တွက်ရခက်သော ပုစ္ဆာများနှင့်  မြန်မာပြည် ခရီးကြမ်း (အပိုင်း-၂)

(မြန်မာကျောင်းသားများသည်  သမိုင်းအမှန်ကို မသင်ကြားရဘဲ  အမျိုးသားရေး လှုံဆော်မှုကို ဦးစားပေးသော သမိုင်းကိုသာ သင်ကြားလာ ကြရသည်။   ထင်ရှားသည့် ဥပမာအဖြစ် တင်ပြရလျှင် –  ဖက်ဒရယ် နိုင်ငံရေးစနစ်သည် ပြည်ထောင်စုနိုင်ငံထဲက ခွဲထွက်သည့်စနစ်သာ ဖြစ်သည်။)

အပိုင်း ( )

လွတ်လပ်ရေးရပြီး နောက်ပိုင်း နောင်လာနောင်သား လူငယ်များ အတုယူနိုင်စေရန် အမျိုးသားခေါင်းဆောင်အဖြစ် ဗိုလ် ချုပ်အောင်ဆန်းကို တင်မြှောက်ခဲ့ကြသည်။  ပညာရေးအခန်းကဏ္ဍတွင်လည်း  မျိုးချစ်စိတ်ဓါတ် ပြန့်ပွါးရေးအခြေခံပြီး သင်ကြားမှုများကို လုပ်ခဲ့ကြသည်။   သင်ရိုးတွင် အင်္ဂလိပ်စာအစား မြန်မာစာကို အစားထိုးသည်။ သမိုင်းကိုလည်း မြန်မာ့မျိုးချစ်တို့၏ မျိုးချစ်စိတ်ရှိကြသည့် သမိုင်းကိုသာ ပြုပြင်ရေးသား သင်ကြားခဲ့ကြသည်။  မြန်မာကျောင်းသား များသည်  သမိုင်းအမှန်ကို မသင်ကြားရဘဲ  အမျိုးသားရေး လှုံဆော်မှုကို ဦးစားပေးသော သမိုင်းကိုသာ သင်ကြားလာ ကြရသည်။   ထင်ရှားသည့် ဥပမာအဖြစ် တင်ပြရလျှင် –  ဖက်ဒရယ် နိုင်ငံရေးစနစ်သည် ပြည်ထောင်စုနိုင်ငံထဲက ခွဲထွက်သည့်စနစ်သာဖြစ်သည်။  နိုင်ငံပြိုကွဲရေးသာ ဖြစ်သည်ဟု  အမှန်တရားမှ သွေဖည်ပြီး သင်ကြားခဲ့သောကြောင့်  တိုင်းရင်းသားစည်း လုံးညီညွတ်ရေးတည်ဆောက်မှုတွင်  အခက်အခဲကြီးများ ၊ အဟန့်အတားကြီးများ ဖြစ်ပေါ်စေခဲ့ သည်။ ဖက်ဒရယ်ဟူသော စကားလုံးကို မည်သူမျှ မသုံးစွဲရဲသည်အထိ တန်ခိုးကြီးခဲ့သည်။ ဖက်ဒရယ် ဟူသော စကားရပ်ကို သုံးစွဲခဲ့ပါကလည်း တိုင်းပြည်ပြိုကွဲအောင် လုပ်သူဟူသော ကြီးမားသည့်အပြစ်ကြီးကို ကျူးလွန်သူများ အဖြစ် စွပ်စွဲခံခဲ့ရကြသည်။ ယခုအခါမှာတော့  နိုင်ငံရေးသမားတိုင်း၏  နှုတ်ဖျားတွင် ဖက်ဒရယ်ဆိုသော စကားလုံးသည် မပါမဖြစ် ထည့်ပြောဆိုနေကြပါပြီ။   ဖက်ဒရယ် ဆိုသောစကားရပ်မပါဝင်သော နိုင်ငံရေးတရားပွဲသည် မရှိသလောက် ဖြစ်လာရပြန်သည်။

