နာတာရှည်တိုင်းပြည်အတွက် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဌာန်းခြင်း ကုထုံး (စစ်မှန်သော အနာဂါတ် ဖက်ဒရယ်ပြည်ထောင်စုသို့ ခြေလှမ်းတစ်ရပ်) (အပိုင်း-၁)

နိဒါန်း

မြန်မာနိုင်ငံတွင် လူမျိုးစုပေါင်း (၁၀၀)ကျော် မှီတင်းနေထိုင်လျှက် ရှိကြပါသည်။ မတူကွဲပြားမှုနှင့် ယဉ်ကျေးမှုပေါင်းစုံရှိသော တိုင်းပြည်များတွင် ပဋိပက္ခများ ဖြေလျှော့ရန်နှင့် တန်းတူညီမျှမှု ဖြစ်စေရန်အတွက် ဖက်ဒရယ်စနစ်ကို ကျင့်သုံးလေ့ရှိကြပါသည်။ သို့ရာတွင် မြန်မာနိုင်ငံမှာ ဗြိတိသျှ ကိုလိုနီ လက်အောက်မှ လွတ်မြောက်ခဲ့သည့် ၁၉၄၈ ခုနှစ်မှစတင်၍ ယနေ့ထိတိုင် အနှစ်သာရပြည့်ဝသော ဖက်ဒရယ်စနစ်ကို ကျင့်သုံးနိုင်ခြင်း မရှိသေးသည့်အတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် သော်လည်းကောင်း၊ လက်နက်ကိုင် နည်းလမ်းဖြင့် သော်လည်းကောင်း နှစ်ပေါင်း (၇၀)ကျော် အဖြေရှာ နေခဲ့ကြရသည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အာဏာခွဲဝေမှု မညီမျှခြင်းနှင့် နိုင်ငံရေး တန်းတူ ညီမျှမှုမရှိခဲ့ခြင်းတို့က မိမိတို့ဆန္ဒအလျောက် ပူးပေါင်းခဲ့သော လူမျိုးစုပြည်နယ်များအား ပြည်ထောင်စု အပေါ် ယုံကြည်မှုပျက်ပြားစေခဲ့သည်။ လူမျိုးစုများ၏ ရသင့်ရထိုက်သည့် အခွင့်အရေးများကို ၎င်းတို့၏ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများဖြင့် ပြဌာန်းရေးဆွဲခွင့်ပြုကာ နိုင်ငံရေးအရသော်လည်းကောင်း၊ ဥပဒေအရသော်လည်းကောင်း ခိုင်မာစေသင့်သည်။ သို့ရာတွင် ပြည်ထောင်စုကို မိမိတို့ သဘောဆန္ဒ အလျောက် ပူးပေါင်းပါဝင် တည်ဆောက်ခြင်း ဖြစ်သည့်အတွက် ပြည်နယ်များက အဓိကကျရမည် ဖြစ်သော် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များက ၎င်းတို့၏ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို သီးခြားလွတ်လပ်စွာ ရေးဆွဲပြဌာန်းရခြင်းမရှိခဲ့ချေ။ လူမျိုးစုအခြေပြု တည်ဆောက်ထားသော ပြည်နယ်များတွင် ၎င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာ အမွေအနှစ်များကို ကာကွယ် ထိန်းသိမ်းရန်နှင့် သက်ဆိုင်ရာနယ်မြေဒေသအတွင်းရှိ နိုင်ငံသားများ၏ အခွင့်အရေးကိုလည်း ပြဌာန်းနိုင်ရန်အတွက် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ရေးဆွဲကြရသည်။

ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများသည် ကိုယ်ပိုင်ပြဌာန်းခွင့်၏ သရုပ်လက္ခဏာဖြစ်ပြီး ဖက်ဒရယ် စနစ်၏ အင်္ဂါရပ်တစ်ခုလည်း ဖြစ်ပါသည်။ နိုင်ငံရေးခေါင်းဆောင်များ အနေဖြင့် မြန်မာပြည်၏ နိုင်ငံရေး ပြဿနာကို ဖြေရှင်းရန်အလို့ငှာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခွင့်အတွက် ၁၉၉၀၊ ၂၀၀၀၊ ပြည့်နှစ်များတွင် လည်းကောင်း၊ ၂၀၁၀ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကာလများတွင် လည်းကောင်း ကြိုးပမ်းအားထုတ်ခဲ့ကြသည်များကို တွေ့ရပါသည်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကာလများတွင်လည်း NUCC က ရေးဆွဲခဲ့သော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်မှတစ်ဆင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး အာမခံချက်များ တွေ့မြင်နေရပြီး၊ ဆန့်ကျင်ဘက်အရပ်၌ တည်ရှိနေသော နစက အနေဖြင့်လည်း နိုင်ငံရေးရပ်ဝန်းတွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန်အလို့ငှာ ၎င်းတို့နှင့် ပူးပေါင်း ဆောင်ရွက်နေသော တိုင်းရင်းသား အင်အားစုများအား လိုက်လျောမှုတစ်ချို့ ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။ တစ်ဘက်တွင်လည်း ၂၀၂၂ ခုနှစ် ဇန္နဝါရီလတွင် ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU က ဖက်ဒရယ်အခြေခံမူနှင့် ရှမ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ရေးဆွဲခဲ့ပြီး ရှမ်းပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီနှင့် EAO အဖွဲ့အစည်းများအား ဆက်လက်တင်ပြသွားမည်ဟု ဆိုခဲ့ပြီး၊ မွန်ပြည်သစ်ပါတီကလည်း ၂၀၂၂ ခုနှစ် မေလတွင် ၎င်းတို့ ဦးဆောင်ကျင်းပသည့် မွန်အမျိုးသား ညီလာခံ၌ ရာမည မွန်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို (၆)လအတွင်း ရေးဆွဲသွားရန် ဆုံးဖြတ်ခဲ့ကြသည့် လှုပ်ရှားမှုတစ်ချို့ကို တွေ့ရမည် ဖြစ်ပါသည်။ ဤဆောင်းပါးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အကြပ်အတည်းကြောင့် ထွက်ပေါက်ပျောက်နေခဲ့ရသော မြန်မာ့နိုင်ငံရေးပြဿနာကို ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ တည်ဆောက်ရေးရှုထောင့်မှ ချဉ်းကပ်ပုံများကို ဖေါ်ပြထားခြင်း ဖြစ်ပါသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် နိုင်ငံရေးနောက်ခံ ကားချပ်

၁၉၄၇ ဖေဖဝါရီလ ၁၂ ရက်နေ့တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်၏ အပိုဒ် ၅ တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များက ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအနေဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိရမည်ဟု သဘောတူ လက်မှတ်ထိုးခဲ့ကြသည်။ ကိုယ်ပိုင်ပြဌာန်းခွင့် (Self-determination) ဆိုသည်မှာ တရားရေး၊ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးတို့သာမက စီးပွားရေးနှင့် လူမှုရေး၊ ဓလေ့ထုံးတမ်း၊ အမျိုးသားလက္ခဏာရပ်များကို ကာကွယ်ခွင့် အစရှိသည့် စုပေါင်းခံစားခွင့် (Collective Rights)ကိစ္စရပ်များတွင်ပါ မိမိတို့၏ ဒေသအခြေအနေအပေါ်မူတည်၍ ကိုယ်ပိုင်ဆုံးဖြတ် ပိုင်ခွင့်ကို ဆိုလိုပါသည်။ ကိုယ်ပိုင်ပြဌာန်းခွင့်သည် အလုံးစုံလွတ်လပ်ရေး၊ သို့မဟုတ် ခွဲထွက်ရေးကို မဆိုလိုပေ၊၊

