သီရိလင်္ကာပြိုလဲမှုထက် ဆိုးရွားသွားနိုင်တဲ့ ကျဆုံးနိုင်ငံတော် (အပိုင်း-၂)

စီးပွားပျက်ပြီး ဒေဝါလီခံခဲ့ရတာဟာ တရုတ်ကြွေးမြီထောင်ချောက်အပြင် ခေါင်းဆောင်ပိုင်းရဲ့အကျင့်ပျက်ခြစားမှု၊ စီမံခန့်ခွဲမှု​ ညံ့ဖျင်းမှုတွေကြေင့်လည်း ပါပါတယ်။

*ဒေဝါလီခံရတဲ့အထိ ဖြစ်ခဲ့ရတဲ့ ကြွေးမြီထောင်ချောက်*

 သီရိလင်္ကာ ဒေဝါလီခံခဲ့ရတဲ့ အဓိက တရားခံမှာ တရုတ်ရဲ့ ကြွေးမြီထောင်ချောက်ပဲ ဖြစ်ပါတယ်။တရုတ်ရဲ့ ခါးပတ်စီမံကိန်း (BRI) အတွက် ဝန်ကြီးချုပ်ဟောင်း မဟိန္ဒက ချေးငွေအမြောက်အမြားတာဝန်ခံပြီးယူခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်းဟာ သမ္မတဟောင်းရဲ့ အစ်ကိုဖြစ်သလို ပြည်တွင်းစစ်ကာလတုန်းက သမ္မတအဖြစ်တာဝန်ယူခဲ့တဲ့ သူပါ။
၂၀၁၇ ခုနှစ် အရောက်မှာတော့ ‘ဟမ်ဘန်တိုကာ’ဆိပ်ကမ်း ပရောဂျက်အတွက် ချေးငွေတွေ ပြန်မဆပ်နိုင်တဲ့အခါ အဲ့ဒီဆိပ်ကမ်းနဲ့အတူ အနီးပတ်ဝန်းကျင်မှာရှိတဲ့ မြေဧကပေါင်းများစွာကို ၉၉ နှစ် အငှားစာချုပ်နဲ့ တရုတ်လက်ထဲ ထိုးအပ်လိုက်ရပါတယ်။ ကိုလံဘိုဆိပ်ကမ်းမြို့ ဖွံ့ဖြိုးရေးအတွက်လည်း ၉၉ နှစ် အငှားစာချုပ်ချုပ်ပြီး တရုတ်က ၄၃ရာခိုင်နှုန်း ပိုင်ဆိုင်သွားခဲ့ပါတယ်။ စီးပွားပျက်ပြီး ဒေဝါလီခံခဲ့ရတာဟာ တရုတ်ကြွေးမြီထောင်ချောက်အပြင် ခေါင်းဆောင်ပိုင်းရဲ့အကျင့်ပျက်ခြစားမှု၊ စီမံခန့်ခွဲမှု​ ညံ့ဖျင်းမှုတွေကြေင့်လည်း ပါပါတယ်။

ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ အော်ရီဒူးကလည်း ထွက်ခွာဖို့ ပြင်ဆင်နေပါပြီ။တယ်လီနော ကတော့ ထွက်ခွာခဲ့ပြီးဖြစ်ပါတယ်။ ပြည်တွင်းမှာ အခြေချပြီး ကားတပ်ဆင်ထုတ်လုပ်တဲ့ကုမ္ပဏီတွေလည်း ရပ်ဆိုင်းကုန်ပါပြီ။ ဒေါ်လာတွေကို သူတို့သတ်မှတ်ထားတဲ့ မြန်မာကျပ်ငွေနဲ့ အတင်းလဲခိုင်းနေတာကြောင့် ဒီထက် အခြေအနေဆိုးဖို့ပဲ ရှိပါတော့တယ်။

