စစ်ပဒေသရာဇ် (သို့မဟုတ်) ဖက်ဒရယ်   ပြည်ထောင်စု အတွက် အဓိကဘုံရန်သူ (အပိုင်း ၃)

*ဖက်ဒရယ်မူကိုအကြောင်းပြပြီး စစ်တပ်ကအာဏာသိမ်းခဲ့သည်*

ဖက်ဒရယ်မူဆိုတာ ခွဲထွက်ခြင်းပဲလို့ အားလုံးခေါင်းထဲသို့ စစ်အာဏာရှင်တွေက အတင်းရိုက်သွင်းခဲ့ပါတယ်။ တိုင်းရင်းသားတွေရဲ့ မျှတတဲ့တောင်းဆိုမှုတွေကို ပုံဖျက်ပြီး သမိုင်းကို လိမ်လည်ခဲ့ကြပါတယ်။ တောင်ကြီးညီလာခံပြီးတဲ့နောက် ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် ရောက်တဲ့အခါ ပထမအကြိမ် နှီးနှောဖလှယ်ပွဲကြီးကို ရန်ကုန်မှာကျင်းပပါတယ်။ ဖက်ဒရယ်မူကို တင်ပြဆွေးနွေးကြဖို့ ဦးနုကိုယ်တိုင် စီစဥ်ခဲ့တာဖြစ်ပါတယ်။

ဒီအခြေအနေမှာပဲ ကောလာဟလ သတင်းတွေထွက်လာတာကို သူကြားရကြောင်း “တာတေစနေသား” မှာ ဦးနုကိုယ်တိုင်ရေးထားပါတယ်။ တိုင်းရင်းသားတွေက ဖက်ဒရယ်မူကို တင်ပြဆွေးနွေးကြမယ်။ ဖက်ဒရယ်မူကို လက်ခံရင်လက်ခံ လက်မခံရင် ပြည်နယ်တွေအားလုံးသူပုန်ထကြမယ်ဆိုတဲ့ ကောလာဟလ ပဲဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် မတ်လ ၁ ရက်  မှာ နှီးနှောဖလှယ်ပွဲကို ဒုတိယအကြိမ်အဖြစ် ရန်ကုန်မှာပဲထပ်မံကျင်းပါတယ်။ မြန်မာနိုင်ငံရေးပါတီများကိုယ်စား ပမညတ ဥက္ကဋ္ဌ သခင်ချစ်မောင်နဲ့ ဖဆပလဥက္ကဋ္ဌ ဦးဗဆွေ တို့က ပြည်နယ်များညီညွှတ်ရေးအဖွဲ့ချုပ်က တင်သွင်းတဲ့ ဖက်ဒရယ်မူကို တုံ့ပြန်ဆွေးနွေးကြပါတယ်။

သခင်ချစ်မောင်နဲ့ ဦးဗဆွေတို့နှစ်ယောက်စလုံးဟာ အဓိကအရေးကြီးတဲ့ အချက်လေးချက်စလုံးကို လက်မခံကြပါဘူး။ ဗမာပြည်နယ်ဖွဲ့စည်းရေးကိုလည်း ပြင်းပြင်းထန်ထန် ငြင်းဆန်ကန့်ကွက်ကြပါတယ်။

ဖက်ဒရယ်မူကိုလည်း နယ်ချဲ့ပယောဂ ကြောင့်သာ တင်သွင်းခဲ့ခြင်းဖြစ်တယ်လို့ စွပ်စွဲပြစ်တင်ပါတယ်။ ပြည်ထောင်စုစစ်စစ်ကို ပုံစံရော အနှစ်သာရပါ တကယ်အလိုရှိရင် မြန်မာပြည်ကို ဆိုရှယ်လစ်သမ္မတနိုင်ငံထူထောင်ရေးဆီသို့ ဦးတည်ချီတက်ကြပါလို့ နှပ်ကြောင်းပေးခဲ့ပါသေးတယ်။ ဦးဗဆွေနဲ့ သခင်ချစ်မောင်တို့ရဲ့ ဖက်ဒရယ်မူအပေါ် တုံ့ပြန်ဆွေးနွေးချက်တွေဟာ စစ်တပ်အာဏာသိမ်းစေဖို့ အထောက်အကူပြုခဲ့လေသလားဟု တွေးထင်စရာဖြစ်ခဲ့ပါတယ်။