၁၉၄၇ ဖေဖဝါရီလ ၁၂ ရက်နေ့တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်၏ အပိုဒ် ၅ တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များက ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအနေဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိရမည်ဟု သဘောတူ လက်မှတ်ထိုးခဲ့ကြသည်။ ကိုယ်ပိုင်ပြဌာန်းခွင့် (Self-determination) ဆိုသည်မှာ တရားရေး၊ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးတို့သာမက စီးပွားရေးနှင့် လူမှုရေး၊ ဓလေ့ထုံးတမ်း၊ အမျိုးသားလက္ခဏာရပ်များကို ကာကွယ်ခွင့် အစရှိသည့် စုပေါင်းခံစားခွင့် (Collective Rights)ကိစ္စရပ်များတွင်ပါ မိမိတို့၏ ဒေသအခြေအနေအပေါ်မူတည်၍ ကိုယ်ပိုင်ဆုံးဖြတ် ပိုင်ခွင့်ကို ဆိုလိုပါသည်။ ကိုယ်ပိုင်ပြဌာန်းခွင့်သည် အလုံးစုံလွတ်လပ်ရေး၊ သို့မဟုတ် ခွဲထွက်ရေးကို မဆိုလိုပေ။ တစ်ကယ်တန်း ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းသောအခါတွင် ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ လွတ်လပ်စွာရေးဆွဲပြဌာန်းခွင့် ပါမလာခဲ့ချေ။ ယင်းကအစပြု၍ နိုင်ငံရေး ပြဿနာများအစပျိုးလာခဲ့ခြင်းဖြစ်သည်။

ပင်လုံစာချုပ်အားဖြင့် တိုင်းပြည်ထူထောင်ကြရာတွင် မူအားဖြင့် သဘောတူထားသည့်အချက်များ ထဲတွင် နိုင်ငံရေးတန်းတူညီမှုနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိရမည်ဆိုသည့် အချက်များ ပါဝင်ပါသည်။ ပြည်ထောင်စုစနစ်ကျင့်သုံးရန် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံရေးဆွဲကြစဉ်က ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ ကရင်နီ၊ ဗမာဟူသော လူမျိုးစုကြီးများကို အခြေခံ၍ ပြည်ထောင်စုအဖွဲ့ဝင်များအဖြစ် စဉ်းစားခဲ့ကြခြင်း ဖြစ်ပါသည်။

