အိန္ဒိယနိုင်ငံသည် ဗြိတိသျှ ကိုလိုနီလက်အောက်တွင် ၁၈၅၇ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ နှစ်ပေါင်း (၉၀) ကျရောက်ခဲ့သော နိုင်ငံတစ်ခုဖြစ်သည်။ ၁၉၄၇ ခုနှစ်မှ ၁၉၅၀ အထိ ဒိုမီနီယံ နိုင်ငံတစ်ခုအဖြစ် တည်ရှိခဲ့သည်။ လူဦးရေ စုစုပေါင်းမှာ သန်းပေါင်း ၁၃၀၀ ကျော်ရှိပြီး ကမ္ဘာ့လူဦးရေ၏ ၁၇.၇ ရာခိုင်နှုန်းရှိပြီး ကမ္ဘာပေါ်တွင်လူဦးရေ အများဆုံး ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ပြည်နယ် (၂၉) ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ (၇) ခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ပြည်ထောင်စုနယ်မြေများကို ပြည်ထောင်စု အစိုးရမှ တိုက်ရိုက်အုပ်ချုပ်သည်။
အိန္ဒိယနိုင်ငံတွင် အတည်ပြုပြဌာန်းခဲ့သော နိုင်ငံတော်အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေများမှာ –
၁။ ၁၈၅၈ ခုနှစ် အိန္ဒိယအစိုးရ အက်ဥပဒေ (Government of India Act 1858)
၂။ ၁၈၆၁ ခုနှစ် အိန္ဒိယကောင်စီ အက်ဥပဒေ (India Act 1858
၃။ ၁၈၉၂ ခုနှစ် အိန္ဒိယကောင်စီ အက်ဥပဒေ
၄။ ၁၉၁၉ ခုနှစ် အိန္ဒိယအစိုးရ အက်ဥပဒေ
၅။ ၁၉၃၅ ခုနှစ် အိန္ဒိယအစိုးရ အက်ဥပဒေ
၆။ ၁၉၄၇ ခုနှစ် အိန္ဒိယလွတ်လပ်ရေး အက်ဥပဒေ တို့ဖြစ်သည်။
အိန္ဒိယဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖွဲ့စည်းပုံရေးဆွဲရေး ညီလာခံမှ ရေးဖွဲခဲ့သည်။ ၎င်းညီလာခံ ကိုယ်စားလှယ်များကို ပြည်နယ်လွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ်များမှ ရွေးချယ်ပေးခဲ့သည်။ ပထမအစတွင် ကိုယ်စားလှယ် (၃၈၉) ဦး ရှိသော်လည်း ပါကစ္စတန်နှင့် အိန္ဒိယ ကွဲထွက်ပြီးနောက် ကိုယ်စားလှယ်(၂၉၉) ဦးသာ ရှိတော့သည်။ အိန္ဒိယဖွဲ့စည်းပုံကို နိုင်ငံပေါင်း (၆၀) ခန့်၏ ဖွဲ့စည်းပုံများကို လေ့လာပြီးနောက် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယဖွဲ့စည်းရေးဆွဲခြင်း အချိန်ပြဇယား
၆ ဒီဇင်ဘာလ ၁၉၄၆ – ဖွဲ့စည်းပုံရေးဆွဲရေးဆိုင်ရာ လွှတ်တော်ဖွဲ့စည်း
၉ ဒီဇင်ဘာလ ၁၉၄၆ – ပထမအကြိမ် အစည်းအဝေးစတင်ပြုလုပ်
