မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြည်တွင်းစစ်သည် နှစ်ပေါင်း(၇၀)ကျော် ကြာလာသည့်တိုင် တစ်ဖက်နှင့် တစ်ဖက် အနိုင်မရရှိဘဲ ပြည်သူများ၏ ဘဝလုံခြုံမှု မရှိရုံသာမက ပညာရေး၊ ကျန်းမာရေး၊ စီးပွါးရေးစသည့် ကဏ္ဍအသီးသီးတွင် အနှောင့်အယှက် အတားအဆီးတစ်ခုအဖြစ် ရပ်တည်နေခဲ့လေသည်။
လွတ်လပ်ရေးရခါစတွင် ရောင်စုံသူပုန်ထသောကာလဟု ဆိုသော်ငြားလည်း သရုပ်မှန်ကို လေ့လာကြည့်လျှင် ပြည်ထောင်စုအစိုးရကို စိန်ခေါ်သော လက်ဝဲယိမ်းအုပ်စုနှင့် လူမျိုးစုအခွင့်အရေးအတွက် တိုက်ပွဲဝင်ကြသည့် အုပ်စုဟူ၍ နှစ်အုပ်စုသာ ရှိကြောင်းတွေ့ရသည်။
ပို၍ရှင်းအောင်ပြောရလျှင် ဗမာလူမျိုးအချင်းချင်း အာဏာလုသည့်တိုက်ပွဲနှင့် အာဏာလက်ကိုင်ရထားသည့် ဗမာအာဏာရှင်များနှင့် အဖိနှိပ်ခံ တိုင်းရင်းသားများကြား အာဏာခွဲဝေရေး တိုက်ပွဲတို့ဖြစ်သည်။
နွေဦးတော်လှန်ရေးသံသရာ
၁၉၆၂ မတ်လ ၂ ရက်နေ့ ဗိုလ်ချုပ်နေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း လက်ယာယိမ်း အုပ်စုများ တောခိုခဲ့ကြသည်။ ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်လိုက်သည့်အခါ တော်လှန်ရေးက ပို၍ပင် အရောင်တောက်ပလာသည်။ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလနှင့် လွတ်လပ်ရေးရပြီးကာလ မြန်မာ့နိုင်ငံရေးတွင် တိုင်းရင်းသားခေါင်းဆောင်များသည် ဗမာနိုင်ငံရေး ခေါင်းဆောင်များကို အထင်ကြီးကြသည်။ လေးစားကြသည်။ အတုယူကြသည်။ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွင် ဗမာလူမျိုးများ အခရာကျပုံကို တိုင်းရင်းသား ခေါင်းဆောင်များက သဘောပေါက်ပုံ ရကြသော်လည်း ဗမာခေါင်းဆောင်များကမူ တိုင်းရင်းသားများ၏ အခန်းကဏ္ဍ အရေးပါပုံကို ယနေ့ထက်တိုင် အလေးထားပုံ မပေါ်ပါ။
ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော အာဏာရှင်ခေတ်တွင် တောတွင်းလက်နက်ကိုင် အဖွဲ့များကြား၌ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် နီးစပ်သည့်အုပ်စု၊ အလံနီ ကွန်မြူနစ်ပါတီနှင့် နီးစပ်သည့် အုပ်စုနှင့် ကေအင်ယူနှင့် နီးစပ်သည့်အုပ်စုတို့အပြင် (၁၉၇၀) ပြည့်လွန်နှစ်များ၌ ဦးနု၏ ပါလီမန် ဒီမိုကရေစီပါတီနှင့် နီးစပ်သော အုပ်စုများ တစ်စခန်းထလာသည်။
ထိုအချိန်တွင် မြန်မာပြည် လက်နက်ကိုင် တော်လှန်ရေးသည် ပို၍အရောင်စုံ လာလေတော့သည်။ ထိုအရောင်များ သည်ကား အမြဲတောက်ပနေခြင်း မဟုတ်။ ခံယူချက်နှင့် သဘောတရားကို မှီပြီးအသွင်သဏ္ဍန် ပြောင်းလဲသွား ရခြင်းမဟုတ်ဘဲ အချိန်အခါနှင့် အခြေအနေအရ ပြောင်းလဲသွားကြခြင်းသာ ဖြစ်၏။ အထူးသဖြင့် တိုင်းရင်းသား အရေးနှင့် ဆက်စပ်လာသည့်အခါ ဗမာအချင်းချင်း တူညီမှုတစ်ခုကို တည်ဆောက်ကြသည်ကို တွေ့ရသည်။ ၁၉၇၀ ပြည့်လွန် နှစ်များ၏ နှောင်းပိုင်းတွင် အချို့သောအရောင်များ ပျောက်ကွယ်သွားကြသည်။ သခင်စိုး လက်နက်ချသွားသည်။ ဦးနုက လက်နက်ကိုင် တော်လှန်ရေးကို စွန့်လွှတ်သွားခဲ့သည်။ လက်ယာ တော်လှန်ရေး တစ်ခန်းရပ်သွားသည်ဟု ဆိုနိုင်သည်။