နှီးနှောဖလှယ်ပွဲကို တတိယအကြိမ်အဖြစ် မတ်လ ၇ ရက်မှာ ထပ်မံကျင်းပရန်ရှိသော်လည်း အထမမြောက်ခဲ့ပါဘူး။ “ဖက်ဒရယ်ခွဲထွက်ရေးမူကြောင့် ပြည်ထောင်စုကြီးပြိုကွဲရန် လက်တစ်လုံးအလိုတွင် ကာကွယ်လိုက်သည်” ဟု အကြောင်းပြပြီး ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ စစ်တပ်က မတ်လ ၂ ရက် မနက်မှာပဲ အာဏာသိမ်းလိုက်ပါတော့တယ်။

  *သမိုင်းဖြစ်ရပ်တွေရဲ့သင်ခန်းစာ*

စစ်တပ်ကိုယ်တိုင် ဖက်ဒရယ်ကိုအကြောင်းပြပြီး စစ်ပဒေသရာဇ်စနစ်ကို အသက်စသွင်းတယ်။ ဖက်ဒရယ်ကိုအကြောင်းပြပြီး ဆိုရှယ်လစ်အရေကိုခြုံခဲ့တယ်။ လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီစနစ်ကို နိုင်ငံရေးအင်အားစုတွေက အကျိုးရှိအောင်အသုံးမချနိုင်ခဲ့ပါဘူး။ ကိုယ်ရည်သွေးတီးလုံးတွေနဲ့ အာဏာငန်းဖမ်းခဲ့ကြပါတယ်။

စစ်တပ်ကိုယ်တိုင် ဖက်ဒရယ်ကိုအကြောင်းပြပြီး စစ်ပဒေသရာဇ်စနစ်ကို အသက်စသွင်းတယ်။ ဖက်ဒရယ်ကိုအကြောင်းပြပြီး ဆိုရှယ်လစ်အရေကိုခြုံခဲ့တယ်။ လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီစနစ်ကို နိုင်ငံရေးအင်အားစုတွေက အကျိုးရှိအောင်အသုံးမချနိုင်ခဲ့ပါဘူး။ ကိုယ်ရည်သွေးတီးလုံးတွေနဲ့ အာဏာငန်းဖမ်းခဲ့ကြပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ကို မတည်ဆောက်နိုင်ခဲ့ခြင်းကလည်း ပြည်တွင်းစစ်ဖြစ်ရခြင်းရဲ့ တရားခံဖြစ်ခဲ့ပါတယ်။ ဒီကြားထဲမှာပဲ စစ်ပဒေသရာဇ်စနစ် အမြစ်တွယ်စေဖို့ နိုင်ငံရေးအင်အားစုတွေက လမ်းဖွင့်ပေးသလို ဖြစ်ခဲ့ပါတယ်။

လွတ်လပ်ရေးရပြီး ယနေ့အချိန်အထိ ဖွဲ့စည်းအုပ်ချုပ်ပုံသုံးခု နဲ့ ဖြတ်သန်းခဲ့ပါတယ်။

၁၉၄၇ အခြေခံဥပဒေအရတော့ ၁၅ နှစ်ပဲအသက်ဝင်ခဲ့ပါတယ်။   ၁၉၆၂ မှာ စစ်တပ်ကအာဏာသိမ်းပြီး ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံကတော့ တစ်ပါတီစနစ်နဲ့ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အလုပ်အကျွေးပြုခဲ့ပါတယ်။ ဒီမိုကရေစီအရေး ဖက်ဒရယ်အရေးတို့ လုံးဝ ဆိတ်သုဥ်းခဲ့ပါတယ်။ ၁၉၇၄ အခြေခံဥပဒေကလည်း ၁၄ နှစ်ပဲခံခဲ့ပါတယ်။

ဖွဲ့စည်းပုံမရှိတဲ့ ကာလတွေမှာတော့ စစ်တပ်ကပဲ ပေါ်ပေါ်တင်တင် ကြီးစိုးခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရတာ ၇၅ နှစ်ပြည့်တော့မှာ ဖြစ်ပေမယ့် စစ်အာဏာရှင်လက်အောက် နေခဲ့ရမှုဟာ ၁၉၅၈ ခုနှစ်က စလို့ ရေတွက်မယ်ဆိုရင် ၆၅ နှစ် ရှိနေတာကို တွေ့ရမှာပါ။ ဒါကို နိုင်ငံရေးအင်အားစုတွေရော တိုင်းရင်းသားပြည်သူအသီးသီးကပါ မြင်အောင်ကြည့်တတ်ဖို့အရေးကြီးပါတယ်။ ၂၀၁၅-၂၀၂၀မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရဆိုတာကလည်း ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ရှင်သန်ခဲ့ရတာဖြစ်ပါတယ်။

