အာဖဂန်နစ္စတန်မှာ တာဝန်ယူခဲ့တဲ့ သြစတြေးလျ အထူးတပ်ဖွဲ့ ၁၉ ဦးဟာ အာဖဂန်အရပ်သား နဲ့ အကျဥ်းသား ၃၉ ဦးကို သတ်ဖြတ်မှုအပြင် နောက်ထပ် ၂ ဦးကိုလည်း ရက်ရက်စက်စက် ညှဥ်းပန်းခဲ့တဲ့အတွက် စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့ အစီရင်ခံစာ ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ထွက်ပေါ်လာပါတယ်။
စုံစမ်းစစ်ဆေးမှုမှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း အဖြစ်အပျက်တွေ၊ မျက်မြင်သက်သေ ၄၂၅ ဦး၊ အထောက်အထား မှတ်တမ်း ၂ သောင်းကျော်နဲ့ ဓာတ်ပုံပေါင်း ၂၅,၀၀၀ ကျော်ကို ၂၀၁၆ ခုနှစ်ကနေ စစ်ဆေးခဲ့ပြီးနောက် အခုလို အစီရင်ခံစာ ထွက်ပေါ်လာတာပါ..
စုံစမ်းစစ်ဆေး တွေ့ရှိချက်တွေကို ရှင်းလင်းပြောပြတဲ့ သြစတြေလျ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Angus Campbell က အထူးတပ်ဖွဲ့တွေအနေနဲ့ အကျဥ်းသားတွေ၊ လယ်သမားတွေ ဒါမှမဟုတ် တခြားအရပ်သားတွေကို သတ်ဖြတ်တဲ့ သက်သေအထောက်အထားတွေ တွေ့ရှိရပြီး သြစတြေလျစစ်သားတွေရဲ့ ကျူးလွန်းမှုတွေအတွက် အာဖဂန်ပြည်သူတွေကို ဝန်ချတောင်းပန်ပါ တယ်လို့ ပြောဆိုခဲ့ပါတယ်။
“ဒီတွေ့ရှိ စွပ်စွဲချက်တွေက စစ်တပ်ရဲ့ ကျင့်ဝတ်သိက္ခာနဲ့ ထူးချွန်ထက်မြက်တဲ့ တန်ဖိုးတွေကို ကြီးကြီးမားမား ချိုးဖောက်လိုက်တာဖြစ်ပြီး အရပ်သားနဲ့ အကျဥ်းသားတွေကို ဥပဒေမဲ့ သတ်ဖြတ်မှုကို လက်ခံနိုင်စရာမဟုတ်ဘူး”လို့လည်း ပြောပါတယ်။
သြစတြေလျ ဝန်ကြီးချုပ်ကလည်း “သြစတြေလျတပ်ဖွဲ့တချို့ရဲ့ အာဖဂန်နစ္စတန်မှာ ကျူးလွန်ခဲ့တဲ့ လက်ခံနိုင်ဖွယ်မရှိတဲ့ လုပ်ရပ်အတွက် အထူးပင် ဝမ်းနည်းမိပါတယ်”လို့ တွစ်တာမှာ ရေးသားဖော် ပြခဲ့ပါတယ်။
အစီရင်ခံစာအရ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဒါမှမဟုတ် အရင်က တာဝန်ထမ်းဆောင်ခဲ့တဲ့ သြစတြေလျ စစ်သား ၂၅ ဦးဟာ ကြီးလေးတဲ့ရာဇဝတ်မှုမှာ ကိုယ်တိုင်သော်လည်းကောင်း၊ အလိုတူ အလိုပါ အဖြစ်သော်လည်းကောင်း ပါဝင်ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
အစီရင်ခံစာက အမှုဖြစ်ရပ် ၃၆ ခုကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ သြစတြေလျ ဖက် ဒရယ်ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးဖို့ အကြံပြုထားပါတယ်။
