စစ်ပဒေသရာဇ် (သို့မဟုတ်) ဖက်ဒရယ်   ပြည်ထောင်စု အတွက် အဓိကဘုံရန်သူ (အပိုင်း ၂)

၁၉၅၆ ခုနှစ်မှာ ဒုတိယအကြိမ် ပါလီမန်ရွေးကောက်ပွဲကျင်းပပါတယ်။ တိုင်းရင်းသားအရေးကို အလေးပေးဆောင်ရွက်ဖို့နေနေသာသာ ပြည်မနိုင်ငံရေးခေါင်းဆောင်အချင်းချင်း ကွဲကြပြဲကြတယ်။ ၁၉၅၈ ခုနှစ်မှာ ဖဆပလ နှစ်ခြမ်းကွဲတဲ့အထိ ဖြစ်ခဲ့ပါတယ်။

*ပြည်ထောင်စုမှခွဲထွက်ခွင့်*

လွတ်လပ်ရေးရဖို့အတွက် အောင်ဆန်း-အက်တလီစာချုပ်မှာ “နယ်ခြားဒေသများနှင့် မြန်မာနိုင်ငံပေါင်းစည်းရေးကို နယ်ခြားဒေသများတွင်နေထိုင်ကြသော တိုင်းရင်းသားများ၏ဆန္ဒအရ ဖြစ်စေရမည်” လို့ပါဝင်ပါတယ်။ဒီအချက်ကပဲ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ပင်လုံကွန်ဖရင့် ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ ပင်လုံညီလာခံမှာ ရှမ်းနဲ့ကချင်တို့က ပြည်နယ်အလိုရှိကြောင်း သူတို့ဆန္ဒကိုတင်ပြပါတယ်။ ချင်းတိုင်းရင်းသားတွေကတော့ အထူးခရိုင်သို့မဟုတ် အထူးတိုင်းသတ်မှတ်ပေးရန်သာ တင်ပြတောင်းဆိုပါတယ်။ ပင်လုံညီလာခံပြီးသည့်နောက် တောင်တန်းဒေသစုံစမ်းရေးအဖွဲ့ လာရောက်စုံစမ်းချိန်မှာတော့ ကရင်နီနဲ့ ကရင်တို့က ဝန်ကြီးအဖွဲ့အုပ်ချုပ်သော ပြည်မနဲ့မပူးပေါင်းလိုဘဲ ဖက်ဒရယ်ပုံစံမျိုးသာအလိုရှိကြောင်း တင်ပြခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲကြတဲ့အခါ ဖက်ဒရယ်သဘောထားများထည့်သွင်းပြီး ပြည်ထောင်စုပုံသဏ္ဍာန် ဖွဲ့စည်းဖို့ ဖြစ်လာခဲ့ခြင်းဖြစ်ပါတယ်။