၁၁ ဒီဇင်ဘာလ၁၉၄၆ – ကိုယ်စားလှယ် ၃၈၉ ဦးရှိပြီး လွှတ်တော်ဥက္ကဌ၊ ဒုတိယ ဥက္ကဌ နှင့် ဥပဒေ အကြံပေး တို့အားရွေးချယ်သည်။ (၂၉၂) ဦးသည် ပြည်နယ်အစိုးရ ကိုယ်စားလှယ်၊ (၄) ဦးသည် ပြည်နယ် များ၏ ကော်မရှင်နာ အကြီးအကဲများ၊ (၉၃) ဦးသည် စော်ဘွားများ အုပ်စိုးသော ပြည်နယ် များ၏ ကိုယ်စားလှယ် တို့ဖြစ်သည်။
၁၃ ဒီဇင်ဘာလ ၁၉၄၆ – အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင် နေရူးမှ ဖွဲ့စည်းပုံရေးဆွဲ ဆောင်ရွက်ရသည့် ရည်ရွယ်ချက် များ၊ လိုက်နာသင့်သည့် စည်းမျဉ်းစည်းကမ်းများကို လွတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်းမိန့်ခွန်းသည် အိန္ဒိယ ဖွဲ့စည်းပုံ၏ နိဒါန်းဖြစ်လာခဲ့သည်။
၂၂ ဇန်နဝါရီလ ၁၉၄၇ – ဖွဲ့စည်းအတွက် ရည်ရွယ်ချက်များကို တစ်စုတစ်စည်းထဲ ချမှတ်နိုင်ခဲ့သည်။
၂၂ ဇူလှိုင်လ ၁၉၄၇ – နိုင်ငံတော်အလံကို သတ်မှတ်နိုင်ခဲ့သည်။
၁၅ ဩဂုတ်လ ၁၉၄၇ – လွတ်လပ်ရေးရရှိပြီး အိန္ဒိယနှင့် ပါကစ္စတန်ကို နိုင်ငံ (၂) နိုင်ငံအဖြစ်ခွဲထုတ်ခဲ့သည်။
၂၉ ဩဂုတ်လ ၁၉၄၇ – မူကြမ်းရေးဆွဲရေး ကော်မတီမှ ဘီ အာ အမ်ဘက်ခါကို ဥက္ကဌ အဖြစ်ခန့်အပ်ခြင်းနှင့် အခြား ကော်မတီဝင် (၆) ဦး ကို အဖွဲ့ဝင်များအဖြစ် ခန့်အပ်ခဲ့သည်။
၁၆ ဇူလှိုင်လ ၁၉၄၈ – ဖွဲ့စည်းပုံရေးဆွဲရေးကော်မတီမှ ဒုတိယ ဥက္ကဌ နောက်တစ်ဦးကို ခန့်အပ်ခဲ့သည်။
၂၆ နိုဝင်ဘာလ ၁၉၄၉ – လွှတ်တော်မှ ဖွဲ့စည်းပုံကို အတည်ပြုနိုင်ခဲ့သည်။
၂၄ ဇန်နဝါရီလ ၁၉၅၀ – ဖွဲ့စည်းပုံရေးဆွဲရေးလွှတ်တော်၏ နောက်ဆုံးဆွေးနွေးပွဲနေ့ ဖြစ်ခဲ့သည်။ အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံ ကို အတည်ပြုခဲ့သည်။ ပုဒ်မပေါင်း (၃၉၅) ခု၊ ဇယား (၈) ခုနှင့် အပိုင်း (၂၂) ပိုင်း ပါဝင်သည်။
၂၆ ဇန်နဝါရီလ ၁၉၅၉ – အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်အသက်ဝင်သည်နေ့ ဖြစ်သည်။
အိန္ဒိယနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲသည့် ကြာမြင့်ချိန်မှာ ၂ နှစ် ၁၁ လ နှင့် ၁၈ ရက်ဖြစ်သည်။ ပြည်ထောင်စုဖွဲ့စည်းပုံ တစ်ခုတည်းသာရှိသောကြောင့် အိန္ဒိယနိုင်ငံကို တစ်ဝက်တစ်ပျက် ဖက်ဒရယ်နိုင်ငံဟု သတ်မှတ်ကြသည်ကို တွေ့ရသည်။ ပါလီမန်စနစ်ကျင့်သုံးသော နိုင်ငံဖြစ်သောကြောင့် ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ နိုင်ငံတော် အကြီးအကဲမှာ သမ္မတ ဖြစ်သည်ကို တွေ့ရသည်။
