ပြည်တွင်းစစ်ကာလမှာ သီရိလင်္ကာစစ်တပ်ဟာ ဆေးရုံ၊ စာသင်ကျောင်းတွေကို မရှောင်ဘဲ ဗုံးကြဲ တိုက်ခိုက်ပါတယ်။ အရပ်သားနဲ့ လက်နက်ကိုင် မခွဲခြားတော့ဘဲ လေယာဥ်များနဲ့ ပစ်ခတ် sနှိမ်နင်းပါတယ်။ လက်နက်ချခဲ့တဲ့သူတွေကိုလည်း နိုင်ငံတကာဥပဒေအတိုင်း မစီမံဘဲ အဆုံးစီရင်ခဲ့ပါတယ်။
သီရိလင်္ကာသတင်းတွေ ကြားနေမြင်နေရပြီး အမျိုးမျိုးသုံးသပ် ပြောဆိုကြပါတယ်။ သမ္မတအိမ်တော်ကို လူအုပ်ကြီးက ဝင်ရောက်စီးနင်းတယ်။ သမ္မတ ထွက်ပြေးသွားတယ်။ အိမ်တော်ထဲမှာ ဓာတ်ပုံရိုက်သူရိုက်၊ ဝိုင်းဖွဲ့ထိုင်သူထိုင်နဲ့ ပြည်သူတွေပျော်နေကြတယ်။ရေကူးကန်မှာ ရေကူးသူကူးကြတယ်။ဝန်ကြီးချုပ်အိမ်တော်နဲ့ တခြားအစိုးရပိုင်အဆောက်အအုံတွေကိုလည်း ပြည်သူတွေဝင်စီးကြတယ်။ပြည်သူ့အောင်ပွဲအဖြစ် သတင်းမီဒီယာတွေမှာ ရေပန်းစားခဲ့တယ်။
ဒီလို ပြည်သူတွေအောင်ပွဲ ခံနိုင်တာဟာ သီရိလင်္ကာစစ်တပ်ရဲ့ ကြားနေမှုကြောင့်လို့ ပြောကြတယ်။သတင်းတွေမှာလည်း အောင်ပွဲခံနေတဲ့ ပြည်သူတစ်ဦး ပြုတ်ကျသွားမှာစိုးလို့ စစ်သားဖြစ်သူက ထိန်းထားပေးတဲ့ ပုံတွေလည်း တက်လာပါတယ်။
ပြည်သူနဲ့ အာဏာရ အစိုးရကြား အားပြိုင်မှုမှာ စစ်တပ်က ဝင်ရောက်မစွက်ဖက်တာတော့ အမှန်ပါပဲ။သီရိလင်္ကာဖြစ်ရပ်ဟာ ကျွန်တော်တို့နိုင်ငံနဲ့ ဆင်ဆင်တူနေတာတွေ ရှိပါတယ်။
*မြန်မာနှင့်သီရိလင်္ကာ*
မြန်မာနိုင်ငံလိုပဲ ၁၉၄၈ မှာ သီရိလင်္ကာ လွတ်လပ်ရေး ရပါတယ်။ မြန်မာနိုင်ငံအဖြစ်နဲ့ မတိမ်းမယိမ်းပါပဲ။လွတ်လပ်ရေးရဲ့ အရသာကို ပြည်သူတွေ လွတ်လပ်စွာမခံစားခဲ့ရပါဘူး။
သီရိလင်္ကာမှာရှိတဲ့ လူဦးရေက ၂၂သန်းကျော်၊ ၂၃သန်းလောက်ပဲ ရှိပါတယ်။မြန်မာနိုင်ငံရဲ့ လူဦးရေတစ်ဝက်တောင် မရှိပါဘူး။
မြန်မာလိုပဲ သီရိလင်္ကာဟာ ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြတယ်။
သီရိလင်္ကာကို ယခင်က “စီလုံ”လို့ ခေါ်ကြတယ်။ မြန်မာတွေကတော့ သီဟိုဠ် လို့သိကြပါတယ်။ ကန္နီမှာ ဗုဒ္ဓစွယ်တော်ကိန်းဝပ်နေပါတယ်။ နာမည်ကြီး ကိုလံဘိုမြို့နဲ့ ကန္နီဟာ ကီလိုမီတာ ၁၂၀ ဝေးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မောင့်ဘက်တန် တို့ဟာ ကန္နီမြို့မှာ ဗမာ့လွတ်လပ်ရေးတပ်မတော် ပြန်လည်ဖွဲ့စည်းဖို့ တွေ့ဆုံဆွေးနွေးကြသလို သမိုင်းဝင် ကန္နီစာချုပ်ကိုလည်း ချုပ်ဆိုခဲ့ကြပါတယ်။
အစ္စလာမ်ဘာသာကိုးကွယ်သူရှိသလို၊ ဟိန္ဒူကိုးကွယ်သူက ၁၂.၆ ရာခိုင်နှုန်းရှိပါတယ်။ဗုဒ္ဓဘာသာကိုးကွယ်သူကတော့ ၇၀. ၂ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပါတယ်။ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေများသလိုပဲ ရဟန်း၊ သံဃာတော်အရေအတွက်ကလည်း ၅သိန်း ၆သိန်းခန့် ရှိပါတယ်။