ဖဆပလ၏ ပဏာမပြင်ဆင်မှုညီလာခံတွင် အတည်ပြုခဲ့သည့် အဆိုပြုချက် (၁၄)ချက်တွင် ပြည်ထောင်စုအဖွဲ့ဝင်များ၏ အဆင့်အတန်းများကို ပြည်ထောင်စုပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရ ပြည်နယ်၊ လူမျိုးစုပြည်နယ်ဟူ၍ အဆင့်အတန်းခွဲခြားထားသည်။ ပြည်ထောင်စု ပြည်နယ်အဖြစ်သတ်မှတ်ရာတွင် ၁။ ပထဝီအနေအထားအရ နယ်နမိတ်အထင်အရှားရှိခြင်း၊ ၂။ မြန်မာစကားနှင့်မတူသော ဘာသာစကားတစ်မျိုးရှိခြင်း ၃။ ယဉ်ကျေးမှုတစ်မျိုးရှိခြင်း ၄။ ရာဇဝင်အစဉ်အလာတစ်မျိုးတည်းရှိသော လူစုရှိခြင်း ၅။ စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေးလုံလောက်မှုတို့ရှိသော လူစုရှိခြင်း ၆။ လူဦးရေ အတော်အတန်ရှိခြင်း ၇။ ပြည်ထောင်စုအဖွဲ့ဝင် သီးခြားဒေသတစ်ခုအဖြစ်ဖြင့် မိမိကိုယ်ပိုင် ထင်ရှားချက်အတိုင်း နေလိုသောဆန္ဒရှိခြင်းဆိုသည့် အင်္ဂါရပ်များပါဝင်သည်။ ယင်းအချက် (၇)ချက်အရ ဆိုလျှင် ထိုစဉ်က လူမျိုးစုဒေသများ၏အခြေအနေမှာ ရှမ်းပြည်တစ်ခုတည်းသာလျှင် ပြည်ထောင်စု ပြည်နယ်ဖြစ်နိုင်ကြောင်းကို ဗိုလ်ချုပ်အောင်ဆန်းကလည်း မှတ်ချက်ပြုခဲ့သည်။ မိမိသဘောဆန္ဒ အလျောက် ပြည်ထောင်စုအတွင်း ပါဝင်ရာတွင် နိုင်ငံရေးတန်းတူညီမှုရှိရမည်ဆိုသော ကတိကဝတ်မှာ ပြည်ထောင်စုအဖွဲ့ဝင်များ၏ အဆင့်အတန်းခွဲခြားသတ်မှတ်မှုကြောင့် ရှေ့နောက်ဆီလျော်မှုမရှိတော့ဟု ဆိုနိုင်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်ပြုလွှတ်တော်တွင် တင်သွင်းသော လမ်းညွှန် (၇)ချက်တွင် တစ်သီး ပုဂ္ဂလ ပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် သတ်မှတ်ဖေါ်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ ရရှိစေရမည်ဟုပါရှိသည်။ ထိုစဉ်က ကတိကဝတ်များအား သုံးသပ်ကြည့် လျှင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ သဘောတူညီထားသည့် အရေးကြီး သည့်အချက်များမှာ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးပင် ဖြစ်ပါသည်။ ပအိုဝ်းအမျိုးသား ခေါင်းဆောင် ခွန်ဥက္ကာက ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုသည်မှာ ၁။ ဥပဒေ ရေးဆွဲနိုင်သည့် အာဏာ ၂။ အုပ်ချုပ်ပိုင်ခွင့်အာဏာ ၃။ တရား စီရင်နိုင်သည့်အာဏာ ဟူ၍ အာဏာ ၃ မျိုး ရှိသည်ဟု ဆိုသည်။ ကိုယ်ပိုင်ပြဌာန်းခွင့်အနေဖြင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံများ သီးခြားလွတ်လပ်စွာရေးဆွဲခွင့် ရှိဖို့လိုအပ်ပြီး၊ အဆိုပါ ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေများသည် မိမိတို့သက်ဆိုင်ရာ ပြည်နယ်/ ဒေသ များ၏ စီးပွားရေး၊ လူဦးရေ၊ နယ်ပယ်အကျယ်အဝန်းနှင့် နောက်ခံအခြေအနေများအပေါ်မူတည်၍ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်အတွက် ရေးဆွဲကြခြင်းဖြစ်သည်။ အစိုးရ အုပ်ချုပ်ပုံစနစ်မှာ များသောအားဖြင့် ဖက်ဒရယ်နှင့် အဖွဲ့ဝင်ပြည်နယ်များက တူညီစွာကျင့်သုံးလေ့ရှိကြ ပြီး၊ တစ်ချို့နိုင်ငံများတွင်မူ ပြည်ထောင်စုအဆင့်တွင် သမ္မတစနစ်ကို ကျင့်သုံးသော်လည်း ပြည်နယ် များတွင် ဝန်ကြီးချုပ် ဦးဆောင်သော ပါလီမန်စနစ်ကို ကျင့်သုံးကြသည်ကို တွေ့ရသည်။  ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၁၅၄။ (၁)အရ ရှမ်းပြည်နယ်ကောင်စီကို ပါလီမန်၏ ရှမ်းပြည်နယ် ဆိုင်ရာ အမတ်အားလုံးဖြင့် ဖွဲ့စည်းရန် ပြဌာန်းထားသည်။ ပုဒ်မ (၁၆၀)တွင် ဝန်ကြီးချုပ်က ရှမ်းပြည်နယ်ကောင်စီနှင့် တိုင်ပင်ပြီး ရှမ်းပြည်နယ်ဆိုင်ရာအမတ်များထဲမှ တစ်ဦးကို အမည်စာရင်း တင်သွင်းကာ ရှမ်းပြည်နယ်ဝန်ကြီး (ခေါ်) ရှမ်းပြည်နယ်ဥက္ကဌကို ခန့်အပ်ခွင့်ပေးထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ပုဒ်မ ၂၆၁ (ခ) ၁ အရ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် များအား တင်မြှောက်ရာတွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် များထဲမှ တစ်ဦးကိုဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ တစ်ဦးကိုဖြစ်စေ သမ္မတက အမည် စာရင်း တင်သွင်းကာ လွှတ်တော်အသီးသီးက ပယ်ချနိုင်သည့် အခွင့်အလမ်းနည်းပါးစွာဖြင့် အတည်ပြု ပေးရသည်။ ပြည်နယ်များအနေဖြင့် ၎င်းတို့ကို အုပ်ချုပ်ရေးဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စများတွင် ကိုယ်စားပြုပေးမည့် ဝန်ကြီးချုပ်များ ခန့်အပ်ရာတွင် တိုက်ရိုက် တင်မြှောက်ခွင့်မရှိဘဲ ပြည်ထောင်စု (သမ္မတ)က တိုက်ရိုက်ရွေးချယ်ခန့်အပ်ခြင်းပင်ဖြစ်သည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်၊ ရှမ်းနှင့် ကချင်ပြည်နယ်တို့တွင် ရွေးကောက်ပွဲအတွင်း မဲအပြတ်အသတ် အနိုင်မရရှိခဲ့သော်လည်း NLD သည် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ဝန်ကြီးချုပ်များ ရွေးချယ်ရာ၌ ၎င်းပြည်နယ်အသီးသီးမှ တိုင်းရင်းသားပါတီများ၏ ဆန္ဒကို လွန်ဆန်ကာ NLD ပါတီမှ ကိုယ်စားလှယ်များကိုသာ ဝန်ကြီးချုပ် အဖြစ်ရွေးချယ်ခန့်အပ်ခဲ့သည်။ NLD ပါတီက ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကဲ့သို့ပင် ဗမာ အာဏာ ကြီးစိုးလွှမ်းမိုးသည့် အားသာချက်များပါဝင်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အရသာကို စွန့်လွှတ် ရန်၊ သို့မဟုတ် တိုင်းရင်းသားပါတီများထံ သဘောထားကြီးစွာ လွှဲပြောင်းပေးရန် တွန့်ဆုတ်ခဲ့သည်။