ပြည်ထောင်စုတွင် လွှတ်တော် နှစ်ရပ် စနစ်ကျင့်သုံးသည်။ ပြည်နယ်များကောင်စီနှင့် ပြည်သူ့လွှတ်တော်တို့ ဖြစ်သည်။ ပြည်နယ်များကောင်စီ၏ ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင် သမ္မတမှ (၁၂) ဦးခန့်အပ်နိုင်သည်။ ထို(၁၂) ဦးသည် စာပေပညာရှင်များ၊ အနုပညာရှင်များ၊ သိပ္ပံပညာရှင်များနှင့် လူမှုရေးလုပ်ကိုင် ဆောင်ရွက်နေသူများထဲမှ ရွေးချယ်ခန့်အပ် ရသည်ကို တွေ့ရပါသည်။ ကျန် (၂၃၈) ဦးထက်မပိုသော ကိုယ်စားလှယ်များကို ပြည်နယ်ဥပဒေပြု လွှတ်တော်မှ အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ရွေးချယ်သည်ကိုလည်း တွေ့မြင်ရသည်။ ပြည်နယ်များကောင်စီ ကိုယ်စားလှယ်များ၏ အသက် ကန့်သတ်ချက်သည် အသက် (၃၀) နှစ်ထက်မငယ်သော သူများဖြစ်ရမည်ဟု ပြဌာန်းထားသည်။ (၂) နှစ်တစ်ကြိမ် အနီးစပ်ဆုံး ကိုယ်စားလှယ် သုံးပုံ တစ်ပုံကို ရွေးချယ်သည်ကို တွေ့ရသည်။ ပြည်သူ့လွှတ်တော်ကို အများဆုံး ကိုယ်စားလှယ် (၅၃၀) ဦးဖြင့် ဖွဲ့စည်းရမည်ဟု ပြဌာန်းထားပြီး လူဦးရေကို အခြေခံ၍ ပြည်သူများမှ တိုက်ရိုက်ရွေးကောက်တင်မြှောက်သည်။ ထိုကိုယ်စားလှယ် အရေအတွက် အထဲတွင် ပြည်ထောင်စုနယ်မြေမှ (၂၀) ဦးထက်မကျော်လွန်သော ကိုယ်စားလှယ်များကို ရွေးချယ်ရမည်ဟုလည်း ပြဌာန်းထားပါသည်။ ပြည်ထောင်စု လွှတ်တော် သက်တမ်းသည် (၅) နှစ်ဖြစ်ပြီး ကိုယ်စားလှယ် များ၏ အသက်ကန့်သတ်ချက်သည် (၂၅) နှစ်ဖြစ်သည်။ ပြည်နယ်များတွင်လည်း ဥပဒေပြုလွှတ်တော်များ ရှိသည်။ ပြည်နယ် အများစုတွင် လွှတ်တော်တစ်ရပ်သာရှိသည်ကို တွေ့ရသော်လည်း ပြည်နယ် အနည်းငယ်တွင် လွှတ်တော် (၂) ရပ် စနစ် ကျင့်သုံးသည်ကို တွေ့မြင်ရသည်။
အိန္ဒိယနိုင်ငံသမ္မတကို သမ္မတရွေးချယ်ရေးအဖွဲ့မှ ရွေးချယ်ပေးသည်ကိုတွေ့ရသည်။ သမ္မတရွေးချယ်ရေးအဖွဲ့ကို ပြည်ထောင်စုအဆင့် လွှတ်တော် (၂) ရပ်၏ ကိုယ်စားလှယ်များနှင့် ပြည်နယ်များ၏ ဥပဒေပြုလွှတ်တော် ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းပေးထားပြီး အချိုးကျ ကိုယ်စားပြုမှုစနစ်ဖြင့် ရွေးချယ်သည်ကို တွေ့ရသည်။ အိန္ဒိယနိုင်ငံ၏ အုပ်ချုပ်ရေး အကြီးအကဲ ဝန်ကြီးချုပ်ကို ပြည်သူများမှ တိုက်ရိုက်ရွေးချယ်ခြင်းမဟုတ်ဘဲ သမ္မတမှ ပြည်ထောင်စုအဆင့် လွှတ်တော် (၂) ရပ်ထဲမှ တစ်ဦးကို ခန့်အပ်သည်ကိုတွေ့မြင်ရသည်။ ဝန်ကြီးချုပ်သည် ဝန်ကြီးများကောင်စီ၏ အကြီးအကဲဖြစ်သည်။ သမ္မတသည် ဝန်ကြီးများကောင်စီ၏ အဖွဲ့ဝင်ဝန်ကြီးများကို ဝန်ကြီးချုပ်နှင့်တိုင်ပင်၍ ခန့်အပ်သည်။ ဝန်ကြီးချုပ် သက်တမ်းသည် သမ္မတ၏ နှစ်ခြိုက်မှု အပေါ်တွင် မူတည်နေသည်ဆိုသော အချက်ကို အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၇၅ ၏ ပုဒ်မခွဲတွင် တွေ့မြင်ရသည်။ ဝန်ကြီးများကောင်စီသည် သမ္မတအား အကြံဉာဏ်နှင့် အကူအညီပေးရပြီး သူတို့၏ ဆောင်ရွက်မှုများသည် ပြည်သူ့လွှတ်တော်ကို တာဝန်ခံရပါသည်။
ပြည်နယ်များတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးများရှိပြီး သမ္မတက ခန့်အပ်သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ် ဝန်ကြီးချုပ်ကို ခန့်အပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၏ အကြံပြုချက်ဖြင့် ပြည်နယ်ဝန်ကြီးများကို ခန့်အပ်သည်ဟု ဖွဲ့စည်းပုံတွင် ပြဌာန်းထားသည်။
အိန္ဒိယတွင် အလွှာ ၃ လွှာရှိသော တရားစီရင်ရေးစနစ်ရှိပြီး အိန္ဒိယနိုင်ငံ တရားသူကြီးချုပ် ဦးဆောင်သော ဗဟိုတရားရုံးချုပ်၊ အဆင့်မြင့်တရားရုံးများနှင့် သာမန် တရားရုံး အမြောက်အများ ပါဝင်သည်။ ဗဟိုတရားရုံးချုပ်သည် အခြေခံအခွင့်အရေးနှင့် ဆိုင်သော အမှုများ၊ ပြည်နယ်အချင်းချင်း၊ ပြည်နယ်နှင့် ဗဟိုအစိုးရတို့ အငြင်းပွားမှု စသည်တို့ကို ပထမအကြိမ် ကြားနာ ပိုင်ခွင့်ရှိသည်။ တရားစီရင်ရေး စနစ်သည် မှီခိုမှုကင်းမဲ့သည့် လွတ်လပ်သော စနစ်ဖြစ်ပြီး ဥပဒေထုတ်ပြန်ရန်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဥပဒေများကို ပယ်ဖျက်ရန် အခွင့်အာဏာရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အငြင်းပွားမှု အပေါ် နောက်ဆုံး အဆုံးအဖြတ်ပေးနိုင်သည့် နေရာကို ယူထားခြင်းက ဗဟိုတရားရုံးချုပ်၏ အရေးအပါဆုံး လုပ်ဆောင် မှုများတွင် တစ်ခုအပါအဝင်ဖြစ်သည်။