ဆရာကြီး ဒေါက်တာသန်းထွန်းက သမိုင်းကို သင်ကြားခြင်းသည် “ မအ အောင် ” သင်ကြားသည်ဟု ဆိုခဲ့ပါသည်။  လက် တွေ့တွင်မူ သမိုင်းအစစ်အမှန်အား သင်ကြားခြင်းမရှိဘဲ မျိုးချစ်စိတ်ဓါတ် နိုးထမှုကို အခြေခံသော သင်ကြားမှုများ ကြောင့် ကျောင်းသားများသည် မျိုးချစ်စိတ်ဓါတ် နွံအတွင်း ကျဆင်းကုန်ကြပြီး “အ” သွားကြရသည်။ ထိုသို့သင်ကြားမှု ကြောင့် အမှန်တကယ် မျိုးချစ်စိတ်ဓါတ်များ တိုးပွါးသလားဆိုလျှင်လည်း မဟုတ်ပြန်ပေ။ သမိုင်းအမှန်ကို သင်ကြား ခြင်းဖြင့်သာလျှင် ကျောင်းသားကျောင်းသူများအတွက် နိုင်ငံရေးနှင့် ပတ်သက်လာလျှင် ဆင်ခြင်တုံတရား ရှိလာကြမည်။ ဝေဖန်ဆန်းစစ်မှု လုပ်တတ်လာကြမည်။ သမိုင်းကာလတုန်းက မှားယွင်းခဲ့သည်များကို သင်ခန်းစာ ရယူနိုင်ပြီး နောက်ထပ် မမှားရလေအောင် ပြုပြင်နိုင်ကြမည် ဖြစ်သည်။  ထိုသို့သော အသိပညာ ဆင်ခြင်တုံတရားများဖြင့် တိုင်းပြည်တည်ဆောက်မှသာလျှင် အေးချမ်းသာယာနိုင်ပြီး အောင်မြင်သည့်နိုင်ငံတစ်ခုကို တည်ဆောက်နိုင်ပါမည်။

ယနေ့ကဲ့သို့ ကမ္ဘာ့ရွာကြီးတစ်ခု ဖြစ်နေသည့်ခေတ်တွင် လူငယ်လူရွယ်များအား အရှိတရား/အမှန်တရားကို ဖုံးကွယ်ထား ၍ မရနိုင်တော့ပေ။ ဖုံးထားသမျှ ဖေါ်ထုတ်နိုင်သည့်  ခေတ်ကိုရောက်နေပြီ ဖြစ်သည်။  စစ်ခေါင်းဆောင်များသည် ၁၉၈၈-ပြည်သူ့အရေးတော်ပုံကြီး ပေါ်ပေါက်လာရခြင်းသည် မျိုးချစ်စိတ်ဓါတ် အားနည်းသောကြောင့်ဟု ထင်မြင်ခဲ့ကြသည်။ ထို့ကြောင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေးဟူသော အစီအမံဖြင့်  ရှေးစစ်တပ်ဝတ်စုံ မောက်တိုမောက်ရှည်များ ဝတ်လျက် မြင်းစီးခြင်း၊ စစ်လှေလှော်ပြခြင်း၊  သီချင်းဂီတ သီဆိုပွဲများကျင်းပခြင်းများ လုပ်ခဲ့ဖူးပါသည်။  ယခုလို အချိန်အခါမျိုးတွင် ထိုကဲ့သို့သောပွဲများကို စိတ်ကူးဖြင့်ပင် ကျင်းပနိုင်တော့မည် မဟုတ်ပေ။  လူငယ်များ၏ ဟားတိုက်ရယ်မောခြင်းကိုသာ ခံကြရပေမည်။  ခေတ်ကာလသည်  လျင်မြန်စွာ ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ ယနေ့ နွေးဦးတော်လှန်ရေးကို လူငယ်အများအပြား ပါဝင်နေခြင်းသည် ယခင်က ဖုံးကွယ်ထားသမျှ ပေါ်ကုန်သော အကြောင်းရင်း တစ်ခုကြောင့်လည်းဖြစ်သည်။  သူတို့သည် သမိုင်းအမှန်ကို တွေ့လာကြသည်။   သမိုင်းစဉ် တလျောက် လုံး ဖိနှိပ်မှုများကိုလည်း မြင်လာကြသည်။

ယနေ့ နွေးဦးတော်လှန်ရေးကို လူငယ်အများအပြား ပါဝင်နေခြင်းသည် ယခင်က ဖုံးကွယ်ထားသမျှ ပေါ်ကုန်သော အကြောင်းရင်း တစ်ခုကြောင့်လည်းဖြစ်သည်။  သူတို့သည် သမိုင်းအမှန်ကို တွေ့လာကြသည်။   သမိုင်းစဉ် တလျောက် လုံး ဖိနှိပ်မှုများကိုလည်း မြင်လာကြသည်။

