USDP အစိုးရ လက်ထက်တွင် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေပါဇယား (၂)နှင့် ဇယား (၅)ကို ဖြည့်စွက်ပြင်ဆင် ခြင်းများ ပြုလုပ်ခဲ့သော်လည်း အဆိုပါပြင်ဆင်ချက်များသည် “ပြည်ထောင်စုက ပြဌာန်းသည့် ဥပဒေ နှင့်အညီ” ဆိုသည့်စကားရပ်ကို ရှေ့၌ခံထားသည်။ ဆိုလိုသည့်သဘောမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများသည် ပြည်ထောင်စုမှ ခွင့်ပြုပေးသလောက်သာ စီမံပိုင်ခွင့်ရှိသည်ဟူ၍ဖြစ်သည်။
ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ အဘယ်နည်း၊ အဘယ်ကြောင့် ရေးဆွဲသင့်သနည်း
ဖက်ဒရယ်စနစ်ကျင့်သုံးသည့်နိုင်ငံများတွင် အများအားဖြင့် ပြည်နယ်များ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းခွင့်ပေးကြလေ့ရှိသည်။ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ပြည်နယ်အဆင့် လွှတ်တော်အသီးသီးက ကော်မတီတစ်ရပ်ခန့်အပ်ပြီး ရေးဆွဲစေသည်။ ရေးဆွဲပြီး ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ဗဟိုတရားရုံးချုပ်၊ သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတို့က ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ကွဲလွဲခြင်းရှိ၊ မရှိကို စီစစ်အတည်ပြုကြသည်။ အမေရိကန်နိုင်ငံသည် ၎င်း၏ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ် ၅၀ အား ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့် ပေးထားပြီး၊ အမေရိကန်ကဲ့သို့ပင် ဂျာမနီ၊ ဩစတေးလျ၊ သြစတြီးယား၊ အာဂျင်တီးနား၊ ဘရာဇီး၊ အီသီယိုးပီးယား၊ ဆွစ်ဇာလန်၊ မက္ကဆီကို၊ ရုရှား၊ ဗင်နီဇွဲလား၊ မလေးရှားနှင့် ကနေဒါတို့သည်လည်း ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေဟူ၍ အခြေခံဥပဒေနှစ်ရပ်ဖြင့် ကျင့်သုံးလျှက်ရှိကြသည်။ တစ်ချို့ဖက်ဒရယ်နိုင်ငံများတွင်မူ ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ၏ နောက်ဆက်တွဲများအနေဖြင့် ရေးဆွဲပြဌာန်းလေ့ရှိကြသည်။
အကယ်၍ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ သီးခြားရေးဆွဲထားခြင်းမရှိပဲ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲတွင် ထည့်သွင်းပြဌာန်းထားခြင်းခံရပါက ပြည်နယ်များ၏ အရေးကိစ္စများနှင့်ပတ်သက်၍ ပြင်ဆင်/ပယ်ဖျက်/ဖြည့်စွက်လိုပါက ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ သွားရောက်ပြင်ဆင် ရသည်ဖြစ်၍ ပြင်ဆင်ရန် ခက်ခဲကြန့်ကြာတတ်သည်။ အမေရိကန်နိုင်ငံ၏ ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေများတွင် ယေဘုယျအားဖြင့် ပြည်နယ်အတွင်း နေထိုင်ကြသူများ အားလုံးအတွက် တူညီသော အခြေခံရပိုင်ခွင့်များကို ပြဌာန်းပေးထားခြင်း၊ အာဏာသုံးရပ်ကို ပိုင်းခြားကျင့်သုံးခြင်း၊ အုပ်ချုပ်ရေး အာဏာကို ဌာနအသီးသီးနှင့် ဒေသန္တရ အစိုးရအလွှာအဆင့်ဆင့်သို့ ခွဲဝေပေးထားကာ ကျင့်သုံးစေပြီး ဖလော်ရီဒါပြည်နယ်ကဲ့သို့သော တစ်ချို့ပြည်နယ်များတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးက ဥပဒေကို အတည်ပြုရန် လက်မှတ်ရေးထိုးရန် ပျက်ကွက်ပါက လွှတ်တော်က အရေးသာစေနိုင်မည့် အာဏာကို ပိုမိုပေးထားခြင်း၊ လွှတ်တော်က နီဘရားစကား (Nebraska) ပြည်နယ်မှလွဲလျှင် လွှတ်တော်နှစ်ရပ် စနစ်ကို ကျင့်သုံးကြခြင်း၊ အခွန်ငွေကောက်ခံခြင်းနှင့် ဖက်ဒရယ်ဘဏ္ဍာရေးစနစ်ကျင့်သုံးခြင်းတို့ ပါဝင်သည်။
မြန်မာနိုင်ငံ၌ ပြည်နယ်များအား ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ သီးခြားရေးဆွဲခွင့်မပြုပဲ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ထဲတွင်သာ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ လုပ်ပိုင်ခွင့်များကို နောက်ဆက်တွဲဇယားများဖြင့် ပူးတွဲပြဌာန်းခဲ့သည်။ USDP အစိုးရ လက်ထက်တွင် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေပါဇယား (၂)နှင့် ဇယား (၅)ကို ဖြည့်စွက်ပြင်ဆင် ခြင်းများ ပြုလုပ်ခဲ့သော်လည်း အဆိုပါပြင်ဆင်ချက်များသည် “ပြည်ထောင်စုက ပြဌာန်းသည့် ဥပဒေ နှင့်အညီ” ဆိုသည့်စကားရပ်ကို ရှေ့၌ခံထားသည်။ ဆိုလိုသည့်သဘောမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများသည် ပြည်ထောင်စုမှ ခွင့်ပြုပေးသလောက်သာ စီမံပိုင်ခွင့်ရှိသည်ဟူ၍ဖြစ်သည်။
၂၀၀၁ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (National Democracy Front)နှင့် လက်တွဲကာ UNLD (LA)-NDF ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းပြီး၊ ယင်းကော်မတီက ဦးဆောင်ပြီး ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် လှုပ်ရှားဆောင်ရွက်မှုများ
ပြုလုပ်ခဲ့ကြသည်။ ၂၀၀၁ ခုနှစ်အစောပိုင်းကာလများတွင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ ရေးဆွဲ ခြင်းလုပ်ငန်းများ ပံ့ပိုးရေး ကော်မတီ (State Constitution Supporting Committee)ကို ဖွဲ့စည်းကာ ကရင်၊ ကချင်၊ ရှမ်း၊ ချင်း၊ မွန်၊ ရခိုင်၊ ကရင်နီ၊ တနင်္သာရီတို့၏ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများ ရေးဆွဲခြင်းလုပ်ငန်းများ၌ ကူညီမှုများပြုလုပ်သည်။
မူလက ပြည်ထောင်စု၏ ဥပဒေပြုစာရင်း ဇယား (၁)တွင် လုပ်ပိုင်အာဏာများ စုပြုံယူထားပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ သီးခြားလုပ်ပိုင်ခွင့် အာဏာအလွန်နည်းပါးသောကြောင့် ဗဟိုဦးစီးမှု တင်းကြပ်ရာမှ အနည်းငယ်ဖြေလျှော့ပေးဖို့ရာအတွက် ပြည်ထောင်စုအဆင့်တွင် ပုဒ်မ (၄၃၆)၊ ပုဒ်မခွဲ (ခ)နှင့် အညီ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့် ပြင်ဆင်ခဲ့ရခြင်းဖြစ်သည်။ အကယ်၍ ပြည်နယ်များသည် ၎င်းတို့၏ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို သီးခြားလွတ်လပ်စွာရေးဆွဲခွင့်ရှိခဲ့ပါက ပြည်ထောင်စု