ဖွဲ့စည်းပုံ ၃ ခုထဲမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံက အဆိုးဆုံးလို့ ဆိုရမှာပါ။ စစ်ပဒေသရာဇ်စနစ် ထွန်းကားတည်တံ့စေမယ့် ဖွဲ့စည်းပုံဖြစ်နေပါတယ်။ ဖွဲ့စည်းပုံကပဲ စစ်တပ်ကို တရားဝင်အာဏာသိမ်းခွင့်ပြုထားပါတယ်။ သမ္မတဟာ ကာကွယ်ရေးဦးစီးချုပ်ကိုကျော်လွှားလို့မရပါဘူး။ ရွေးကောက်ပွဲနဲ့ တက်လာခဲ့ပေမယ့် အစိုးရကို စိတ်တိုင်းကျ မဖွဲ့နိုင်ပါဘူး။ အရေးကြီးတဲ့ ဝန်ကြီးဌာနတွေကို စစ်တပ်ကယူထားပါတယ်။ ဥပဒေပြုလွှတ်တော်တွေထဲမှာဆိုရင်လည်းတပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက မောင်ပိုင်စီးထားပါသေးတယ်။

“နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဥ်တစိုက် ဦးတည်သည်” ဟု ပြဋ္ဌာန်းပေးထားပါတယ်။ အဲ့ဒီပြဋ္ဌာန်းချက်ကိုအသုံးချပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်တယ်လို့ အကြောင်းပြကာ အာဏာသိမ်းခဲ့ခြင်းပဲ ဖြစ်ပါတယ်။

အခုချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို စစ်တပ်အနေနဲ့ အကာအကွယ်ယူထားဆဲ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးနဲ့အတူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ၂၀၀၈ ကို လက်မခံတော့ဘဲ ဖျက်သိမ်းထားပြီးဖြစ်ပါတယ်။

  *တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ အဓိကဘုံရန်သူဟာ စစ်အာဏာရှင်၊ စစ်ဗဒေသရာဇ်စနစ် ဖြစ်တယ်*

၁၉၆၂ စစ်တပ်အာဏာသိမ်းတာကို ကျောင်းသားသမဂ္ဂ များက ထင်ထင်ပေါ်ပေါ်ကန့်ကွက်ကြပေမယ့် မြေပေါ်ပါတီများနဲ့ နိုင်ငံရေးအင်အားစုများကတော့ နှုတ်ဆိတ်နေခဲ့ကြပါတယ်။ ပြည်သူများကလည်း ငြိမ်သက်သယောင်ရှိခဲ့ပါတယ်။ စစ်တပ်က ဆိုရှယ်လစ်စနစ်နဲ့ စခန်းသွားမယ်ဆိုတဲ့ အချက်
ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၁၉၈၈ အာဏာသိမ်းခြင်းကိုတော့ တိုင်းရင်းသားပြည်သူအားလုံးက ဆန့်ကျင်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်ကာလမှာလည်း လူငယ်တွေဟာ လက်နက်ဆွဲကိုင်ပြီး ပြန်လည်တွန်းလှန်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်ဟာ လိမ္မာပါးနပ်စွာနဲ့ ပါတီစုံစနစ်နဲ့ရွေးကောက်ပွဲကို ငါးစာအဖြစ် ချ​ကျွေးခဲ့ပါတယ်။ တော်လှန်ရေးအရှိန်အဟုန်တန့်သွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအင်အားစုတွေက ပါတီထောင်၊ ရွေးကောက်ပွဲဝင်တဲ့ လမ်းကြောင်းနောက်ကို လိုက်ခဲ့ကြပါတယ်။

အခုလည်း စစ်ကောင်စီက ရွေးကောက်ပွဲဖြစ်အောင်ကြိုးစားနေတာကို တွေ့ရပါတယ်။ ဖက်ဒရယ်ကိုမက်လုံးပေးပြီး တိုင်းရင်းသားတချို့ကို ဖဲ့ထုတ်စည်းရုံးပါတယ်။ ၂၀၀၈ အောက်မှာ ဖက်ဒရယ်စစ်ဖို့နဲ့ ဒီမိုကရေစီထွန်းကားဖို့ဆိုတာ မဖြစ်နိုင်မှန်းကို တွေးကြည့်ရုံနဲ့ သိသာနေပါတယ်။

