ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကို ၂၀ ရာစုအလယ်ပိုင်းတွင် စတင် တည်ထောင်ခဲ့သည်။ လွတ်လပ်ရေးရလိုဇောနဲ့ ပင်လုံစာချုပ်ကို အဆောတလျှင် လုပ်ဆောင်ခဲ့ရသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ တစ်ခုကိုလည်း အမြန်ရေးဆွဲခဲ့ဲကြသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံသည် အားနည်းချက်ရှိသည်ဟုဆိုသော်လည်း နိုင်ငံတစ်ခု တည်ဆောက်ရေးအတွက် အစပျိုးခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံတစ်ခု ဖြစ်သည်။
နိုင်ငံတည်ဆောက်ရေးအခက်အခဲသည် မြန်မာတစ်နိုင်ငံတည်းတွင် ရှိနေခြင်း မဟုတ်။ ကိုလိုနီကျွန်ပြုခံနိုင်ငံတိုင်းလိုလို အခက်အခဲရှိကြသည်။ မြန်မာနိုင်ငံသည် ဘုရင်အုပ်ချုပ်ရေးစနစ်ကို ထိန်းချုပ်ရန်ကြိုးပမ်းစကာလ၌ ကိုလိုနီဖြစ်ခဲ့ရသည်။ အုပ်ချုပ်ရေးစနစ်တစ်ခုကို မိမိတို့ကိုယ်တိုင် စီမံဖန်ရန်အခွင့်အလန်းမရလိုက်ပဲ တိုင်းတစ်ပါး လက်ခုတ်ထဲက ရေဖြစ်ခဲ့ရသည်။
ပဒေသရာဇ် စနစ်ဆိုးကြောင့် လူမျိုးစုတစ်ခုနှင့်တစ်ခုကြား သံသယဝင်ရိုး တံပိုးထိုးခံနေရချိန်တွင် ကိုလိုနီအုပ်ချုပ်ရေးစနစ်၏ သွေးခွဲသပ်ချိုမှုက အာဃာတ တရားကို ပိုမိုဆိုးဝါးသွားစေသည်။ ကိုလိုနီခေတ်တွင် မျက်နှာသာပေးခံရသည့် လူမျိုးစုများနှင့် ဖိနှိပ်ခံရသည့်လူမျိုးစုအကြား သံသယများပိုမိုတိုးပွားလာသည်။ ဤအကျိုးဆက်သည် လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံတည်ဆောက်ရေးတွင် အဖုအထစ်ဖြစ်လာသည်။
မည်သို့ပင်ဆိုစေကာမူ ဗြိတိသျှမှ မြန်မာနိုင်ငံကိုလွတ်လပ်ရေးပေးမည်ဟု ဆုံးဖြတ်သည့်အခါ ဗမာလူမျိုးကို ဗဟိုပြု၍ စဉ်းစားလာသည်။ အခြားမည်သည့် တိုင်းရင်းသားလူမျိုးစုတစ်ခုကိုမှ သီးခြားလွတ်လပ်ရေးပေးမည်ဟု မစဉ်းစားသည်မှာ အလွန်အံ့သြဖွယ်ကောင်းသည်။ ဤအချက်သည်လည်း ခေတ်သစ်မြန်မာနိုင်ငံ တည်ဆောက်ရေးတွင် ပါဝင်နေကြသူအားလုံး စဉ်းစားရမည့်အချက် တစ်ချက် ဖြစ်သည်။
တစ်ပြည်ထောင်တစ်လူမျိုး
