ကမ္ဘာ့အဆင့်မီ ကျောက်စိမ်းအရင်းအမြစ်၏ ၉၀% ကို ဖားကန့်မှ ရရှိခြင်း ဖြစ်သည်။ ကချင်ပြည်နယ်တွင် အာကာသနှင့် လျှပ်စစ်မော်တော်ကား၊ စမတ်ဖုန်းတို့ကဲ့သို့ ခေတ်မီ နည်းပညာများတွင် မရှိမဖြစ် အသုံးပြုနေရသော မြေရှားသတ္တု (Rare Earth)သည် တရုတ်နှင့် အမေရိကန်ပြီးလျှင် ကမ္ဘာတွင် တတိယအများဆုံး တည်ရှိသည့် နေရာဖြစ်ပြီး၊ ယခုအခါ ကမ္ဘာပေါ်တွင် ထုတ်လုပ်မှု အများဆုံးနေရာလည်း ဖြစ်လာသည်။
နိဒါန်း
မြန်မာနိုင်ငံသည် မြေပေါ်မြေအောက် သဘာဝသယံဇာတ ပေါများကြွယ်ဝပြီး ကမ္ဘာပေါ်တွင် ရေနံ ဦးဆုံး တင်ပို့ခဲ့သည့် နိုင်ငံများထဲတွင် ပါဝင်သည့်အပြင်၊ ကျောက်စိမ်းအများဆုံး ထုတ်လုပ် တင်ပို့သည့် နိုင်ငံလည်း ဖြစ်သည်။ ကမ္ဘာ့အဆင့်မီကျောက်စိမ်းအရင်းအမြစ်၏ ၉၀% ကို ဖားကန့်မှ ရရှိခြင်း ဖြစ်သည်။ ကချင်ပြည်နယ်တွင် အာကာသနှင့် လျှပ်စစ်မော်တော်ကား၊ စမတ်ဖုန်းတို့ကဲ့သို့ ခေတ်မီ နည်းပညာများတွင် မရှိမဖြစ်အသုံးပြုနေရသော မြေရှားသတ္တု (Rare Earth)သည် တရုတ်နှင့် အမေရိကန်ပြီးလျှင် ကမ္ဘာတွင် တတိယအများဆုံး တည်ရှိသည့် နေရာဖြစ်ပြီး၊ ယခုအခါ ကမ္ဘာပေါ်တွင် ထုတ်လုပ်မှု အများဆုံးနေရာလည်း ဖြစ်လာသည်။ ထို့အပြင် သဘာဝဓါတ်ငွေ့ အများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံများ စာရင်းတွင် ဒဿမမြောက် နိုင်ငံအဖြစ်လည်း ရပ်တည်ခဲ့ ပါသည်။ မြန်မာနိုင်ငံ၏ သဘာဝဓါတ်ငွေ့ သိုက်များမှ ၁၀ ဘီလီယံကုဗပေနှင့် ရေနံသိုက်များမှ ၅၀ မီလီယံစည် ထုတ်လုပ်ရယူနိုင်ကြောင်းလည်း တွေ့ရှိထားကြသည်။ ၂၀၁၇ ခုနှစ် ညွှန်းကိန်းများအရ မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ထွက်ရှိသည့် နိုင်ငံများထဲတွင် သတ္တုတူးဖေါ်ထုတ်လုပ်မှု အဆင့် တွင် ၈၃ ဖြစ်ပြီး၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ထွက်ရှိမှု အဆင့်တွင် ၇၇ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ ထုတ်လုပ်မှုမှ ရရှိသော ဝင်ငွေသည် ၂၀၁၆ ခုနှစ်တွင် စုစုပေါင်းပြည်တွင်း ထုတ်ကုန် တန်ဖိုး၏ ၆%၊ တိုင်းပြည် ဝင်ငွေ၏ ၂၃.၆% ဖြစ်သည်။ ၂၀၁၉ ခုနှစ် ကမ္ဘာ့ဖွံ့ဖြိုး တိုးတက်မှု ညွှန်းကိန်းများအရ မြန်မာ နိုင်ငံ၏ သဘာဝ သယံဇာတမှ ရရှိသည့် ဝင်ငွေသည် ဂျီဒီပီ၏ ၅.၆% ဖြစ်သည်။ ယင်း ၅.၆% ထဲတွင် ရေနံက ၀.