ပြဿနာဇစ်မြစ်ထဲမှ ဖက်ဒရယ် အပိုင်းအစများကို တူးဖေါ်ခြင်း (အပိုင်း-၁)

ပြဿနာဇစ်မြစ်ထဲမှ ဖက်ဒရယ် အပိုင်းအစများကို တူးဖေါ်ခြင်း

မြန်မာပြည်သည် ၁၉၄၇ ခုနှစ် လွတ်လွတ်ရေးရပြီးသည်မှစ၍ ပြည်တွင်း နိုင်ငံရေးအကြပ်အတည်း များနှင့် လက်နက်ကိုင်ပဋိပက္ခခရီးကြမ်းကို ဖြတ်သန်းလာခဲ့ရသည်မှာ ယခုဆိုလျှင် နှစ်ပေါင်း (၇၀) ကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်ပါသည်။ နိုင်ငံရေး အကြပ်အတည်းများထဲတွင် နိုင်ငံရေးအယူဝါဒများကြောင့် အကွဲအပြဲများ ဖြစ်ခဲ့ရသည့်အပြင် တိုင်းရင်းသား လူနည်းစုများနှင့် ထိုစဉ်က နိုင်ငံရေးကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်ခဲ့သော ဖဆပလထဲရှိ ဗမာ (လူများစု)များအကြား ပင်လုံကတိကဝတ် အကောင်အထည် မဖေါ်ဆောင်နိုင်ခဲ့မှုကြောင့်နှင့် လူမျိုးစုဆိုင်ရာ အခွင့်အရေးများ လျစ်လျူရှုခံရမှု များကြောင့် မငြိမ်းချမ်းသောအခြေအနေများ ဖြစ်ပေါ်လာခဲ့ရသည်။ ၁၉၉၀ ပြည့်နှစ်တွင် ဗကပပြိုကွဲ ပြီးနောက်ပိုင်း နိုင်ငံရေးအယူဝါဒ (နိုင်ငံရေးအိုင်ဒီယိုလိုဂျီ) ဆွဲကိုင်ထားသည့် လက်နက်ကိုင်အဖွဲ့များ ပျောက်ကွယ်သွားခဲ့သော်လည်း လူမျိုးစုအခွင့်အရေးနှင့် တန်းတူညီမျှရေးအတွက် တိုက်ပွဲဝင်လာခဲ့ သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပိုမိုများပြားလာခဲ့သည်ကို တွေ့ရပါသည်။

၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ၂၀၁၁ ခုနှစ် နိုင်ငံအသွင်ကူးပြောင်းသည့် ကာလအထိတွင် ဖက်ဒရယ်ဆိုသည်မှာ အနှုတ်လက္ခဏာဆောင်သော ကြောက်မက်ဖွယ်ဝေါဟာရ တစ်ခုအဖြစ် ဖြစ်တည်နေခဲ့ပြီး၊ စစ်အစိုးရများက ဖက်ဒရယ်ကို ခွဲထွက်ရေး လက်နက်တစ်ခုအသွင် ပုံဖေါ်ထားခြင်းကြောင့်ပင် ဖြစ်ပါသည်။

၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ၂၀၁၁ ခုနှစ် နိုင်ငံအသွင်ကူးပြောင်းသည့် ကာလအထိတွင် ဖက်ဒရယ်ဆိုသည်မှာ အနှုတ်လက္ခဏာဆောင်သော ကြောက်မက်ဖွယ်ဝေါဟာရ တစ်ခုအဖြစ် ဖြစ်တည်နေခဲ့ပြီး၊ စစ်အစိုးရများက ဖက်ဒရယ်ကို ခွဲထွက်ရေး လက်နက်တစ်ခုအသွင် ပုံဖေါ်ထားခြင်းကြောင့်ပင် ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်တွင် ထိုစဉ်က သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး
သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ထို NCA စာချုပ်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းရေးသားခဲ့ကြသည်။ ထိုမှ နောက်ပိုင်း၌ ဖက်ဒရယ်နှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေးလာသည်ကို တွေ့ရပါသည်။ သို့ရာတွင် တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အပါအဝင် ပြည်မရှိ အင်အားစုများမှာ ဖက်ဒရယ်ဆိုသည်ထက် ဒီမိုကရေစီကို ပိုမို ရှေ့ထုတ်ဆွေးနွေး ခဲ့သည်ကိုတွေ့ရပါသည်။

