ဖဆပလသည် ၁၉၄၇ ခုနှစ် မေလ (၁၉) မှ (၂၃)ရက်နေ့အထိ ပဏာမပြင်ဆင်မှု ညီလာခံတစ်ရပ် ကျင်းပကာ လွတ်လပ်ရေးရပြီးပါက ကျင့်သုံးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)တစ်ရပ်ကို ဦးအောင်ဆန်းနှင့် သခင်မြတို့ပါဝင်သော နိုင်ငံရေးခေါင်းဆောင်များက ရေးဆွဲခဲ့ကြသည်။ ဦးချန်ထွန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အကြံပေးအဖြစ်ပါဝင်ရေးဆွဲခဲ့ပါသည်။ ယင်းမူကြမ်း ထဲ၌ ကြွင်းကျန် အာဏာ ခွဲဝေအပ်နှင်းခြင်းနှင့် ပတ်သက်၍ အခန်း (၅)၊ အပိုဒ်(၄)၊ အပိုဒ်ခွဲ(၂၃)တွင် “ပြည်ထောင်စု ပြည်နယ်” သို့မဟုတ် “ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်” သို့မဟုတ် “လူမျိုးစု ပြည်နယ်” တို့၏ ဥပဒေပြုအဖွဲ့များအား နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက သီးခြားလွှဲပြောင်းစီစဉ် ရေတွက်ပေးထားသော ကိစ္စအမျိုးအစားများထဲတွင် ထုတ်ဘော်၍ဆိုမထားသည့် ကိစ္စအမျိုးအစားများ ဟူ၍ ပါရှိပါသည်။ ဆိုလိုသည့်သဘောမှာ ကြွင်းကျန်အာဏာကို ပြည်ထောင်စုအစိုးရသို့ ပေးအပ်သည်ဟု ဖြစ်ပါသည်။ ထိုမူကြမ်း၏ နောက်ဆက်တွဲ (၁၃)တွင် ကြွင်းကျန်အာဏာနှင့် စပ်လျဉ်း၍ ကြွင်းကျန်အာဏာကို ပြည်ထောင်စုသို့ ပေးအပ်လျှင် တစ်ပြည်ထောင်စနစ်သို့ ယိမ်းသွား မည်ဖြစ်ပြီး၊ အကယ်၍ ပြည်နယ်များသို့ အပ်နှင်းလိုက်ပါက ပီပြင်သော ပြည်ထောင်စုဖြစ်သွား မည်ဖြစ်ကြောင်းကို အတိအလင်းဖေါ်ပြပါရှိပါသည်။ ၎င်း ဥပဒေမူကြမ်းကိုပင် ကျောရိုးပြုကာ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့ခြင်းဖြစ်ရာ ၁၉၄၇အခြေခံဥပဒေ၌လည်း စာရင်း-၁၊ ပြည်ထောင်စု နိုင်ငံဥပဒေပြုစာရင်း အပိုဒ် (၅)၊ အပိုဒ်ခွဲ (၄၀)တွင် စာရင်း ၂ တွင် ရေတွက်ဖေါ်ပြထားခြင်းမရှိသော အခြားကိစ္စများဟု ပြဌာန်းခြင်းဖြင့် ကြွင်းကျန်အာဏာ (Residual Power)ကို ရယူလိုက်သည်။ ထို့အပြင် ပြည်ထောင်စု၏ ဥပဒေပြုစာရင်းမှာလည်း အလွန်အမင်း များပြားလွန်းလှသည်ကို တွေ့ရပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ကြွင်းကျန်အာဏာကို ပုဒ်မ (၉၈)ဖြင့် ပြည်ထောင်စုသို့ အပ်နှင်းထားသည်ကို တွေ့ရမည် ဖြစ်ပါသည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်းကို တိုင်းပြည်ပြုလွှတ်တော်သို့ တင်ပြစဉ်က ဦးချန်ထွန်းက “ဗမာပြည်မအား ပြည်နယ်တစ်နယ်အဖြစ် သီးခြားမဖွဲ့စည်းဘဲ ဗဟိုပြည်ထောင်စုအစိုးရနှင့် တပေါင်းတစည်းတည်း ဖွဲ့စည်းထားရကြောင်း၊ ပြည်နယ်များမှ ဗဟိုသို့အာဏာခွဲဝေပေးထားသော အမေရိကန်၊ ဆွစ်ဇာလန်နှင့် ဩစတြေးလီးယားနိုင်ငံတို့၏ Extreme Type of Federalism နှင့် ပြည်ထောင်စုက အာဏာအားလုံးကို ကိုင်ပြီးတော့မှ ပြည်နယ်ကို အာဏာလွှဲပေးသည့် စနစ်ဖြစ်သည့် အလယ်အလတ်စား Moderate Type of Federalism ဖြစ်သော ကနေဒါပြည်ထောင်စုကို ခပ်ဆင် ဆင် ပုံစံယူထားကြောင်းတို့ကို ဆရာဆလိုင်းလျန်မှုန်းနှင့် ဆရာစိုင်းမော့(န်)တို့၏ ပြည်ထောင်စု စစ်စစ်မူစာအုပ်တွင် တင်ပြထားပါသည်။ ထို့အပြင် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပုံစံအားဖြင့် ပြည်ထောင်စုဖြစ်သော်လည်း အနှစ်သာရအားဖြင့် တပြည်ထောင်စနစ်ဖြစ်သည်ဟု ဦးချန်ထွန်းက ပြောခဲ့ကြောင်းကို Hugh Tinker ၏ The Union of Burma တွင် ရေးသားခဲ့ပါသည်။
အိန္ဒိယနိုင်ငံသည် ပေါင်းစည်းဖက်ဒရယ်စနစ် (Holding Together) ဖြင့် ဖွဲ့စည်းပြီး ကြွင်းကျန် အာဏာကို ပြည်ထောင်စုက ဆုပ်ကိုင်ထားခဲ့ခြင်းက ကျိုးကြောင်းဆီလျော်သည်ဟု ယူဆနိုင်သော် လည်း မြန်မာ၏ နောက်ခံအခြေအနေမှာမူ အိန္ဒိယနှင့် ကွဲလွဲမှုရှိပါသည်။ ဗမာပြည်မ (Burma Proper ခေါ် Ministerial Burma) နှင့် တောင်တန်းဒေသများဖြစ်သော ရှမ်း၊ ချင်း၊ ကချင်းဟူသည့် သီးခြား အုပ်ချုပ်ရေးနယ်မြေ (၄)ခုအပြင် သီးခြားလွတ်လပ်နယ်မြေတစ်ခုဖြစ်သော ကရင်နီတို့က ပင်လုံ သဘောတူညီချက်ဖြင့် မိမိသဘောဆန္ဒအလျောက် ပူးပေါင်းခဲ့ကြခြင်းဖြစ်ရာ Coming Together ဖြစ်ပါသည်။ သို့ဖြစ်ရာ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဗဟိုက အာဏာလွန်ကဲစွာ ရယူလိုက်ခြင်းက နောင်တွင် တိုင်းရင်းသားများ၏ ပြည်ထောင်စုအပေါ်ထားရှိသော ယုံကြည်ကိုးစား မှုကို ရုတ်လျော့လာစေခဲ့သည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် (Right of Secession) တစ်ခုသာလျှင် ပင်လုံမူအနေဖြင့် ဖြစ်ဖြစ်မြောက်မြောက်ပါဝင်လာခဲ့ပြီး ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေများ သီးခြားလွတ်လပ်စွာ ရေးဆွဲပြဌာန်းခွင့်နှင့် နိုင်ငံရေးတန်းတူ ညီမျှမှု အခွင့်အရေးများအား ဆုံးရှုံးလိုက်ရသည်။ ၁၉၄၇ အခြေခံဥပဒေ၏ ဒုတိယဇယားတွင် လူမျိုးစု လွှတ်တော်ကို ကိုယ်စားလှယ် (၁၂၅)ဦးဖြင့် ဖွဲ့စည်းခဲ့ရာ၌ ရှမ်းပြည်နယ် ၂၅ ဦး၊ ကချင် ပြည်နယ် ၁၂ ဦး၊ ချင်းဝိသေသတိုင်း ၈ ဦး၊ ကရင်နီပြည်နယ်မှ ၃ ဦး၊ ကရင်ပြည်နယ် ၂၄ ဦးနှင့် ကျန်နယ်မြေများမှ ၅၃ ဦးတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ အဆိုပါ ကျန်နယ်မြေများဆိုသည်မှာ ဗမာတို့နှင့် စစ်မက် ဖက်ပြိုင်ရာ၌ အရေးနိမ့်ခဲ့ရသော မွန်နှင့် ရခိုင်တို့လည်း ပါဝင်ပါသည်။ ယင်းစစ်ရှုံး လူမျိုးစု နှစ်ခု အနေဖြင့် နိုင်ငံရေးတွင် ကိုယ်စားပြုခွင့်လောက်လောက်လားလားရှိခဲ့သည်မဟုတ်ပေ။
