ပြဿနာဇစ်မြစ်ထဲမှ ဖက်ဒရယ် အပိုင်းအစများကို တူးဖေါ်ခြင်း (အပိုင်း-၄)

သီအိုရီရှုထောင့်မှ ချဉ်းကပ်ကြည့်ခြင်း

သဘာဝ သယံဇာတ ဖက်ဒရယ်စနစ် (Natural Resource Federalism) ဆိုသည်မှာ သဘာဝ သယံဇာတ စီမံမှုတာဝန်အချို့ကို ပြည်နယ်အဆင့် အစုအဖွဲ့များသို့ လွှဲပြောင်းပေးသည့် လုပ်ငန်းစဉ် ကို ခေါ်ပါသည် (NRGI)

သဘာဝ သယံဇာတ ဖက်ဒရယ်စနစ် (Natural Resource Federalism) ဆိုသည်မှာ သဘာဝ သယံဇာတ စီမံမှုတာဝန်အချို့ကို ပြည်နယ်အဆင့် အစုအဖွဲ့များသို့ လွှဲပြောင်းပေးသည့် လုပ်ငန်းစဉ် ကို ခေါ်ပါသည် (NRGI)။ သဘာဝ သယံဇာတနှင့် ပတ်သက်သည့် လုပ်ပိုင်ခွင့်အာဏာကို ဖက်ဒရယ် အစိုးရနှင့် ပြည်နယ်များတွင် မည်သည့်အလွှာက ရရှိသင့်သည်နှင့်ပတ်သက်၍ အငြင်းပွား မှုများရှိနေ သော်လည်း ယင်းက ဖက်ဒရယ်နိုင်ငံများ မည်ကဲ့သို့သော ဖွဲ့စည်းခဲ့သနည်းဆိုသည့် နည်းလမ်း အသုံးပြုမှုနှင့် သက်ဆိုင်ပါသည်။ သီးခြားလွတ်လပ်သော ပြည်နယ်များက အတူယှဉ်တွဲရေး ဖက်ဒရယ်စနစ် (Coming Together) ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါက ပြည်နယ်များထံတွင် သဘာဝ သယံဇာတ အရင်းအမြစ်များ ထိန်းချုပ်မှု အလေးသာနိုင်ပြီး၊ ၂၀ ရာစု၌ ကိုလိုနီလက်အောက်မှ လွတ်မြောက်လာခဲ့သော နိုင်ငံများတွင် ဗဟိုအစိုးရထံသို့ အပ်နှင်းတတ်ကြပါသည်။ သဘာဝ သယံ ဇာတ စီမံခန့်ခွဲပိုင်ခွင့်အား ပြည်နယ်များလက်ထဲသို့ ထည့်ပေးခြင်းဖြင့် အထူးလုပ်ပိုင်ခွင့်အာဏာ ထည့်ပေးကာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေနိုင်ပါသည်။ ENAC ၏ ၂၀၁၈ ခုနှစ်ထုတ်ဝေသော အနာဂါတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံသင့်သော ကဏ္ဍအလိုက် အကြံ ပြုချက်များတွင်လည်း သဘာဝသယံဇာတ စီမံခန့်ခွဲရေးကိစ္စရပ်များကို ပြည်နယ်များ၏လက်ထဲတွင် ထားရှိစေရန် အကြံပြုထားသည်ကို တွေ့ရသည်။ ထို့အပြင် အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် ကဲ့သို့ပင် သဘာဝသယံဇာတ စီမံခန့်ခွဲပိုင်ခွင့် (သဘာဝဓါတ်ငွေ့နှင့် သယံဇာတများ၏ ဝင်ငွေ ၇၀ ရာခိုင်နှုန်း)ကို ပေးအပ်လိုက်ခြင်းဖြင့် အရင်းအမြစ်ထိန်းချုပ်နိုင်ရေးအတွက် ပေါ်ပေါက်လာသော ပဋိပက္ခများကို လျှော့ချပေးစေနိုင်ခဲ့ပါသည်။ သဘာဝသယံဇာတ စီမံမှုကို အစိုးရ တစ်ရပ်ရပ်က တာဝန်ယူနိုင်သော်လည်း၊ ၎င်းနှင့်ဆက်စပ်သည့် အခွန်ကောက်ခံခွင့်များ (မြေယာအသုံးချ အခွန်၊ လိုင်စင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ အရင်းအမြစ်များပေါ်တွင် ကောက်ခံ သည့်အခွန်၊ လုပ်ငန်းနှင့်ဆက်စပ်သော အခွန်များ)နှင့်ပတ်သက်၍ လုပ်ပိုင်ခွင့်အာဏာကို တခြား အစိုးရအလွှာအား အပ်နှင်းခြင်းဖြင့် ဘဏ္ဍာရေးဖက်ဒရယ်လစ်ဇင် (Fiscal Federalism)ကို အကောင် အထည်ဖေါ် ကျင့်သုံးနိုင်ပါသည်။ သဘာဝသယံဇာတစီမံပိုင်ခွင့်ကို သက်ဆိုင်ရာပြည်နယ် များသို့ ပေးအပ်ထားပြီး၊ ယင်းပြည်နယ်များက သဘာဝသယံဇာတ အကျိုးအမြတ်များကို ကိုင်တွယ်ထိန်းချုပ်ခွင့်ပေးပြီး၊ အဆိုပါပြည်နယ်များကလည်း ပိုမိုချို့တဲ့အားနည်းသော ပြည်နယ်များသို့ ဝင်ငွေခွဲဝေပေးခြင်း (Horizontal Sharing)နှင့် ဗဟိုအစိုးရနှင့် ပြည်နယ်များအကြား ဝင်ငွေခွဲဝေပေးခြင်း (Vertical Sharing)တို့ဖြင့် မညီမျှမှုများကို ဖြေလျော့စေနိုင်ပါသည်။