ခေါင်းငုံ့ခံနေလျှင် တစ်သက်လုံး ခံစားကြရတော့မည့်အကြောင်းကိုလည်း သိမြင်လာကြသည်။  အနာဂတ်အတွက် မဖြစ်မနေစွန့်စား ရမည်ကိုလည်း ကောင်းစွာသဘောပေါက်လာကြသည်။  ခေတ်စနစ်က ဖွင့်ပေးခဲ့သော တံခါးပေါက်ကနေ သူတို့ရဲဝံ့စွာ လျှောက်လှမ်းခဲ့ကြသည်။  မြန်မာပြည်၏ အမှားများကို တီးခေါက်မိလာကြသည်။  ပြုပြင်ဖို့ လိုအပ်နေသည်ကို သူတို့က ကောင်းစွာသဘောပေါက်နေကြပြီ ဖြစ်သည်။   မှားယွင်းသည့် ခေါင်းဆောင်မှုများကို ဖယ်ရှားဖို့လိုကြောင်း သူတို့ သိရှိကြသည်။   အာဏာရှင်စနစ်၏ ဆိုးကျိုးကို သူတို့ လက်တွေ့သိမြင်လာကြ၍  လက်မခံ ၊ ဆန့်ကျင်တွန်းလှန်လိုသည့်  ဆန္ဒများ ကြီးစိုးလာကြသည်ဟု ဆိုရပါမည်။

နည်းပညာများကြောင့် အမှားကို ဖုံးကွယ်ရန် ခက်ခဲလာကြသည်။  မတရားမှုများကို ဖျောက်ဖျက်ရန် ခက်ခဲလာသည်။ မမှန်မကန် ဆောင်ရွက်မှုများကို လူအများက အလွယ်တကူ သိခွင့်ရလာကြသည်။  ဖြစ်ရပ်များတွင် မည်သူက မှန်ပြီး မည်သူက မှားနေသည်ကို ဆင်ခြင်သုံးသပ်နိုင်လာကြသည်။  ပညာရှင်များ၏ ဆန်းစစ်ဝေဖန်မှုများကိုလည်း အလွယ် တကူ ဖတ်ရှုနိုင်ပြီး စဉ်းစားခန်းဝင်နိုင်ကြသည့် ခေတ်ဖြစ်လာသည်။

အနည်းငယ်မျှ နောက်ကြောင်းပြန်ကြည့်ရလျှင် – ၁၉၈၈-ခုနှစ်တွင် အာဏာသိမ်းခဲ့သော စစ်အစိုးရအနေဖြင့် ပါတီစုံ ဒီမိုကရေစီ စနစ်ကျင့်သုံးနိုင်ရန် နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့်ပြုမည်။ ရွေးကောက်ပွဲ ကျင်းပပေးမည်ဟူသော ကတိကဝတ်ကြောင့်  လူထုအုံကြွမှုများကို ရပ်ဆိုင်းပေးခဲ့ကြသည်။  နိုင်ငံရေးပါတီများကို ဖွဲ့စည်းခွင့်ပေးခဲ့ပြီး ၁၉၉၀- ပြည့်နှစ်တွင် ရွေးကောက်ပွဲကိုလည်း အမှန် ကျင်းပပေးခဲ့သည်။  သို့သော် သူတို့လိုလားသော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ အနိုင်မရသောအခါ အနိုင်ရ NLD ပါတီအား အာဏာမလွဲတော့ဘဲ လွှတ်တော်တက်ရန်သာ ဖြစ်သည်ဟူ၍ အကြောင်းပြခဲ့ပြန်သည်။  ပါတီများက လွှတ်တော် ခေါ်ပေးရန် တောင်းဆိုကြသောအခါတွင်မူ လွှတ်တော်ကို မခေါ်ပေးပါ။  ကတိအကြိမ်ကြိမ် ဖျက်ခဲ့ကြသည်။  ထို့အပြင်  ၂၀၀၈ ခြေ/ဥ အရ ၂ဝ၁ဝ- ရွေးကောက်ပွဲကို ကျင်းပပေးသောအခါတွင်လည်း သတ်မှတ်ထားသော ဥပဒေများနှင့်ဆန့်ကျင်လျက် ကြိုတင်မဲများကို မနိုင်မချင်း အိတ်များဖြင့် သွန်ချရေတွက်စေခြင်းဖြင့်  မတရားအနိုင် ယူခဲ့ပြန်သည်။  ယင်းအချက်များသည် ထင်ရှားလှသော သမိုင်းကြောင်းများမို့ သတိချပ်ရမည့် အချက်များအဖြစ် သတ်မှတ်ထားရပါမည်။   သို့ဆိုလျှင်  စစ်ကောင်စီက ကတိကဝတ်ပေးထားသော ၂၀၂၃-ခုနှစ် ရွေးကောက်ပွဲသည် ၁၉၉၀-ခုနှစ်တုန်းကလို မဟုတ်ဘဲ အမှန်အကန် ကတိတည်ပါမည်လား၊  အမှန်တကယ် နိုင်သည့်ပါတီကို အာဏာတကယ်လွဲပါမည်လား။  ၂၀၁၀-ခုနှစ်တုန်းကလို မဟုတ်ဘဲ တရားမျှတသည့် (မှန်ကန်သည့်) ရွေးကောက်ပွဲ အမှန် တကယ် ဖြစ်-မဖြစ် – ဆိုသော မေးခွန်းများကို မှန်မှန် ကန်ကန် သုံးသပ်ဖြေဆိုဖို့ လိုအပ်သည်ဟု ဆိုချင်ပါသည်။ 