၂%၊ သဘာဝ ဓါတ်ငွေ့က ၂.၉%၊ သတ္တုက ၀.၇%၊ သစ်တောက ၁.၈% ပါဝင်သည်။ ၂၀၁၃-၁၄ ခုနှစ်များ တုန်းကပင်လျှင် အစိုးရ၏ အခွန်ရရှိမှု အခြေအနေမှာ သတ္တုတွင်းကဏ္ဍမှ ၄၄၂ ဘီလီယံ၊ ရေနံနှင့် သဘာဝဓါတ်ငွေ့မှ ၂.၆ ထရီလီယံ ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ်တွင် သဘာဝသယံဇာတမှ ရရှိသည့် ဝင်ငွေသည် ၄.၄၁% ဖြစ်ပြီး ကမ္ဘာ့ အဆင့်တွင် ၅၅ ဖြစ်သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍမှ ရရှိသော ဘဏ္ဍာငွေပမာဏသည် တွင်းထွက်ကဏ္ဍမှ ရရှိသော ဘဏ္ဍာငွေ အားလုံး စုစုပေါင်း၏ ၇၉% ဖြစ်ကြောင်းတွေ့ရှိရသည်။
ညွှန်းကိန်းများအရ သဘာဝသယံဇာတ ထုတ်လုပ်တင်ပို့မှုအများဆုံးနိုင်ငံများထဲတွင် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှု၌ လူ့စွမ်းအားအရင်းအမြစ်အသုံးချနိုင်မှု နည်းပါးသောနိုင်ငံများနှင့် ပဋိပက္ခများဖြင့် ရုန်းကန်နေရသည့် တိုင်းပြည်များ အများဆုံးပါဝင်နေကြသည်ကို တွေ့ရသည်။ နောက်တစ်ချက်မှာ လူသားဖွံ့ဖြိုး တိုးတက်မှု အညွှန်းကိန်း များအဆင့်၏ ထိပ်ဆုံးနိုင်ငံများသည် လူစွမ်းအား အရင်းအမြစ် ကို အဓိက အားထားသောနိုင်ငံများဖြစ်ကြသည်ကို သတိပြုနိုင်ပါသည်။ မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ လူသားဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်းတွင် အဆင့် ၁၄၈ ဖြစ်ပြီး၊ ၂၀၁၆ ခုနှစ်တွင် အဆင့် ၁၄၅ သို့ ရောက်ရှိကာ ၂၀၁၇ ခုနှစ်တွင် အလယ်အလတ်အဆင့်သို့ မြင့်တက်လာခဲ့သည်။ (အလယ်အလတ်အဆင့် ဆိုသည်မှာ နိုင်ငံပေါင်း ၁၈၉ နိုင်ငံတွင် အဆင့် ၁၂၀ မှ ၁၅၆ အတွင်းကို ဆိုလိုပါသည်။)၂၀၁၉-၂၀၂၀ ခုနှစ်တွင် မြန်မာသည် ၁၄၇ သို့ ပြန်လည်ကျဆင်းသွားခဲ့သည်။ ယင်းအဆင့် များသည် အရပ်သားအစိုးရ လက်ထက်တွင်ရရှိခဲ့သော ညွှန်းကိန်းများဖြစ်ခဲ့သည်။ ၂၀၁၀ ခုနှစ်မတိုင်ခင် နှစ်များတွင် အဆင့် ၁၅၀၊ ၂၀၀၈ ခုနှစ်တွင် ၁၅၄ အထိဖြစ်ခဲ့သောမြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ခဲ့ပြီးနောက် တစ်ပိုင်းဒီမိုကရေစီမျှသာ ဖြစ်သည်ဟု ဆိုစေကာမူ ဒီမိုကရေစီ နိုင်ငံတစ်ရပ်တွင် ရှိသင့် ရှိထိုက်သော အင်္ဂါရပ်များကြောင့် ထိုက်သင့် သလောက် ကောင်းမွန်သည့် စီမံခန့်ခွဲမှုများရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် လူသားညွှန်းကိန်း