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဗဟိုက အာဏာလွန်ကဲစွာ ရယူလိုက်ခြင်းက နောင်တွင် တိုင်းရင်းသားများ၏ ပြည်ထောင်စုအပေါ်ထားရှိသော ယုံကြည်ကိုးစား မှုကို ရုတ်လျော့လာစေခဲ့သည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် (Right of Secession) တစ်ခုသာလျှင် ပင်လုံမူအနေဖြင့် ဖြစ်ဖြစ်မြောက်မြောက်ပါဝင်လာခဲ့ပြီး ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေများ သီးခြားလွတ်လပ်စွာ ရေးဆွဲပြဌာန်းခွင့်နှင့် နိုင်ငံရေးတန်းတူ ညီမျှမှု အခွင့်အရေးများအား ဆုံးရှုံးလိုက်ရသည်။
ထိုသို့ လုပ်ပိုင်ခွင့်အာဏာသေးငယ်သော လူမျိုးစုလွှတ်တော်ကိုပင်လျှင် ဗမာပြည်မက အသာစီးရယူ ထားသည့်အခြေအနေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အလားသဏ္ဍာန်တူညီပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဦးနေဝင်းက ဗမာပြည်မအား ပိုင်းခြားပေးခဲ့သော တိုင်းဒေသကြီး (၇) ခုနှင့် ပြည်နယ် (၇)ခုတို့ကို အခြေခံကာ အမျိုးသားလွှတ်တော်ကို စုဖွဲ့ထားခြင်းဖြစ်ပါသည်။ ယူနစ်တစ်ခုလျှင် ၁၂ ဦးနှုန်းဖြင့် ရွေးကောက်တင်မြှောက်သော အဆိုပါအမျိုးသားလွှတ်တော်၌ သမ္မတတစ်ဦး ရွေးကောက်တင်မြှောက်ရာတွင် ဗမာလူမျိုးများကို အခြေပြုထားသော တိုင်းဒေသကြီး (၇)ခုမှ ကိုယ်စားလှယ် (၈၄) ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် (၅၆) ဦးတို့က ပြည်နယ် (၇)ခုကို ကိုယ်စားပြုသော (၈၄) ဦးကို အပြတ်အသတ်အသာစီးရယူထားခြင်းဖြစ်ရာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် မည်သည့်အခါမျှ တိုင်းရင်းသားတစ်ဦးက သမ္မတဖြစ်လာလိမ့်မည်မဟုတ်ချေ။
ပြည်သူ့လွှတ်တော်၌ကိုယ်စားပြုကြရာတွင်လည်း တိုင်းဒေသကြီး (၇)ခုကို အခြေခံသော မြို့ပေါင်း (၂၀၇)မှ ကိုယ်စားလှယ် (၂၀၇) ဦးဖြစ်ပြီး၊ ပြည်နယ်ကို ကိုယ်စားပြုသည့် မြို့အရေအတွက်မှာမူ (၁၂၃)မြို့သာဖြစ်သည့်အတွက် ဗမာကိုယ်စားပြုဒေသက တိုင်းရင်းသားများထက် ကိုယ်စားလှယ် (၈၄)ဦး အသာစီးယူထားနေသေးသည်ဖြစ်ရာ ဗမာပါတီများကသာလျှင် သမ္မတဖြစ်နိုင်ချေ ရာခိုင်နှုန်း အသာစီးရယူထားပြန်ပါသည်။