အဆင့်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်များနှင့် ပြည်ထောင်စုအကြား လုပ်ပိုင်ခွင့်အာဏာ၊ စီရင် ပိုင်ခွင့် ကဏ္ဍများ ခွဲဝေပေးထားသည့်အတိုင်း ပြည်နယ်များ၏ ရပိုင်ခွင့်များနှင့်အညီ ရေးဆွဲ ပြဌာန်း ရသည်ဖြစ်ပြီး၊ ၎င်းတို့၏ ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေများ ပြင်ဆင်ရာတွင်လည်း ပြည်ထောင်စု၏ အဆုံးအဖြတ်ရယူစရာလိုလိမ့်မည်မဟုတ်ပေ။
ဖက်ဒရယ်စနစ်တွင် ပြည်နယ်အစိုးရများသည် ပြည်ထောင်စုအစိုးရ၏ လက်အောက်ခံမဟုတ်ပေ။ ပြည်နယ်အစိုးရများက ၎င်းတို့၏ သက်ဆိုင်ရာနယ်နမိတ်/ဧရိယာအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပိုင်းခြားပေးထားသော ကဏ္ဍအသီးသီးတွင် လွတ်လပ်စွာအကောင်အထည်ဖေါ် စီမံခန့်ခွဲပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်အာဏာများကို ပြည်ထောင်စုအစိုးရကဲ့သို့ပင် အပ်နှင်းခြင်းခံထားရသော အစိုးရများသာ ဖြစ်ကြပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂။ (က)အရ နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာကို ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များအား ခွဲဝေအပ်နှင်း သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ဤဖွဲ့စည်းပုံ အခြေခံဥပဒေက သတ်မှတ်သော ဥပဒေ ပြုရေးအာဏာကို ခွဲဝေအပ်နှင်းသည်ဟု ပါရှိသည်။ ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံများတွင် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအနေဖြင့် ၎င်းတို့၏ အခြေအနေအပေါ် မူတည်၍ ၎င်းတို့၏ မဏ္ဍိုင်သုံးရပ်ကို မည်သို့တည်ဆောက်မည်ကို ဆုံးဖြတ်ကြသည်။ ဖက်ဒရယ်စနစ် ကျင့်သုံးသည့် နိုင်ငံများ၌ ပြည်ထောင်စုအဆင့်၌ လွှတ်တော်နှစ်ရပ်စနစ် (Bicameral Legislature)နှင့် ပြည်နယ် များတွင် အများအားဖြင့် လွှတ်တော်တစ်ရပ်တည်း စနစ် (Unicameral Legislature) ကိုသာ ကျင့်သုံး လေ့ရှိကြသည်။ မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လွှတ်တော်များဖွဲ့စည်းခြင်းကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် တပုံစံတည်း ဖွဲ့စည်းစေရန် ထည့်သွင်းပြဌာန်းထားခြင်းကြောင့် မြို့အရေအတွက် များပြားသော တိုင်းဒေသကြီးများအတွက် အဆင်ပြေနိုင်သော်လည်း၊ ရွေးကောက်ခံ ကိုယ်စားလှယ် ၁၅ ဦးသာပါဝင်ခွင့်ရသော ကယား (ကရင်နီ) ပြည်နယ်လွှတ်တော်အတွက်မူ အရေ အတွက် နည်းပါးလှသည်ဟုဆိုနိုင်ပါသည်။ အဆိုပါ အရပ်သား ကိုယ်စားလှယ် (၁၅)ဦးက ကယား (ကရင်နီ) ပြည်နယ်၏ လူဦးရေ ၃ သိန်း (၂၀၁၄ သန်းခေါင် စာရင်းအရ)ကို ကိုယ်စားပြုကာ ဥပဒေများ ပြုရသည်မှာ ဝန်နှင့် အား မမျှသည့်သဘောဖြစ်သည်။ ၂၀၁၀-၂၀၁၅ လွှတ်တော်သက်တမ်းအတွင်း ကယား(ကရင်နီ)လွှတ်တော်၏ အတည်ပြုဥပဒေ စုစုပေါင်း (၂၄)ခုဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် (၁၄)ခုတွင် အနည်းဆုံး ဥပဒေပြုခဲ့သည့် လွှတ်တော်ဖြစ်ခဲ့သည်။ ထို့အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပါလီမန်စနစ်ကျင့်သုံးခြင်းကြောင့် လွှတ်တော်ထဲမှ အစိုးရအဖွဲ့ဝင်များကို ထုတ်နှုတ်ခန့်အပ်ခြင်းက မူလကပင် ကိုယ်စားလှယ်အရေအတွက်နည်းပါးသော လွှတ်တော်များကို ပိုမို အင်အားလျော့နည်းစေခဲ့သည်။