အဆင့်၌ တိုးတက်လာခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် National Resource Governance Institute သယံဇာတ ပေါကြွယ်ဝသော နိုင်ငံ ၅၈ ခုကို လေ့လာပြီး ထုတ်ပြန် ထားသော အုပ်ချုပ်စီမံမှုညွှန်းကိန်း အရ နိုင်ငံတစ်ခုချင်းစီ၏ ဥပဒေရေးရာနှင့် အဖွဲ့အစည်းများ အားကောင်းမှု၊ ပွင့်လင်းမြင်သာမှု၊ သယံဇာတ ထုတ်ယူမှု ကြိုတင်ပြင်ဆင်နိုင်မှု စသည်တို့ကို တိုင်းတာ ဆန်းစစ်ထားသော အဆိုပါ ညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၅၈ နိုင်ငံတွင် အဆင့် ၅၈ သာ ရရှိခဲ့သည်ကို တွေ့ရသည်။ ရန်ကုန်တိုင်းမှလွဲလျှင် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးတွင် သယံဇာတ၊ အဘိုးတန် သတ္တု နှင့် ရေနံ၊ ဓါတ်ငွေ့ တူးဖေါ် ထုတ်လုပ်မှုများရှိနေသည်။ တိုင်းရင်းသား ဒေသများတွင် သဘာဝသယံဇာတ တည်ရှိမှုနှင့် ထုတ်ယူမှု များစွာရှိနေသော်လည်း ဆင်းရဲမွဲတေမှု နှုန်းထားမှာ ရခိုင်ပြည်နယ်က ၇၅.၁ %၊ ကရင် ပြည်နယ် ၈၉ %၊ ရှမ်းပြည်နယ်က ၇၅ %၊ ကယား ပြည်နယ်တွင် ၈၄.၇ %၊ ကချင်ပြည်နယ် ၈၇.၂ %၊ ချင်းပြည် နယ်မှာ ၈၇.၄ %ဖြစ်နေသည်ကို တွေ့ရသည်။ မြန်မာ နိုင်ငံ၏ ရေအားလျှပ်စစ်ဓါတ်အားပေးထုတ်လုပ်မှု၏ စုစုပေါင်းတွင် ၇၀% ကို ရေအားလျှပ်စစ်မှ ထုတ်လုပ်ရရှိပြီး၊ သဘာဝဓါတ်ငွေ့မှ ၂၈% ၊ ကျောက်မီးသွေးမှ ၃% ဖြစ်ပါသည်။ သဘာဝဓါတ်ငွေ့ ထုပ်လုပ်မှု၏ စုစုပေါင်း ၈၀% ကို ထိုင်းနှင့် တရုတ်နိုင်ငံတို့သို့ တင်ပို့ရောင်းချသည်။ သို့ရာတွင် ၂၀၁၅ ခုနှစ် အချက်အလက်များအရ လျှပ်စစ်ဓါတ်အားသုံးစွဲမှုပမာဏ အနည်းဆုံးပြည်နယ် (၄)ခုမှာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကချင်ပြည်နယ်တို့ ဖြစ်ကြောင်း တွေ့ရှိရသည်။
သဘာဝ သယံဇာတ ပေါကြွယ်ဝသော မြန်မာနိုင်ငံသည် ဖွံဖြိုးတိုးတက်မှု အနိမ့်ကျဆုံးနှင့် ဆင်းရဲ မွဲတေမှု အမြင့်ဆုံး နိုင်ငံများထဲတွင် တန်းဝင်သည်။ သယံဇာတကို စီမံခန့်ခွဲရာတွင် အားနည်းမှုများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ၊ လူမှု့ဘဝ ထိခိုက်မှုများ၊ လက်နက်ကိုင် ပဋိပက္ခများ အတောမသတ်နိုင်အောင် ဖြစ်လာသည်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုရုံးနေထိုင်ကြသောနိုင်ငံ ဖြစ်သော်ငြားလည်း သယံဇာတ အကျိုးအမြတ်ခွဲဝေရာတွင် မျှတမှုမရှိဘဲ၊ ဗဟိုကသာ လက်ဝါးကြီး အုပ်ထားခဲ့မှုများကြောင့် ဖက်ဒရယ်တည်ဆောက်ရေးမှာ အလှမ်းဝေးခဲ့ရသည်။