၂၀၁၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ဆယ်စုနှစ်အတွင်း၌ ပြည်တွင်းမှ ပညာရှင်များသာမက၊ ပြည်ပမှ ဝင်ရောက်လာသော ပညာရှင်အများအားဖြင့်သည်လည်း မြန်မာနိုင်ငံ၏ဒီမိုကရေစီအသွင်ကူးပြောင်း မှု ခိုင်မာရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုတို့အတွက် ကုထုံးအနေဖြင့် စဉ်းစား တင်သွင်းကြရာတွင် နအဖအစိုးရက ရေးဆွဲပြဌာန်းပေးခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲမှသာဖြစ်ကြပါသည်။ အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖက်ဒရယ်၏ သွင်ပြင်လက္ခဏာများဖြစ်ကြသော အစိုးရနှစ်ရပ်ရှိခြင်း၊ ၎င်းအစိုးရနှစ်ရပ်အကြား အာဏာခွဲဝေပေးထားခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ အငြင်းပွားမှုများကို အခြေခံဥပဒေကို အဓိပ္ပါယ်ဖွင့်ဆိုပေးသည့် ခုံရုံးရှိခြင်း၊ လွှတ်တော်နှစ်ရပ် သတ်မှတ်ထားပြီး အထက်လွှတ်တော်ပုံစံရှိသော အမျိုးသားလွှတ်တော်ရှိခြင်း၊ စသည့်အချက်များကို မူတည်၍ Quasi-federal ဟု ကောက်ချက် ချကြသည်။ (တစ်ပိုင်းဖက်ဒရယ် (Quasi-federal) ဆိုသည်မှာ ဗဟိုနှင့် ပြည်နယ်အစိုးရများကို ရှင်းရှင်း လင်းလင်း ခွဲခြားထားသော်လည်း ဗဟိုအစိုးရက အာဏာများစွာပိုယူထားပြီး ဖက်ဒရယ်နိုင်ငံဟုခေါ်တွင်နေသည့်စနစ်ကို ဆိုလိုပါသည်။)

(တစ်ပိုင်းဖက်ဒရယ် (Quasi-federal) ဆိုသည်မှာ ဗဟိုနှင့် ပြည်နယ်အစိုးရများကို ရှင်းရှင်း လင်းလင်း ခွဲခြားထားသော်လည်း ဗဟိုအစိုးရက အာဏာများစွာပိုယူထားပြီး ဖက်ဒရယ်နိုင်ငံဟုခေါ်တွင်နေသည့်စနစ်ကို ဆိုလိုပါသည်။)

 ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ဖြစ်ပေါ်လာသည့် အာဏာခွဲဝေမှုဆိုင်ရာ အငြင်းပွားမှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပေးထားချက် (အခြေခံဥပဒေဘောင်အတွင်းမှပင်) အစိုးရအလွှာ အဆင့် ဆင့်သို့ ဗဟိုချုပ်ကိုင်မှုဖြေလျှော့ခြင်းဖြင့် နိုင်ငံရေးအကြပ်အတည်းကို တားဆီးနိုင်လိမ့်မည်ဟူသော ယူဆချက်ဖြစ်ပါသည်။ အဆိုပါ ယူဆချက်အရ အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှု ကဏ္ဍတစ်ချို့တွင် ဗဟိုချုပ်ကိုင်မှုဖြေလျှော့ပေးနိုင်ရန် ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြည်နယ်များ၊ သို့မဟုတ် တိုင်းရင်းသား/ လူမျိုးစုများအတွက် နည်းပါးသော နိုင်ငံရေး အခွင့်အရေးများ (Political Rights) နှင့် ကျဉ်းမြောင်းသော လုပ်ပိုင်ခွင့် သို့မဟုတ် အလွန် အမင်း အကန့်အသတ်ရှိသော အာဏာတစ်ချို့ကိုသာ အပ်နှင်းထားသည်ဖြစ်ရာ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်ကို တွေ့ရပါသည်။ ထိုကဲ့သို့ ဗဟိုချုပ်ကိုင်မှုဖြေလျှော့ခြင်း (Decentralization)ဖြင့် ချွေးသိပ်မှုက လူနည်းစုတိုင်းရင်းသားများ၏ နိုင်ငံရေးအာသီသကို ဖြေဖျောက်မပေးနိုင်ခဲ့ချေ။ 