ဒီအမှုကို တရားရုံးမှာ ကြားနာစစ်ဆေး ဆုံးဖြတ်မှုတွေ မပြီးခင်မှာ ဖက်ဒရယ်အစိုးရအနေနဲ့ အာဖဂန်နစ္စတန်က ကျူးလွန်ခံရသူတွေရဲ့ မိသားစုတွေကို နစ်နာမှုအတွက် လျော်ကြေးပေးသင့် တယ်လို့ စုံစမ်းစစ်ဆေးတဲ့အဖွဲ့က ယုံကြည်ယူဆပါတယ်။
စုံစမ်းမှုအရ လက်အောက်ငယ်သား စစ်သားတွေဟာ အကျဥ်းသားတွေကို ပစ်ခတ်ပြီး သူတို့ရဲ့ သတ်ဖြတ်မှု နိဒါန်းကို မဖြစ်မနေ စတင်ရတဲ့ “ပွဲဦးထွက်” အတွေ့အကြုံယူဖို့ တပ်မှုးတွေရဲ့ အမိန့်ပေးခြင်းခံရတယ်လို့ ဆိုပါတယ်။
အာဖဂန်မှာရှိတဲ့ တချို့သြစတြေလျတပ်ဖွဲ့တွေကလည်း လက်နက်တွေ၊ လက်ပစ်ဗုံးတွေကို အာဖဂန် အရပ်သားတွေရဲ့ အနီးအနားမှာ တပ်ဆင်ထားပြီး အရပ်သားတွေအနေနဲ့ တရားဝင် ပစ်ခတ်လို့ရတဲ့ စစ်ရေးပစ်မှတ်တွေဖြစ်ကြောင်း ခြိမ်းခြောက်ပြသတဲ့ သက်သေတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ (နိုင်ငံတကာ လူသားချင်းစာနာတဲ့ဥပဒေမှာ ဖော်ပြထားတဲ့ ခွဲခြားသတ်မှတ် ရေးအခြေခံမူအရ အရပ်သားနဲ့ စစ်ရေးဆိုင်ရာပစ်မှတ်တွေကို ခွဲခြားပြီး စစ်ရေးဆိုင်ရာ ပစ်မှတ် တွေကိုသာ တိုက်ခိုက်ဖို့ ဖော်ပြထားပါတယ်။ အရပ်သားတွေအနီးမှာ စစ်ရေးဆိုင်ရာ လက်နက်တွေ ထားရှိခြင်းဖြင့် တဖက်ရန်သူက စစ်ရေးဆိုင်ရာပစ်မှတ်အဖြစ် အရပ်သားတွေကိုပါ တရားဝင်ပစ် ခတ်တိုက်ခိုက်သွားနိုင်ပါတယ်။ ဒါမှမဟုတ်လည်း အာဖဂန် အရပ်သားတွေကို တာလီဘန်တွေဆိုပြီး ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာ၊ တိုက်ခိုက်တာတွေ လုပ်နိုင်မယ့်သဘောပါ။)
အစီရင်ခံစာမှာ တချို့သြစတြေလျတပ်ဖွဲ့တွေမှာ ကောင်းရာ မွန်ရာလမ်းညွှန်နိုင်မယ့် ဆရာကောင်း သမားကောင်း တပ်မှူးကောင်းတွေမရှိပဲ “အသေခံမလား…. ရှင်ကျန်မလား” ဆိုတာမျိုးနဲ့ပဲ ထိန်းကျောင်းကြ တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြန်တမ်းဝင်အရာရှိမဟုတ်တဲ့ ဂိုဏ်းဂနဖွဲ့သူတွေကလည်း စစ်သူရဲကောင်းဝါဒကို သွပ်သွင်း နေတဲ့အတွက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အထူးတပ်တွေအနေနဲ့ စစ်ဝါဒီ သူရဲကောင်းတွေထက်စာရင် စံပြနမူနာယူထိုက်တဲ့ ကျွမ်းကျင် စစ်သားတွေအဖြစ် ဂုဏ်ယူသင့်တယ်လို့လည်း အကြံပြုထားပါတယ်။