၁၉၈၈ခု စက်တင်ဘာလ ၁၈ ရက်နိုင်ငံတော် အာဏာကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီမှ အာဏာသိမ်းယူပြီးနောက် ကျောင်းသားအများစု လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။ မြန်မာနိုင်ငံတစ်ဝှန်းမှ ကျောင်းသားများသည် ကျောင်းသားအောင်လံတော်အောက်တွင် သွေးစည်းညီညွတ်စွာ ရပ်တည်ကြသည်။ ထို့အတူ အာဏာသိမ်းအစိုးရမှ ၁/၉၀ ကြေငြာချက်ထုတ်ပြီးနောက် ဒေါက်တာစိန်ဝင်း ဦးဆောင်သည့် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲနိုင် လွတ်တော်ကိုယ်စားလှယ်အချို့သည် လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် လစ်ဘရယ် တော်လှန်ရေး အထွဋ်အထိပ် ရောက်သောကာလဟု ဆိုနိုင်သည်။
အာဏာသိမ်းအစိုးရမှ ၁/၉၀ ကြေငြာချက်ထုတ်ပြီးနောက် ဒေါက်တာစိန်ဝင်း ဦးဆောင်သည့် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲနိုင် လွတ်တော်ကိုယ်စားလှယ်အချို့သည် လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။
သို့သော် ထိုတော်လှန်ရေးသည်လည်း တစ်စတစ်စ မှေးမှိန်လာသည်။ ထို့အတူ ဗမာပြည်ကွန်မြူပါတီ၏ ဇာတ်သိမ်းပိုင်းသည်လည်းတော်လှန်ရေး ဝင်ရိုးကျိုးပဲ့ခြင်းဟု ဆိုရပေမည်။ နောက်ပိုင်းတွင် တော်လှန်ရေး နယ်ပယ်၌ ABSDF တပ်ဖွဲ့ အနည်းငယ်မှလွဲ၍ ဗမာလက်နက်ကိုင် မရှိသလောက် ဖြစ်သွားသည်။
မည်သို့ပင် ဆိုစေကာမူ ၁၉၈၈ခု လူထုအရေးတော်ပုံအလွန် မြန်မာနိုင်ငံ၌ အလွှာပေါင်းစုံ ပါဝင်သော ဘက်ပေါင်းစုံ တော်လှန်ရေးသည် စုစည်းမှု အကောင်းဆုံးဟု ဆိုနိုင်သည်။
ရာဇဝင်ထဲက မြန်မာ့နွေဦး လှုပ်ရှားမှုတွင် ၂၀၀၈ အခြေခံဥပဒေဖြင့် ကျင်းပသည့် (၂၀၁၀) ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့သည့် ခွဲထွက် NLD အပါအဝင်အချို့သော နိုင်ငံရေး အင်အားစုများကို သပိတ်မှောက်ခဲ့ကြသည်။ (၂၀၁၂)ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီသည် ဆိုင်းမဆင့် ဘုံမဆင့် ရွေးကောက်ပွဲဝင်လာသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ခံ ကိုယ်စားလှယ် ဖြစ်လာသည်။ ၂၀၁၅ ခုနှစ် အစောပိုင်း ကာလသည် မြန်မာ့နွေဦး ကြွေးကြော်သံများ ဘဝဂ်ညံခဲ့သည်။ ၁၉၈၈ တော်လှန်ရေးဖြင့် တိုင်းပြည်ကို စွန့်ခွာသွားသူများ မျှော်လင့်ချက်ကြီးစွာဖြင့် ပြည်တော်ပြန်ခဲ့ကြသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်အများစုသည် စစ်ဗိုလ်များနှင့် အပေးအယူ တည့်လာကြသည်။ စားပွဲတစ်ခုတည်းထိုင်၍ ငြိမ်းချမ်းရေးစကားများ ဆိုခဲ့ကြသည်။ သမ္မတဦးသိန်းစိန်၏ ပြုပြင် ပြောင်းလဲရေးသည် အတိုက်အခံများ တောင်းဆိုသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးမဟုတ်၊ နိုင်ငံရေးစနစ် ပြောင်းလဲခြင်း မဟုတ်သလို တိုင်းရင်းသားများ တောင်းဆိုသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ပြောင်းလဲခြင်းလည်း မဟုတ်ပါ။ ယူနီဖေါင်း လဲထားသူများ၏ ခေတ်နှင့် လိုက်လျောညီထွေရှိသော အတွေးအခေါ် ပြောင်းလဲရေး (အာဏာကို တစ်စုတစည်းတည်း ပြန်လည်ဆုတ်ကိုင်ထားရေး စီမံကိန်း)ပင် ဖြစ်သည်။ တရုတ်ပြည်ခေတ်မီရေး ဗိသုကာ တိန်ရှောက်ပင် ပြောသကဲ့သို့ နိုင်ငံရေးတွင် ထာဝရရန်သူ ထာဝရ မိတ်ဆွေ မရှိဆိုသော်လည်း မြန်မာနိုင်ငံရေးတွင် ထာဝရရန်သူ ထာဝရမိတ်ဆွေ ရှိနေသည်။ အင်္ဂလိပ် တော်လှန်ရေးအတွက် ဂျပန်တွင် စစ်ပညာသင်ရန် သွားသည့် ရဲဘော် သုံးကျိပ်သည် ကျစ်လစ်ခိုင်မာသော အဖွဲ့အစည်းတစ်ခုတည်းက စနစ်တကျ စေလွှတ်ခြင်း မဟုတ်ပဲ အမျိုးသားရေးစိတ်ဓါတ် အလွန်ထက်သန်သော နီးစပ်ရာ လူငယ်များကို စုပြီး သွားရောက်ခြင်း ဖြစ်သည်။ ထိုအုပ်စုထဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြိုင်ဖက်များ ပါဝင်နေသည်။ တဖန်ဂျပန်ကို တိုက်ရန် ဖဆပလ ဖွဲ့စည်းရာတွင် အုပ်စုသုံးခု ပါဝင်နေသည်။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက်၊ ဖဆပလအဖွဲ့ကို ဦးနု ဦးဆောင်လာသည်။ တဖန်ဦးနုကို အာဏာသိမ်း လိုက်သည်။ တကသ အဆောက်အဦးကို တစ်စစီ ဖြိုခွင်းဖျက်စီးလိုက်သည် ထိုအချိန်ကတည်းက အောင်ဆန်း၊ ကိုနုတို့မှ အဆင့်ဆင့် လက်ဆင့်ကမ်းလာသော နိုင်ငံရေးမျိုးဆက် တစ်နည်းပြောရလျှင် တော်လှန်သော ကျောင်းသားမျိုးဆက်သည် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် ခေတ်အဆက်တွင် အာဏာရှိသူတို့၏ အမုန်းကို ခံလာရသည်။ မြန်မာနိုင်ငံတွင် ယနေ့အာဏာရနေသော အုပ်စုသည် အောင်ဆန်း၊ ကိုနု မျိုးဆက် တနည်းပြောရလျှင် တော်လှန်သော ကျောင်းသား အုပ်စုများ လက်တွင်းသို့ မြန်မာနိုင်ငံ၏ အာဏာ မကျရောက်အောင် နည်းပေါင်းစုံဖြင့် ကာကွယ်နေသော ပြိုင်ဖက်စစ်အုပ်စု မျိုးဆက်သစ်များ ဖြစ်ကြသည်။ ဤမျိုးဆက်သည် မြန်မာ့နိုင်ငံရေးနယ်ပယ်၌ ဘယ်အချိန်ထိ အသာစီးရ နေမည်နည်း ဘယ်သူမှမခန့်မှန်းနိုင်။ ၁၉၆၂ ခု “7 July” တိုက်ပွဲနှင့် ၁၉၈၈ ခု လူထုတော်လှန်ရေး တိုက်ပွဲတို့သည် အတွေးအခေါ်တိုက်ပွဲ ဆိုနိုင်သော်လည်း ၂၀၂၁ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်လာသော တိုက်ပွဲသည် အာဃာတ အသွင်ဆောင်လာသည်။ (ဖိနှိပ်မှုကို အုံကြွတော်လှန်သော တိုက်ပွဲပင်ဖြစ်သည်။)