လူနည်းစုတိုင်းရင်းသားများဘက်တွင် နိုင်ငံရေးလိုအင်ဆန္ဒကို ဖြေရှင်းရန်အတွက် ချဉ်းကပ်ရာတွင် လမ်းနှစ်သွယ်ရှိပါသည်။ ပထမနည်းလမ်းမှာ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ် ဖြစ်ပြီး၊ ဒုတိယ နည်းလမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်ပေးအပ်သော လုပ်ပိုင်ခွင့်အာဏာကိုရွေးကောက်ပွဲမှတဆင့် တရားဝင်နည်းလမ်းဖြင့် ရယူရန်ဖြစ်ပါသည်။ လွတ်လပ်ရေးရပြီးနောက် ရေးဆွဲပြဌာန်းခဲ့သော ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဗဟိုက များပြားလှသော ပြည်ထောင်စု ဥပဒေပြု စာရင်းနှင့်တကွ ကြွင်းကျန်အာဏာ (Residual Power) ကို ရယူထားပြီး ကျန်ယူနစ်များကို အလွန်ပါးလျားသည့် လုပ်ပိုင်ခွင့်တစ်ချို့ကိုသာ ပေးထားသည်။ ထို့အပြင် သဘာဝ အရင်းအမြစ်များကိုလည်း ထိန်းချုပ်ထားပြီး အရင်းအမြစ်ပိုင်ရှင် ဒေသခံများမှာ စီမံကိန်းများ၏ ဘေးထွက်ဆိုးကျိုးကိုသာ ခါးစီးခံနေခဲ့ ကြရသည်။ အဆိုပါ မညီမျှမှုများကို နိုင်ငံရေးအရ ဖြေရှင်းနိုင်မည့် ကွင်း သို့မဟုတ် စင်မှာလည်း မျှတသည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ပေးထားခြင်းမရှိချေ။ ၁၉၆၂ နှစ်တွင် ပြည်ထောင်စု ပြိုကွဲမည်ဟုအကြောင်းပြကာ စစ်တပ် အာဏာသိမ်းလိုက်ပြီး နောက်ပိုင်း တိုင်းရင်းသား လူနည်းစု များမှာ ၎င်းတို့အခွင့်အရေး တောင်းဆိုရန်အတွက် နိုင်ငံရေးစင် ပျောက်သွားခဲ့ရပြီး လက်နက်ကိုင် လမ်းစဉ်ကသာ တစ်ခုတည်းသော အားကိုးရာ ဖြစ်လာခဲ့ပါတော့သည်။ ၂၀၁၀ ခုနှစ် နိုင်ငံရေး အသွင်ကူးပြောင်းမှုတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မမျှတသောအာဏာခွဲဝေမှုနှင့် တပ်မတော် အသာစီးယူထားခြင်း၊ သဘာဝ သယံဇာတ အရင်းအမြစ်များကို ဗဟိုကပင် ဆက်လက် ထိန်းချုပ် ထားခြင်း၊ ဗမာလူများကသာ ကြီးစိုးလွှမ်းမိုးထားနို်ငသောအစိုးရများ ပေါ်ပေါက်လာခြင်း တို့ကြောင့် ရက္ခိုင့်တပ်တော်ကဲ့သို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့သစ်နှင့် တကျော့ပြန် လက်နက်ကိုင် ပဋိပက္ခများ ပေါ်ပေါက်လာရခြင်းဖြစ်သည်။

ဤဆောင်းပါးတွင် ၁၉၄၇ နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများပါ နိုင်ငံရေးမညီမျှမူအချို့နှင့် သဘာဝ အရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ပဋိပက္ခများနှင့် ပတ်သက်၍သာ ဆွေးနွေးသွားမည်ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကာလနောက်ပိုင်း ဖက်ဒရယ်ဆိုင်ရာ လှုပ်ရှားမှုများနှင့် ပတ်သက် သည်များကို နောက်ပိုင်း ဆက်လက် ရေးသားဖေါ်ပြသွားမည့် ဆောင်းပါးများတွင် ထပ်မံဆွေးနွေး ပေးသွားမည်ဖြစ်ပါသည်။

ပင်လုံကတိကဝတ်ကို သွေဖည်မှုမှအစပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြပ်အတည်းများ (Constitutional Crisis)

