြပ်သူ MGE ကိုယ်တိုင်က အကြီးစား စီမံကိန်းများတွင် စီးပွားရေးမိတ်ဖက်အဖြစ် ပါဝင် နေသည့်အတွက် အကျိုးစီးပွားပဋိပက္ခ (Conflict of Interest) ဖြစ်နေကြောင်း Global Witness ၏ အစီရင်ခံစာတစ်စောင်က ဖေါ်ပြသည်။

K.L

 

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)

ရည်ညွှန်းကိုးကားများ-

ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီ – Hanns Seidel Foundation

Stefan Collignon, Public finance for a genuine federal democratic union

ဘဏ္ဍာရေးဖက်ဒရယ်စနစ် – ENAC

မြန်မာနိုင်ငံ၏သဘာဝသယံဇာတ ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု၊ ဝင်ငွေခွဲဝေမှုနှင့် သက်ရောက်မှု – ENAC

မြန်မာနိုင်ငံ၏သဘာဝသယံဇာတအရင်းအမြစ်များနှင့် ဒေသဆိုင်ရာအစိုးရများ ဥစ္စာဓန ခွဲဝေမှုအတွက် အဓိကစဉ်းစားစရာများ – သက်အောင်လင်းနှင့် မာရီအိုးရ်

မြန်မာနိုင်ငံမှသဘာဝသယံဇာတအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် – ကယ်ဗင်ဝုစ်

NGRI, 2016.”Natural Resource Revenue Sharing”

အကြမ်းဖက်စစ်တပ်၏အကျိုးစီးပွားနှင့် အာဏာသိမ်းကာလအတွင်း တရားမဝင်ကျောက်စိမ်း ထုတ်ယူနေမှုများ – CAfT

ကျောက်စိမ်းနှင့် ပဋိပက္ခ၊ မြန်မာနိုင်ငံ၏အဆိုးသံသရာ – Global Witness

World Economic Forum, “Natural Riches? Perspectives on responsible natural resource management in conflict-effected countries”

ဖက်ဒရယ်ဘဏ္ဍာရေးစနစ်နှင့် သဘာဝသယံဇာတ အရင်းအမြစ်များ – Asia Foundation

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှထုတ်ဝေသည့် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ

David Dapice, 2013. “Creating a future: using natural resources for new federalism or unity”

David A. Super, “Rethinking fiscal federalism”

ဖက်ဒရယ်နိုင်ငံတစ်ချို့၏ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်အစီအမံများ – FOF

အခြေပြု ဘဏ္ဍာရေးဖက်ဒရယ်လစ်ဇင် – FOF