အခွန်အခတွေကို အလွန်အမင်း လျော့ချပေးတယ်။ အခြေခံအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းတွေမှာ လိုအပ်တာထက် ပိုသုံးစွဲခဲ့ပြီး နိုင်ငံ့ဘဏ္ဍာ တွေကို ဖြုန်းတီးပစ်တယ်။ ပို့ကုန်သွင်းကုန် မမျှတမှုကြောင့် နိုင်ငံခြားအရန်ငွေတွေဆုံးရှုံးခဲ့တယ်။
  စီးပွားပျက်ကပ် ဖြစ်စေတဲ့ အဓိက ပြဿနာတစ်ရပ်ကတော့ နိုင်ငံခြားကြွေးမြီများကို မေလ ကစတင်ပြီး ပြန်မဆပ်နိုင်တော့ခြင်းက စတင်ခဲ့တယ်လို့ ဆိုရမှာပါ။ ၃လ အတွင်း နိုင်ငံငွေကြေးတန်ဖိုးကျဆင်းခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းကလည်း ၅၀ရာခိုင်နှုန်းကျော် ဖြစ်ခဲ့ပါတယ်။ ဧပြီလကစပြီး နိုင်ငံခြားကြွေးမြီများ ပြန်ဆပ်နေခြင်းကို လုံးဝရပ်ဆိုင်းပစ်ခဲ့တယ်။ အဲ့ဒီနောက်မှာတော့ လောင်စာဆီ ပြတ်လပ်မှုနဲ့အတူ အစားအသောက်နဲ့ ဆေးဝါးများပါ ရှားပါးပြတ်လပ်သွားပါတယ်။နောက်ဆုံးမှာတော့ သမ္မတကိုယ်လွတ်ရုန်းထွက်ပြေးရတဲ့အထိ ရောက်ခဲ့ပါတယ်။

  *သီရိလင်္ကာနောက်ကို အမီလိုက်တော့မည့် မြန်မာ့စီးပွားရေး*

မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းတာ ခံလိုက်ရတဲ့ ၁ရလကျော်ကာလ အတွင်းမှာပဲ စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ ပညာရေး ယိုင်နဲ့ ပျက်စီးခဲ့တာကို အားလုံးအသိပဲ ဖြစ်ပါတယ်။ အခုဆိုရင် အရှေ့တီမောကို ကျော်ဖြတ်ပြီး အရှေ့တောင်အာရှနိုင်ငံများကြားမှာ အဆင်းရဲဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိသွားခဲ့ပါပြီ။
မြန်မာပြည်ဟာ ပြည်ပကြွေးမြီနဲ့မကင်းပါဘူး။ အဓိက ကြွေးရှင်ကတော့ တရုတ်ပဲ ဖြစ်နေပါတယ်။ ဒီနေရာမှာ သီရိလင်္ကာထက် ပိုတာကတော့ တရုတ်နဲ့ မြန်မာဟာ နယ်နမိတ်ခြင်းကပ်နေသလို နှစ်ပေါင်းများစွာ စီးပွာရေး၊ နိုင်ငံရေး၊ လူမှုရေးတွေမှာ ပါ တရုတ်ရဲ့ ဝါးမျိုခြင်းကို ခံထားရပါတယ်။
နိုင်ငံခြားကြွေးမြီများကို နှစ်စဥ်ဒေါ်လာသန်း၇၀၀ခန့် ပြန်လည်ပေးဆပ်နေရတယ်လို့ စစ်ကောင်စီက တရားဝင်ထုတ်ဖော်ပြောကြားထားပါတယ်။
  ပြည်ပချေးငွေများကို အတိုးနဲ့အရင်း ပြန်လည်ပေးဆပ်နေခြင်းအား ဆိုင်းငံ့ထားရန် ဗဟိုဘဏ်ကနေ ဇူလိုင်၁၃ ရက်မှာ ညွှန်ကြားချက်ထုတ်လိုက်ပါတယ်။ စစ်ကောင်စီလက်ထက်မှာ နိုင်ငံခြားသုံးငွေ အရန်ငွေကြေး အလွန်လျော့နည်းသွားပါတယ်။ တရားဝင်အစိုးရမဟုတ်တဲ့အတွက် ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ နှစ်ရှည် အတိုးမဲ့ချေးငွေတွေ မရတော့တာလည်း ပါပါတယ်။