မြန်မာနိုင်ငံ၏ ဖက်ဒရယ်အရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများအကြောင်း ပြောရမည်ဆိုလျှင် ပင်လုံစာချုပ်မှအစပြုခဲ့သော နောက်ခံသမိုင်းကြောင်းတစ်ချို့ကို မဖြစ်မနေထည့်ပြောရလိမ့် မည်ဖြစ်ပါသည်။ ပင်လုံစာချုပ်က အောင်ဆန်း-အက်တလီစာချုပ် အပိုဒ် ၈(ခ)ပါ သတ်မှတ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည့်အတွက် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရယူနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ပင်လုံ စာချုပ်ဆိုသည်မှာ ဒုတိယကမ္ဘာစစ်အပြီးတွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရယူရန်အတွက် သီးခြား အုပ်ချုပ်ရေးဒေသ (၄)ခု ပေါင်းစည်းကာ ပြည်ထောင်စုနိုင်ငံတစ်ရပ်ထူထောင်ရန် သဘောတူ ချုပ်ဆို ခဲ့သည့်စာချုပ်ဖြစ်ပါသည်။ အဆိုပါကိုလိုနီ နယ်မြေများဖြစ်ကြသောကချင်တောင်တန်းဒေသ (1895 Kachin Hills Tribes Regulation)၊ ချင်း တောင်တန်းဒေသ (1896 Chin Hills Regulation)၊ ပြည်ထောင်စုရှမ်းပြည် (1922 Federated Shan States Act) နှင့် ဗမာပြည် (1935 Burma Act) တို့က မိမိသဘောဆန္ဒအလျောက် ပူးပေါင်းခဲ့ကြသည့် Coming Together ပုံစံဖြစ်ပါသည်။ ၁၈ ရာစုအကုန်နှင့် ၂၀ ရာစုအစောပိုင်းကာလများတွင် အတူယှဉ်တွဲရေးဖက်ဒရယ် (Coming Together) နိုင်ငံအသစ်များ ပေါ်ထွက်လာခဲ့ကြပြီး၊ ယင်းနိုင်ငံများသည် ယခင်က သီးခြားလွတ်လပ်သော ပြည်နယ်များ (သို့မဟုတ်) ကိုလိုနီနယ်မြေများက ဘုံအကျိုးစီးပွားတူညီမှုတစ်ခုအတွက် စုစည်း တည်ထောင်ကြခြင်း ဖြစ်ပါသည်။ ထိုစဉ်က သဘောတူ ချမှတ်ထားသော ပင်လုံမူများဖြစ်သည့် ပြည်ထောင်စုစနစ်အရသာ တိုင်းပြည်ထူထောင်ရန်၊ နိုင်ငံရေးတန်းတူညီမျှမှုရရှိရန်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နှင့် ခွဲထွက်လိုက ခွဲထွက်ခွင့် စသည့်အချက်များကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန်သာဖြစ်ပါသည်။ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲစဉ်ကမူ ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ပေးချက်အရ ဦးချန်ထွန်းက အိန္ဒိယနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အကြံပေးအရာရှိ ဆာဘီအင်ရောင်း (Sir B.N. Rau)၏ အကူအညီဖြင့် မြန်မာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အိန္ဒိယ နိုင်ငံ၌ ရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။ ထိုစဉ်က နယ်ချဲ့လက်အောက်မှ လွတ်မြောက်လာခဲ့ကြသော အာရှ နိုင်ငံများအနေဖြင့် ပြည်ပရန်နှင့် ပြည်တွင်းစစ်ပြဿနာများကို ကြိုတင်ကာကွယ်ရန်အလို့ငှာ ပေါင်းစည်းနိုင်ငံများ ထူထောင်နေကြရသော ကာလဖြစ်ပါသည်။  အိန္ဒိယသည် မြန်မာနိုင်ငံကဲ့သို့ပင် ဗြိတိသျှကိုလိုနီဘဝမှ လွတ်မြောက်လာခဲ့ခြင်းဖြစ်ရာ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေအား နမူနာယူရေးဆွဲခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ အိန္ဒိယ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည်လည်း ကနေဒါနိုင်ငံကို နမူနာယူကာ ပုဒ်မ (၂၄၈)ဖြင့် ကြွင်းကျန်အာဏာ (Residual Power)ကို ဗဟိုအစိုးရထံတွင် ထားလိုက်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အိန္ဒိယ အငွေ့အသက် လွှမ်းခြုံ ထားသော ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ကြွင်းကျန်အာဏာကို ပြည်ထောင်စုအစိုးရက ရယူထားလိုက်တော့သည်။ သို့ရာတွင် သတိပြုရမည့်အချက်တစ်ချက်မှာ အိန္ဒိယသည် မဟာရာဂျာ (စော်ဘွား)ပြည်နယ်ပေါင်း ၅၀၀ ကျော်ကို စုစည်းပြီး ၎င်းစော်ဘွားများကို နိုင်ငံရေးအရတူညီသော အဆင့်အတန်း မပေးလိုသည့်အတွက် ကနေဒါနိုင်ငံကို နမူနာယူကာ  ၁၉၃၅ အိန္ဒိယအစိုးရ အက် ဥပဒေ (Government of India Act, 1935) ကို ကျောရိုးပြု၍ ၁၉၅၀ ခုနှစ် အိန္ဒိယဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။ နောက်တစ်ချက်မှာ အိန္ဒိယမှာ ပေါင်းစည်းဖက်ဒရယ် (Holding Together) ဖြစ်ပါသည်။ ထို့ကြောင့်ဗဟိုက အာဏာအလေးသာခဲ့ခြင်းဖြစ်သည်။