သဘာဝသယံဇာတပေါကြွယ်ဝသော မြန်မာနိုင်ငံသည် ဖွံဖြိုးတိုးတက်မှုအနိမ့်ကျဆုံးနှင့် ဆင်းရဲ မွဲတေမှု အမြင့်ဆုံးနိုင်ငံများထဲတွင် တန်းဝင်သည်။ သယံဇာတကို စီမံခန့်ခွဲရာတွင် အားနည်းမှုများ ကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ၊ လူမှု့ဘဝထိခိုက်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများ အတောမသတ်နိုင်အောင် ဖြစ်လာသည်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုရုံးနေထိုင်ကြသောနိုင်ငံ ဖြစ်သော်ငြားလည်း သယံဇာတအကျိုးအမြတ်ခွဲဝေရာတွင် မျှတမှုမရှိဘဲ၊ ဗဟိုကသာ လက်ဝါးကြီး အုပ်ထားခဲ့မှုများကြောင့် ဖက်ဒရယ်တည်ဆောက်ရေးမှာ အလှမ်းဝေးခဲ့ရသည်။ သယံဇာတအများဆုံး ထွက်ရှိရာ ပြည်နယ်များမှာလည်း ကပ်ဘေးသင့်နေခဲ့ရပြီး လက်နက်စွဲကိုင်တော်လှန်မှုများ အမြစ် တွယ် ခိုင်မာလာခဲ့ပြီးဖြစ်သည်။ ထို ထိုသောပြဿနာများကို မည်ကဲ့သို့ဖြေရှင်းကြမည်နည်း။ ဥစ္စာဓန ခွဲဝေရေးနှင့် သယံဇာတဆိုင်ရာ အာဏာခွဲဝေရေးတို့က ထိုပြဿနာများ၏ အဖြေများထဲက တစ်ခုဖြစ် သည်ဟု ယူဆပါသည်။
ဇစ်မြစ်
ဖက်ဒရယ်နိုင်ငံများတွင် နယ်မြေပိုင်းခြားရာ၌ ဘာသာရေးအပေါ်ပူတည်၍လည်းကောင်း၊ ဘာသာ စကားအပေါ်မူတည်၍ လည်းကောင်း၊ ရိုးရာယဉ်ကျေးမှုနှင့် ကိုယ်ပိုင်သရုပ်သကန် လက္ခဏာရပ်များ အပေါ်တွင် မူတည်၍လည်းကောင်း ပိုင်းခြားကြသကဲ့သို့ သဘာဝသယံဇာတ ရင်းမြစ်ကိုအခြေခံ ၍လည်း ပိုင်းခြားလေ့ရှိကြပါသည်။ ဖက်ဒရယ်နိုင်ငံများ တည်ဆောက်ရာတွင် အရင်းအမြစ် ခွဲဝေရေး (Resource Sharing)မှာ အရေးကြီးသည့် အခန်းကဏ္ဍာန်မှ ပါဝင်နေပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း (၆၀) ကျော် အတွင်း ကမ္ဘာတလွှားရှိ နိုင်ငံများ၌ ဖြစ်ပွားခဲ့သော ပြည်တွင်း ပဋိပက္ခများ၏ ၄၀ ရာခိုင်နှုန်းသည် သဘာဝသယံဇာတ အရင်းအမြစ်များနှင့် ဆက်နွယ်နေပါသည်။ သဘာဝ သယံဇာတ ဖက်ဒရယ်စနစ် (Natural Resource Federalism) ဆိုသည်မှာ သဘာဝ သယံဇာတ စီမံမှု တာဝန် အချို့ကို ပြည်နယ်အဆင့် အစုအဖွဲ့များသို့ လွှဲပြောင်းပေးသည့် လုပ်ငန်းစဉ်ကိုခေါ်ပါသည်။ (မြန်မာ နိုင်ငံအတွက် သဘာဝ သယံဇာတ ဖက်ဒရယ်နှင့်ပတ်သက်၍ ထည့်သွင်း