သီရိလင်္ကာပြိုလဲမှုထက် ဆိုးရွားသွားနိုင်တဲ့ ကျဆုံးနိုင်ငံတော် (အပိုင်း-၃)

သီရိလင်္ကာပြိုလဲခြင်းဟာ စီးပွားရေးကပ်သက်သက်ကြောင့်သာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် စစ်မီးတောက်တွေ ကြီးလာပြီး စီးပွားရေး ပြိုကျတော့မယ့် အခြေအနေမျိုးပါ။

တကယ်တမ်းမှာလည်း စစ်ကောင်စီ လျှောက်ခဲ့တဲ့ လမ်းနဲ့ ဆက်လျှောက်မယ့် လမ်းဟာ နိုင်ငံရေးထွက်ပေါက် မရှိဘဲ ဖြစ်နေပါတယ်။ စစ်​ကောင်စီဟာ ရှေ့ဆက်လျှောက်လို့မရအောင် ချောင်ပိတ်မိနေပါပြီ။ သီရိလင်္ကာလို နိုင်ငံ့စီးပွားရေးပြိုလဲဖို့ အချက်ပေးနေပါပြီ။

*မြန်မာပြည်ပြိုလဲရင် သီရိလင်္ကာထက်ဆိုးမည်*
သီရိလင်္ကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ဟာ စီးပွားရေးကျဆင်းမှုကြောင့် အုပ်ချုပ်သူအစိုးရကို ပြည်သူက တော်လှန်အုံကြွခဲ့ခြင်းပါ။ ရက်ပေါင်းတစ်ရာ အတွင်းမှာပဲ သမ္မတဟာ အရှုံးပေးပြီး ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ပါတယ်။

ရက်ပေါင်းတစ်ရာအတွင်း သီရိလင်္ကာရဲ့ပဋိပက္ခမှာ လူသေဆုံးထိခိုက်တာ ပြောပလောက်အောင်မရှိခဲ့ပါဘူး။ CNN နဲ့ Reuders သတင်းတွေရဲ့ဖော်ပြချက်အရ လောင်စာဆီအခက်အခဲဖြစ်တဲ့ကာလမှာ ဓာတ်ဆီရဖို့ တန်းစီတိုးရင်းက လူ၁၁ဦး သေဆုံးခဲ့ပါတယ်။ ဒါကလည်း အာဏာပိုင်တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့်သေဆုံးရတာမဟုတ်ပါဘူး။

သီရိလင်္ကာစစ်တပ်က မပစ်ခတ်ဘူးဆိုတာလည်း မဟုတ်ပါဘူး။ သမ္မတအိမ်တော်ကို လူအုပ်ကြီးက ဝင်ရောက်စီးနင်းရာမှာ စစ်တပ်က ပစ်ခတ်တားဆီးခဲ့ပါတယ်။ လူထုကို ထိန်းဖို့သာ ရည်ရွယ်ပြီး မိုးပေါ်ထောင်ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ သီရိလင်္ကာစစ်တပ်အကြီးအကဲက ပြောဆိုပါတယ်။ ဆန္ဒပြလူထုကြီးကို ကိုင်တွယ်ရာမှာတော့ စစ်တပ်ကော ရဲပါ ပါပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသမားတွေ လူစုကွဲစေဖို့ ရည်ရွယ်ပြီး မျက်ရည်ယိုဗုံးတွေပစ်ခတ်ပါတယ်။ ဒါကြောင့်ပဲ ဆန္ဒပြသူ ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးသာ အသက်ရှူကြပ်ပြီး သေဆုံးခဲ့တာမျိုးရှိခဲ့ပါတယ်။ ၈၄ ဦးဒဏ်ရာရခဲ့ပါတယ်။ ဖမ်းဆီးချုပ်နှောင်တာတွေ၊ ထောင်ချတဲ့ဖြစ်တွေ မရှိခဲ့ပါဘူး။

ကျွန်တော်တို့ဆီမှာဖြစ်ပျက်ခဲ့တာတွေကို စာဖတ်သူတွေအားလုံးလည်း သိပြီးဖြစ်မယ်ထင်ပါတယ်။ စစ်ကောင်စီရဲ့ရက်စက်ယုတ်မာမှုကို အကောင်အထည်ဖော်တဲ့ သူ့နောက်လိုက်တွေဟာ အကြမ်းဖက်မှုများစွာနဲ့ ပြည်သူတွေအပေါ် တရားလက်လွတ် ပြုကျင့်ခဲ့ကြပါတယ်။ ပြည်သူတွေမှာ ဘာအကာအကွယ်မှ မရခဲ့ကြပါဘူး။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က စပြီး နေ့စဥ်စာရင်းပြုစုဖေါ်ပြနေတဲ့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖော်ပြချက်အရ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့အထိ စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့သူပေါင်းဟာ ၂၀၉၉ ဦး ရှိနေပြီ ဖြစ်ပါတယ်။ မတရားဖမ်းဆီး ချုပ်နှောင်ထားသူ ၁၁၇၄၃ ဦးရှိပြီး ၄င်းတို့အနက်မှ မတရားပြစ်ဒဏ်ချမှတ်ခံထားရသူမှာ ၁၃၄၄ ဦး ဖြစ်ပါတယ်။ ပြစ်ဒဏ်ကျခံရသူတွေထဲမှာတော့ အသက် ၁၈ နှစ်အောက် ကလေး ၂ ဦးအပါအဝင် ၇၆ ဦးဟာ သေဒဏ် ကျခံနေရပါတယ်။ မျက်ကွယ်သေဒဏ်ကျခံရသူများကိုပါ ထည့်ပေါင်းရင်တော့ သေဒဏ်ကျခံထားရသူ စုစုပေါင်းဟာ ၁၁၇ ဦးရှိနေပြီ ဖြစ်ပါတယ်။