ဒေါ်လာကို မြန်မာကျပ်ငွေနဲ့ လဲလှယ်ခိုင်းတဲ့ ညွှန်ကြားချက်ကလည်း စီးပွားရေးကို အထူးဆိုးရွားမှု ဖြစ်စေပါတယ်။
ဇူလိုင် ၁၃ ရက်မှာပဲ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းနဲ့အထက်ပါဝင်နေတဲ့ လုပ်ငန်းတွေကို နိုင်ငံခြားငွေ ကန့်သတ်ဆောင်ရွက်ခြင်း ကင်းလွတ်ခွင့်မှ ပြန်လည်ပယ်ဖျက်လိုက်ကြောင်း ​ဗဟိုဘဏ်က ကြေညာချက်ထုတ်ပါတယ်။
ဇူလိုင် ၁၅ ရက်မှာတော့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းရှိတဲ့ ကုမ္ပဏီများကိုပါ သတ်မှတ်စျေး (၁၈၅၀ကျပ်)ဖြင့် ဒေါ်လာများလဲလှယ်ရန် ညွှန်ကြားချက် ထပ်ထုတ်ပါတယ်။
နောက်ဆုံးအဆင့်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) မှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီအားလုံးရဲ့ နိုင်ငံခြားဘဏ် စာရင်းရှိ ဒေါ်လာငွေများကို ဇူလိုင် ၂၁ ရက် ညနေ​ ၆ နာရီ နောက်ဆုံးထားပြီး အပြီးလဲလှယ်ရန် ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပါတော့တယ်။ ပြည်တွင်းမှာ ရှိနေတဲ့ ဒေါ်လာငွေများကို လူတွေလက်ထဲကနေသိမ်းဆည်းလိုက်တဲ့ သဘောပါပဲ။
စစ်အာဏာသိမ်းမှုကြောင့်ပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြန်ဆုတ်သွားတာ၊ ရုပ်သိမ်းခဲ့တာတွေ အများအပြားပါပဲ။ ဒီရက်ပိုင်းမှာ တိုတယ်ရေနံကုမ္ပဏီ အပြီးထွက်သွားပါပြီ။ ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ အော်ရီဒူးကလည်း ထွက်ခွာဖို့ ပြင်ဆင်နေပါပြီ။တယ်လီနော ကတော့ ထွက်ခွာခဲ့ပြီးဖြစ်ပါတယ်။ ပြည်တွင်းမှာ အခြေချပြီး ကားတပ်ဆင်ထုတ်လုပ်တဲ့ကုမ္ပဏီတွေလည်း ရပ်ဆိုင်းကုန်ပါပြီ။ ဒေါ်လာတွေကို သူတို့သတ်မှတ်ထားတဲ့ မြန်မာကျပ်ငွေနဲ့ အတင်းလဲခိုင်းနေတာကြောင့် ဒီထက် အခြေအနေဆိုးဖို့ပဲ ရှိပါတော့တယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပြည်တွင်းစစ် အရှည်ကြာဆုံးနိုင်ငံ ဖြစ်ပါတယ်။ အရာရာနောက်ကျကျန်ခဲ့ခြင်းနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေခြင်းကလည်း ပြည်တွင်းစစ်ကြောင့်ပဲ ဖြစ်ပါတယ်။