စဉ်းစားရမည့်အချက်များနှင့် ပတ်သက်၍ အကျယ်တဝင့် ရေးသားချက်များကို စာရေးသူ ရေးသားတင်ပြခဲ့ပြီးဖြစ်သော “ပြဿနာ ဇစ်မြစ်ထဲမှ ဖက်ဒရယ်အပိုင်းအစများကို တူးဖေါ်ခြင်း” ဆောင်းပါးတွင် ဖတ်ရှုနိုင်ပါသည်။) သဘာဝ သယံဇာတရင်းမြစ်များကို ဗဟိုမှ ထိန်းချုပ်ထားခြင်းက သယံဇာတထွက်ရှိရာဒေသမှ တိုင်းရင်းသား များအား မကျေနပ်မှု ပိုမိုဖြစ်ပေါ်စေနိုင်ပြီး ပဋိပက္ခသို့ဦးတည်စေပါသည်။ ထို့အပြင် သဘာဝ သယံဇာတ စီမံခန့်ခွဲရာတွင် လွဲမှားသော၊ သို့တည်းမဟုတ် ညံ့ဖျင်းသည့်စီမံခန့်ခွဲမှုများကလည်း အရင်းအမြစ်ပြုန်းတီးမှုများ ဖြစ်ပေါ်စေပြီး၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အမှန်တစ်ကယ် ရသင့် ရထိုက်သည့် အကျိုးအမြတ်များကို ဆုံးရှုံးနစ်နာမှုဖြစ်စေပါသည်။
မြန်မာနိုင်ငံသည် မူလက သီးခြားနယ်မြေများအလိုက် သက်ဆိုင်ရာဒေသခံလူမျိုးများက ကိုယ်ပိုင်စီမံ အုပ်ချုပ်မှုများဖြင့် ဖြတ်သန်းလာခဲ့သည့်သမိုင်းကြောင်းရှိခဲ့ပြီး၊ ဗြိတိသျှကိုလိုနီခေတ်တွင် အင်္ဂလိပ် တို့က ၎င်းတို့၏ ရေမြေမှ ထွက်ရှိသော သဘာဝသယံဇာတများကို လက်ဝါးကြီးအုပ် ချယ်လှယ် ခြင်းဖြင့် နယ်မြေဒေသအလိုက် သယံဇာတစီမံခန့်ခွဲမှုနှင့် အကျိုးခံစားခွင့်များ စတင်ဆုံးရှုံးခဲ့သည်။
မြန်မာနိုင်ငံသည် မူလက သီးခြားနယ်မြေများအလိုက် သက်ဆိုင်ရာဒေသခံလူမျိုးများက ကိုယ်ပိုင်စီမံ အုပ်ချုပ်မှုများဖြင့် ဖြတ်သန်းလာခဲ့သည့် သမိုင်းကြောင်းရှိခဲ့ပြီး၊ ဗြိတိသျှကိုလိုနီခေတ်တွင် အင်္ဂလိပ် တို့က ၎င်းတို့၏ ရေမြေမှ ထွက်ရှိသော သဘာဝသယံဇာတများကို လက်ဝါးကြီးအုပ် ချယ်လှယ် ခြင်းဖြင့် နယ်မြေဒေသအလိုက် သယံဇာတစီမံခန့်ခွဲမှုနှင့် အကျိုးခံစားခွင့်များ စတင်ဆုံးရှုံးခဲ့သည်။ မြန်မာနိုင်ငံရှိ ထင်ရှားသော သတ္တုတွင်းများအနေဖြင့် ဘော်တွင်း၊ ဟိန္ဒား၊ မော်ချီ၊ ကံပေါက်၊၊ ရတနာပုံ၊ တောင်သုံးလုံး၊ ဟာမြင်းကြီး၊ ကလေးဝ၊ မိုးကုတ် ပတ္တမြားတွင်းများနှင့် ကချင်ပြည်နယ် ကျောက်စိမ်း တွင်းများရှိကြပြီး ၎င်းလုပ်ကွက်များကို ၁၉၅၀ ဝန်းကျင်နှစ်များတွင် အင်္ဂလိပ်ကုမ္ပဏီနှင့် မြန်မာ အစိုးရတို့က ဖက်စပ် လုပ်ကိုင်ခဲ့ကြသည်။ လွတ်လပ်ရေးရရှိပြီးနောက် ရေးဆွဲပြဌာန်းခဲ့သည့် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒတွင် ပုဒ်မ (၉၂)အရ တတိယဇယား၊ စာရင်း (၁)၊ ပြည်ထောင်စု နိုင်ငံ ဥပဒေပြု စာရင်းဖြင့် သဘာသယံဇာတနှင့်ပတ်သက်၍ လုပ်ပိုင်ခွင့် (သို့မဟုတ်) အရင်းအမြစ်များအား ထိန်းချုပ် ခွင့်အား ပြည်ထောင်စုအစိုးရက ရယူခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ စနစ်ကို အသက်သွင်းကာ ၁၉၆၃ ခုနှစ်တွင် ပုဂ္ဂလိကပိုင်စီးပွားရေး လုပ်ငန်းများအားလုံးကို နိုင်ငံပိုင် သိမ်းယူခဲ့ရာတွင် အင်္ဂလိပ်ကုမ္ပဏီနှင့် ဖက်စပ် လုပ်ကိုင်ခဲ့သော သတ္တုတွင်းများကိုပါ နိုင်ငံပိုင်လုပ်ငန်းများအဖြစ် တပါတည်း သိမ်းယူ လိုက်သည်။ ထိုအချိန်မှစ၍ သဘာဝသယံဇတထိန်းချုပ်ခွင့်ကို မဆလပါတီ နောက်ကွယ်မှ တပ်မတော်က လက်ဝါးကြီး အုပ်ထား ခဲ့သည်။ ၁၉၈၉ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေအရ အစိုးရက (က)ရေနံနှင့် သဘာဝ ဓါတ်ငွေ့ တူးဖေါ်ခြင်း၊ ရှာဖွေခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချ ခြင်း၊ (ခ) ပုလဲ၊ ကျောက်စိမ်းနှင့် အဖိုးတန် ကျောက်မျက်ရတနာများ ရှာဖွေခြင်း၊ တူးဖေါ်ခြင်းနှင့် ပြည်ပ တင်ပို့ခြင်း၊ (ဂ) သတ္တုများ ရှာဖွေခြင်း၊ တူးဖေါ်ခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်းများကို အလုံးစုံ ထိန်းချုပ်ထားသည်။
သဘာဝသယံဇာတပေါကြွယ်ဝသည့် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်ပိုင်း သယံဇာတ တရားမဝင်တူးဖေါ်ထုတ်ယူမှုများ အထိန်းအကွပ်မဲ့ ပိုမိုဖြစ်ပွားလာခဲ့ပြီး၊ ၎င်းဖြစ်စဉ်၏နောက်ကွယ်တွင် အာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များက အဓိက ဇာတ်ကောင်များအဖြစ်ပါဝင်ပတ်သက်နေကြသည်။ ကချင်ပြည်နယ်မှ ထွက်ရှိသော မြေရှားဓါတ် သတ္တုကို တရုတ်သို့ တင်ပို့နှုန်းက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းတွင်ပင် အမေရိကန် ဒေါ်လာ သန်း ၂ဝဝ ဖိုးတင် ပို့ခဲ့ပြီး ယခင်ထက် ၅ ဆမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ တရားမဝင် သစ်ခိုးထုတ်မှု များလည်း အဆမတန် မြင့်တက်လာခဲ့သည်။ စစ်တပ်က အာဏာသိမ်းခဲ့သည့် ကာလများတိုင်းတွင် သယံဇာတ ထိန်းချုပ်ခြင်းနှင့် အထိန်းအကွပ်မဲ့ တူးဖေါ်ရောင်းချမှုများ ပြုလုပ်လေ့ရှိခဲ့သည်။ Global Witness ၏ “မြန်မာနိုင်ငံ၏ နိုင်ငံတော်လျှို့ဝှက်ချက်ကြီး”အစီရင်ခံစာတွင် နဝတစစ်ဗိုလ်ချုပ်ကြီး