ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်နဲ့ အခြားနှစ်ဦးကို သေဒဏ်အတည်ပြုပြီး ကြိုးပေးတော့မယ်ဆိုတဲ့ သတင်းကြောင့်ပဲ အားလုံးဟာ ဝမ်းနည်းဒေါသ ထွက်ခဲ့ကြတာ အမှန်ပါပဲ။ ဒါနဲ့ပက်သက်ပြီး အွန်လိုင်းပေါ်မှာ တုံ့ပြန်မှုတွေ ပလူပျံခဲ့ပါတယ်။ ရွေးကောက်ခံ ပြည်သူ့အစိုးရမရှိဘဲ၊ သမ္မတမရှိဘဲ ကြိုးပေးလို့မရဘူး။ ၁၉၈၉ မှာ နောက်ဆုံးကြိုးပေးခဲ့ပြီး အခုအချိန်ထိ ကြိုးပေးတာမျိုး မရှိခဲ့ဘူး။ တရားရေးက သေဒဏ်ချပေမယ့် ကြိုးပေးကွပ်မျက်တာကို ပယ်ဖျက်ဖို့ ဂျီနီဗာမှာ လက်မှတ် ထိုးထားတယ်။ ဒီအချက်တွေကြောင့် ကြိုးပေးသတ်လို့ လုံးဝမရဘူးလို့ ပြောကြရေးကြပါတယ်။ ဒါ့ကြောင့်ပဲ ဟုတ်မဟုတ်ဆိုတာကို ခြေရာခံရပါတော့တယ်။ မေးသင့်တဲ့လူတွေကို မေးပြီးဖတ်သင့် တာတွေကို ဖတ်ရပါတယ်။ ထောင်ပိုင်ကြီး ဦးစိန်ဌေး (အငြိမ်းစား ထောင်အရာရှိတစ်ဦး) ရေးတဲ့ စာအုပ်တွေ၊ အကျဥ်းထောင် ဥပဒေ (Jail Manual)ကို မရရအောင် ရှာဖတ်ရပါတော့တယ်။
ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေပြီး ၂၀၀၇၊ ၂၀၀၈နဲ့ ၂၀၁၀ ပြည့်နှစ်များမှာ တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ သေဒဏ်ပေးမှုကို ဆိုင်းငံ့ပြီး နောက်ဆုံးမှာ ဖျက်သိမ်းကြဖို့ကို ဆုံးဖြတ်ချက်ချပါတယ်။ တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့အတူ မြန်မာနိုင်ငံကလည်း အဲ့ဒီ ဆုံးဖြတ်ချက်အပေါ်ကန့် ကွက်မဲပေးခဲ့တယ် ဆိုတဲ့မှတ်တမ်းတွေပဲ တွေ့ရပါတယ်။
ကြိမ်ဒဏ်ကိုပဲ ပယ်ဖျက်ခဲ့သည်
ကြိုးပေးခြင်း (Hanging) စနစ်ကို ပယ်ဖျက်ကြောင်း လက်မှတ်ရေးထိုးထားတဲ့ အထောက်အထားကို ရှာမတွေ့ခဲ့ပါ။ ကြိုးပေး၍ သေဒဏ်စီရင်ခြင်းကို နိုင်ငံပေါင်း ၅၈နိုင်ငံက ယခုလက်ရှိ ကျင့်သုံးနေပါတယ်။ ၉၇ နိုင်ငံကတော့ ကြိုးပေးခြင်းကို ပယ်ဖျက်ပြီး ဖြစ်ပါတယ်။ တရားဝင် ပယ်ဖျက်ထားတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ မပါပါဘူး။ တချို့နိုင်ငံတွေကတော့ နှစ်ပေါင်းများစွာ မကျင့်သုံးဘဲ ဆိုင်းငံ့ထားတဲ့သဘော ရှိကြပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံကနေပြီး ၂၀၀၇၊ ၂၀၀၈နဲ့ ၂၀၁၀ ပြည့်နှစ်များမှာ တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ သေဒဏ်ပေးမှုကို ဆိုင်းငံ့ပြီး နောက်ဆုံးမှာ ဖျက်သိမ်းကြဖို့ကို ဆုံးဖြတ်ချက် ချပါတယ်။ တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့အတူ မြန်မာနိုင်ငံကလည်း အဲ့ဒီ ဆုံးဖြတ်ချက်အပေါ်ကန့်ကွက်မဲ ပေးခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေပဲ တွေ့ရပါတယ်။
အကျဥ်းထောင်ဥပဒေ (Jail Manual)ဟာ အင်္ဂလိပ်လက်ထက်က ရေးဆွဲပြဌာန်းခဲ့တာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်ပြင်ဆင်ဖို့ ကြိုးစားခဲ့ကြပေမယ့် ဒီနေ့အထိ အထမမြောက်ခဲ့ပါဘူး။ အင်္ဂလိပ်ပြဌာန်းခဲ့တဲ့ ဥပဒေကိုပဲ လိုသလို ထုတ်နုတ်သုံးစွဲ နေခဲ့ကြတာပါ။ ဒီဥပဒေစာအုပ်ကြီး ထဲမှာ ကြိုးဒဏ်၊ ကြိမ်ဒဏ် နှစ်မျိုးစလုံး ပါပါတယ်။ ၁၉၇၄ ခုနှစ် နောက်ပိုင်းမှာ ကြိမ်ဒဏ်ကို ပယ်ဖျက်ခဲ့တာမျိုးပဲ ရှိပါတယ်။ ဦးစိန်ဌေး ရေးတဲ့စာအုပ်မှာတော့ ၁၉၇၀ ပြည့်နှစ် ထဲမှာ အကျဥ်းသားတစ်ယောက်ကို သူကိုယ်တိုင် နောက်ဆုံးကြိမ်ဒဏ် ပေးခဲ့ဖူးတယ်လို့ ပြောထားပါတယ်။ ကြိမ်ဒဏ်ပေးရာမှာ ဆရာဝန်ရဲ့ထောက်ခံချက် ပါရပါတယ်။ ကြိမ်ဒဏ်ကိုခံနိုင်ရည် မရှိဘူးလို့ ဆရာဝန်က မှတ်ချက်ပေးခဲ့ရင် တရားရုံးထံပြန်လည် တင်ပြရပါတယ်။ တင်ပါးဘယ်ညာကို တပြိုင်နက် ရိုက်ရပါတယ်။ ထောင်အရာရှိက စောင့်ကြပ်ပြီး အကျဥ်းသားအချင်းချင်း ပြန်ရိုက်ခိုင်းတာမျိုးပါ။ လူတစ်ယောက်ကို ကြိမ်ဒဏ်အချက် ၃၀ ထက် ပိုပေးလို့မရပါဘူး။ အသက် ၄၅ နှစ်ကျော်သူကို ကြိမ်ဒဏ်ပေးလို့ မရပါဘူး။ အသက် ၁၆ နှစ်အောက် ကို ကြိမ်ဒဏ် ပေးရမယ်ဆိုရင်လည်း ထောင်မှာ မရိုက်ရဘဲ တရားသူကြီးရှေ့၊ ရုံးတော်ရှေ့မှာပဲ ရိုက်ခွင့် ပြုထားပါတယ်။ တကယ်လို့ ကြိမ်ဒဏ်ကို မခံနိုင်လို့ ထောင်ဒဏ်အဖြစ် ပြောင်းလဲကျခံ စေချင်လို့ဖြစ်စေ၊ အရိုက်ခံနိုင်လောက်တဲ့ ကျန်းမာရေး အခြေအနေ မရှိရင်ဖြစ်စေ ကြိမ်ဒဏ်အစား ထောင်ဒဏ်ကို ပြောင်းလဲခွင့် ရှိပါတယ်။ ကြိမ်ဒဏ်အချက်၃၀ ဆိုရင် ထောင်ဒဏ်၃နှစ်နဲ့ ညီမျှပါတယ်။ ကြိမ်ဒဏ်ကိုသာပယ်ဖျက်ခဲ့ခြင်း ဖြစ်ပါတယ်။ ကြိုးပေးခြင်း ကိုတော့ ဒီနေ့အထိ ပယ်ဖျက်ခဲ့ခြင်း မရှိသေးပါဘူး။ ယာယီဆိုင်းငံ့ထားတဲ့သဘောမျိုးသာ ရှိနေခဲ့တာဖြစ်ပါတယ်။
