အယ်ဒီတာ့ အာဘော်

2022 June 1

လူ့အသိုင်းအဝိုင်းသည် ရိုင်းဆိုင်းသည့် ခေတ်မှသည် ယဉ်ကျေးသိမ်မွေ့သော လူမှုကမ္ဘာဆီသို့ ကူးပြောင်း လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ လူတစ်ဦးချင်းစီ၏ အသက်ရှင်ရပ်တည်မှုကိုသာမက လွတ်လပ်စွာသွားလာလှုပ်ရှား နေထိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့်များကို ယဉ်ကျေးသော ကမ္ဘာက ထပ်တိုး အသိအမှတ်ပြုမှုများလည်း ပေါ်ထွက်လာသည်။ လူသားမျိုးနွယ်စုများသာမက လူတစ်ဦးချင်းစီအပေါ် အကြောင်းအမျိုးမျိုးဖြင့် အနိုင်အထက်ပြု ကျူးလွန်မှုများကို နိုင်ငံတကာဥပဒေများ၊ နိုင်ငံအလိုက် ဥပဒေများ ပြဌာန်းပြီး အထူးတလည် ကာကွယ်နေသော ကမ္ဘာကြီး ဖြစ်သည်။ ပဋိပက္ခများကို စားပွဲဝိုင်း ဆွေးနွေးပွဲများမှ တဆင့် အဖြေရှာနေသော ကာလဖြစ်သည်။ ရှောင်လွှဲ၍ မရသည့် အဆုံးစစ်ပွဲများ ဖြစ်ပွားခဲ့လျှင်ပင် ဖမ်းဆီးရမိသော စစ်သုံးပန်းများကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်သည့် ခေတ်ဖြစ်သည်။ နိုင်ငံများတွင် တရားဝင် ပြဌာန်းထားသည့် သေဒဏ်ပြစ်ဒဏ်ကို ပယ်ဖျက်ရန် ကမ္ဘာ့လူ့အသိုင်းအဝိုင်းက ကြိုးစားကြသည်။ သို့သော် တစ်ချို့နိုင်ငံများသည် မိမိတို့နိုင်ငံ၏ ပြဌာန်းထားသော ဥပဒေထဲတွင် ပါဝင်သည့် သေဒဏ် ဟူသော  အပြစ်ပေးသည့် ပုံစံကို ပယ်ဖျက်ရန် ငြင်းဆိုကြဆဲပင် ဖြစ်သည်။ ပြစ်မှု ကျူးလွန်သူများအပေါ် သေဒဏ်စနစ် မဖျက်သိမ်းကြသေးသော်လည်း ဒီမိုကရေစီနှင့် နိုင်ငံသားတစ်ဦးချင်းစီအပေါ် အလေးထားသောနိုင်ငံများ အနေဖြင့် လူသားတစ်ဦး၏ အသက်ရှင်ပိုင်ခွင့်အား ပယ်ဖျက်သည့် သေဒဏ်အပြစ်ပေး မည်ဆိုပါက ဥပဒေကြောင်းအရ သော်လည်းကောင်း၊ ကျူးလွန်ခဲ့သည့် ပြစ်မှု၏ သဘောသဘာဝကို လည်းကောင်း သေချာစွာ လေ့လာဆုံးဖြတ်ပြီးမှ အဆင့်ဆင့်သောခွင့်ပြုချက်များဖြင့် ဆောင်ရွက်ကြသည်။ ဤကား မိမိနိုင်ငံသားများအပေါ်၊ လူသားမျိုးနွယ်အပေါ် တန်းဘိုးထားသည်ဆိုသော ပြရုပ်ဖြစ်သည်။ မိမိရယူထားသော လုပ်ပိုင်ခွင့်ဖြင့် လူသားတစ်ဦး၏ အသက် ရှင်သန်ပိုင်ခွင့်ကို တရားဝင် ဖျက်ဆီးပစ်သည့် လုပ်ဆောင်ချက်သည် နိုင်ငံသူ နိုင်ငံသားများအပေါ် တန်ဘိုးထား လေးစားမှုမရှိသည့် ခေါင်းဆောင်များ၏ လုပ်ရပ်ဖြစ်သည်။ ထိုကဲ့သို့သော ခေါင်းဆောင်များသည် မိမိအုပ်ချုပ် နေသော တိုင်းပြည်နှင့် ပြည်သူတို့အပေါ် အမှန်တကယ် စေတနာထား အုပ်ချုပ်သလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်သည်။ မြန်မာနိုင်ငံသူ နိုင်ငံသားများ အနေနှင့် မိမိတို့အား တန်းဘိုးထားသည့် အုပ်ချုပ်သူများနှင့် အနာဂတ်မှာ တွေ့ဆုံနိုင်ပြီး ယဉ်ကျေးသော လူ့အသိုင်းအဝိုင်း၏ အသီးအပွင့်ကို ခံစားနိုင်ပါစေဟု ဆန္ဒပြု လိုက်ပါသည်။ 

အယ်ဒီတာ

ဇွန်လ