 ပြည်ထောင်စုမှ ခွဲထွက်ခွင့်နဲ့ပက်သက်ပြီး ဝန်ကြီးချုပ်ဟောင်းဦးနုကိုယ်တိုင်ရေးတဲ့ “တာတေစနေသား” စာအုပ်မှာ…
၁၉၄၇ခုနှစ် ဇွန် ၁၆ ရက်မှာ မြန်မာနိုင်ငံကို လုံးဝလွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံအဖြစ်ကြေညာနိုင်ဖို့ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဗိုလ်ချုပ်အောင်ဆန်း အဆိုတင်သွင်းတယ်။အဲ့ဒီအဆိုကို အမတ်တော်တော်များများက ထောက်ခံနေကြတဲ့အတွက် လွှတ်တော်အချိန်စေ့သွားပြီး ဆုံးဖြတ်ချက်ချလိုက်တဲ့ဆီ မရောက်ဘဲ လွှတ်တော်ကို နောက်တစ်နေ့အထိရွှေ့ဆိုင်းလိုက်ရတယ်။ ညဘက်မှာ မိုင်းပွန်စော်ဘွားကြီးဟာ ဦးနုဆီရောက်လာတယ်။ တကယ်လို့ ပြည်ထောင်စုထဲကနေ ခွဲထွက်လိုတဲ့အခါ ခွဲထွက်ပိုင်ခွင့်မရရင် ရှမ်းတွေအနေနဲ့ အဆိုကိုထောက်ခံမှာမဟုတ်ကြောင်းပြောလာတယ်။ ဒါကြောင့်ပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ဝန်ကြီးတွေဟာ ရှမ်းကိုယ်စားလှယ်တွေနဲ့တွေ့ပြီးဆွေးနွေးကြတယ်။ ဒီလိုဆွေးနွေးရာမှာ ကရင်နီကိုယ်စားလှယ်တွေလည်းတက်တယ်။ ရှမ်းနဲ့ကရင်နီ ကိုယ်စားလှယ်တွေတောင်းဆိုကြတဲ့အတိုင်း ခွဲထွက်ပိုင်ခွင့်ကို သဘောတူလိုက်ကြရတယ်။ ရှမ်းနဲ့ကရင်နီကိုယ်စားလှယ်တွေကလည်း လွတ်လပ်တဲ့နေ့ကစပြီး ၁၀နှစ်အတွင်း ခွဲထွက်ပိုင်ခွင့်ကို အသုံးမပြုဖို့သဘောတူကြတယ်” လို့ ရေးသားထားတာတွေ့ရပါတယ်။
  ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇) ရဲ့ အခန်း၁၀မှာ ခွဲထွက်နိုင်သောအခွင့်အရေးကို ပုဒ်မ ၂၀၁မှ ပုဒ်မ ၂၀၆ အထိ ထည့်သွင်းပြဌာန်းခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

  *မုန်တိုင်းကြားမှာ ရှင်သန်ခဲ့ရတဲ့လွတ်လပ်ရေး*

လွတ်လပ်ရေးရလုရခါနီးမှာပဲ ဗိုလ်ချုပ်အောင်ဆန်းတို့လုပ်ကြံခံရတယ်။ လွတ်လပ်ရေးရတာကို မြင်တွေ့မသွားသလို စေ့စပ်လို့မရအောင် ကွဲကြပြဲကြပြီး တိုင်းပြည်မုန်တိုင်းထန်ခဲ့ပုံတွေကိုလည်း ဗိုလ်ချုပ်တို့တွေ့မသွားခဲ့ပါဘူး။ သူရည်မှန်းခဲ့တဲ့ ပြည်ထောင်စုဟာလည်း စာရွက်ပေါ်မှာ လမ်းကြောင်းပြောင်းခဲ့ပါတယ်။ ပြည်မကိုအခြေခံပြီး ပြည်နယ်များကိုစုပေါင်းထားတဲ့ ဖက်ဒရယ်လို့ ဘယ်လိုပဲလူကြားကောင်းအောင်ပြောပြော တကယ့်လက်တွေ့မှာတော့ တစ်ပြည်ထောင်စနစ်သာဖြစ်ခဲ့ပါတယ်။

ခွဲထွက်ခွင့်ရထားတဲ့ ရှမ်းနဲ့ကယားတို့ ဒီအခြေအနေအပေါ် အသံတိတ်ခဲ့ရတာကတော့ လွတ်လပ်ရေးရဖို့နဲ့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ပြည်မအပေါ် ယုံကြည်စိတ်ကဲခဲ့လို့ပါပဲ။ ပြီးတော့ အတွေ့အကြုံနည်းတာလည်းပါပါလိမ့်မယ်။ ဒီအပြင်အခြားအကြောင်းတွေလည်း ရှိခဲ့ပါတယ်။