စစ်တပ်ဟာ ၂၀၀၈ ကို ခံတပ် ပြုလုပ်ထားရုံသာမကတော့ဘဲ ရွေးကောက်ပွဲစနစ်ကိုလည်း PR အဖြစ်ပြောင်းလဲကျင့်သုံးတော့မှာ ဖြစ်တဲ့အတွက် တိုင်းပြည်ဟာ စစ်ပဒေသရာဇ်လက်အောက် ထာဝရကျရောက်သွားဖို့သာ ရှိနေပါတော့တယ်။

စစ်တပ်ဟာ ၂၀၀၈ ကို ခံတပ် ပြုလုပ်ထားရုံသာမကတော့ဘဲ ရွေးကောက်ပွဲစနစ်ကိုလည်း PR အဖြစ်ပြောင်းလဲကျင့်သုံးတော့မှာ ဖြစ်တဲ့အတွက် တိုင်းပြည်ဟာ စစ်ပဒေသရာဇ်လက်အောက် ထာဝရကျရောက်သွားဖို့သာ ရှိနေပါတော့တယ်။

နွေဦးတော်လှန်ရေးရဲ့ အန္တိမပန်းတိုင်ကလည်း စစ်အာဏာရှင်စနစ်ကို အပြီးတိုင်အမြစ်ဖြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ကြဖို့ပဲဖြစ်ပါတယ်။ တိုင်းပြည်ကို ဒုက္ခအပေးခဲ့ဆုံး၊ လက်ဝါးကြီးအုပ် စိတ်ကြိုက်ချယ်လှယ်ခဲ့ကြဆုံး သူတွေကတော့ စစ်အာဏာရှင်တွေသာ ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူများရဲ့ အဓိက ဘုံရန်သူစစ်စစ် ဖြစ်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ဖို့ ၂၀၀၈ အခြေခံဥပဒေနဲ့အတူ စစ်အာဏာရှင်ပါ ဒီမြေပေါ်ကနေ အပြီးတိုင်ချုပ်ငြိမ်းသွားဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။

အခုချိန်ကလည်း တိုင်းရင်းသားနိုင်ငံရေးအင်အားစုများ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအနေနဲ့ စည်းလုံးညီညွှတ်စွာ ဘုံရန်သူကို အမြစ်ဖြတ်ရမယ့် အချိန်အခါ ကောင်းပါပဲ။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကလည်း မျှော်လင့်အားကိုးစွာနဲ့ လိုက်ပါဆောင်ရွက်ကြဖို့အသင့်ရှိနေကြပါပြီ။

ဘုံရန်သူကို အမြစ်မဖြတ်ဘဲ အခွင့်အရေးပေးမိမယ်ဆိုရင်တော့ တောင်ပေါ်မြေပြန့်မကျန် တိုင်းရင်းသားပြည်သူအားလုံဟာ စစ်ပဒေသရာဇ်အောက် ကျရောက်သွားပြီး စစ်အာဏာရှင်အဆက်ဆက် ပြုသမျှ ကျောကော့နေအောင် ခံရဖို့သာ ရှိပါတော့တယ်။

(လက်ရုံးညီ)

– တို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ  ( ဒေါက်တာမောင်မောင်)
-ဗမာပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေများကို လေ့လာခြင်း  ( ဦးရဲမြင့် တရားလွှတ်တော်ရှေ့နေ)
– တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ခုနှစ် အခြေခံဥပဒေ ( ဦးကျော်ဝင်းနှင့် အဖွဲ့ )

– ပင်လုံ ကတိကဝတ်များ ( ဆလိုင်းလျန်မှုန်း )
– ပြည်ထောင်စုစစ်စစ်မူ ( ဆလိုင်းလျန်မှုန်း ၊စိုင်းမောန် )
– သူတို့ခေတ် သူတို့အတိတ် တို့အရိပ် ( သိန်းဖေမြင့်)
–  တာတေစနေသား ( ဦးနု )
– ကိုယ်ပိုင်မှတ်စုများတို့မှ ထုတ်နုတ်ကိုးကား၍ ရေးသားထားခြင်းဖြစ်ပါသည်  

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)