(ယခုတစ်ကြိမ် အာဏာသိမ်းမှုသည် ဘယ်လိုမျှ ထင်မှတ်မထားခဲ့သည့် ခုခံတော်လှန်ရေး ဖြစ်စဉ်ကြီး ပေါ်ပေါက်လာခဲ့သည်ကို ကြည့်လျှင် နှိမ်နှင်းမှု ပြင်းထန်လွန်းခြင်းနှင့်အတူ လူထုသည် အတိတ်သမိုင်းများ၏ ဒဏ်ရာဒဏ်ချက် ဆိုးကျိုးများကို ခါးသီးနေကြပြီ ဖြစ်ကြောင်း သိသာလွန်းနေပါသည်။)
အပိုင်း (၁)
မြန်မာ့နိုင်ငံရေး အကြောင်းကို ဆန်းစစ်ကြည့်လိုက်တိုင်း စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ရပါသည်။ အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ဆူပူမှုကို နှိမ်နှင်းသည်ဟု ဆိုသော်လည်း နှိမ်နှင်းမှုက အလွန်အမင်းကို ပြင်းထန်လွန်းပါသည်။ ပြင်းထန်လွန်း သောကြောင့်လည်း မထင်မှတ်ထားသည့် ခုခံတော်လှန်ရေး အဖွဲ့အစည်းများက နေရာအနှံ့အပြားမှာ မှိုလိုပေါက် ပေါ်ထွက်လာခဲ့သည်။ ၁၉၅၈ / ၁၉၆၂ / ၁၉၈၈ အာဏာသိမ်းမှုများနှင့် နှိုင်းယှဉ်ကြည့်လျှင် ယခုတစ်ကြိမ် အာဏာသိမ်း မှုသည် ဘယ်လိုမျှ ထင်မှတ်မထားခဲ့သည့် ခုခံတော်လှန်ရေး ဖြစ်စဉ်ကြီး ပေါ်ပေါက်လာခဲ့သည်ကို ကြည့်လျှင် နှိမ်နှင်းမှု ပြင်းထန်လွန်းခြင်းနှင့်အတူ လူထုသည် အတိတ်သမိုင်းများ၏ ဒဏ်ရာဒဏ်ချက် ဆိုးကျိုးများကို ခါးသီးနေကြပြီ ဖြစ်ကြောင်း သိသာလွန်းနေပါသည်။
အဆိုပါ အခြေအနေများ ဖြစ်ပေါ်လာရခြင်းအတွက် နောက်ကြောင်းသမိုင်းကို အနည်းငယ်ပြန်လည်ဆန်းစစ် ကြည့်ကြလျှင် သင့်လျော်မှန်ကန်လိမ့်မည်ဟု ထင်ပါသည်။
လွတ်လပ်ရေး ရယူကြစဉ်က ထဲထဲဝင်ဝင် ပါဝင်ခဲ့ကြသည့် လူကြီးတချို့၏ ရေးသားချက်များကို ပြန်လည်စီစစ်ကြည့်ကြ ပါစို့။ မြန်မာအား လွတ်လပ်ရေးပေးရန်အတွက် နယ်ချဲ့ အင်္ဂလိပ်တို့က သဘောတူလိုက်သောအခါ လက်ခံရယူရန် ပြင်ဆင်ကြသည်။ လွတ်လပ်ရေးကြေညာစာတမ်း ရေးကြသည်။ နိုင်ငံတော် သီချင်းများ စပ်ဆိုကြသည်။ ထိုအထဲတွင် လွတ်လပ်ရေး ရယူမည့် “မင်္ဂလာအချိန်အခါ” အတွက် နက္ခတ်ဗေဒင်များတွက်ကြသည်။ တွက်ချက်သူက ဘယ်လိုနိုင်ငံ မျိုးကို မွေးဖွါးချင်ပါသလဲ- ဟူသောမေးခွန်းကို သွားရောက်မေးမြန်းသူက “စစ်အင်အားကြီးသော” နိုင်ငံမျိုးကို မွေးဖွါးလိုသည်ဟု ဖြေကြားခဲ့ကြောင်း သိရပါသည်။ ထိုစဉ်က