*ကြိုးပေးခြင်း (Hanging)*
ဒီနေရာမှာ အကျဥ်းထောင်ဥပဒေ (Jail Manual)ပါ ဥပဒေစကားများဟာ နားလည်ဖို့ ရှုပ်ထွေးနိုင် တာကြောင့် ဦးစိန်ဌေးရေးသားချက်များကိုပဲ ကိုးကားချင်ပါတယ်။ ဦးစိန်ဌေးဟာ မြောက်ကိုရီးယား နိုင်ငံသား ဇင်မို အပါအဝင် သေဒဏ်များစွာကို ကြိုးပေးခဲ့ဖူးတဲ့ သန္ဓေထောင်ဝန်ထမ်း ထောင်ပိုင် တစ်ယောက်ပါ။
တရားရုံးကနေ သေမိန့်ချထားပြီးသူဟာ (၇)ရက်အတွင်းမှာပဲ အယူခံတင်ခွင့်ရှိပါတယ်။ ခရိုင် သို့မဟုတ် တရားလွှတ်တော်က သေဒဏ်ပေးခဲ့ရင်တောင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ အယူခံဝင်နိုင်ပါတယ်။ အဲ့ဒီကမှ အယူခံရှုံးခဲ့ရင်လည်း နိုင်ငံတော်အကြီးအကဲ သမ္မတထံ ထပ်မံပြီး အသနားခံစာ တင်လို့ရပါတယ်။ သမ္မတကနေ ပယ်ချလိုက်တဲ့ အခါမှသာ ကြိုးပေးကွပ်မျက်ဖို့ အတည်ဖြစ် ပါတော့တယ်။ ပုံမှန်အတိုင်းဆိုရင် အယူခံအဆင့်ဆင့်ဟာ ၄နှစ်ကနေ ၅နှစ်အထိ ကြာတတ် ပါတယ်။ အဲ့ဒီကြားထဲမှာပဲ နိုင်ငံတော်နဲ့ ကြုံကြိုက်ပြီး သေဒဏ်ကနေ ကင်းလွတ်သွားသူ အများအပြား ရှိခဲ့ဖူးပါတယ်။
အခု ကိုဂျင်မီတို့ အခြေအနေက အယူခံအဆင့်ဆင့် ရှုံးပြီး၊နောက်ဆုံးမှာ ပလပ်ခံလိုက်ရပြီး သေဒဏ် အတည်ပြုတဲ့ သဘောလို့ နားလည်ရပါတယ်။ ကြိုးပေးကွပ်မျက်မဲ့ရက်ကို အမိန့်ချခဲ့တဲ့ စစ်ခုံရုံးက နေတစ်ခါတည်း သတ်မှတ်ပေးကောင်း ပေးနိုင်ပါလိမ့်မယ်။ စစ်ခုံရုံးကနေ သတ်မှတ်ပေးတဲ့ရက်ကို အကျဥ်းထောင်က ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အခုလို အခြေအနေမျိုးမှာတော့ ဘယ်နေ့ဘယ်ရက် သတ်မှတ်လိုက်သလဲဆိုတာကို ဘယ်သူမှ သိခွင့်ရနိုင်မှာ မဟုတ်ပါဘူး။ အားလုံးကို သတင်းအမှောင် ချထားပါတယ်။
တကယ်လို့ သေဒဏ်အကျဥ်းသားကို ရက်အတိအကျ သတ်မှတ်လိုက်ပေမယ့် အဲ့ဒီနေ့ရက်မှာ အကျဥ်းသား နာမကျန်းဖြစ်နေမယ်ဆိုခဲ့ရင် ထောင်အရာရှိ အနေနဲ့ တရားရုံးကို တင်ပြပြီး ပြန်လည် ရက်တောင်းခံရပါတယ်။ သေဒဏ်သတ်မှတ်ပြီးအကျဥ်းသားအတွက် ရရှိနိုင်တဲ့ အခွင့်အရေးအချို့ကို ပြောပြချင်ပါတယ်။ သက်ဆိုင်ရာ မိသားစုတွေနဲ့ တွေ့ဆုံခွင့် ရှိပါတယ်။ကိုးကွယ်ယုံကြည်ရာအလိုက် ဘာသာရေး