(စေ့စပ်ဆွေးနွေးရေး စကားဦးသန်းမိသော နိုင်ငံရေးသမားမှန်သမျှ  ကြိမ်းမောင်းခြိမ်းခြောက်ခြင်းခံနေကြရသည်။  မည် သည့်ဖက်ကမျှ စားပွဲဝိုင်းပေါ်သို့  ဖိတ်ခေါ်၍ မရသည့် အခြေအနေမျိုး ဆိုက်ရောက်နေပါသည်။  တင်းမာမှုက အလွန် အမင်းကြီးထွားနေသည့်ကာလ ဖြစ်နေသည်။   ဝေသာလီပြည်တွင်း  ဘီလူးသရဲများ ဝင်သကဲ့သို့ ဖြစ်နေသည်။)

လူထုအနေဖြင့်  စစ်ခေါင်းဆောင်များကို မယုံကြည်နိုင်ကြသည့် အကြောင်းတရားများကလည် အထင်အရှားရှိခဲ့ ဖူးသည်။  ၁၉၆၄-ခုနှစ်တွင် တိုင်းပြည်တစ်ဝှမ်းလုံးတွင် စီးပွါးရေးလုပ်ငန်းများအားလုံးကို ပြည်သူပိုင် သိမ်းပိုက်ခဲ့သည်။ အချို့ကွမ်းယာဆိုင် ၊ ဆံသဆိုင်များပင် မကျန်ရလေအောင် ပြည်သူပိုင်လုပ်ခဲ့ဖူးသည်။ ပြည်တွင်းသုံး ငွေစက္ကူများ ၏ ခိုင်မာမှုကို အာမခံထားသည့် နိုင်ငံပိုင် ရွှေစင်ရွှေသားတန်ချိန်များစွာကို  မှားယွင်းစွာရောင်းချပြီး ပျောက်ကွယ်ဆုံးရှုံး သွားခဲ့ဖူးပါသည်။  သုံးကြိမ်သုံးခါတိတိ လုပ်သားပြည်သူများ၏ လက်ထဲမှ ငွေစက္ကူများကို တရားမဝင်ကြေညာ ခဲ့ဖူးသည်။  ဆန် ဆီ ဆား လူသုံးကုန်များကို ခွဲတမ်းစနစ်ဖြင့်  တန်းစီဝယ်ယူခဲ့ကြရသည်။  ၁၉၉၀-ပြည့်နှစ် ရွေးကောက်ပွဲကျင်းပပေးခဲ့ပြီး သူတို့အနိုင်ရစေချင်သောပါတီ  မနိုင်သောအခါ လွှတ်တော်မခေါ်ပေးသည့်အပြင် လူထုက အမှန်အကန် မဲပေးပြီး ရွေးချယ်ပေးခဲ့သူများကို နည်းအမျိုးမျိုးဖြင့် နှိပ်ကွပ်ခြင်း ၊ တရားစွဲခြင်း၊ တာဝန်မှ နှုတ်ထွက်စေခြင်းများ လုပ်ခဲ့သည်။  လူထုတစ်ရပ်လုံး ဆင်းရဲဒုက္ခရောက်နေချိန်တွင် စစ်ဗိုလ်ချုပ်ကြီးများက အလွန်အမင်း ချမ်းသာနေကြသည်။ သူတို့၏ သားသမီး ဆွေမျိုးများက ဆင်းရဲသော ပြည်သူလူထုရှေ့တွင် ငွေသုံးဖြုန်း ပြနေခဲ့သည်။  ထိုသို့သော  သင်ခန်းစာများသည်  တပ်မတော်အား လူထုက သံသယဝင် စေခဲ့သော ကိစ္စရပ်များ ဖြစ်ခဲ့သည်။ တပ်မတော်အနေဖြင့် အမှန်တကယ် စေတနာမှန်ဖြင့် ဆောင်ရွက်ချက်များကိုပင် သံသယဖြင့် ကြည့်မြင် နေကြမည်သာ ဖြစ်သည်။ အမှန်တကယ် ကတိတည်သော သူများအဖြစ် ယုံကြည်မှု ပြန်လည် တည်ဆောက်ကြဖို့ လိုအပ်ပါသည်။ မှားယွင်းခဲ့သော သမိုင်းကြောင်းတုန်းက တပ်မတော်မျိုး မဟုတ်ပါကြောင်း ကိုလည်း သက်သေထူပြဖို့ လိုပါသည်။  အထက်က ဆိုခဲ့ပါ  အဆိုမှာ ယနေ့လက်တွေ့ဖြစ်ရပ်နှင့်တော့ ပြဒါးတလမ်း သံတလမ်း ဖြစ်နေကြပါသည်။