*သီရိလင်္ကာစစ်တပ်နဲ့ ပြည်တွင်းစစ်*
သီရိလင်္ကာစစ်တပ်ရဲ့ စစ်သည်အင်အားဟာ ၄သိန်းကျော်ရှိပါတယ်။ စစ်တပ်ဟာအင်အားကြီးမားပြီး တောင့်တင်းပါတယ်။ပြည်တွင်းစစ် အတွေ့အကြုံကောင်းကောင်း ရှိပါတယ်။ အခုဖြစ်ရပ်မှာတော့ စစ်တပ်ဟာ အာဏာသိမ်းခြင်းကို မပြုလုပ်ခဲ့ပါဘူး။ ဒါပေမယ့် သီရိလင်္ကာရဲ့ အတိတ်သမိုင်းမှာတော့ စစ်တပ် အာဏာသိမ်းဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်၊ ၁၉၆၆ ခုနှစ် နဲ့ ၁၉၉၁ ခုနှစ် တွေမှာ စစ်တပ်က အာဏာသိမ်းဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အရပ်သားအစိုးရဟာ စစ်တပ်ရဲ့ အာဏာသိမ်းခြင်းကို တားဆီးနိုင်ခဲ့ပါတယ်။ နောက်တစ်ချက်ကလည်း ဒီမိုကရေစီစနစ်အတိုင်း ရွေးချယ်တင်မြှောက်တဲ့ အစိုးရကိုပဲ လက်ခံတတ်တဲ့ နိုင်ငံသားတွေရဲ့ စိတ်ဓာတ်ကြောင့်ပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။
၁၉၈၃ ခုနှစ် နဲ့ ၂၀၀၉ ခုနှစ် အတွင်းမှာတော့ ပြည်တွင်းစစ် အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ပြည်တွင်းစစ်ကာလမှာပဲ သီရိလင်္ကာစစ်တပ်ဟာ အကြီးအကျယ် နာမည်ပျက်ခဲ့ရပါတယ်။ နိုင်ငံမပြိုကွဲစေဖို့ စစ်တပ်က ဝင်ထိန်းပေးခဲ့ရင်း ဖြစ်ခဲ့တာပါ။တကယ်တမ်းပြောရရင်တော့ အဲ့ဒီကာလတွေမှာ သီရိလင်္ကာဟာ စစ်အုပ်ချုပ်ရေးအောက် ရောက်သွားခဲ့တဲ့သဘောပါပဲ။ ခွဲထွက်ရေးသမားတွေကို စစ်တပ်က ဦးဆောင်ပြီး အနိုင်ယူခဲ့ပါတယ်။
၂၀၀၉ ခုနှစ် မေလ ၁၆ ရက်မှာတော့ တမီလ်ကျားသူပုန်ကို အပြီးသတ်အောင်မြင်ခဲ့ကြောင်း တရားဝင်ကြေညာပါတယ်။မြန်မာပြည်လို ပြည်တွင်းစစ် မရှည်ကြာပါဘူး။ ၂၆နှစ်လောက်နဲ့ အပြီးသတ်သွားခဲ့ပါတယ်။ ပြည်တွင်းစစ်ကာလမှာ သီရိလင်္ကာစစ်တပ်ဟာ ဆေးရုံ၊ စာသင်ကျောင်းတွေကို မရှောင်ဘဲ ဗုံးကြဲ တိုက်ခိုက်ပါတယ်။ အရပ်သားနဲ့ လက်နက်ကိုင် မခွဲခြားတော့ဘဲ လေယာဥ်များနဲ့ ပစ်ခတ် sနှိမ်နင်းပါတယ်။ လက်နက်ချခဲ့တဲ့သူတွေကိုလည်း နိုင်ငံတကာဥပဒေအတိုင်း မစီမံဘဲ အဆုံးစီရင်ခဲ့ပါတယ်။
လူနည်းစုဝင်ဖြစ်တဲ့ တမီလ်အရပ်သား ထောင်ပေါင်းများစွာကိုလည်း အပျောက်ရှင်းခဲ့ပါတယ်။ ပြည်တွင်းစစ်ကာလမှာ လူ ၁သိန်းခန့် သေကျေပျက်စီးပါတယ်။ တမီလ်အရပ်သား ၄သောင်းခန့် သတ်ဖြတ်ခြင်းကို ခံရပါတယ်။ ပြည်တွင်းစစ်ကြောင့်ပဲ သီရိလင်္ကာစစ်ခေါင်းဆောင်များဟာ လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေနဲ့ ကမ္ဘာ့အလယ်မှာ နာမည်ပျက်ခဲ့ရပါတယ်။