အဆိုပါ ပုဒ်မ ၂၆၁ အား USDP ပါတီ အစိုးရဖြစ်စဉ်က NLD နဲ့ တိုင်းရင်းသားပါတီတစ်ချို့က ပြင်ဆင်ရန် ကြိုးပမ်းခဲ့ကြရာတွင် တပ်မတော်နှင့် USDP မှ လွှတ်တော်ကိုယ်စားလှယ်များက သဘော မတူခဲ့ကြ သဖြင့် မပြင်နိုင်ခဲ့ချေ။ သို့ရာတွင် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် NLD ပါတီ အာဏာရ လာသောအခါတွင်လည်း ၎င်းပုဒ်မကို ပြင်ဆင်ရန် တပ်မတော်နှင့် USDP   ပါတီတို့က ကြိုးစားခဲ့ပြီး လွှတ်တော်တွင်း ကိုယ်စားပြုမှု အများဆုံးဖြစ်နေသော NLD အမတ်များက သဘောမတူခဲ့သဖြင့် မအောင်မြင်ခဲ့ပြန်ပေ။ ထို့ကြောင့်ပင် ANP ပါတီထဲမှ ဒေါက်တာအေးမောင်တို့အုပ်စုနှင့် SNLD ပါတီတို့က NLD ပါတီအား ဝေဖန်မှုများရှိခဲ့ပြီး တိုင်းရင်းသားအင်အားစုများနှင့် NLD ပါတီတို့အကြား မကြေ လည်မှုများ ရှိလာခဲ့သည်။ ထို့အပြင် ၂၀၁၈ ခုနှစ်တွင် ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ကလည်း ပုဒ်မ (၂၆၁) ပြင်ဆင်ပေးရန် NLD အား တိုက်တွန်းလာခဲ့သည်။ ၂၀၂၂ ခုနှစ်၌ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆော်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ ဝန်ကြီးချုပ်များအား တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက ခန့်အပ်နိုင်ရန် ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် သဘောတူခဲ့ကြသည်။ တစ်ကယ်တန်းတွင် လွှတ်တော်ထဲ၌ တပ်မတော်သားကိုယ်စားလှယ် ၂၅% ရှိနေခြင်းကြောင့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ခြင်းက ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များ ခန့်အပ်ခြင်းအတွက် အဆုံးအဖြတ်မှာ အဆိုပါ ၂၅% သော လွှတ်တော်တွင်း ဆန္ဒမဲထံ၌ တည်ရှိသွား လိမ့်မည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