မည်သို့ပင်ဆိုစေကာမူ လက်ရှိအခြေအနေများကို ထည့်သွင်းမှန်းဆကြည့်လိုက်လျှင် – ၂၀၂၃-ခုနှစ် ရွေးကောက်ပွဲအား လွတ်လပ်စွာ၊ တရားမျှတစွာ ကျင်းပရန်ကိစ္စမှာ သံသယများ ကြီးထွားနေကြပါသည်။ လက်ရှိအခြေအနေမှာ အာဏာသိမ်း စစ်ကောင်စီအား ပြင်းထန်သည့်  ခုခံတိုက်ခိုက်မှုများသည် နေရာအနှံ့အပြားမှာ ပေါ်ပေါက်နေကြပါသည်။ စေ့စပ်ဆွေးနွေးရေး စကားဦးသန်းမိသော နိုင်ငံရေးသမားမှန်သမျှ  ကြိမ်းမောင်းခြိမ်းခြောက်ခြင်းခံနေကြရသည်။  မည် သည့်ဖက်ကမျှ စားပွဲဝိုင်းပေါ်သို့  ဖိတ်ခေါ်၍ မရသည့် အခြေအနေမျိုး ဆိုက်ရောက်နေပါသည်။  တင်းမာမှုက အလွန် အမင်းကြီးထွားနေသည့်ကာလ ဖြစ်နေသည်။   ဝေသာလီပြည်တွင်း  ဘီလူးသရဲများ ဝင်သကဲ့သို့ ဖြစ်နေသည်။

(ဘယ်သူ့  ဘယ်သူမျှ  မနိုင်နိုင်သည့် အခြေအနေသည် နိုင်ငံအား များစွာ နစ်နာစေသည်။  ပြဿနာသည် ကာလ ကြာရှည်နိုင်သောကြောင့်လည်း နိုင်ငံတော်အား ကျရှုံးနိုင်ငံအဖြစ်သို့  ဦးတည်သွားစေနိုင်သည်။)

ယခုအချိန်အခါတွင်  ပျက်စီးဆုံးရှုံးမှုများကို  မည်ကဲ့သို့ ပြန်လည်ထူထောင်ကြမည်ဆိုသည့် အတွေးမျိုး မည်သူ့ထံတွင်မျှ ရှိနေမည်ဟု မထင်မိပေ။  နောင်ခါလာ နောင်ခါဈေးဟု စိတ်ဒုန်းဒုန်းချ ထားကြပုံရပါသည်။