နိဂုံးချုပ်

ခြုံငုံသုံးသပ်ချက်အရ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှအစပြု၍ နိုင်ငံရေးတန်းတူညီမျှမှု မရှိခြင်းကြောင့် အပြန်အလှန် နားလည်ယုံကြည်နိုင်မှု ချို့တဲ့လာခြင်း၊ နယ်မြေ ခွဲဝေပိုင်းခြားမှုဆိုင်ရာအပေါ် မကျေနပ်ခြင်းများနှင့် သဘာဝအရင်းအမြစ်များအား ထိန်းချုပ်နိုင်ရေးအတွက် အပြန်အလှန်/ အပြိုင်အဆိုင် ကြိုးပမ်းလာခဲ့ခြင်းတို့ကြောင့် လူမျိုးစုများအကြား လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး စစ်မီးမငြိမ်းနိုင်ဖြစ်ခဲ့ရခြင်းဖြစ်ပါသည်။ ထိုအခြေအနေကို ကုစားနိုင်ရန် ဖက်ဒရယ်စနစ် ကျင့်သုံး ခြင်းမှအပ တခြားမရှိသည်ကိုလည်း နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေကြသူများအပါအဝင် ပြည်တွင်းပြည်ပမှ ကျွမ်းကျင်သူများကလည်း ကောင်းစွာနားလည် သဘောပေါက်ထားကြပြီး ဖြစ်ပါသည်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က တိုင်းရင်းသားများအား ဖက်ဒရယ်ရရှိရေးအတွက် အာမခံသည်ဟု ပြောကြားခဲ့ပြီး၊ NUCC ကလည်း ပင်လုံကတိကဝတ်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်အခြေခံမူတွေအပေါ် အခြေပြုပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဖက်ဒရယ်မက်လုံးများ အပြိုင်အဆိုင်ပေးပြီး တိုင်းရင်းသားများကို ကမ်းလှမ်းလာကြသည်ကိုလည်း တွေ့မြင်ရပါသည်။ သို့ရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးနိုင်သည့် ဖက်ဒရယ်ဆိုသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်းမှသာ ဖြစ်ကြောင်းနှင့် NUG ၏ ကမ်းလှမ်းမှုကိုလည်း စောင့်ကြည့်ရဦး မည်ဖြစ်ကြောင်းတို့ကို တိုင်းရင်းသားအဖွဲ့အစည်းများက မှတ်ချက်ပေးခဲ့ကြပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးနိုင်သည့် ဖက်ဒရယ်ဆိုသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်းမှသာ ဖြစ်ကြောင်းနှင့် NUG ၏ ကမ်းလှမ်းမှုကိုလည်း စောင့်ကြည့်ရဦး မည်ဖြစ်ကြောင်းတို့ကို တိုင်းရင်းသားအဖွဲ့အစည်းများက မှတ်ချက်ပေးခဲ့ကြပါသည်။