  *နိဂုံးချုပ်*

သီရိလင်္ကာစစ်တပ် အာဏာမသိမ်းခြင်းမှာ အကြောင်းတွေ ရှိနေပါတယ်။ စီမံအုပ်ချုပ်မှုအမှား၊ အကျင့်ပျက်ခြစားမှုတွေကြောင့် သီရိလင်္ကာ စီးပွားရေး ပြိုလဲခဲ့တာပါ။ နောင်တက်လာမယ့်အစိုးရသစ်က အရပ်သားအစိုးရ ဖြစ်နေမှသာ နိုင်ငံတကာ ချေးငွေအတွက် အာမခံနိုင်ဖို့နဲ့ နိုင်ငံတကာအကူအညီတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီအချက်ကို သီရိလင်္ကာစစ်တပ်က ကောင်းကောင်းသိပါတယ်။ စစ်တပ်ကသာ အာဏာဝင်သိမ်းလိုက်ရင် ပြည်တွင်းစစ်ကြောင့် နာမည်ပျက်ရှိထားတဲ့အတွက် နိုင်ငံတကာရဲ့ ယုံကြည်မှုကို ဘယ်လိုမှ ရနိုင်မှာ မဟုတ်ပါဘူး။ ဒီအချက်ကြောင့်ပဲ သီရိလင်္ကာစစ်တပ်က လူမိုက်ဝင်လုပ်ပြီး အာဏာမသိမ်းခဲ့ခြင်းဖြစ်ပါတယ်။

နောက်ပြီး ထွက်ပြေးသွားတဲ့ သမ္မတဟောင်းနဲ့ အခုလက်ရှိ လွှတ်တော်ကနေ မဲခွဲပြီးခန့်လိုက်တဲ့ သမ္မတသစ် ‘ဝစ်ကရာမဆင်းဂ်’ ဟာ အဆက်အသွယ် ရှိပါတယ်။ ထွက်ပြေးသွားတဲ့ သမ္မတဟောင်း ကိုယ်တိုင်က ‘ဝစ်ကရာမဆင်းဂ်’ ကိုဝန်ကြီးချုပ်ခန့်ခဲ့တာပါ။ သမ္မတပြေးပေမယ့် ဝန်ကြီးချုပ်ကို ချန်ထားခဲ့ပါတယ်။ သမ္မတရာထူး စွန့်လွှတ်လိုက်တာနဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်ဟာ ယာယီသမ္မတ ဖြစ်လာပါတော့တယ်။ သီရိလင်္ကာရဲ့ လွှတ်တော်ကလည်း တရားဝင်ရှိနေဆဲ ဖြစ်ပါတယ်။ သမ္မတအသစ်ကို လွှတ်တော်အမတ်တွေက မဲပေးပြီးရွေးချယ်ပါတယ်။ ဝန်ကြီးချုပ်ကနေ ယာယီသမ္မတဖြစ်ခဲ့တဲ့ ‘ဝစ်ကရာမဆင်းဂ်’ ဟာ မဲရလဒ် ၁၃၄ မဲ ရပါတယ်။ အဓိက ပြိုင်ဖက်ဖြစ်သူက ၈၂ မဲ ရပါတယ်။ လက်ဝဲဝါဒီတစ်ဦး ဖြစ်သူကတော့ ၃ မဲ သာရခဲ့ပါတယ်။ ဒါကြောင့်ပဲ သူဟာ မဲအများဆုံးနဲ့ သမ္မတသစ် ဖြစ်ခဲ့တာပါ။ သူ့ကို ထွက်ပြေးသွားတဲ့ သမ္မတ နဲ့ မဟာမိတ်ဖြစ်နေတဲ့အတွက် ပြည်သူတွေမကြိုက်ကြပါဘူး။

ဝစ်ကရာမဆင်းဂ် ဟာ ယာယီသမ္မတဖြစ်တာနဲ့ တစ်တိုင်းပြည်လုံးကို အရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။ ကိုလံဘို မှာ ညမထွက်ရအမိန့်ထုတ်ပြန်ပါတယ်။ နိုင်ငံကို ပြန်လည်စီမံ ခန့်ခွဲနိုင်ဖို့ ပါတီအားလုံးပါဝင်တဲ့ အစိုးရပြန်ဖွဲ့ဖို့ ကြိုးစားနေပါတယ်။

သီရိလင်္ကာလူထုအနေနဲ့ သူ့ကို အလုံးစုံ ကြိုက်ချင်မှကြိုက်ပါလိမ့််မယ်။ လောလောဆယ်အတွက် သီရိလင်္ကာမှာ နိုင်ငံရေးထွက်ပေါက် တစ်ခုရအောင်ဖန်တီးနိုင်ခဲ့ပါတယ်။

တချို့တွေကလည်း သီရိလင်္ကာမှာဖြစ်သွားတာကို နမူနာယူပြီး စစ်ကောင်စီအနေနဲ့ နိုင်ငံရေးထွက်ပေါက်တစ်ခု ရှာလာနိုင်စရာရှိတယ်လို့ မျှော်လင့်သူက မျှော်လင့်နေကြပါတယ်။ စစ်တပ်ထဲမှာ အပြောင်းအလဲ ဖြစ်ဖို့ မျှော်လင့်ကြတာမျိုးလည်းဖြစ်ပါတယ်။

တကယ်တမ်းမှာလည်း စစ်ကောင်စီ လျှောက်ခဲ့တဲ့ လမ်းနဲ့ ဆက်လျှောက်မယ့် လမ်းဟာ နိုင်ငံရေးထွက်ပေါက် မရှိဘဲ ဖြစ်နေပါတယ်။ စစ်​ကောင်စီဟာ ရှေ့ဆက်လျှောက်လို့မရအောင် ချောင်ပိတ်မိနေပါပြီ။ သီရိလင်္ကာလို နိုင်ငံ့စီးပွားရေးပြိုလဲဖို့ အချက်ပေးနေပါပြီ။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးရေး မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး” လို့ နိုင်ငံခြားသတင်းဌာနတစ်ခုကို ပြောဆိုခဲ့တာ ရှိပါတယ်။
ပုဂံမှာကျင်းပတဲ့ လန်ချန်း-မဲခေါင် အစည်းအဝေးကို လာတက်ရင်း “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဥ် ပြန်လည်စတင်ပြီး တိုင်းပြည်အာဏာကို ပြည်သူ့ထံ ပြန်အပ်နိုင်ရေး မျှော်မှန်းချက်ကို အကောင်အထည်ဖော်ရမယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံကို တတိယအကြိမ် ပြန်လာဖို့ ရှိနေတဲ့ အာဆီယံ အထူးကိုယ်စားလှယ်ကလည်း “ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရနိုင်မယ်ဆိုရင် အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါ သြဇာကိုပါ အသုံးပြုချင်တယ်” လို့ စင်္ကာပူအခြေစိုက် Channel News Asia သတင်းဌာနကို ပြောဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးမယ်လို့ စစ်ခေါင်းဆောင်က သူ့ကို ကတိပေးထားတယ်လို့ ဆိုပါတယ်။
ချောင်ပိတ်မိနေတဲ့ စစ်ကောင်စီအနေနဲ့ ဘယ်လိုနည်းလမ်းမျိုးသုံးပြီး နိုင်ငံရေးထွက်ပေါက်ရှာမလဲ ဆိုတာကိုတော့ သေချာတွက်ဆဖို့ ခက်နေပါသေးတယ်။ ပြောင်းလဲမှုတွေမလုပ်ဘဲ ဒီအတိုင်း ဆက်မိုက်၊ ဆက်လျှောက်နေအုံးမယ်ဆိုရင်တော့ သီရိလင်္ကာပြိုလဲမှုထက်ဆိုးရွားတဲ့ ကျဆုံးနိုင်ငံတော် ဖြစ်လာဖို့ပဲ ရှိနေပါတော့တယ်။

( လက်ျာဧ )

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)

{- မြန်မာ့စွယ်စုံကျမ်းပါ သီရိလင်္ကာဆိုင်ရာ
ဖော်ပြချက်များ
– ကမ္ဘာ့ဘဏ် သတင်းထုတ်ပြန်ချက်
– AAPP ၏ သတင်းထုတ်ပြန်ချက်
– The Economist Magazine ပါဆောင်းပါး
– AFP , CNN, Reuters, Xinhua, Channel News Asia တို့၏ သတင်းဖော်ပြချက်များ
– BBC, VOA,RFA,DVB, Myanmar Now, PVTV
   သတင်းဌာနများ၏ သတင်းဖော်ပြချက်များ
နှင့်အတူမိမိ၏ ကိုယ်ပိုင်မှတ်စုများတို့မှ ထုတ်နှုတ်ကိုးကားပြီး ရေးသားထားခြင်း ဖြစ်ပါသည်။ }