လူကြီးမင်းတချို့၏ စိတ်ထဲဝယ် – “ငါတို့နိုင်ငံ ဟာ အင်အားအလွန်ကြီးတဲ့ တရုတ်နဲ့ ကုလားနိုင်ငံတွေရဲ့ ကြားထဲမှာ ညှပ်နေတယ်။ အကယ်၍များ စစ်အင်အား မတောင့်တင်းခဲ့ရင် အဲ့ဒီနိုင်ငံကြီးတွေရဲ့ ချိန်းခြောက်မှုဒဏ်ကို အစဉ်အမြဲ ခံနေရတော့မယ်။ ဒါကြောင့် စစ်အင်အားကြီး မားတောင့်တင်းနဲ့ နိုင်ငံဖြစ်ဖို့လိုတယ် “- ဟူသော အတွေးအခေါ်များက လွှမ်းမိုးနေခဲ့သည်ဟု ဆိုပါသည်။
ယခုအချိန်မှာတော့ မြန်မာသည် အမှန်တကယ် စစ်သည်အင်အား အလွန်တောင့်တင်းသော နိုင်ငံဖြစ်နေပြီဟုဆိုလျှင် မှားမည်မဟုတ်။ သို့သော် တပ်မတော်တစ်ခုထဲတွင် စုဝေးနေခြင်းတော့ မဟုတ်ပါ။ တပ်မတော်အပြင် တပ်မတော်နှင့်တိုက်ခိုက် နေကြ သော အဖွဲ့ကြီးအဖွဲ့ငယ်ပေါင်း မြောက်မြားလှစွာဖြင့် ပြန့်ကြဲနေကြပေသည်။ ထိုထိုသော လက်နက်ကိုင်အားလုံးကို စုပေါင်းလိုက်ပါက မြန်မာပြည်တွင် လက်နက်ကိုင်သူပေါင်းသည် အရှေ့တောင်အာရှမှာ အင်အားအတောင့်ဆုံး ဖြစ်လာ ဖို့ရာ အတော်ကို သေချာသည်ဟု ပြောရပေလိမ့်မည်။
ယခုအချိန်မှာတော့ မြန်မာသည် အမှန်တကယ် စစ်သည်အင်အား အလွန်တောင့်တင်းသော နိုင်ငံဖြစ်နေပြီဟုဆိုလျှင် မှားမည်မဟုတ်။ သို့သော် တပ်မတော်တစ်ခုထဲတွင် စုဝေးနေခြင်းတော့ မဟုတ်ပါ။ တပ်မတော်အပြင် တပ်မတော်နှင့်တိုက်ခိုက် နေကြ သော အဖွဲ့ကြီးအဖွဲ့ငယ်ပေါင်း မြောက်မြားလှစွာဖြင့် ပြန့်ကြဲနေကြပေသည်။ ထိုထိုသော လက်နက်ကိုင်အားလုံးကို စုပေါင်းလိုက်ပါက မြန်မာပြည်တွင် လက်နက်ကိုင်သူပေါင်းသည် အရှေ့တောင်အာရှမှာ အင်အားအတောင့်ဆုံး ဖြစ်လာ ဖို့ရာ အတော်ကို သေချာသည်ဟု ပြောရပေလိမ့်မည်။ လက်နက်ကိုင်တပ်ဖွဲ့များ တကွဲတပြားစီ ဖြစ်နေကြခြင်းက လွဲလျှင်- ဟု မှတ်ချက်တော့ ပြုရမည် ထင်ပါသည်။
အထက်ပါစကားဦးကို ပြန်ဆက်ရလျှင် – လွတ်လပ်ရေး ရယူခဲ့သောအချိန်အား ၁၉၄၈-ခုနှစ် ဇန်နဝါရီလ (၄) ရက် ၊ တနင်္ဂနွေနေ့ ၊ နံနက် (ဝ၄း၂ဝ) နာရီအချိန် (ပုတိဖွါး) ကို ရွေးချယ်ပေးခဲ့သည်ဟု အဆိုရှိပါသည်။ အဆိုပါ အချိန်အား ဘုရင်ခံနှင့်ညှိနှိုင်းတင်ပြရာ ဘုရင်ခံက ဆောင်းတွင်းကြီးဖြစ်သည့်အတွက် မိုးမလင်းသေးဘဲ အလွန်စောကြောင်း ပြောသော်လည်း