ထိုကဲ့သို့ ပြည်နယ်များအတွက် လွှတ်တော်တစ်ရပ်စနစ်ကျင့်သုံးသော်လည်း လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကို ပိုမိုတိုးမြှင့်နိုင်သည်။ ရှမ်းပြည်နယ်ကဲ့သို့ နယ်မြေကျယ်ပြန့်ပြီး လူဦးရေသိပ်သည်းကာ လူမျိုးစုများပြားသော ပြည်နယ်များအနေဖြင့်မူ လွှတ်တော်နှစ်ရပ်စနစ်ကျင့်သုံးခြင်းက ပိုမိုအဆင်ပြေနိုင်သည်။ ဖက်ဒရယ် နိုင်ငံများတွင် ပြည်နယ်များအနေဖြင့် ၎င်းတို့၏ ပြည်နယ်လွှတ်တော်များအတွက် ရွေးကောက်ပွဲများကို မည်သည့်စနစ်ကျင့်သုံးမည်၊ မည်သို့ ကျင်းပမည်တို့ကို ကိုယ်တိုင် စီမံခန့်ခွဲနိုင် ကြပါသည်။ ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို သီးခြားလွတ်လပ်စွာရေးဆွဲရပါက ပြည်နယ်များအနေဖြင့် ၎င်းတို့၏ လွှတ်တော်များဖွဲ့စည်းရာတွင် လူဦးရေအနည်းအများအပေါ်မူတည်၍ လွှတ်တော်နှစ်ရပ်စနစ်ကျင့်သုံးမည်လော၊ လွှတ်တော်တစ်ရပ်စနစ် ကျင့်သုံးမည်လော ဆိုသည်ကို ကိုယ်တိုင် ရွေးချယ်ခွင့်ရှိမည်ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ ပုဒ်မ (၁၃)အရ တိုင်းဒေသကြီး(၇) ခုတွင် တိုင်းဒေသကြီး လွှတ်တော်တစ်ရပ်စီနှင့် ပြည်နယ် (၇)ခုတွင် ပြည်နယ်လွှတ်တော် တစ်ရပ်စီ ရှိသည်ဟုဆိုကာ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လွှတ်တော်ဖွဲ့စည်းခြင်း လုပ်ပိုင်ခွင့် အာဏာကို အတိအလင်း ဝင်ရောက်စွက်ဖက်ပြဌာန်းထားသည်။ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများထဲတွင် သက်ဆိုင်ရာ ပြည်နယ်များအတွင်း နေထိုင်ကြသော လူနည်းစုများအား အကာအကွယ်ပေးနိုင်သည့် အုပ်စုအခွင့်အရေးနှင့် ဒေသတွင်း အစဉ်အလာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်ပတ်သက်သည့် အခွင့်အရေးများကိုလည်း ထည့်သွင်း ပြဌာန်းလေ့ရှိကြသည်။
ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကြိုးပမ်းမှုများ
၁၉၈၈ တွင် ပြည်နယ်(၇)ခုမှ တိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့်စုဖွဲ့ထားသော ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD)ကို တည်ထောင်ခဲ့ကြသည်။ UNLD ကို ၁၉၉၈ ခုနှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) / UNLD (LA)အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၂၀၀၀ ခုနှစ်လောက်မှစ၍ ဖက်ဒရယ်အရေးလှုပ်ရှားမှုများ စုစည်းမှု အားကောင်းလာကြသည်။ ၂၀၀၁ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (National Democracy Front)နှင့် လက်တွဲကာ UNLD (LA)-NDF ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းပြီး၊ ယင်းကော်မတီက ဦးဆောင်ပြီး ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် လှုပ်ရှားဆောင်ရွက်မှုများ