လွတ်လပ်ရေးရပြီးနောက် ခေတ်သစ်မြန်မာနိုင်ငံကို ကနဦးတည်ဆောက်ရန် အစပျိုးခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံသည် သီအိုရီအားဖြင့် ဖက်ဒရယ်ဖြစ်သော်လည်း တစ်ပြည်ထောင်ဖြစ်ကြောင်း ၎င်းကိုပြုစုခဲ့သူ ဦးရှန်ထွန်းကဆိုသည်။ အစမကောင်း၍ အနှောင်းမသေရှာဟုဆိုရပေမည်။
ထိုအချိန်က ဖွဲ့စည်းပုံရေးဆွဲသူများနှင့် အကြံပေးများသည် အနာဂါတ်ပြည်ထောင်စု တစ်ခု ခိုင်ခိုင်မာမာပေါ်ပေါက်လာစေရေးအတွက် နည်းကောင်းလမ်းမှန်များကို မခင်းကျင်းပဲ ၎င်းတို့ကိုယ်တိုင်၌ သံသယစိတ်များ သန္ဓေတည်နေခဲ့သည်။ ထိုသံသယစိတ်သည် အပြန်အလှန်ကိန်းအောင်းလာရာမှ အင်အားနဲ့ဖြေရှင်းသည့် အခြေအနေတစ်ရပ်ကို ရောက်ရှိလာသည်။ လူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒတို့က ပြည်တွင်းစစ်ကြီးဖြစ်လာသည်။ ခေတ်အဆက်ဆက် အာဏာရအစိုးရများက တစ်ပြည်ထောင်စနစ်အသက်သွင်းလာသည့်အခါ ဖိနှိပ်ခံ လူမျိုးစုများမှလည်း ဖြိုဖျက်ရန်ကြိုးစားလာကြသည်။
တစ်လူမျိုး
မြန်မာစကားပုံ တစ်ခုရှိသည်။ ကောက်ရိုးမီးကဲ့သို့ တဟုန်ထိုးလောင်ပြီး တဟုန်ထိုး အစပျောက်ကွယ်သွားသည်။ ပြဿနာတစ်ခုဖြစ်လာလျှင် ဖြေရှင်းရန်မကြိုးစားပဲ ပြီးသွားလိမ့်မည်ဟု ပေါ့ပေါ့တန်တန် တွေးတတ်သောအလေ့အထရှိသည်။ စင်စစ် စုံလင်ကွဲပြားသော နိုင်ငံတစ်ခု၌ မျိုးနွယ်စုများအကြား အမြစ်တွယ်လာသည့် ပဋိပက္ခကို သေးသေးလေးကပင် ငြိမ်းသတ်ရန် မကြိုးစားပဲ အချိန်တန်ပြီးသွားလိမ့်မည်ဟု တွေးခေါ်သည့် အယူအဆကြောင့် ယနေ့တွင်အလွန်ဖြေရှင်းရခက်သော အခြေအနေ တစ်ရပ်သို့ရောက်ရှိလာသည်။
ဖာသိဖာသာနေတတ်သော လူ့အဖွဲ့အစည်းတွင် မတူကွဲပြားမှုက ပဋိပက္ခကို ပိုမို ကြီးထွားစေသည်။ ပဋိပက္ခသည် တစ်ချိန်တည်းတစ်ပြိုင်တည်း ပေါ်ပေါက် လာခြင်းမဟုတ်ပဲ အချိန်နေရာ ကွဲပြားမှုရှိသည်။ ထို့ကြောင့် အခြင်းအရာအားလုံးကို ပေတံတစ်ချောင်းတည်းဖြင့် တိုင်းတာ၍ မရနိုင်။ တစ်ခုချင်းစီ အတွက် လိုက်လျောညီထွေရှိသည့် လျော်ကန်သင့်တော်သည့် ပေတံများဖြင့် တိုင်းတာကြည့်ရန် လိုအပ်သည်။
စုံလင်ကွဲပြားသည့် နိုင်ငံတစ်ခုကို တစ်သားတည်းဖြစ်ခြင်း သို့မဟုတ် တစ်ခုတည်းသော ယဉ်ကျေးမှုဖြစ်ရေးကို အတင်းသွပ်သွင်း၍ မရနိုင်။ မြန်မာနိုင်ငံ၌ ပေါ်ပေါက်ခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံများသည် တစ်သားတည်းဖြစ်ရေး၊ လူမျိုးတစ်ခုတည်း ဖြစ်ရေး၊ ယဉ်ကျေးမှုတစ်ခုတည်း ဖြစ်ရေးကို ဒရွက်တိုက် ဆွဲခေါ်လာသည်။