အိန္ဒိယနိုင်ငံဖွဲ့စည်းပုံ၏ ထူးခြားချက်မှာ ဇယား (၇) တွင် ဥပဒေပြုမှု အာဏာများကို ပိုင်းခြားထားသည်ကို တွေ့မြင်ရသည်။ ဇယား (၁) တွင် ပြည်ထောင်စု ဥပဒေပြုစာရင်း (၉၇) ခု၊ ဇယား (၂) တွင် ပြည်နယ်များဥပဒေပြုစာရင်း (၆၂) ခုနှင့် ဇယား(၃) တွင် ပြည်ထောင်စုရော ပြည်နယ်ရော နှစ်ခုစလုံးတွင် ဥပဒေပြုနိုင်သောစာရင်း (၄၇) ခုကို ပြဌာန်းထားသည်ကို တွေ့ရသည်။ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံထဲတွင် ဘာသာစကား (၂၂) မျိုးကို အသိအမှတ်ပြု ဖေါ်ပြထားသော်လည်း တရားဝင် ရုံးသုံး အနေဖြင့် ဟိန္နူနှင့် အင်္ဂလိပ်ဘာသာစကားအသုံးပြုသည်ကို တွေ့ရသည်။ အိန္ဒိယဖွဲ့စည်းပုံကို ၁၉၅၀ ခုနှစ် အတည်ပြု ပြီးသည့်အချိန်မှ စ၍ ယခုအချိန်အထိ (၁၀၄) ကြိမ် ပြန်လည်ပြင်ဆင်ခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ဥပဒေများအတည်ပြုသည့် လုပ်ငန်းစဉ်ကို ဖွဲ့စည်းပုံတွင် အသေးစိတ် ဖေါ်ပြထားသည်ကို လေ့လာနိုင်သည်။ ဥပဒေတစ်ခု ပြင်ဆင်၊ ဖျက်သိမ်း၊ အသစ် ပြဌာန်းခြင်းတွင် အဆင့် (၄) ဆင့်ဖြင့် ဆောင်ရွက်သည်ကို တွေ့ရသည်။
အဆင့် (၁) အစိုးရ သို့မဟုတ် အရပ်ဘက်အဖွဲ့အစည်းများက ယခုဆောင်ရွက်ပြဌာန်းမည့် ဥပဒေသည် နိုင်ငံ (သို့မဟုတ်) နိုင်ငံသားများအတွက် အမှန်တကယ် လိုအပ်မှုရှိကြောင်းကို ပြည်သူများကို ပထမဦးစွာရှင်းပြရသည်။
အဆင့် (၂) သက်ဆိုင်ရာဝန်ကြီးဌာနမှ ဥပဒေကြမ်း ရေးဆွဲပြီး အစိုးရအဖွဲ့ကိုတင်ပြရသည်။
အဆင့် (၃) အစိုးရအဖွဲ့မှ အတည်ပြုလျှင် ဥပဒေကြမ်းကို ပါလီမန်သို့ တင်ပြရသည်။ (ပါလီမန်သည် ၎င်း ဥပဒေကြမ်း ဆွေးနွေးအတည်ပြုခြင်း လုပ်ငန်းစဉ်ကို အဆင့် (၉) ဆင့်ဖြင့် ဆောင်ရွက်သည်)
အဆင့် (၄) ပါလီမန် နှစ်ရပ်မှ အတည်ပြုလျှင် သမ္မတထံတင်ပြ၍ ဥပဒေအဖြစ် အတည်ပြု ထုတ်ပြန်ရသည်။ (၎င်းအဆင့်တွင် သမ္မတ အနေဖြင့် ပြန်လည်ပြင်ဆင်လိုခြင်း၊ အကြံပြုလိုခြင်းရှိလျှင် ထို ပြင်ဆင် အကြံပြုလိုသော အချက်များနှင့်အတူ ပါလီမန်ကို ပြန်လည်ပေးပို့နိုင်သည်။ သမ္မတ၏ ပြင်ဆင်အကြံပြုချက်ကို ပါလီမန်က လက်ခံပါက ပြင်ဆင်ပြီး သမ္မတ ထံပြန်ပို့ပေးနိုင်သလို လက်မခံပါက လွှတ်တော် နှစ်ရပ်မှ ထပ်မံအတည်ပြု၍ပြီး သမ္မတထံ ပြန်လည်ပေးပို့ပါက သမ္မတ အနေဖြင့် လက်မှတ်ထိုး အတည်ပြုပေးရသည်။ သမ္မတအနေဖြင့် ဗီတိုအာဏာ သုံး၍ပယ်ချခွင့်မရှိပါ။ အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေသည် အသေးစိတ်ရေးဆွဲပြဌာန်းထားသောကြောင့် ကမ္ဘာပေါ်တွင် အရှည်ဆုံးသောဖွဲ့စည်းပုံတစ်ခု ဖြစ်သည်။
မောင်မြစ်သစ်