ဦးဖေခင်၏ ကိုယ်တွေ့ပင်လုံ စာအုပ်တွင် “ဗိုလ်ချုပ်မြင်လိုသော လွတ်လပ်သည့်မြန်မာနိုင်ငံမှာ လူဦးရေ သန်း (၅၀) လောက်ဖြင့် ကမ္ဘာ့အလယ်တွင် ထည်ဝါခန့်ညား အများလေးစားလောက်သည့် အင်အားတောင့်တင်းသော တစ်ပြည်ထောင်စနစ် (Unitary State) ခေါ် နိုင်ငံမျိုးဖြစ်ပါသည်” ဟူ၍ ရေးသားဖေါ်ပြထားပါသည်။

ဦးဖေခင်၏ ကိုယ်တွေ့ပင်လုံ စာအုပ်တွင် “ဗိုလ်ချုပ်မြင်လိုသော လွတ်လပ်သည့်မြန်မာနိုင်ငံမှာ လူဦးရေ သန်း (၅၀) လောက်ဖြင့် ကမ္ဘာ့အလယ်တွင် ထည်ဝါခန့်ညား အများလေးစားလောက်သည့် အင်အားတောင့်တင်းသော တစ်ပြည်ထောင်စနစ် (Unitary State) ခေါ် နိုင်ငံမျိုးဖြစ်ပါသည်” ဟူ၍ ရေးသားဖေါ်ပြထားပါသည်။ ထို့အပြင် ဗိုလ်ချုပ်က ခွဲထွက်ရေးကို မလိုလားခဲ့ကြောင်း၊ တစ်ပြည်ထောင်စနစ်နိုင်ငံမျိုး ဖြစ်ပေါ်လာရန် အချိန်ကာလ အတော်ကြာအောင် စောင့်ရဦးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒုတိယအကောင်းဆုံးဖြစ်သော “ပြည်ထောင်စု”တစ်ခု ဖြစ်ပေါ်လာရေးကိုသာ အကောင်အထည်ဖေါ်ခြင်း ဖြစ်ကြောင်းတို့ကို ဖေါ်ပြပါရှိပြန်ပါသည်။ ဦးရွှေအုန်း၏ မပြိုကွဲနိုင်သော ပြည်ထောင်စု စာအုပ်တွင်လည်း ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းက လန်ဒန်မြို့သို့အသွားတွင် နယူးဒေလီမြို့သို့ ဝင်ရောက်ပြီး ဆာဘီအင်ရောင်းနှင့်တွေ့ဆုံကာ မြန်မာ နိုင်ငံ၏ အခြေခံဥပဒေရေးစွဲရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း၊ ၁၉၄၇ ခုနှစ်ဦးပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းက ဦးချန်ထွန်းကို မြန်မာနိုင်ငံ၏ အခြေခံဥပဒေအကြံပေးအရာရှိအဖြစ် ခန့်အပ် လိုက်ပြီး ဦးချန်ထွန်းကလည်း အိန္ဒိယနိုင်ငံသို့သွားရောက်ကာ ဆာဘီအင်ရောင်းနှင့် အကြိမ်ကြိမ် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ကြောင်းတို့ ဖေါ်ပြထားသည်ကို တွေ့ရ ပါသည်၊၊