လတ်တလောအခြေအနေတွင် နစက တပ်များက စွမ်းအင်နှင့် သဘာဝ အရင်းအမြစ် တူးဖေါ် ထုတ်လုပ်နိုင်စွမ်းအမြင့်ဆုံးဒေသများဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်တို့ကို ထိန်းချုပ်နိုင်ရန် စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေကြပြီး၊ ရခိုင်ပြည်နယ်သည်လည်း တကျော့ပြန် စစ်ပွဲအတွက် နှစ်ဘက်တပ်များ ပြင်ဆင်နေကြဟန် တွေ့ရှိရပါသည်။ အဆိုပါအခြေအနေမှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးပန်းတိုင်နှင့် အတော်ပင် အလှမ်းဝေးကွာနေသေးပြီး၊ ပဋိပက္ခကာလအတွင်း၌ သဘာဝအရင်းအမြစ်များကို အသုံးချ၍ စစ်ပွဲကို အရှိန်မြှင့်နေသည့် အနေအထားကိုသာ မြင်တွေ့နေရပါသည်။ သို့ရာတွင် အကြပ် အတည်းကာလကို ကျော်လွန်၍ တခြားတစ်ဘက်ဖြစ်သော အနာဂါတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသို့ရည်ရွယ်ကာ သဘာဝ သယံဇာတ ရင်းမြစ်များနှင့်ပတ်သက်ပြီး ကြိုတင်တွေးဆ ထားခြင်း၊ မူဝါဒများ ရေးဆွဲထားခြင်းများ ပြုလုပ်ထားရမည်လည်းဖြစ်ပါသည်။

အကြံပြုချက်များအနေဖြင့်

သက်ဆိုင်ရာ အစုအဖွဲ့များအနေဖြင့် သဘာဝအရင်းအမြစ်များအား မှီခိုခြင်းကိုကျော်လွန်၍ လူသား အရင်းအမြစ်ကို ပိုမိုအားထားနိုင်ရန် မူဝါဒများ ချမှတ်သင့်သည်။

ပဋိပက္ခကာလတွင် သဘာဝသယံဇာတများ တရားမဝင် ထုတ်ယူရောင်းချခြင်းများ ပိုမိုပြုလုပ်လေ့ရှိတတ်ကြသဖြင့် ကြားကာလ အခြေအနေတွင် တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် မိမိတို့ ထိန်းချုပ်ရာ နယ်မြေများ၌ သဘာဝ သယံဇာတများကို ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိမည့် အနာဂါတ်တွင် အသုံးပြုနိုင်ရန်အလို့ငှာ တတ်နိုင်သမျှ ထိန်းသိမ်းသွားသင့်သည်။

နိုင်ငံခြား စီးပွားရေးလုပ်ငန်းကြီးများ အနေဖြင့်လည်း စစ်ပွဲကို အရှိန်မြှင့်ပေးစေနိုင်သည့် မြန်မာ နိုင်ငံ၏ သဘာဝ သယံဇာတ အရင်းအမြစ်ကဏ္ဍတွင် ရင်းနှီးမြှပ်နှံမှုမပြုလုပ်ရန်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ယင်းလုပ်ငန်းများနှင့်ပတ်သက်၍ စောင့်ကြည့်ဆော်ဩပေးကြရန် လိုအပ်ပါသည်။

NUG အနေဖြင့် အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် သဘာဝ သယံဇာတများနှင့်ပတ်သက်၍ ပြည်နယ်များ၏ စီမံခွင့်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တိတိကျကျ ပြဌာန်းပေးသင့်ပြီး၊ ယခင် ဖွဲ့စည်းပုံအခြေခံ ဥပဒေများကဲ့သို့ ပြည်ထောင်စုမှ အသာစီးရယူပြီး တန်းတူရေးမူကို ချိုးဖျက်သည့်လုပ်ရပ်များ ပြုလုပ်မည်မဟုတ်ကြောင်း ခိုင်မာသည့် ကတိကဝတ် ပြုသင့်ပါသည်။

NUG အနေဖြင့် အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် သဘာဝ သယံဇာတများနှင့်ပတ်သက်၍ ပြည်နယ်များ၏ စီမံခွင့်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တိတိကျကျ ပြဌာန်းပေးသင့်ပြီး၊ ယခင် ဖွဲ့စည်းပုံအခြေခံ ဥပဒေများကဲ့သို့ ပြည်ထောင်စုမှ အသာစီးရယူပြီး တန်းတူရေးမူကို ချိုးဖျက်သည့်လုပ်ရပ်များ ပြုလုပ်မည်မဟုတ်ကြောင်း ခိုင်မာသည့် ကတိကဝတ် ပြုသင့်ပါသည်။