ပြုလုပ်ခဲ့ကြသည်။ ၂၀၀၁ ခုနှစ်အစောပိုင်းကာလများတွင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ ရေးဆွဲ ခြင်းလုပ်ငန်းများ ပံ့ပိုးရေး ကော်မတီ (State Constitution Supporting Committee)ကို ဖွဲ့စည်းကာ ကရင်၊ ကချင်၊ ရှမ်း၊ ချင်း၊ မွန်၊ ရခိုင်၊ ကရင်နီ၊ တနင်္သာရီတို့၏ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများ ရေးဆွဲခြင်းလုပ်ငန်းများ၌ ကူညီမှုများပြုလုပ်သည်။
အခြားတစ်ဘက်တွင်လည်း ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းမှုကော်မတီ (Federal Constitution Drafting and Coordination Committee)ကို ဖွဲ့စည်းပြီး ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယ မူကြမ်း) ကို အတည်ပြုနိုင်ခဲ့ပြီး ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း (၈)ခု မှာလည်း ရေးဆွဲပြီးစီးနိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council) (UNFC)က FCDCC ၏ မူကြမ်း (၂၀၀၈)ကို ထပ်မံဖြည့်စွက်ခဲ့ပြီး ယင်း ၂၀၁၆ မူကြမ်း ကို CRPH က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Charter)ရေးဆွဲရာတွင် ကိုးကားခဲ့ သည်။
အထောက်အကူပြု ကော်မတီ (SCSC)သည် ပြည်နယ်များ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် အခြေခံရမည့်လမ်းညွှန်မူ (၇)ချက် သတ်မှတ်ခဲ့ပြီး ယင်းတို့အထဲတွင် ၁။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများသည် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ခြင်းမရှိစေရ။ (အကယ်၍ ပြည်ထောင်စုနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတို့အကြားကွဲလွဲမှုရှိပါက ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို လွှမ်းမိုးမှုရှိစေရမည်) ၂။ ပြည်နယ် များ၏ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကို အပြည့်အဝအပ်နှင်းရမည် ၃။ ပြည်နယ်များကို နိုင်ငံရေး အာဏာ (ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ)များကို အပြည့်အဝ ကျင့်သုံးနိုင်ရန် အာမခံချက်ပေးရမည်ဆိုသည့် အချက်တို့ကို ထည့်သွင်းဖေါ်ပြထားသည်။ ကျန်အချက် များမှာလည်း ဖက်ဒရယ်နိုင်ငံများ၏ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများထဲတွင် ထည့်သွင်းပြဌာန်း ထားသည်ကို တွေ့ရလေ့ရှိသည့် အဓိကအချက်များဖြစ်ကြသည်ကို တွေ့ရသည်။ SCSC ၏ ပံ့ပိုးကူညီမှု ဖြင့် ရေးဆွဲထားသော ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၈)ခုတွင် လွှတ်တော်နှစ်ရပ် (အထက် လွှတ်တော်နှင့် အောက်လွှတ်တော်)စနစ် ကျင့်သုံးထားသည်ကို တွေ့ရသည်။
-K.L-