မြန်မာများဖက်က အချိန်အား မရွေ့ချင်ကြသောကြောင့် ဘုရင်ခံက “အေးလေ – ကျွန်ုပ်တို့က တစ်ရက်ထဲ စောစောထရမှာပါ။ ခင်ဗျားတို့ကတော့ နှစ်စဉ်နှစ်တိုင်း စောစောထကြ ရလိမ့်မယ်” လို့ပြောပြီး သဘောတူ လိုက်ကြောင်း ဆိုပါသည်။ ယခုအခါမတော့ လွတ်လပ်ရေးနေ့ အခန်းအနားကျင်းပတိုင်း မနက် (၄း၂၀) နာရီတွင် ကျင်းပ နိုင်ရန် အတော်ကို အားစိုက်ကြရပါသည်။
ထိုအခြေအနေအတိုင်း လွတ်လပ်ရေးကို ရယူခဲ့ပြီး လပိုင်းအတွင်းမှာပင် စစ်ပွဲများ ဖြစ်ပွါးခဲ့ကြသည်မှာ ယနေ့တိုင် နှစ်ပေါင်းခုနစ်ဆယ်ကျော်ခဲ့ပြီ ဖြစ်သည်။ လက်တွေ့ဘဝတွင် စစ်အင်အားအရာတွင် အိန္ဒိယနှင့်တရုတ်နိုင်ငံတို့၏ အင်အားကို မယှဉ်ပြိုင်နိုင်ဘဲ ကိုယ့်အချင်းချင်းဖြစ်ကြသော စစ်ပွဲများကသာ မြန်မာ့သမိုင်းတစ်ခုလုံးကို ဖုံးလွှမ်းနေသည် ကို မည်သူမျှ မငြင်းဆိုနိုင်တော့ပေ။ ကိုယ့်အချင်းချင်း ဖြစ်ကြခြင်းအတွက် လက်တွေ့အဖြေကို မရှာကြဘဲ ၊ အင်္ဂလိပ် ဝန်ကြီးချုပ်ချာချီ ရဲ့မှတ်ချက်ဖြစ်သည့် “ မြန်မာပြည်သူများသည် အုပ်ချုပ်ရေးကို ကျွမ်းကျင်မှု မရှိသေး၊ အကယ်၍ လွတ်လပ်ရေးကို ဆောလျင်စွာ ရယူပါက ပြည်တွင်းစစ်များ ဖြစ်ပွါးလာနိုင်သည်“ ဟူသေ ာမှတ်ချက်ကို အကြောင်းပြုပြီး အင်္ဂလိပ်တို့၏ သွေးခွဲမှုကြောင့်သာ ပြည်တွင်းစစ်များ ဖြစ်နေရသည်ဟု ရေးသားအပြစ်တင်မှုများ အများအပြားတွေ့ရပါ သည်။ ကိုယ့်ကိုယ်ကို ဝေဖန်ဆန်းစစ်ရေး အလွန်အားနည်းခဲ့ကြောင်း တွေ့နိုင်ပါသည်။ ကိုယ်ကိုယ်ကို ဘယ်နေရာတွင် ချို့ယွင်းနေကြောင်း စဉ်းစားရှာဖွေ သုံးသပ်သည့် အလုပ်များကို သိပ်မတွေ့ရှိရပေ။
ထိုစဉ်အခါက လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ သာလျှင်ဖြစ်ကြပြီး အုပ်ချုပ်ရေးနှင့် နောင် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုများကို မေ့လျော့နေကြသည်ဟု စာရေးသူ၏ ဖခင်ကြီးက ပြောပြဖူးပါသည်။ ရန်ကုန်မြို့၏ ရေပိုက်လိုင်း၊ မိလ္လာလိုင်းများ၊ မြေအောက်လမ်းများ၏ မြေပုံများကို အင်္ဂလိပ်တို့ဆီက တောင်းယူထားဖို့ လိုကြောင်းကို ဘယ်နိုင်ငံရေးသမားကမျှ သတိမရခဲ့ကြဟု ဆိုပါသည်။ အားလုံးနီးပါးက နိုင်ငံရေးကိစ္စများတွင်သာ အာရုံ စိုက်ထားခဲ့ကြသည်။ စီမံအုပ်ချုပ်ရေးများ၊ စီမံကိန်းများအတွက် အလွန်အားနည်းခဲ့ကြသည်။ ကိုလိုနီ လက်ထက်စီးပွါး ရေးလုပ်ငန်းများကလည်း အထိုက်အလျှောက် ကောင်းမွန်နေသည့်အတွက်လည်း မလိုအပ်ဟု ထင်မြင်ထားကြဟန် တူပါသည်။ အမှန်တကယ်လည်း အရှေ့တောင်အာရှတွင် အစစအရာရာ တိုးတက်ဖွံ့ဖြိုးသော နိုင်ငံအဖြစ် ရပ်တည်နေဆဲ ဖြစ်သည့်အတွက် ပို၍ပင် သတိမထားမိကြဟု ယူဆမိသည်။ ကမ္ဘာစစ်ကြီး၏ ဒဏ်ရာဒဏ်ချက်များကြောင့်လည်း စာရွက် စာတမ်းများ၊ မြေပုံများ ပျက်စီးသွားခဲ့ရခြင်းကလည်း အကြောင်းအရာ တစ်ခုဖြစ်နိုင်ပါသည်။
အမှန်စင်စစ် ပြည်တွင်းစစ်ပွဲများ စဉ်ဆက်မပြတ်ဖြစ်ပွါးနေသော်လည်း ထိုစဉ်အခါက တပ်မတော်အတွင်းတွင် လာဘ်စားမှုများကို ကြားရလေ့ သိပ်မရှိခဲ့ပေ။ တပ်ကြပ်ကြီးတစ်ယောက် အောင်ဘာလေ သိန်းထီပေါက်သောအခါ အဆိုပါ တပ်ကြပ်ကြီးအား စစ်တပ်ထဲကနေ အငြိမ်းစား ယူခိုင်းခဲ့ဖူးသည်။ ငွေကြေးချမ်းသာလာလျှင် အထက်အမိန့်ကို မနာခံမည်စိုးသောကြောင့်ဟု ဆိုပါသည်။ ထိုကဲ့သို့ အစဉ်အလာရှိခဲ့သော တပ်မတော်သည် အိမ်စောင့်အစိုးရ လက်ထက်မှစ၍ စီးပွါးရေးလုပ်ငန်းများကို စတင်၍ အခြေချ လာခဲ့ကြသည်။ ၁၉၆၂-ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်း လူမှုတော်လှန်ရေးဟုဆိုကာ ပညာရေးစနစ်များ ပြင်ဆင်ခြင်း၊ လုပ်ငန်းများကို ပြည်သူပိုင် သိမ်းဆည်းခြင်းများ လုပ်ခဲ့ကြသည်။ ဗိုလ်နေဝင်းကိုယ်တိုင် လာဘ်လာဘ ကင်းခဲ့သည်ဟု ဆိုကြပါသည်။ သို့သော်လည်း နောက်ပိုင်း ကာလများတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်နေဝင်းသည် နိုင်ငံပိုင်ငွေကြေးများကို သူ့အပိုင်ငွေကြေးသဖွယ် စိတ်ကြိုက်သုံးစွဲမှု (သုံးဖြုန်းမှု) များ ရှိလာခဲ့သည်။ သို့သော်လည်း အခြားသော စစ်အရာရှိများကိုမူ သူ့လိုမဖြစ်စေရန် ကြပ်မတ်ခဲ့သည်။ ထိုကာလ၏ ဗိုလ်ချုပ်အချို့သည် ကိုယ်ပိုင်အိမ်ပင် မရှိကြသည့် ဗိုလ်ချုပ်များ အများအပြား ရှိခဲ့ပါသည်။ သို့သော်လည်း မြန်မာ့စီးပွါးရေးသည် ထိုအစိုးရလက်ထက်မှစတင်၍ ကျဆင်းလာခဲ့သည်။ ချမ်းသာသော နိုင်ငံတစ်ခုမှ LDC ဖွံ့ဖြိုးမှု အနည်းဆုံး (အဆင်းရဲဆုံး) နိုင်ငံဘဝသို့ ကျရောက်ခဲ့ရသည်။