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကတော့ အဝီစိတိုင် ရောက်တော့မှာပါ။ စစ်တမ်းတစ်ခုရဲ့အဆိုအရ မြန်မာကျပ်ငွေကျဆင်းမှုဟာ ၄၃ရာခိုင်နှုန်းအထိ ရှိနေပြီလို့ ဆိုပါတယ်။ ဇူလိုင်၁၈ ရက်နေ့ ဒေါ်လာပေါက်စျေးအတိုင်း တွက်ချက်ထားတာပါ။ ၂၀၂၁ ဇန်နဝါရီလမှာတစ်ဒေါ်လာစျေးဟာ ၁၃၅၀ကျပ်သာရှိခဲ့ပါတယ်။ ၂၀၂၂ ဇူလိုင် ၁၈ ရက်နေ့မှာတော့ ၂၃၅၀ကျပ် ဖြစ်ခဲ့ပါတယ်။ ဇူလိုင် ၂၁ ရက်နေ့မှာတော့ ၂၅၀၀ကျပ် အထိ ဖြစ်ခဲ့ပါတယ်။တစ်ရက်ပြီး တစ်ရက် မြန်မာကျပ်ငွေတန်ဖိုးဟာ  ကျဆင်းလျက်ရှိပါတယ်။
သီရိလင်္ကာဒေဝါလီ ခံရတဲ့ ဖြစ်စဥ်မှာတော့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၅၀ ရာခိုင်နှုန်းကျော်ဖြစ်ခဲ့တယ်လို့ အထက်မှာ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်းကကော ဘယ်လိုအခြေအနေရောက်ပါပြီလဲ။ ဒီထုတ်ပြန်ချက်ကတော့ စစ်ကောင်စီရဲ့ တရားဝင်ထုတ်ပြန်ချက်ပါ။ ၂၀၂၁-၂၀၂၂ ခုနှစ် မီနီဘက်ဂျက် ၆လတာကာလရဲ့ ဒုတိယ ၃လ ပတ်မှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်း ၁၅.၁၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်တာကို ဇူလိုင် ၁၅ ရက် သတင်းတွေအရ သိရပါတယ်။
ဇူလိုင် ၂၁ ရက် ကမ္ဘာ့ဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ “ငွေကြေးဖောင်းပွမှုနှုန်း တိုးတက်သွားခြင်းက စီးပွားရေးလုပ်ငန်းအားလုံးကို ထိခိုက်စေခဲ့သည်။နောက်ဆုံးရရှိသည့်အချက်အလက်များအရ မတ်လတွင် CPI ငွေကြေးဖောင်းပွမှုနှုန်း ၁၇.၃ ရာခိုင်နှုန်း ရှိခဲ့သည်” လို့ ပါရှိပါတယ်။
ဒေါ်လာကို မြန်မာကျပ်ငွေနဲ့ လဲလှယ်ခိုင်းခြင်းကြောင့် အားလုံးကမောက်ကမ ဖြစ်ကုန်ပြီး မြန်မာကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်းနေသလို ငွေကြေးဖောင်းပွမှုနှုန်းကလည်း ဆက်လက်မြင့်တက်နေပြီးအတိအကျ မှန်းဆဖို့ခက်တဲ့ အခြေအနေကို ရောက်လို့သွားပါတယ်။
ကမ္ဘာ့ဘဏ်ကတော့ ၂၀၂၂ ခုနှစ် အတွက် GDP မှာ ၂၀၁၉ ခုနှစ်က ရှိခဲ့သည့်နှုန်းနဲ့ နှိုင်းယှဥ်မည်ဆိုပါက ၁၃ရာခိုင်နှုန်း ဆက်လက်ကျဖို့ရှိနေသလို၊ လူဦးရေ ၄၀ ရာခိုင်နှုန်းဟာလည်း ဆင်းရဲနွမ်းပါးမှုမျဥ်းအောက် ရောက်ရှိသွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ဧပြီလက ထုတ်ပြန်ခဲ့တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံရဲ့ လူဦးရေ ၂၄ ရာခိုင်နှုန်း (ခန့်မှန်းပြည်သူ ၁၃. ၂ သန်း) ဟာ စားနပ်ရိက္ခာမဖူလုံမှုနဲ့ ရင်ဆိုင်ရဖို့ရှိနေတယ်လို့ ဆိုထားပါတယ်။ ပြည်ပချေးငွေတွေကို ပြန်မဆပ်ဘဲ ဆိုင်းငံ့ထားဖို့ ညွှန်ကြားလိုက်တာဟာ နိုင်ငံတကာစီးပွားရေး ဆက်ဆံရေးနယ်ပယ်မှာ ယုံကြည်မှုပျက်ပြားစေပြီး အမည်ပျက်စာရင်း (Blacklist) ဝင်သွားဖို့ များနေပြီလို့ ပညာရှင်တွေက သုံးသပ်ပါတယ်။ သီရိလင်္ကာလို ဖြစ်လာမလားဆိုတာကတော့ စစ်ကောင်စီလက်ထဲမှာ ဒေါ်လာလက်ကျန်ဘယ်လောက်ရှိနေသလဲ ဆိုတာနဲ့ သွင်းကုန်အတွက် ဘယ်လောက်ထိ ထိန်းထားနိုင်မလဲ ဆိုတဲ့အပေါ်မှာမူတည်နေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပြည်တွင်းစစ် အရှည်ကြာဆုံးနိုင်ငံ ဖြစ်ပါတယ်။ အရာရာနောက်ကျကျန်ခဲ့ခြင်းနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေခြင်းကလည်း ပြည်တွင်းစစ်ကြောင့်ပဲ ဖြစ်ပါတယ်။