ဘဲအုပ်ကတစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်းဟု ဆိုရမည်လောမသိ။ ၂၀၂၁ ခုနှစ်အာဏာမသိမ်းမီ မြန်မာနိုင်ငံ တွင် လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့ပေါင်းတစ်ရာကျော် ရှိသည်ဟုဆိုသည်။ အများဆုံးက တိုင်းရင်းသား အုပ်စုများ ဖြစ်သည်။ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော PDF များကို ထည့်တွက်မည်ဆိုလျှင် အဖွဲ့ပေါင်း မည်မျှရှိမည်ကို စာရင်းပြုစုရန် ခက်ပါသည်။ အဖွဲ့ရာချီ ကွဲပြားနေသော်လည်း အနှစ်သာရအားဖြင့် နှစ်မျိုးနှစ်စားသာ ရှိသည်။ တစ်ခုက ပြည်နယ်ကိုယ်စားပြုသည့် တိုင်းရင်းသားများ၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော အုပ်စုနှင့် တစ်ပြည်လုံးကို ကိုယ်စားပြုသည့် ဗမာကိုယ်စားပြု အုပ်စု။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဗမာလက်နက်ကိုင် အဖွဲ့များအကြား အနာဂတ် ပြည်ထောင်စု တည်ဆောက်ရေးတွင် တစ်သားတည်း မကျခြင်းသည် အာဏာရ အုပ်စုကို သက်ဆိုး ရှည်အောင် တမင်အခွင့်အလမ်း ပေးထားသလို ဖြစ်နေသည်။
လွတ်လပ်ရေး ရပြီးနောက် တိုက်ပွဲဝင်လာကြသည့် ဗမာလက်နက်ကိုင် အဖွဲ့များသည် အသွင်သဏ္ဍာန်အရ တစ်တိုင်းပြည်လုံးကို ကိုယ်စားပြုသည်။ သို့သော် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဗမာလက်နက်ကိုင် အဖွဲ့များအကြား အနာဂတ် ပြည်ထောင်စု တည်ဆောက်ရေးတွင် တစ်သားတည်း မကျခြင်းသည် အာဏာရ အုပ်စုကို သက်ဆိုး ရှည်အောင် တမင်အခွင့်အလမ်း ပေးထားသလို ဖြစ်နေသည်။
အလားတူ အချို့သော လူမျိုးစုကိုယ်စားပြု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်း နားလည်မှု မတည်ဆောက် နိုင်သည့်အတွက် နာတာရှည် ဖြစ်လာသော ပြည်တွင်းစစ်အပေါ် စစ်ဒဏ်ကို ခါးသည်းစွာ ခံစားနေကြရသည့် သက်ဆိုင်ရာ ပြည်သူများအနေဖြင့် လက်နက်ကိုင် တော်လှန်ရေးအပေါ် ယုံကြည်မှု ကျဆင်းလာခြင်းသည်လည်း နိုင်ငံတော် အာဏာကို လက်ဆုပ်လက်ကိုင်ရထားသော အုပ်စုအတွက် အသက်ရှူပေါက် ရနေသည်။ ပြည့်အင်အားဟာ ပြည်တွင်းမှာသာရှိသည် ဆိုသော်ငြားလည်း ဆင်းရဲတွင်းနက်ပြီး ဝမ်းရေးအတွက် ရုံးကန်နေရသည့် ပြည်သူများ အနေဖြင့် တော်လှန်ရေးကို အားပေးရုံမှ လွဲ၍ ကိုယ်ထိလက်ရောက် ပါဝင်ဆောင်ရွက်ရန် အလွန်ခက်ခဲသည်။
မြန်မာနိုင်ငံတွင် ပြည်သူ့ အာဏာသုံးကြိမ် ဆုံးရှုံးသွားရပြီ ဖြစ်သည်။ သုံးကြိမ်လုံး အသေအလဲ ခုခံကာကွယ်ရန် ကြိုးစားခဲ့ကြသည်။ (၁၉၆၂၊ ၁၉၈၈၊ ၂၀၂၁) တိုက်ပွဲဝင်ကြသည်။ သို့သော် နှစ်ကြိမ်ကတော့ အရှုံးနှင့် ရင်ဆိုင် ခဲ့ရသည်။ ဤတစ်ကြိမ်ကား ဘယ်လို အဆုံးသတ်မှာလဲ။ စိတ်ဝင်စားစရာ ကောင်းသော မြန်မာ့နိုင်ငံရေး အခင်းအကျင်း ဖြစ်သည်။ နှစ်ပေါင်း ခုနစ်ဆယ်ကျော် ပြည်တွင်းစစ်ဒဏ်ကို ခါးသီးစွာ ခံစားနေရသည့် မြန်မာပြည်သူများသည် ယခုတစ်ကြိမ်တွင်လည်း ယုံကြည်မှုအပြည့်နှင့် ကမ်းမမြင် လမ်းမမြင်သော သမုဒ္ဓရာကို ကူးခတ် နေကြသည်။
ဘယ်သောင် ဘယ်ဆီ ဘယ်ရပ်ဌာနေတွင် ခရီးဆိုက်မည်ဆိုသည်ကိုကား ဘယ်သူမှ အဖြေပေးနိုင်မည် မဟုတ်ပါ။
ကိုရင်သွေး