K.L

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)

ရည်ညွှန်းကိုးကားစာရင်း

https://en.wikipedia.org/wiki/B._N._Rau

https://www.gktoday.in/topic/residuary-powers-of-parliament-of-india/

https://legalraj.com/articles-details/residuary-power

Breen, Michael G, The Origins of Holding-Together Federalism: Nepal, Myanmar, and Sri Lanka

https://www.idea.int/sites/default/files/publications/federalism-primer.pdf

https://en.wikipedia.org/wiki/Dominion_of_India

ဘင်ဂမ်စင်တာ မြန်မာစီမံကိန်း-အာရှအတွင်းက ဖက်ဒရယ်စနစ် (၂၀၁၄)

BCES, The 2008 Constitution and Ethnic Issues: To What Extent Did It Satisfy the Aspirations of Various Ethnic Groups?

Hanns Seidel Foundation, 50 Shades of Federalism

https://www.ispmyanmar.com/burmese/2017/07/16/interviews-ko-frenky/

https://asiafoundation.org/wp-content/uploads/2018/11/Module-4_Fiscal-Federalism-and-Natural-Resources_MYANMAR_Workbook.pdf

သဘာဝအရင်းအမြစ်နှင့် ဖက်ဒရယ်စနစ်၊ BEWG

မြန်မာနိုင်ငံ၏ သဘာဝသယံဇာတပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု၊ ဝင်ငွေခွဲဝေမှုနှင့် သက်ရောက်မှု၊ ENAC

သဘာဝသယံဇာတ ဖက်ဒရယ်စနစ်-မြန်မာနိုင်ငံအတွက် ထည့်သွင်းစဉ်းစားသင့်သည့်အချက်များ၊ NRGI

မပြိုကွဲနိုင်သော ပြည်ထောင်စုကြီး၊ ဦးရွှေအုန်း (ညောင်ရွှေ)

အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံသင့်သော
ကဏ္ဍအလိုက် မူဝါဒအကြံပြုချက်များ (မူကြမ်းများ)၊ ENAC

ဘဏ္ဍာရေးဖက်ဒရယ်စနစ်၊ ENAC

ဖက်ဒရယ်အက်ဆေးများ၊ FOF

2008 မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေ၏ဖက်ဒရယ်ပုံစံကို လေ့လာသုံးသပ်ချက်၊ FOF

ပင်လုံညီလာခံ သမိုင်းစဉ်အကျဉ်း၊ မဆလ ဗဟိုကော်မတီဌာနချုပ်

UNEP, From Conflict to Peacebuilding: The role of natural resources and the environment

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းလမ်းကျသော ဖွဲ့စည်းပုံအခြေခံဥပဒေ ယဉ်ကျေးမှု တည်ဆောက်ရေး၊ AMCDP

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှု၊ Ashley South

EITI Award အတွက် တင်သွင်းသော အစီရင်ခံစာ (၂၀၁၉)၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး

လက်လွတ်ဆုံးရှုံးမှုကို ဆက်လက်ရှင်သန်တိုးပွားစေခြင်း၊ Transnational Institute (TNI)

https://www.dica.gov.mm/sites/default/files/news-files/report_on_rsios_for_printing_20190215_english.pdf
(JICA, Rakhine state investment opportunity survey)

https://www.boell.de/en/2013/12/11/myanmars-natural-resources-blessing-or-curse

မြန်မာနိုင်ငံတွင် မျှဝေပိုင်ဆိုင်နိုင်သည့် သာယာဝပြောမှုကို ဖေါ်ဆောင်နိုင်မည့်
မူဝါဒအကြံပြုချက်များ၊ World Bank

သဘာဝအရင်းအမြစ်နှင့် ဖက်ဒရယ်စနစ်၊ BEWG

ဒေသအလိုက် အုပ်ချုပ်မှုနှင့်ပဋိပက္ခကို သုံးသပ်ခြင်း၊ Myanmar Centre for Responsible Business

မြန်မာနိုင်ငံမှ သဘာဝ သယံဇာတ စီမံအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊
Kevin M. Woods