ဗိုလ်ချုပ်တို့ကျဆုံးတယ်။ လွတ်လပ်ရေးရတယ်။ အခြေခံဥပဒေအရ ပထမအကြိမ်ရွေးကောက်ပွဲကို ၁၈လအကြာမှာ ကျင်းပရမှာဖြစ်ပေမယ့် ၂၈လ လို့ပြောင်းလဲသတ်မှတ်လိုက်ရတယ်။ ၁၉၅၀ခုနှစ်မှာတော့ ၂၈လမှ လ၄၀၊ ၁၉၅၁ခုနှစ်မှာတော့ လ၄၀မှ ၄၈လသို့ အဆင့်ဆင့် ပြင်ဆင်သတ်မှတ်ခဲ့ရပါတယ်။ ဒီလိုပြောင်းလဲသွားရတာကလည်း တိုင်းပြည်ရဲ့ကံကြမ္မာလို့ဆိုရမှာပါ။ ၁၉၄၈ခုနှစ် သြဂုတ်လ၂၄ရက်မှာ နိုင်ငံတော်သမ္မတအနေနဲ့ အရေးပေါ်အခြေအနေအရ စစ်ဥပဒေကြေညာချက်ထုတ်ပြန်ခဲ့ရပါတယ်။

၁၉၄၈ မတ်လ ၂၈ မှာ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဇူလိုင် ၂၉ မှာ ပြည်သူ့ရဲဘော်၊ သြဂုတ် ၉ ရက်မှာ တပ်မတော်တပ်ရင်း ၁၊ သြဂုတ် ၁၀ ရက်မှာ တပ်မတော်တပ်ရင်း ၃ နဲ့ ပို့ဆောင်ရေးတပ်မှ တပ်သား ၃၅၀ဦးတို့ အသီးသီး တောခိုခဲ့ကြတဲ့အတွက် အရေးပေါ်အခြေအနေကြေညာခဲ့ရတာဖြစ်ပါတယ်။ သြဂုတ်လ ၃ ရက်မှာ စခဲ့တဲ့ ကရင်တပ်များရဲ့ မြို့သိမ်းတိုက်ပွဲတွေဟာ ၁၉၄၉ မတ်လကုန်အထိ ကျယ်ပြန့်လာခဲ့ပါတယ်။ အားလုံးသိခဲ့ကြတဲ့အတိုင်း ရန်ကုန်အစိုးရလို့အခေါ်ခံရတဲ့ အခြေအနေအထိဖြစ်သွားခဲ့ရပါတယ်။ ဒီအခြေအနေမျိုးတွေကြားမှာ တိုင်းရင်းသားတွေရဲ့ တန်းတူညီတူရှိမှုဟာ ပိတ်လှောင်မိပြီးသားဖြစ်နေမှာ သေချာပါတယ်။

လွတ်လပ်ရေးရပြီးနောက် ပထမဦးဆုံးအကြိမ် ပါလီမန်ရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ်  ဇွန်လ ၁၂ ရက်ရောက်မှ ကျင်းပနိုင်ခဲ့သလို ဖဆပလအဖွဲ့ချုပ်ကပဲအနိုင်ရပြီး အစိုးရဖွဲ့ပါတယ်။ ၁၉၅၁ ခုနှစ်မှာပဲ တရုတ်ဖြူကူမင်တန် ကျူးကျော်မှုပေါ်ပေါက်ခဲ့ပါတယ်။ ဒီလိုအခြေအနေကြားမှာ ရုန်းရင်းကန်ရင်း အာဏာရအစိုးရအနေနဲ့ စစ်တပ်အပေါ် အားကိုးအားထားပြုရတဲ့အခြေအနေ ဆိုက်ရောက်သွားခဲ့ပါတယ်။

၁၉၅၆ ခုနှစ်မှာ ဒုတိယအကြိမ် ပါလီမန်ရွေးကောက်ပွဲကျင်းပပါတယ်။ တိုင်းရင်းသားအရေးကို အလေးပေးဆောင်ရွက်ဖို့နေနေသာသာ ပြည်မနိုင်ငံရေးခေါင်းဆောင်အချင်းချင်း ကွဲကြပြဲကြတယ်။ ၁၉၅၈ ခုနှစ်မှာ ဖဆပလ နှစ်ခြမ်းကွဲတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဖွဲ့စည်းပုံပါခွဲထွက်ခွင့်အရဆိုရင်တော့ ၁၉၅၈ ခုနှစ်ဟာ ၁၀ နှစ်ပြည့်တဲ့ အချိန်အခါပဲဖြစ်ပါတယ်။ တိုက်ဆိုင်မှုပဲလို့ ဆိုရမလားမသိပါဘူး။ စစ်တပ်ခေါင်းဆောင်တွေ အာဏာသိမ်းဖို့ ကြိုးစားတော့မယ့် အရိပ်အယောင်တွေကြောင့်ပဲ ဝန်ကြီးချုပ်ဦးနုအနေနဲ့ ပါလီမန်ကတစ်ဆင့် ဗိုလ်ချုပ်ကြီးနေဝင်းထံသို့ အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။