နှစ်ဖက်လက်နက်ကိုင် တိုက်ကြသည့် တိုက်ပွဲများသည် သာမန်အားဖြင့် အဆန်းတကြယ်ဟု မဆိုနိုင်သော်လည်း သာမန် စစ်ပွဲထက်ပိုသော အရပ်သားသတ်ဖြတ်မှုများက အလွန်အကျည်းတန်စေပါသည်။ တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများ သည်  မကြုံစဖူး၊ မယုံကြည်နိုင်စရာ၊ ထိတ်လန့်စရာ ကောင်းလွန်းနေပါသည်။ မည်သူမျှ လုံခြုံမှု မရှိကြတော့သည့် အနေအထားမျိုးဖြစ်သည်။  ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးသည် စိုးရိမ်းစရာ ဖြစ်လာနေ ပါသည်။  အရပ်သားများကို ပြစ်ဒဏ်ပေးသည့်သဘောမျိုး သတ်ဖြတ်ခြင်းနှင့် ရန်သူ့လူအဖြစ် သတ်မှတ်သတ်ဖြတ်နေ ခြင်းသည် အလွန်နားလည်ရန် ခက်လှသည့် ဆုံးဖြတ်ချက်မျိုး ဖြစ်သည်။  နှစ်ဖက်စလုံးက အပြန်အလှန် ဖေါ်ဆောင်နေ သောအခါ သာမန်လုပ်သားပြည်သူများအဖို့  အတော်ကို အကျဉ်းအကြပ်တွေ့ကြရသည်။  ဥပဒေအရ မည်သူ့ကို တိုင်ကြားရမည်မှန်းလည်း မသိရှိကြတော့ပေ။  အလွန်ခက်ခဲသည့် အခြေအနေမျိုး ဖြစ်ပါသည်။

ဘယ်သူ့  ဘယ်သူမျှ  မနိုင်နိုင်သည့် အခြေအနေသည် နိုင်ငံအားများစွာ နစ်နာစေသည်။ ပြဿနာသည် ကာလ ကြာရှည်နိုင်သောကြောင့်လည်း နိုင်ငံတော်အား ကျရှုံးနိုင်ငံအဖြစ်သို့  ဦးတည်သွားစေနိုင်သည်။ အထူးသဖြင့် နိုင်ငံ့စီးပွါး ရေးသည် အတော်ကို အထိနာသွားသည်ဟု ဆိုရပေမည်။ ထို့အတူ  လူငယ်များ၏ ပညာရေးသည်လည်း ထိခိုက်နေသကဲ့ သို့  နိုင်ငံသားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများအထိ ထိခိုက်မှုများ ရှိနေခဲ့သည်။  အဆိုးဆုံးမှာ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးသည် ထိခိုက်မှု အတော်ကိုကြီးမားနေခြင်းပင်။ နိုင်ငံရေး အလှည့်အပြောင်း တစ်ခုအတွက် ထိုမျှလောက်တော့ ထိခိုက်ရသည်မှာမဆန်းဟု ပြောကြမည်ဆိုသော်လည်း  ထိခိုက်မှုကတော့ အတော် ကြီးကို များလွန်းသည်မှာ ငြင်းဆိုနိုင်ကြမည် မဟုတ်ပေ။ ယင်းပြဿနာ (သို့) အခက်အခဲအား မြန်မာ့ခေါင်းဆောင်များ ပင်မဆိုထားနှင့်  နိုင်ငံတကာမှ ခေါင်းဆောင်များပင်လျှင် နည်းလမ်းမရှာနိုင်ဘဲ ခေါင်းခဲနေကြရသည်ဟု သိရပါသည်။ ယခုအချိန်အခါတွင်  ပျက်စီးဆုံးရှုံးမှုများကို  မည်ကဲ့သို့ ပြန်လည်ထူထောင်ကြမည်ဆိုသည့် အတွေးမျိုး မည်သူ့ထံတွင်မျှ ရှိနေမည်ဟု မထင်မိပေ။  နောင်ခါလာ နောင်ခါဈေးဟု စိတ်ဒုန်းဒုန်းချ ထားကြပုံရပါသည်။

ဉာဏ်လင်း – လေ့လာရေးသားသည်။

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)