ယဉ်ကျေးမှု စုံလင်ကွဲပြားသည့် တိုင်းပြည်တစ်ခုကို စီမံအုပ်ချုပ်ရာတွင် တစ်သားတည်းဖြစ်ခြင်းနှင့် ပေါင်းစပ်ခြင်းစနစ်တို့သည် အလုပ်မဖြစ်ဟု ပညာရှင်များက ဆိုသည်။ လူမျိုးခြားနားမှု၊ နယ်မြေခြားနားမှုနှင့် ရိုးရာယဉ်ကျေးမှု မတူညီမှုတို့ကို အသိအမှတ်ပြုပြီး ထိုကွဲပြားခြားနားမှုများ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်လာစေရန် မူဝါဒများ ကိုယ်စီရှိကြရန်လိုအပ်သည်။ မြန်မာနိုင်ငံဖွဲ့စည်းပုံများတွင် အခြားလူမျိုးများ၏ ရိုးရာယဉ်ကျေးများကို လျှော့ချပြီး တစ်ခုတည်းသော ဗမာအမျိုးသား လက္ခဏာများပေါ်ပေါက်ရေးကို စောင်းပေးထားသည်။
ဂဏန်းမငြိမ်သည့် မျိူးနွယ်စု ပြဿနာ
မြန်မာနိုင်ငံတွင် မတူကွဲပြားမှုသည်လည်း အုပ်ချုပ်သူလူတန်းစားများ၏ အာဏာတည်မြဲရေးအတွက် အသုံးပြုသည့် လက်နက်တစ်ခုဖြစ်လာသည်။ လူမျိုးတစ်ခုကို ထိန်းချုပ်ရန်အတွက် အခြားလူမျိုးတစ်ခုကို မြှောက်ပေးသည်။ လူမျိုးစုအများဆုံးနေထိုင်သည့် နေရာဒေသတို့တွင် တွေ့နိုင်သည်။ အစိုးရနှင့်အင်အားယှဉ်ပြိုင်လာသည့် လူမျိုးစုအုပ်စုတစ်ခု၏ သြဇာအာဏာကို လျှော့ချရန် အခြားမျိုးနွယ်စုတစ်ခုကို မြေထောင်မြှောက်လက်သပ်မွေးရာမှ ပိုမိုဆိုးဝါးသော ပြိုင်ဆိုင်မှုများ ပေါ်ပေါက်လာသည်။ အင်အားကြီးသော မျိုးနွယ်စု များက ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့် ပြောလာသည့်အခါ မတူကွဲပြားမှုကို အကြောင်းပြပြီး အစားထိုးဖြေရှင်းရန် ကြိုးစားသည်။ တစ်ချိန်တည်းတွင် ယဉ်ကျေးမှုတစ်ခုနှင့် တစ်ခုကြား၊ မျိုးနွယ်စုတစ်ခုနှင့်တစ်ခုကြား ပွတ်တိုက်မှုများဖြစ်လာသည်။ အမျိုးသားလက္ခဏာများ ခေါင်းထောင်ထလာသည်။ အာဏာရအုပ်စုမှလည်း ရာနဲ့ချီသောမျိုးနွယ်စုစာရင်းကို လိုတမျိုးမလိုတမျိုး ကိန်းဂဏန်းများဖြင့် ဖော်ပြသည်။ အဆိုးဆုံးက မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စု မည်မျှရှိသည်ကို