ဒီဖြစ်စဥ်နဲ့ပက်သက်ပြီး စစ်တပ်က အာဏာသိမ်းတဲ့ ဓလေ့ဖြစ်မှာစိုးရိမ်လို့ အာဏာခဏ လွှဲပေးလိုက်တာပါလို့ ဦးနုက ကာကွယ်ပြောဆိုပါတယ်။ နိုင်ငံရေးအကဲခတ်တွေကတော့ ဦးနုအနေနဲ့ တိုင်းပြည်ကိုစော်ကားပြီး တာဝန်မဲ့စွာပြုမူတယ်လို့ အပြစ်တင်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းကို ကာကွယ်ရေးဦးစီးချုပ်ခန့်တာကလည်း ဦးနုပဲ ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။ နိုင်ငံတော်သမ္မတကြီးတစ်ယောက်လုံး ရှိနေပါတယ်။ သူကြုံတွေ့နေရတဲ့အခက်အခဲတွေကို သမ္မတကြီးထံတင်ပြပြီး အခြားနည်းလမ်းကို ရွေးချယ်သင့်ခဲ့တယ်လို့ သုံးသပ်ကြပါတယ်။ ဦးနုဟာ သူ့သဘောနဲ့သူ ဗိုလ်ချုပ်ကြီးနေဝင်းထံ အာဏာအပ်ဖို့ ဆုံးဖြတ်ချက်အမှားကို ချခဲ့တာဖြစ်ပါတယ်။

  *ဖက်ဒရယ်အသံပြန်လည် ထွက်ပေါ်လာပြီ*

လွတ်လပ်ရေးရပြီး ၁၀ နှစ်ပြည့်တဲ့အခါ ခွဲထွက်ချင်ပါက ခွဲထွက်ခွင့်ရှိပါသော်လည်း ၁၀ နှစ်ပြည့်တဲ့ နှစ်မှာပဲ ဗိုလ်ချုပ်ကြီးနေဝင်း ဝန်ကြီးချုပ်အဖြစ်တာဝန်ယူထားတဲ့ အိမ်စောင့်အစိုးရခေတ်ဖြစ်နေတာကို တွေ့ရပါတယ်။ အိမ်စောင့်အစိုးရလက်ထက် ၁၉၅၉ ခုနှစ် ဧပြီ ၂၄ ရက်မှာပဲ ရှမ်းပြည်နယ် ပြည်သူ့အုပ်ချုပ်ရေး ပေါ်ထွန်းလာစေဖို့အတွက် ရှမ်းစော်ဘွား ၂၉ ဦးတို့ဟာ အာဏာစွန့်လွှတ်လိုက်ရပါတယ်။

၁၉၆၀ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့မှာ အိမ်စောင့်အစိုးရက ဦးစီးပြီး ရွေးကောက်ပွဲကျင်းပပေးပါတယ်။ ၁၉၆၀ ခုနှစ် ဧပြီ ၄ ရက်မှာ ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ အိမ်စောင့်အစိုးရ နှုတ်ထွက်ပြီး ဦးနုရဲ့ ပထစ အစိုးရ (သန့်ရှင်း ဖဆပလ) ကျမ်းသစ္စာကျိန်ဆိုပါတယ်။