K.L

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)

ရည်ညွှန်းကိုးကားစာရင်း

https://en.wikipedia.org/wiki/B._N._Rau

https://www.gktoday.in/topic/residuary-powers-of-parliament-of-india/

https://legalraj.com/articles-details/residuary-power

Breen, Michael G, The Origins of Holding-Together Federalism: Nepal, Myanmar, and Sri Lanka

https://www.idea.int/sites/default/files/publications/federalism-primer.pdf

https://en.wikipedia.org/wiki/Dominion_of_India

ဘင်ဂမ်စင်တာ မြန်မာစီမံကိန်း-အာရှအတွင်းက ဖက်ဒရယ်စနစ် (၂၀၁၄)

BCES, The 2008 Constitution and Ethnic Issues: To What Extent Did It Satisfy the Aspirations of Various Ethnic Groups?

Hanns Seidel Foundation, 50 Shades of Federalism

https://www.ispmyanmar.com/burmese/2017/07/16/interviews-ko-frenky/

https://asiafoundation.org/wp-content/uploads/2018/11/Module-4_Fiscal-Federalism-and-Natural-Resources_MYANMAR_Workbook.pdf

သဘာဝအရင်းအမြစ်နှင့် ဖက်ဒရယ်စနစ်၊ BEWG

မြန်မာနိုင်ငံ၏ သဘာဝသယံဇာတပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု၊ ဝင်ငွေခွဲဝေမှုနှင့် သက်ရောက်မှု၊ ENAC

သဘာဝသယံဇာတ ဖက်ဒရယ်စနစ်-မြန်မာနို်ငငံအတွက် ထည့်သွင်းစဉ်းစားသင့်သည့်အချက်များ၊ NRGI

မပြိုကွဲနိုင်သော ပြည်ထောင်စုကြီး၊ ဦးရွှေအုန်း (ညောင်ရွှေ)

အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံသင့်သော
ကဏ္ဍအလိုက် မူဝါဒအကြံပြုချက်များ (မူကြမ်းများ)၊ ENAC

ဘဏ္ဍာရေးဖက်ဒရယ်စနစ်၊ ENAC

ဖက်ဒရယ်အက်ဆေးများ၊ FOF

2008 မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေ၏ဖက်ဒရယ်ပုံစံကို လေ့လာသုံးသပ်ချက်၊ FOF

ပင်လုံညီလာခံ သမိုင်းစဉ်အကျဉ်း၊ မဆလ ဗဟိုကော်မတီဌာနချုပ်

UNEP, From Conflict to Peacebuilding: The role of natural resources and the environment

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းလမ်းကျသော ဖွဲ့စည်းပုံအခြေခံဥပဒေ ယဉ်ကျေးမှု တည်ဆောက်ရေး၊ AMCDP

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှု၊ Ashley South

EITI Award အတွက် တင်သွင်းသော အစီရင်ခံစာ (၂၀၁၉)၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး

လက်လွတ်ဆုံးရှုံးမှုကို ဆက်လက်ရှင်သန်တိုးပွားစေခြင်း၊ Transnational Institute (TNI)

https://www.dica.gov.mm/sites/default/files/news-files/report_on_rsios_for_printing_20190215_english.pdf
(JICA, Rakhine state investment opportunity survey)

https://www.boell.de/en/2013/12/11/myanmars-natural-resources-blessing-or-curse

မြန်မာနိုင်ငံတွင် မျှဝေပိုင်ဆိုင်နိုင်သည့် သာယာဝပြောမှုကို ဖေါ်ဆောင်နိုင်မည့်
မူဝါဒအကြံပြုချက်များ၊ World Bank

သဘာဝအရင်းအမြစ်နှင့် ဖက်ဒရယ်စနစ်၊ BEWG

ဒေသအလိုက် အုပ်ချုပ်မှုနှင့်ပဋိပက္ခကို သုံးသပ်ခြင်း၊ Myanmar Centre for Responsible Business

မြန်မာနိုင်ငံမှ သဘာဝ သယံဇာတ စီမံအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊
Kevin M. Woods