များက ကျောက်စိမ်းလုပ်ကွက်များကို ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် ချုပ်ကိုင်ထားခဲ့ကြောင်း ဖေါ်ပြခဲ့သည်။ ထိုအစီရင်ခံစာတွင်ပင်၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ကျောက်စိမ်းတင်ပို့သည့် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၂ ဘီလျံရှိပြီး၊ လုပ်ငန်းတန်ဖိုး စုစုပေါင်း ဘီလျံ ၃၀ ကျော်ကာ၊ အဆိုပါတန်ဖိုးသည် မြန်မာနိုင်ငံ၏ ဂျီဒီပီ၏ ၄၈% ဖြစ်ပါသည်။ သို့ရာတွင် အမှန်တစ်ကယ် နိုင်ငံတော် အခွန်ဘဏ္ဍာထဲသို့ စီးဝင်ခဲ့သည့်ပမာဏမှာ ဆယ်ဆခန့် ကွာဟနည်းပါးခဲ့ရပြီး အဆိုပါဝင်ငွေများမှာ လည်း ပြည်ထောင်စု၏ဘတ်ဂျက်ထဲသို့သာ ရောက်ရှိသွားခဲ့ခြင်းဖြစ်ရာ သယံဇာတထွက်ရှိရာ မူလ ဒေသခံများအတွက် ပြန်လည်ရရှိသည့် အသုံးစရိတ်မှာ ပင်လယ်ကြီးထဲက ရေတစ်စက်မျှသာရှိပါသည်။ ၂၀၁၆ ခုနှစ်၊ ပင်လုံညီလာခံတွင် ထိုစဉ်က ANP ပါတီဥက္ကဌဖြစ်သူ ဒေါက်တာအေးမောင်က သဘာဝသယံဇာတပိုင်ဆိုင်ခွင့်၊ ထိန်းချုပ်ခွင့်နှင့် စီမံအုပ်ချုပ်ခွင့်တို့ကို သယံဇာတထွက်ရှိရာပြည်နယ်များသို့ အာဏာခွဲဝေပေးအပ်သင့်ကြောင်း တင်သွင်းခဲ့ပြီး၊ အဆိုပါအဆိုပြုချက်နှင့်အတူ သဘာဝ သယံဇာတ အကျိုးအမြတ်များကိုလည်း ပြည်နယ်များသို့ ခွဲဝေပေးသင့်ကြောင်း ယင်းကို ဆိုသည်။
၂၀၁၆ ခုနှစ်တွင်ပင် ကချင်နိုင်ငံရေးပါတီများကော်မတီက သဘာဝသယံဇာတပိုင်ဆိုင်ခွင့်၊ လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်များရှိရမည်ဆိုသည့် သဘာဝသယံဇာတဆိုင်ရာမူဝါဒများကို ရေးဆွဲခဲ့သည်။ ထို့အပြင် ရခိုင်၊ ရှမ်း၊ ကရင် စသည့်ပြည်နယ်များတွင်လည်း သဘာဝသယံဇာတနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးလာခဲ့ကြသည်။ တိုင်းရင်းသားပါတီများ ဆွေးနွေးသည့် အဓိက လိုရင်း အနှစ်ချုပ်မှာ သဘာဝသယံဇာတနှင့်ပတ်သက်၍ နိုင်ငံရေးနှင့် ဘဏ္ဍာရေးလုပ်ပိုင်ခွင့် အာဏာ ခွဲဝေရေးဖြစ်ပါသည်။ သဘာဝသယံဇာတဆိုင်ရာ နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာဆိုသည်မှာ မိမိတို့ နယ်ပယ်ပိုင်နက်အတွင်းတည်ရှိနေသည့် သဘာဝသယံဇတနှင့်ပတ်သက်၍ ဥပဒေပြဌာန်းပိုင်ခွင့်၊ စီမံအုပ်ချုပ်ပိုင်ခွင့်နှင့် ထိန်းချုပ်ခွင့်တို့ကို ဆိုလိုပြီး၊ ဘဏ္ဍာရေးလုပ်ပိုင်ခွင့်အာဏာဆိုသည်မှာ သယံဇာတမှရရှိသော ဝင်ငွေကို ကိုယ်တိုင်ကောက်ခံပြီး ပြည်ထောင်စုအစိုးရထံသို့ လွှဲပြောင်းကာ အစိုးရအလွှာများအကြား ဓန ပြန်လည်ခွဲဝေရေးပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုရသော် ဗဟိုမှ အောက်ခြေသို့ စီမံခန့်ခွဲမှုတာဝန်များ ပိုမိုပေးအပ်ခြင်း (Deconcentration)မျိုး မဟုတ်ပဲ၊ ဗဟို၏ လုပ်ပိုင်ခွင့် အာဏာနှင့် တာဝန်များ လွှဲအပ်ပေးခြင်း (Devolution)ကို ရည်ညွှန်းခြင်းပင် ဖြစ်ပါသည်။
K.L
(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)
ရည်ညွှန်းကိုးကားများ-
ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီ – Hanns Seidel Foundation
Stefan Collignon, Public finance for a genuine federal democratic union
ဘဏ္ဍာရေးဖက်ဒရယ်စနစ် – ENAC
မြန်မာနိုင်ငံ၏သဘာဝသယံဇာတ ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု၊ ဝင်ငွေခွဲဝေမှုနှင့် သက်ရောက်မှု – ENAC
မြန်မာနိုင်ငံ၏သဘာဝသယံဇာတအရင်းအမြစ်များနှင့် ဒေသဆိုင်ရာအစိုးရများ ဥစ္စာဓန ခွဲဝေမှုအတွက် အဓိကစဉ်းစားစရာများ – သက်အောင်လင်းနှင့် မာရီအိုးရ်
မြန်မာနိုင်ငံမှသဘာဝသယံဇာတအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် – ကယ်ဗင်ဝုစ်
NGRI, 2016.”Natural Resource Revenue Sharing”
အကြမ်းဖက်စစ်တပ်၏အကျိုးစီးပွားနှင့် အာဏာသိမ်းကာလအတွင်း တရားမဝင်ကျောက်စိမ်း ထုတ်ယူနေမှုများ – CAfT
ကျောက်စိမ်းနှင့် ပဋိပက္ခ၊ မြန်မာနိုင်ငံ၏အဆိုးသံသရာ – Global Witness
World Economic Forum, “Natural Riches? Perspectives on responsible natural resource management in conflict-effected countries”
ဖက်ဒရယ်ဘဏ္ဍာရေးစနစ်နှင့် သဘာဝသယံဇာတ အရင်းအမြစ်များ – Asia Foundation
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှထုတ်ဝေသည့် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ
David Dapice, 2013. “Creating a future: using natural resources for new federalism or unity”
David A. Super, “Rethinking fiscal federalism”
ဖက်ဒရယ်နိုင်ငံတစ်ချို့၏ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်အစီအမံများ – FOF
အခြေပြု ဘဏ္ဍာရေးဖက်ဒရယ်လစ်ဇင် – FOF