ထို့အတွက်ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုနယ်မြေကို နေပြည်တော်အား သတ်မှတ်လိုက်ခြင်းဖြစ်ပုံပေါ်ပါသည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို တည်ဆောက်ရာတွင်မူ ဗမာပြည်မက ပြည်ထောင်စုနယ်မြေအဖြစ်ရယူလိုက်ခြင်းက ပင်လုံမူအရ နိုင်ငံရေးတန်းတူခွင့်ကို တိုက်ရိုက်ချိုးဖေါက်ရာ ရောက်သွားပါသည်။ ထို့အပြင် ဖဆပလ၏ အခြေခံဥပဒေမူကြမ်းအရ ယူနစ်အဆင့်အတန်းများကို သတ်မှတ်ရာတွင် (၁) ပြည်ထောင်စုပြည်နယ်၊ (၂) ကိုယ်ပိုင်အုပ်ချုပ်ရ ပြည်နယ်၊ (၃) လူမျိုးစုပြည်နယ်နှင့် (၄) တိုင်းရင်းသား လူနည်းစုဟူ၍ ခွဲခြားထားရာ၌ “ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင်ပြောကြားခဲ့သော ရှမ်းပြည်နယ်သည်သာလျှင် ပြည်ထောင်စုပြည်နယ်အဆင့် အတန်းကိုရသင့်သည် (ဦးရွှေအုန်း၊ ကိုယ်တွေ့ပင်လုံ)” ဆိုသော စကားကိုလည်း လျစ်လျူရှုရာ ရောက်ခဲ့ပါသည်။ ထိုအချက်ကပင် ပင်လုံစာချုပ် ဖြစ်ပေါ်လာရေးတွင် အားသွန်ခွန်စိုက်ခဲ့ရသော ရှမ်းတို့အတွက် ဗမာနိုင်ငံရေးသမားများက စိတ်ပျက်စရာ ဖြစ်စေခဲ့သည်။ ထို့ကြောင့်ပင် ၁၉၆၁ ခုနှစ်တွင် တောင်ကြီးညီလာခံမှတဆင့် ပြည်နယ်များညီညွတ်ရေးအဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးစာတမ်းကို တင်သွင်းရာ၌ အဆိုပါစာတမ်းတွင် ဗမာပြည်နယ် ဖွဲ့စည်းရေး၊ လွှတ်တော် နှစ်ရပ်ကို အာဏာတူပေးရေး၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်းက တူညီသော ကိုယ်စားလှယ် အရေအတွက် စေလွှတ်ရေး၊ ကြွင်းကျန်အာဏာကို ပြည်နယ်များထံတွင် ထားရှိရေးတို့ကို အဓိက တောင်းဆိုထားခြင်းဖြစ်ပါသည်။ ဗမာလူမျိုးများ၌ အမျိုးသားပြည်နယ် သတ်သတ်မှတ်မှတ်တစ်ခု ရှိမနေပဲ တန်းတူညီမျှရေးအတွက် စဉ်းစားရာတွင် သော်လည်းကောင်း၊ မူဝါဒရေးရာများ ချမှတ် အကောင်အထည် ဖေါ်ဆောင်ရာတွင် သော်လည်းကောင်း မြန်မာတစ်နိုင်ငံလုံးအား မိမိတို့ကိုယ်ပိုင်စီမံ အုပ်ချုပ်ခွင့်ရ နယ်ပယ်အဝန်းအဝိုင်း (အာဏာစက် သက်ရောက်ရာ ပိုင်နက်နယ်မြေ) အဖြစ် ထည့်သွင်း စဉ်းစားနေခြင်းအား တိုင်းရင်းသား လူနည်းစုများက မေးခွန်းထုတ်လာကြသည်။ “ယုတ်စွအဆုံး ဗမာ လူမျိုးများအနေဖြင့် တခြားတိုင်းရင်းသားများကဲ့သို့ ကိုယ်ပိုင် အမျိုးသားအလံမျှပင် ရှိမနေပဲ နိုင်ငံတော်အလံကိုသာ အသုံးပြုနေလျှက်ရှိကြောင်း” စာရေးသူအား ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဟောင်းဖြစ်သူ တိုင်းရင်းသား နိုင်ငံရေးသမားတစ်ဦးက ဖြေဆိုခဲ့ဖူးသည်။ အဆိုပါစကားမှာ ဗမာလူများစုများအတွက် နားခါးစရာ ဖြစ်နေမည်ဆိုသော်လည်း လက်တွေ့တွင် လွတ်လပ်ရေး ရပြီးကာလမှစ၍ ယနေ့ထိတိုင် စစ်အုပ်ချုပ်ရေးကာလတွင် ဗဟိုချုပ်ကိုင်မှု တင်းကြပ်လွန်းစွာ ဖိနှိပ်အုပ်ချုပ်ခဲ့သည်သာမက၊ ရွေးကောက်ပွဲနိုင်ငံရေးကာလများတွင်ပါ နိုင်ငံရေးတန်းတူညီမျှမှု