 *စစ်အသုံးစရိတ် ဝန်ပိနေတဲ့ တိုင်းပြည်*
၂၀၁၀ ခုနှစ် ဦးသိန်းစိန် အရပ်သားအစိုးရ လက်ထက် က စပြီး ငြိမ်းချမ်းရေးတံခါးပေါက် ပွင့်လာခဲ့သလို ၂၀၁၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာလည်း မျှော်လင့်စရာတွေ များစွာဖြစ်ထွန်းခဲ့ပါတယ်။ ဒီအခြေအနေတွေ အားလုံးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းလိုက်ချိန်မှာတော့  ပြိုပျက်သွားခဲ့ရပါတော့တယ်။
အာဏာသိမ်းခြင်း အကျိုးဆက်တွေကြောင့်ပဲ မူလရှိပြီးသား တိုင်းရင်းသားနယ်မြေတွေသာမကတော့ဘဲ စစ်မက်ဧရိယာ ပိုပြီးကျယ်လာခဲ့ပါတယ်။ စစ်ကိုင်း၊ မကွေး အညာတစ်ကြော ဒေသတွေဟာ စစ်ကောင်စီထိန်းချုပ်လို့ မရအောင် စွမ်းဆောင် နိုင်ခဲ့ကြပါတယ်။
စစ်တိုက်ရာမှာ လူအင်အားလိုအပ်သလို ငွေအင်အားကလည်း အဓိကကြပါတယ်။ စစ်ကောင်စီကလည်း ခေတ်မီလက်နက်များ ဝယ်ယူသုံးစွဲပါတယ်။ တိုင်းရင်းသားတွေ၊ pdfတွေနဲ့ နယ်​မြေခံ တော်လှန်ရေးအင်အားစုတွေကလည်း လက်နက်အပြိုင်တပ်ဆင်လာကြပါတယ်။
နှစ်ဖက်စလုံးဟာ ငွေမရှိဘဲ စစ်တိုက်လို့ မဖြစ်ပါဘူး။ စစ်ပွဲဖြစ်ပြီဆိုတာနဲ့ လက်နက်နဲ့ကျည်ဆံ လိုပါတယ်။ လက်နက်ခဲယမ်းဝယ်ဖို့ငွေလိုပါတယ်။ စစ်​ကောင်စီကတော့ လက်ရှိနိုင်ငံကို စီမံခန့်ခွဲမှုရနေတဲ့အတွက် နည်းပေါင်းစုံနဲ့ ငွေရအောင်ရှာနိုင်ပါတယ်။
ဒီနေရာမှာ စစ်ကောင်စီရဲ့ စစ်အသုံးစရိတ်ကတော့
ခန့်မှန်းလို့ရပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာကနေ မတ်လကုန်အထိ သုံးမယ့် ​၆လတာဘက်ဂျက်ကို စစ်ကောင်စီက ရေးစွဲထုတ်ပြန်ရာမှာတော့ ကာကွယ်ရေးအသုံးစရိတ်ဟာ ဘီလီယံပေါင်း ၁၇၀၀ ရှိနေတာကို တွေ့ရပါတယ်။ စစ်ကောင်စီထုတ်ပြန်တဲ့ ​၆လတာ ဘတ်ဂျက်သတ်မှတ်ချက်ဟာ ဘီလီယံ၉ထောင်ကျော် ဖြစ်နေတဲ့အတွက် စစ်အသုံးစရိတ်ဟာ အားလုံးရဲ့ ၁၅ ရာခိုင်နှုန်းဖြစ်နေတာကို တွေ့ရပါတယ်။
တိုင်းရင်းသားတွေ၊ odfတွေနဲ့ နယ်မြေခံတော်လှန်ရေးအင်အားစုများ သုံးစွဲတဲ့ စစ်အသုံးစရိတ်ကတော့ ခန့်မှန်းလို့မရအောင်ကျယ်ပြန့်လွန်းလှပါတယ်။ ပြည်တွင်းနဲ့ ပြည်ပရောက် ပြည်သူများရဲ့ ထောက်ပံ့မှုငွေတွေနဲ့ ရပ်တည်နေကြတာဖြစ်ပါတယ်။
နှစ်ဖက်စလုံးက သုံးစွဲတဲ့ လက်နက်ခဲယမ်း ကုန်ကျစရိတ်ဟာ တိုင်းပြည်ရဲ့ အရင်းအနှီးတွေပဲ ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါဉီးမည် . . . .

                 ( လက်ျာဧ )

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)

{- မြန်မာ့စွယ်စုံကျမ်းပါ သီရိလင်္ကာဆိုင်ရာ
ဖော်ပြချက်များ
– ကမ္ဘာ့ဘဏ် သတင်းထုတ်ပြန်ချက်
– AAPP ၏ သတင်းထုတ်ပြန်ချက်
– The Economist Magazine ပါဆောင်းပါး
– AFP , CNN, Reuters, Xinhua, Channel News Asia တို့၏ သတင်းဖော်ပြချက်များ
– BBC, VOA,RFA,DVB, Myanmar Now, PVTV
   သတင်းဌာနများ၏ သတင်းဖော်ပြချက်များ
နှင့်အတူမိမိ၏ ကိုယ်ပိုင်မှတ်စုများတို့မှ ထုတ်နှုတ်ကိုးကားပြီး ရေးသားထားခြင်း ဖြစ်ပါသည်။ }