ဦးနုအနေနဲ့ အာဏာပြန်ရခဲ့ရင် အဓိကလုပ်ချင်တာ နှစ်ခုရှိတယ်လို့ဆိုပါတယ်။ တစ်ခုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြဌာန်းနိုင်ရေးဖြစ်ပြီး ကျန်တစ်ခုကတော့ ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးအတွက် ပြည်နယ်အသီးသီးက ခေါင်းဆောင်တွေနဲ့အတူ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လိုအပ်သလို ပြင်ဆင်ဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ပါလီမန်မှာ အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်မှာ အတည်ပြုချက်ယူပါတယ်။ ၁၉၆၀ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှာ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို နိုင်ငံတော်သမ္မတအနေနဲ့ ဖွဲ့စည်းပေးခဲ့ပါတယ်။

၁၉၆၁ ခုနှစ် ဇွန်လ ၈ ရက်နေ့ကနေ ဇွန်လ ၁၆ ရက်အထိ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ ပြည်နယ်ပေါင်းစုံ ညီလာခံကြီးကို ကျင်းပ ပြုလုပ်ပါတယ်။ ရှမ်း၊ကယား၊ကချင်၊ကရင်၊ချင်း၊မွန် နဲ့ ရခိုင်ကိုယ်စားလှယ်များစုံညီစွာတက်ရောက်ဆွေးနွေးကြပါတယ်။ ပြည်နယ်များအဖွဲ့ချုပ်ကနေပြီး နိုင်ငံတော်ရဲ့ ရှိရင်းဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်ထောင်စုစစ်စစ်မူ (ဖက်ဒရယ်မူ) အရ ပြင်ဆင်ရေးဆွဲဖို့အကြံပြုထားတဲ့ စာတမ်းတစ်စောင် ထွက်ပေါ်လာခဲ့ပါတယ်။ ဖက်ဒရယ်မူ (ရှမ်းမူ) လို့နာမည်ကြီးခဲ့ပါတယ်။

ဖက်ဒရယ်မူကို ခွဲထွက်ခွင့်တောင်းဆိုတာပဲလို့ တချို့က အဓိပ္ပာယ်လွဲမှားစွာ ကောက်ချက်ချပါတယ်။ တကယ်တော့ ဖက်ဒရယ်မူမှာ ခွဲထွက်ခွင့်ကို တောင်းဆိုထားခြင်း လုံးဝမပါဝင်ပါဘူး။ ၁၉၄၇ အခြေခံဥပဒေဟာ တစ်ပြည်ထောင်သဘောသက်ရောက်နေလို့ ပြည်ထောင်စုမူစစ်စစ် ဖြစ်စေရန် ပြန်လည်ပြင်ဆင်ရေးဆွဲနိုင်ရေးကိုသာ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ အဓိကကျတဲ့ အချက်များကို အကျဥ်းချုပ်ဖော်ပြရရင်တော့…
၁။ မြန်မာပြည်မကို တခြားပြည်နယ်တွေလို ပြည်နယ်တစ်ခုအဖြစ်သတ်မှတ်ရန်။
၂။ လူမျိုးစုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့အား အာဏာချင်းတူကြောင်း သတ်မှတ်ရန်၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်းမှ တူညီသော ကိုယ်စားလှယ်အရေအတွက်စေလွှတ်ရန်။
၃။ ဗဟိုအစိုးရ (ပြည်ထောင်စုအစိုးရ) ကို နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ ငွေစက္ကူထုတ်ဝေရေး၊ ပို့ဆောင်ရေး၊ တရားစီရင်ရေးနှင့် ပင်လယ်ဆိပ်ကမ်းအခွန်ကောက်ခံရေးတို့ကို လွှဲအပ်ပေးပြီး ကျန်ရှိသောအာဏာနှင့် လုပ်ပိုင်ခွင့်များကို ပြည်နယ်အစိုးရများထံသို့ လွှဲအပ်ရေး။
၄။ ပြည်ထောင်စု ဘဏ္ဍာတော်ကို မျှတစွာခွဲဝေရေးတို့သာပါဝင်ပြီး ခွဲထွက်ရေးအကြောင်း ပါဝင်ခြင်းမရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

(လက်ရုံးညီ)

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)