မရှိခဲ့ခြင်းမှာလည်း အမှန်တရားသာ ဖြစ်ပါသည်။ အနာဂါတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ထိုအမှားများကို သင်ခန်းစာ ယူရလိမ့်မည် ဖြစ်ပါသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ဗမာလူငယ်လူရွယ်များက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကဲ့သို့ပင် ဗမာ လက်နက်ကိုင်တပ်ဖွဲ့ တည်ထောင်ရန် စဉ်းစားလာကြပြီး “တပ်မတော်သည် ဗမာ ကိုယ်စားပြု မဟုတ်” ဟူသော အမြင်များ အစပျိုးလာခြင်းကလည်း ဗမာ အမျိုးသားပြည်နယ် ဖွဲ့စည်းရေးမူကို အထောက်အပံ့ ဖြစ်စေနိုင်သည့် မျိုးစေ့ကောင်းတစ်ခုဟု ယူဆပါသည်။ ဗဟို(ဖက်ဒရယ်)တွင် အဖွဲ့ဝင် ပြည်နယ်များအတွက် လွှတ်တော်တစ်ခု (အထက်လွှတ်တော်)ထားပေးရသည့် အကြောင်းရင်းမှာ ဒေသန္တရ အစိုးရများထံသို့ ခွဲဝေပေးအပ်ထားသော အာဏာကို ကာကွယ်ရန်နှင့် အမျိုးသား ညီညွတ် ရေးကို ကာကွယ်ရန်တို့ ဖြစ်ပါသည်။ ယင်းသဘောတရားတို့ကို ဖီလာဆန့်ကျင်နေသည့် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဖွဲ့စည်းထားသော လူမျိုးစုလွှတ်တော်သည်လည်းကောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာသော အမျိုးသားလွှတ်တော် သည်လည်းကောင်း လူနည်းစု တိုင်းရင်းသားများအတွက် မည်သည့်နိုင်ငံရေး အာမခံချက်မျှ ပေးနိုင်လိမ့်မည်မဟုတ်ပေ။ ထိုသို့ဖြင့် ၁၉၄၇ ခုနှစ်မှ စတင် ရေတွက်သော် (၁၀) နှစ်ကျော်လာခဲ့ပြီဖြစ်သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ခွဲထွက်ပိုင်ခွင့် အခွင့်အရေးကို အသက်သွင်းနိုင်သည့် ကာလအပိုင်းအခြားသို့ ရောက်ရှိလာပြီဖြစ်သော ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော တပ်မတော်က ပြည်ထောင်စုပြိုကွဲမည်ဆိုသော အကြောင်းပြချက်ဖြင့် အာဏာသိမ်းလိုက်ပါသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ဗမာလူငယ်လူရွယ်များက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကဲ့သို့ပင် ဗမာ လက်နက်ကိုင်တပ်ဖွဲ့ တည်ထောင်ရန် စဉ်းစားလာကြပြီး “တပ်မတော်သည် ဗမာ ကိုယ်စားပြု မဟုတ်” ဟူသော အမြင်များ အစပျိုးလာခြင်းကလည်း ဗမာ အမျိုးသားပြည်နယ် ဖွဲ့စည်းရေးမူကို အထောက်အပံ့ ဖြစ်စေနိုင်သည့် မျိုးစေ့ကောင်းတစ်ခုဟု ယူဆပါသည်။