ယနေ့ထက်တိုင် တိတိကျကျမဖော်ပြနိုင်သေးပေ။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံတွင် တိုင်းရင်းသားမျိုးနွယ်စု ၁၄၄ မျိုးရှိသည်ဟုဖော်ပြသည်။ ၁၉၅၀ ခုနှစ်ကောက်ခံသည့် စာရင်းအရ မြန်မာနိုင်ငံတွင်တိုင်ရင်းသားမျိုးနွယ်စု ၅၀ သာ ရှိသည်ဟု ဆိုသည်။ ၁၉၇၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေးမှ ကောက်ခံယူသောစာရင်းတွင် ၁၄၃၊ ဗိုလ်ချုပ်စောမောင်လက်ထက်တွင် ၁၃၅၊ သမ္မတဦးသိန်းစိန်လက်ထက်တွင် ၁၀၀၊ ၁၀၁ ဟု မတူကွဲပြားစွာဖော်ပြကြသည်။ အာဏာရအစိုးရများက လူမျိုးစုကိန်းဂဏန်းကို တိကျခိုင်မာစွာမဖော်ပြခြင်းသည်ပင် လိုတမျိုးမလိုတမျိုး နိုင်ငံရေးကစားရန် လျှံလှပ်ထားသည့် မြုပ်ကွက်တစ်ခုဖြစ်သည်။ လူမျိုးကြီးများက တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တောင်းဆိုလာသည့်အခါ ဤလောက်များပြားသော လူမျိုးစုများကို ကိုယ်ပိုင်ပြဌာန်းခွင့်ပေးရန် အလွန်ခက်သည်ဟုဆိုပြန်သည်။ အမှန်စင်စစ် ပြည်နယ် အတွင်းရှိလူများစုတစ်ခုနှင့်တစ်ခုကြား မတူညီသောကွဲပြားခြားနားမှုတို့ကို ၎င်းတို့ကိုယ်တိုင်နားလည်မှု၊ ယုံကြည်မှုတည်ဆောက်နိုင်မှသာ တည်ငြိမ်အေးချမ်းသော ပြည်နယ်၊ ထိုမှတဆင့်တည်ငြိမ်အေးချမ်းသောပြည်ထောင်စုကို တည်ဆောက်နိုင်မည် ဖြစ်သည်။
နိုင်ငံတော်တည်ဆောက်ရေး
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်းများ အသီးသီးပေါ်ပေါက်ခဲ့သည်။ အတွေးအခေါ်အရ တိုက်ပွဲဝင်သောအဖွဲ့ တနည်းပြောရလျှင် နိုင်ငံတော်တည်ဆောက်ရေးအပိုင်းကို တစ်ပါတီစနစ် ကွန်မြူနစ်စနစ်ဖြင့်သွားမည်ဟု အခိုင်အမာပြောဆိုကာ တိုက်ပွဲ ဝင်ခဲ့သောအုပ်စုသည် ကွန်မြူနစ်များသာဖြစ်သည်။ နောက်ပိုင်းပေါ်ပေါက်လာသော တိုင်းရင်းသားအုပ်စုများသည် တိုင်းပြည်တည်ဆောက်ရေးထက် အကြောင်းအရာ တစ်ခုကို အခြေခံပြီး ပေါ်ပေါက်လာကြသည်ကို တွေ့ရှိရသည်။ ဥပမာ ဘာသာရေး၊ တောင်သူလယ်သမားအရေး၊ အလုပ်သမားအရေး စသည့် အကြောင်းအရာ တစ်ခုကိုသာ အခြေခံကြသည်။ ၁၉၇၀ ခုနှစ်လွန်ကာလများတွင်သာ နိုင်ငံရေး ရေချိန်မြင့်လာသည်ဟု ဆိုရပေမည်။ ဖက်ဒရယ်အကြောင်းပြောလာကြသည်။ အမျိုးသားရေးအသွင်ဆောင်လာကြသည်။ ၁၉၈၈ နောက်ပိုင်းတွင် နိုင်ငံတော်တည်ဆောက်ရေးအပိုင်းကို ပိုမိုစောင်းပေးလာကြသည်။ ဖွဲ့စည်းပုံများ ရေးဆွဲလာကြသည်။ သို့သော် ဖက်ဒရယ်ပြည်ထောင်စု ဆိုသည့်စကားရပ်မှလွဲ၍ ဘယ်လိုဖက်ဒရယ်ပုံစံမျိုးဆိုသည်ကို ဘုံသဘောတူညီချက် ယနေ့ထက်တိုင် မရရှိသေးပေ။ အင်အားကြီး လက်နက်ကိုင်အဖွဲ့အစည်းများတွင် တိကျခိုင်မာသော နိုင်ငံတော်တည်ဆောက်ရေး မူဘောင် မရှိသလို ပြည်နယ်တစ်ခုလုံး ခြုံငုံသော ဘုံသဘောတူညီချက်ဆိုလျှင် ပို၍ အလှန်းကွာဝေးသွားသည်။ အချိုု့ ပြည်နယ်များတွင် လူမျိုးစု ပြဿနာများရှိသလို လူမျိုးတစ်ခုတည်းတွင် အသွင်မတူသည့် လက်နက်ကိုင်အဖွဲ့အစည်းများရှိနေကြခြင်းသည်လည်း ပြည်နယ်တစ်ခုချင်းအလိုက် နိုင်ငံတော်တည်ဆောက်ရးမူဘောင် ဘုံသဘောတူညီမှုရရန် အခက်အခဲများစွာရှိသည်။ တစ်တောတဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို အချို့က ပြည်ထောင်စုမူဘောင်ကို ကျော်လွန်၍စဉ်းစားကြသည်။ ဤသို့စဉ်းစားတွေးခေါ်မှုသည် လက်တွေ့တွင် အလုပ်ဖြစ်နိုင်၊မဖြစ်နိုင် သုံးသပ်ရန်လိုအပ်သည်။ တိုင်းရင်းသားပြည်နယ်အချင်းချင်း ဘုံသဘောတူညီမှု မရှိခြင်းနှင့် ပြည်နယ်တွင်းစုံညီကွဲပြားမှုတို့သည် သီးခြားဆန်သောအိမ်မက်များအတွက် မဟာကြီးမားသော အတားအဆီးတစ်ခုဖြစ်သည်။ ၂၁ ရာစု နိုင်ငံတော် တည်ဆောက်ရေးအပိုင်းကို စဉ်းစားကြရာတွင် ၂၀ ရာစု စစ်ပြီးစ စစ်အေးတိုက်ပွဲ ရေချိန်မြင့်နေသည့်ကာလ၌ နိုင်ငံတည်ဆောက်ရေး ပုံသဏ္ဍာန်နှင့် နိုင်းယှဉ် စဉ်းစား၍မရနိုင်။ မတူကွဲပြားမှုကို သီးခြားခွဲထုတ်ခြင်းထက် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးကိုစဉ်းစားကြသည်။ အထူးသဖြင့် မတူကွဲပြားသော ယဉ်ကျေးမှုများ အတူရှင်သန်နေထိုင်ကြသည့် နိုင်ငံကြီးများက အတူယှဉ်တွဲနေထိုင်ရေးကို အားပေးကြသည်။ နှစ်ပေါင်း ၇၀ ကျော်ဖြတ်းသန်းလာသော သမိုင်းသင်္ခန်းစာကိုယူ၍ ၂၁ ရာစု မြန်မာနိုင်ငံတည်ဆောက်ရေးသည် မတူညီသောယဉ်ကျေးမှုများ အတူရှင်သန်နိုင်သော နိုင်ငံတော်တည်ဆောက်ရေးသည်သာ အခရာကျသည်ဟု သုံးသပ်ပါသည်။
ကိုရင်သွေး