ဖြစ်ရပ်မှန်ကို သိတဲ့သူတွေအနေနဲ့ လုံးလုံးလျားလျား လိမ်လည်လှည့်ဖျားထွက်ဆိုမှုတွေနဲ့၊ အထက်အရာရှိတွေကလည်း စုံစမ်းမှုတွေကို တောင့်ခံငြင်းဆန်ဖို့ လွဲမှားတဲ့ လမ်းညွှန်ချက်တွေ ပေးထားတဲ့အတွက် စုံစမ်းစစ်ဆေးသူတွေအနေနဲ့ သူတို့စုံစမ်းစစ်ဆေးရတဲ့ တပ်တွေဆီကနေ သတင်းအချက်အလက်ရရှိဖို့ အခက်အခဲနဲ့ ကြုံရတယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီး Campbell ကတော့ အခုဖြစ်ရပ်တွေဟာ “စစ်တပ်ရဲ့ နှိမ့်ချပြီး အေးဆေးတည်ငြိမ်၊ ထူးချွန်ပြောင်မြောက်တဲ့ ကောင်းမွေတွေကနေ လမ်းချော်ပြီး ဂုဏ်မာန၊ အာဏာ အဆင့်အတန်း တွေအပေါ် လွဲမှားစွာပုံအပ်ခဲ့လို့ လမ်းလွဲသွားတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်”။
သြစတြေလျ နိုင်ငံအနေနဲ့ တရားဥပဒေစိုးမိုးမှုအပေါ် အလေးအနက်ထားပြီး၊ သူ့တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်မှာ ကျူးလွန်ခဲ့တာတွေအတွက် အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်နိုင်တာ ချီးကျူးစရာပါပဲ။
အမေရိကန်စစ်သားတွေ အနေနဲ့လည်း အာဖဂန်နစ္စတန်မှာ စစ်ရာဇဝတ်မှု ကျူးလွန်နိုင်တယ်လို့ ICC က သတ်မှတ်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ စိုင်းပြင်းခဲ့ပေမယ့် သမ္မတ ဒေါ်နယ်ထရန့် Donald Trump က အမိန့်တရပ်ထုတ်ပြန်ပြီး ICC က တရားသူကြီး၊ ရှေ့နေ၊ လူ့အခွင့်အရေး စုံစမ်းစစ်ဆေး သူတွေ အပေါ် အရေးယူမှုတွေလုပ်ပြီး တုန့်ပြန်ခဲ့ပါတယ်။
နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာပဲဖြစ်စေ၊ နိုင်ငံတကာ တပ်ဖွဲ့တွေ တပ်စွဲထားတဲ့ နိုင်ငံရေးမငြိမ်သက်တဲ့ နိုင်ငံတွေမှာဖြစ်စေ။ လက်နက်ကိုင်တပ်ဖွဲ့ဝင်မဟုတ်တဲ့ အရပ်သားတွေအပေါ် မတရားဖမ်းဆီး၊ ညှဥ်းပန်းနှိပ်စက်၊ သတ်ဖြတ်မှုတွေ ကျူးလွန်တာဟာ နိုင်ငံတကာ ရာဇဝတ်မှုဖြစ်တဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီး သြစတြေလျနိုင်ငံလိုမျိုး တာဝန်ယူ၊ တာဝန်မှုရှိရှိနဲ့ ကိုင်တွယ်ဆောင်ရွက်ဖို့ လိုပါတယ်။
(ဟန်ပိုင်)
ကိုးကား။
ABC news; Afghanistan war crimes report released by Defence Chief Angus Campbell includes evidence of 39 murders by special forces
Aljazeera news; Australia finds evidence of war crimes in Afghanistan inquiry
https://www.aljazeera.com/news/2020/11/19/australia-troops-war-crimes-xxxx-afghanistan