သမိုင်းတကျော့ ပြန်လည်သည့် ဖြစ်ရပ်အဖြစ် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖက်ဒရယ်စံနှုန်း၊ တစ်နည်းအားဖြင့် ပင်လုံကတိကဝတ်နှင့်ကိုက်ညီစေရန် ပြင်ဆင်ဖို့ကြိုးစားခဲ့ခြင်းကြောင့် ၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းလိုက်ခြင်းဖြင့် ပါလီမန် ဒီမိုကရေစီခေတ် တစ်ခန်းရပ်သွား သကဲ့သို့ NLD က ၂၀၁၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းနေဆဲကာလဖြစ်သော ၂၀၂၁ ခုနှစ်တွင်လည်း စစ်တပ်က စတုတ္ထအကြိမ်မြောက် အာဏာသိမ်းလိုက်ကာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို နိဂုံးချုပ်လိုက်ခြင်းပင် ဖြစ်ပါသည်။
ဦးနေဝင်းမှစ၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နအဖအစိုးရခေတ် အထိတိုင်အောင် တစ်ပြည်ထောင် စနစ်ကို (စစ်)အစိုးရတစ်ရပ်တည်းဖြင့် အုပ်ချုပ်ခဲ့ပြီး ယင်းကဲ့သို့ တိုင်းပြည်အာဏာကို ကာလ ရှည်ကြာ ထိန်းချုပ်နိုင်ခဲ့ရသည့် အကြောင်းရင်းများထဲမှ အဓိက အချက်တစ်ခုမှာ မြန်မာနိုင်ငံ၏ (အထူးသဖြင့် ကချင်၊ ကရင်နီ၊ ရခိုင်၊ စသော တိုင်းရင်းသားဒေသများမှ) ပေါကြွယ်ဝလှသော မြေပေါ် မြေအောက် သဘာဝ သယံဇာတကြောင့်ပင် ဖြစ်ပါသည်။ အဆိုပါ သဘာဝသယံဇာတများကို
စစ်အစိုးရက လက်ဝါးကြီးအုပ် ထိန်းချုပ်ထားပြီး ၎င်းတို့တပ်မတော် ပိုမိုအင်အား ကြီးထွားလာရေးအတွက် တိုက်ရိုက်သက်ရောက်မှု ရှိစေပါသည်။ ၁၉၈၉ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေအရ အစိုးရက (က)ရေနံနှင့် သဘာဝ ဓါတ်ငွေ့ တူးဖေါ်ခြင်း၊ ရှာဖွေခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ (ခ) ပုလဲ၊ ကျောက်စိမ်းနှင့် အဖိုးတန်ကျောက်မျက်ရတနာများ ရှာဖွေခြင်း၊ တူးဖေါ်ခြင်းနှင့် ပြည်ပ တင်ပို့ခြင်း၊ (ဂ)သတ္တုများ ရှာဖွေခြင်း၊ တူးဖေါ်ခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်းများကို အလုံးစုံ ထိန်းချုပ် ထားသည် (မြန်မာနိုင်ငံဒေသဆိုင်ရာ အုပ်ချုပ်မှုစနစ် ဆွေးနွေးချက်စာတမ်းများ) ။ ၂၀၁၀ ခုနှစ် ဒီမိုကရေစီအသွင်ကူးပြောင်းရေး၌ အသုံးပြုရန် ဖန်တီးထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ တွင်လည်း ပုဒ်မ ၃၇ အရသော်လည်းကောင်း၊ ပြည်ထောင်စု၏ဥပဒေပြုစာရင်း ဇယား (၁) အရ သော်လည်း သဘာဝသယံဇာတများ၊ သို့မဟုတ် ယင်းတို့နှင့် စပ်လျဉ်းသောလုပ်ပိုင်ခွင့်များကို ပြည်ထောင်စုအစိုးရက ဆက်လက်ထိန်းချုပ်ထားခဲ့ပြီး၊ တစ်ဘက်တွင်လည်း တပ်မတော်က ထိုသယံဇာတ အကျိုးအမြတ်များကို လက်မလွှတ်နိုင်ခဲ့သည့်အတွက် ငြိမ်းချမ်းရေးဆွေးနွေးနေဆဲ ကာလများတွင်ပင်လျှင် သဘာဝသယံဇာတများထွက်ရှိရာ ဒေသအခြေပြု တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ (KIA, AA, TNLA စသည့်အဖွဲ့များ)ကို ထိုးစစ်ဆင်မှုများပြုလုပ်ခဲ့သည်။ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌လည်း ပုဒ်မ (၉၂)အရ တတိယဇယား၊ စာရင်း (၁)၊ ပြည်ထောင်စု နိုင်ငံဥပဒေပြု စာရင်းဖြင့် သဘာသယံဇာတနှင့်ပတ်သက်၍ လုပ်ပိုင်ခွင့် (သို့မဟုတ်) အရင်းအမြစ်များအား ထိန်းချုပ်ခွင့်အား ပြည်ထောင်စုအစိုးရက ရယူထားပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လည်း ထိုမူကို ဆက်လက်ထိန်းသိမ်းကာ သဘာဝသယံဇာတ အရင်းအမြစ်များအား အလုံးစုံ ထိန်းချုပ်ထားသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် သဘာဝ သယံဇာတ စီမံခန့်ခွဲရေး နှင့် ပတ်သက်သည့် တောင်းဆိုမှုများ ခပ်စိတ်စိတ်တွေ့လာရပြီး၊ နိုင်ငံရေးပါတီအချို့၏ မူဝါဒများနှင့် ရွေးကောက်ပွဲ ကြေငြာစာတမ်းများတွင် ဖေါ်ပြလာကြသည့်အပြင်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၉ ခုနှစ်၊ NCA (၄)နှစ်ပြည့် မိန့်ခွန်းတွင် ဖက်ဒရယ် စနစ်နှင့် အညီ သဘာဝ သယံဇာတ လုပ်ပိုင်ခွင့်ပေးရမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ သို့ရာတွင် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ၁၅ ခုတွင် ၅ ခုမျှသာ သဘာဝ သယံဇာတနှင့်စပ်လျဉ်း၍ ပါဝင်ခဲ့ပြီး၊ NCA တွင်မူ မြေယာသိမ်းခြင်းကို ရှောင်ရှားရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်တို့သာ ပါဝင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံ ဥပေဒပြင်ဆင်ချက်အရ အသေးစား သတ္တုတွင်း တူးဖေါ်ရေးလုပ်ငန်းများ လိုင်စင်ချထားပေးရေးနှင့် တွင်းဝခွန်ကောက်ခံခွင့်တို့ကို ပြည်နယ်များသို့ ပေးအပ်ခဲ့သည်။ ယင်းက ပြည်ထောင်စုက ပြည်နယ်များအတွက် ဖြေလျှော့ပေးခဲ့သည့် အလွန်သေးငယ်သော သဘာဝ သယံဇာတ စီမံခွင့်ကိစ္စရပ်တစ်ချို့ ဖြစ်ပါသည်။
K.L
(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)
ရည်ညွှန်းကိုးကားစာရင်း
https://en.wikipedia.org/wiki/B._N._Rau
https://www.gktoday.in/topic/residuary-powers-of-parliament-of-india/
https://legalraj.com/articles-details/residuary-power
Breen, Michael G, The Origins of Holding-Together Federalism: Nepal, Myanmar, and Sri Lanka
https://www.idea.int/sites/default/files/publications/federalism-primer.pdf
https://en.wikipedia.org/wiki/Dominion_of_India
ဘင်ဂမ်စင်တာ မြန်မာစီမံကိန်း-အာရှအတွင်းက ဖက်ဒရယ်စနစ် (၂၀၁၄)
BCES, The 2008 Constitution and Ethnic Issues: To What Extent Did It Satisfy the Aspirations of Various Ethnic Groups?