(ဦးသန်းရွှေ လက်ထက်တွင် တပ်မတော်စာရင်းစစ်အဖွဲ့ (CMA) အား စာရင်းရုံးလက်အောက်မှနေ၍ ကာကွယ်ရေး ဝန်ကြီးဌာနအောက်သို့ ပြောင်းရွေ့ခဲ့ရာ တပ်မတော်၏ သုံးစွဲမှုစာရင်း အားလုံးကို တပ်မတော်တပ်တွင်းကသာလျှင် စစ်ဆေးနိုင်ပါတော့သည်။)
အကြီးအကျယ် ပျက်စီးခဲ့ကြသည်မှာ ၁၉၈၈- အာဏာသိမ်းပြီးသည့် နောက်ပိုင်းဖြစ်သည်။ မြန်မာ့ငွေကြေး တန်ဖိုးများ အလွန်အမင်းကျဆင်းသွားခဲ့သည်။ တပြည်လုံးက လုပ်သားပြည်သူများ ပါဝင်ခဲ့သော အရေးတော်ပုံကြီးကြောင့် ဗိုလ် သန်းရွှေသည် လူထုအား အယုံအကြည်မရှိတော့ပေ။ တပ်မတော်အား ကိုယ်ဖာသာရပ်တည်နိုင်အောင် အားထုတ်ခဲ့သည်။ လယ်ယာမြေများကို တပ်ပိုင်အဖြစ်သိမ်းဆည်းပြီး ကိုယ့်ဖာသာစိုက်ပျိုးခြင်းဖြင့် ရိက္ခာဖြည့်ဆည်းရန် အားထုတ် ခဲ့သည်။ နည်းအမျိုးမျိုးဖြင့် စီးပွါးရှာလာကြသော စစ်အရာရှိကြီးများကို မသိဟန်ဆောင်ထားပြီး အားလုံးက ပါဝင်ပတ်သက်စေသည့် (အားလုံး အမှုတွဲ) နည်းနာဖြင့် မည်သူမျှ သစ္စာမဖေါက်နိုင်ရန် ချည်နှောင်ထားနိုင်ခဲ့သည်။ တပ်မတော်စာရင်းစစ်ဌာနသည် ယခင်က AG ဟုခေါ်သော စာရင်းရုံးလက်အောက်တွင် ရှိခဲ့ပါသည်။ တပ်ဖွဲ့များ၏ ရငွေ/သုံးငွေ စာရင်းများကို ပြင်ပစာရင်းစစ်များအဖြစ် စစ်ဆေးကြရသည်။ တပ်မတော်အရာရှိကြီးများ၏ မျက်နှာကို ထောက်ထားစရာမလိုပါခဲ့ကြ။ ဝန်ကြီးဌာနခြင်း မတူကြသောကြောင့်ဖြစ်သည်။ ဦးသန်းရွှေ လက်ထက်တွင် တပ်မတော်စာရင်းစစ်အဖွဲ့ (CMA) အား စာရင်းရုံးလက်အောက်မှနေ၍ ကာကွယ်ရေး ဝန်ကြီးဌာနအောက်သို့ ပြောင်းရွေ့ခဲ့ရာ တပ်မတော်၏ သုံးစွဲမှုစာရင်း အားလုံးကို တပ်မတော်တပ်တွင်းကသာလျှင် စစ်ဆေးနိုင်ပါတော့သည်။ ပြင်ပစာရင်းစစ်ခြင်းအားလည်း လက်မခံတော့ပါ။တပ်တွင်းသုံးစွဲမှုကို မိမိဖာသာ ဆုံးဖြတ် နိုင်သောကြောင့် တပ်မှူးများ ပို၍ အာဏာထက်မြက်လာကြသည်။ တနည်းအားဖြင့် စီးပွါးဖြစ်လာကြပါသည်။ မျိုးချစ်စိတ်ဓါတ်များကတော့ တိုးတက်လာပါသည်။ မိမိ၏ ဆွေမျိုးများကိုသာ ပိုမိုချစ် တတ်သည့် ကိုယ့်အဆွေ ကိုယ့်အမျိုးကိုသာ ချစ်တတ်သည့် မျိုးချစ်များ ဘဝသို့ သက်ရောက်ကုန်ကြပါတော့သည်။
ဉာဏ်လင်း