*ထွက်ပြေးခဲ့တဲ့ သမ္မတဟောင်းရာဂျာပါခ်ဆာဟာ*
တိုင်းပြည်ကနေ ထွက်ပြေးခဲ့တဲ့ သမ္မတဟောင်း ‘ရာဂျာပါခ်ဆာဟာ’ မှာ စစ်တပ်နဲ့ မကင်းတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကာလမှာ သူဟာ ထိပ်တန်းကာကွယ်ရေး အရာရှိအဖြစ် ပါဝင်ခဲ့ပါတယ်။ သူ့အစ်ကိုဖြစ်သူ ‘မဟိန္ဒ’ ကသမ္မတအဖြစ် တာဝန်ယူပါတယ်။ ရာဂျာပါခ်ဆာဟာ သမ္မတဖြစ်တဲ့အချိန်မှာတော့ ဝန်ကြီးချုပ်အဖြစ်ထပ်မံ တာဝန်ယူပါတယ်။ ဒါကြောင့်ပဲ သီရိလင်္ကာကို သူတို့ဆွေမျိုးတွေက ကြီးစိုးခဲ့တယ်လို့ အများကဝိုင်းပြောတာကို ခံရခြင်းဖြစ်ပါတယ်။ သမ္မတဟောင်း ရာဂျာပါခ်ဆာဟာ အနေနဲ့ ၂၀၀၉ ခုနှစ် သမ္မတရွေးကောက်ပွဲ ကာလမှာ ပြည်တွင်းစစ်ကာလအတွင်းက တမီလ်ကျားသူပုန်များကို နှိမ်နင်းခဲ့ကြတဲ့ စစ်သည်များအဖို့ အပြစ်ပေးခံရမှာ မဟုတ်ကြောင်း ကတိပြုပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ သမ္မတဟောင်း မိသားစုဟာ သီရိလင်္ကာကို နှစ်၂၀ ကျော်ကြာအောင် လက်ဝါးကြီး အုပ်ခဲ့ပါတယ်။ သူထွက်ပြေးသွားတဲ့အချိန်ကျမှပဲ သူတို့မိသားစုရဲ့ အာဏာစက်ကနေ သီရိလင်္ကာ လွတ်မြောက်ခဲ့ပါတယ်။ ဒါတောင်မှ သူ့အစွယ်အပွားကို ချန်ထားခဲ့ပါသေးတယ်။
ဇူလိုင် ၉ ရက်နေ့မှာ လူထုက သမ္မတအိမ်တော်ကို ဝင်စီးတယ်။ ဇူလိုင် ၈ ရက်နေ့ကတည်းက စစ်လေယာဥ်နဲ့ ကြိုပြီးတိမ်းလျှောင်ခဲ့တယ်။လေဆိပ်ကနေ ပြည်ပကို ထွက်ခွာဖို့ကြိုးစားခဲ့ပေမယ့် တားဆီးမှုတွေကြောင့် မအောင်မြင်ခဲ့ပါဘူး။ ဇနီးသည်နဲ့အတူ လေဆိပ်အနီးက စစ်အခြေစိုက်စခန်းမှာ ခေတ္တနေပြီးမှ မော်လဒိုက် နိုင်ငံဆီ ထွက်ပြေးခဲ့တာကို မှန်းဆကြည့်ရင် စစ်တပ်ရဲ့ အကူအညီ ပါနေတာကို တွေ့နိုင်မှာပါ။ မော်လဒိုက် ကနေ စင်္ကာပူရောက်သွားမှ သမ္မတအဖြစ်ကနေ နှုတ်ထွက်ပေးမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ တရားစွဲဆိုခြင်းမှ ကင်းလွတ်နိုင်အောင် အစီအစဥ်တကျ လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါဉီးမည် . . . .
( လက်ျာဧ )
(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)
{- မြန်မာ့စွယ်စုံကျမ်းပါ သီရိလင်္ကာဆိုင်ရာ
ဖော်ပြချက်များ
– ကမ္ဘာ့ဘဏ် သတင်းထုတ်ပြန်ချက်
– AAPP ၏ သတင်းထုတ်ပြန်ချက်
– The Economist Magazine ပါဆောင်းပါး
– AFP , CNN, Reuters, Xinhua, Channel News Asia တို့၏ သတင်းဖော်ပြချက်များ
– BBC, VOA,RFA,DVB, Myanmar Now, PVTV
သတင်းဌာနများ၏ သတင်းဖော်ပြချက်များ
နှင့်အတူမိမိ၏ ကိုယ်ပိုင်မှတ်စုများတို့မှ ထုတ်နှုတ်ကိုးကားပြီး ရေးသားထားခြင်း ဖြစ်ပါသည်။ }