၁၉၆၁ ခုနှစ်တွင် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ဖြစ်ပေါ်လာသော အကျပ်အတည်းများကို ပြန်လည်ကုစားရန် ပြည်နယ်များညီညွတ်ရေးအဖွဲ့က ဖက်ဒရယ်မူတစ်ရပ်ကို တင်သွင်းခဲ့ပြီး၊ ယင်းမူထဲ တွင် ပြည်မကို ပြည်နယ်တစ်နယ်အဖြစ် ဖွဲ့စည်းရေး၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်းက တူညီသော ကိုယ်စားလှယ်အရေအတွက်ပေးရေး၊ လွှတ်တော်နှစ်ရပ် (လူမျိုးစုလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်) ကို အာဏာတူပေးရေး စသည်အားဖြင့် လူမျိုးစုနှင့် ပြည်နယ်များ၏ တန်းတူညီမျှခွင့် အတွက် တောင်းဆို ချက်များပါဝင်ခဲ့သည်။ ၎င်းအဆိုနှင့်ပတ်သက်၍ တိုင်းရင်းသားခေါင်းဆောင်များက ထောက်ခံဆွေးနွေး ခဲ့ကြသော်လည်း ပမညတ၊ ဖဆပလတို့မှ နိုင်ငံရေးခေါင်းဆောင်များက ကွန်ဖက်ဒရေးရှင်း ဆန်လွန်းသည်ဟု ဝေဖန်ကန့်ကွက်ကြသည်။ တစ်ကယ်တန်းတွင် ဗမာပြည်မကပြည်ထောင်စု နယ်မြေအဖြစ် အသာစီးရယူထားကာ လူမျိုးစု လွှတ်တော်သည်လည်း အမည်ခံလွှတ်တော်အဆင့်မျှသာ ဖြစ်ခဲ့ခြင်း တို့ကြောင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေက ဗမာနှင့် တခြားလူမျိုးစုများအကြား ပဋိပက္ခကြီးထွား လာခဲ့ရခြင်းဖြစ်သည်။ ရှမ်းမူ (ဖက်ဒရယ်မူ)တင်သွင်းစဉ်က ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်း ထားသည့် ပြည်နယ်များ၏ ခွဲထွက်ခွင့် (၁၀)နှစ်ကျော်လာခဲ့ပြီဖြစ်သော်လည်း ထိုမူထဲတွင် ခွဲထွက်ရေး ကိစ္စကို ထည့်သွင်းပြောကြားထားခြင်းမရှိပဲ ပြည်ထောင်စုနယ်မြေအဖြစ် ပုံစံပြောင်းလဲထားသော ဗမာပြည်မ၏ အာဏာလွန်ကဲမှုကို လျှော့ချရန်သာ ရည်ရွယ်ရင်းဖြစ်သည်။ သို့ရာတွင် တပ်မတော်က အာဏာသိမ်းသည့်အကြောင်းပြချက်ထဲတွင် ပြည်နယ်တောင်းသည့်ကိစ္စလည်း ပါဝင်နေသည်ကို တွေ့ရှိ ရပြီး၊ ၁၉၆၈ ခုနှစ်တွင် ဦးနေဝင်းဖွဲ့စည်းခဲ့သော ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့မှ ဦးဘဆွေတို့ အုပ်စုက ချင်းဝိသေသတိုင်းနှင့် ပြည်နယ်များကို မူလအတိုင်းထားရှိရန်နှင့် ဦးကျော်ငြိမ်းတို့က ရခိုင်နှင့် မွန်ကို ပြည်နယ်မပေးရန်၊ ခွဲထွက်ခွင့် မပေးရန်၊ တစ်ပြည်ထောင်စနစ် ကျင့်သုံးရန်တို့ကို တင်သွင်းခဲ့ သည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေက ပင်လုံကတိကဝတ်ကို သွေဖီသည့်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အကြပ်အတည်းဆိုက်ရောက်စေခဲ့ပြီး၊ ယင်းအကြပ်အတည်းကို ဖြေရှင်းရန် ပြည်ထောင်စု စံနှုန်းများနှင့် ကိုက်ညီအောင် ပြင်ဆင်ရမည်ဖြစ်သော်လည်း ဆေးစားမှားခဲ့ကြသည်ဟု ဆိုနိုင်သည်။

-K.L-

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)