Hanns Seidel Foundation, 50 Shades of Federalism
https://www.ispmyanmar.com/burmese/2017/07/16/interviews-ko-frenky/
သဘာဝအရင်းအမြစ်နှင့် ဖက်ဒရယ်စနစ်၊ BEWG
မြန်မာနိုင်ငံ၏ သဘာဝသယံဇာတပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု၊ ဝင်ငွေခွဲဝေမှုနှင့် သက်ရောက်မှု၊ ENAC
သဘာဝသယံဇာတ ဖက်ဒရယ်စနစ်-မြန်မာနို်ငငံအတွက် ထည့်သွင်းစဉ်းစားသင့်သည့်အချက်များ၊ NRGI
မပြိုကွဲနိုင်သော ပြည်ထောင်စုကြီး၊ ဦးရွှေအုန်း (ညောင်ရွှေ)
အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံသင့်သော
ကဏ္ဍအလိုက် မူဝါဒအကြံပြုချက်များ (မူကြမ်းများ)၊ ENAC
ဘဏ္ဍာရေးဖက်ဒရယ်စနစ်၊ ENAC
ဖက်ဒရယ်အက်ဆေးများ၊ FOF
2008 မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေ၏ဖက်ဒရယ်ပုံစံကို လေ့လာသုံးသပ်ချက်၊ FOF
ပင်လုံညီလာခံ သမိုင်းစဉ်အကျဉ်း၊ မဆလ ဗဟိုကော်မတီဌာနချုပ်
UNEP, From Conflict to Peacebuilding: The role of natural resources and the environment
မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းလမ်းကျသော ဖွဲ့စည်းပုံအခြေခံဥပဒေ ယဉ်ကျေးမှု တည်ဆောက်ရေး၊ AMCDP
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှု၊ Ashley South
EITI Award အတွက် တင်သွင်းသော အစီရင်ခံစာ (၂၀၁၉)၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး
လက်လွတ်ဆုံးရှုံးမှုကို ဆက်လက်ရှင်သန်တိုးပွားစေခြင်း၊ Transnational Institute (TNI)
https://www.dica.gov.mm/sites/default/files/news-files/report_on_rsios_for_printing_20190215_english.pdf
(JICA, Rakhine state investment opportunity survey)
https://www.boell.de/en/2013/12/11/myanmars-natural-resources-blessing-or-curse
မြန်မာနိုင်ငံတွင် မျှဝေပိုင်ဆိုင်နိုင်သည့် သာယာဝပြောမှုကို ဖေါ်ဆောင်နိုင်မည့်
မူဝါဒအကြံပြုချက်များ၊ World Bank
သဘာဝအရင်းအမြစ်နှင့် ဖက်ဒရယ်စနစ်၊ BEWG
ဒေသအလိုက် အုပ်ချုပ်မှုနှင့်ပဋိပက္ခကို သုံးသပ်ခြင်း၊ Myanmar Centre for Responsible Business
မြန်မာနိုင်ငံမှ သဘာဝ သယံဇာတ စီမံအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊
Kevin M. Woods