အကြီးအကဲတွေရဲ့ နှစ်သိမ့်အားပေးမှုတွေ တရားဟောကြားခွင့်တွေ လည်းပေးထားပါတယ်။ ဆရာဝန်တွေကလည်း နေ့စဥ်နဲ့အမျှ သေဒဏ်အကျဥ်းသားရဲ့ ကျန်းမာရေးကို မပြတ်စစ်ဆေးရပါတယ်။ အကျဥ်းသား လည်ပင်းကို စွပ်မဲ့ တစ်လက်မ အချင်းရှိတဲ့ ကြိုးဟာ မနီလာကြိုး ဖြစ်ရပါမယ်။အဲ့ဒီကြိုးကို ထောင်ထဲမှာပဲ ကျစ်ရပါတယ်။
ကြိုးရဲ့အရှည်ကို အကျဥ်းသားရဲ့ ကိုယ်အလေးချိန်အပေါ် မူတည်ပြီး တွက်ချက်ရပါတယ်။ Jail Manual မှာဖော်ပြထားတာကတော့
၁။ ကိုယ်အလေးချိန် ပေါင် ၁၀၀ ကို အောက်ကြိုးအရှည် ၁၀ပေ၆လက်မ။
၂။ ကိုယ်အလေးချိန် ပေါင် ၁၂၀ ကို အောက်ကြိုးအရှည် ၉ပေ၆လက်မ။
၃။ ကိုယ်အလေးချိန် ပေါင် ၁၄၀ ကို အောက်ကြိုးအရှည် ၉ပေ။
၄။ ကိုယ်အလေးချိန် ပေါင် ၁၆၀ ကို အောက်ကြိုးအရှည် ၈ပေ၆လက်မ။
၅။ ကိုယ်အလေးချိန် ပေါင် ၁၈၀ ကို အောက်ကြိုးအရှည် ၈ပေ… လို့ဖော်ပြထားပါတယ်။
မြန်မာဘုရင်တွေ လက်ထက်မှာတော့ ရာဇဝတ်သားကို တောင်စွယ် နေကွယ်ချိန်မှာ သုသာန်ထုတ်ပြီး ဓားနဲ့ ခုတ်သတ်ပါတယ်။ အင်္ဂလိပ်ရေးခဲ့တဲ့ ဥပဒေစာအုပ်ထဲမှာတော့ မနက်နေမထွက်ခင် ဝေလီဝေလင်း၊ ၄နာရီနဲ့ ၅နာရီကြားမှာ ကြိုးပေးခြင်းကို ဆောင်ရွက်ရမယ်လို့ ရေးထားပါတယ်။ အမျိုးသမီးတွေမှာ ကိုယ်ဝန်ရှိနေခဲ့ရင်လည်း ကြိုးပေးရက်ကို ရွေ့ဆိုင်းပေးရပါတယ်။ မြန်မာနိုင်ငံမှာတော့ အမျိုးသမီးတွေကို သေဒဏ်အပြစ်ချတာမျိုး ရှိပေမယ့် အင်္ဂလိပ်ခေတ်ကနေ ဒီနေ့အထိ တစ်ဦးတစ်ယောက်ကိုမှ ကြိုးပေးကွပ်မျက်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
*ကြိုးမိန့်ကို ပယ်ဖျက်နိုင်၊ လျော့ပေးနိုင်တဲ့ သမ္မတရဲ့ အခွင့်အာဏာ*
မြန်မာနိုင်ငံမှာတော့ သမ္မတဟာ နိုင်ငံရဲ့ အမြင့်ဆုံး အာဏာပိုင်သူ တစ်ယောက် ဖြစ်ပါတယ်။ ပြစ်ဒဏ်တွေကို လျော့ပေါ့ခွင့် ရှိသလို အပြီးတိုင် ပယ်ဖျက်ခွင့်လည်း ရှိနေပါတယ်။ ၁၉၄၇ အခြေခံ ဥပဒေ၊ ၁၉၇၄ အခြေခံ ဥပဒေ၊၂၀၀၈ အခြေခံ ဥပဒေ များနှင့်အတူ ဖြစ်လာကြတဲ့ သမ္မတအသီးသီးမှာ ဒီအခွင့်အာဏာတွေ ရှိနေတာကို တွေ့ရပါတယ်။
ပထမဆုံး အသုံးပြုခဲ့သူကတော့ ဖဆပလအစိုးရရဲ့ သမ္မတကြီး မန်းဝင်းမောင်ပဲ ဖြစ်ပါတယ်။ ဗိုလ်မှူးချစ်ကောင်း (ခ) ကာနယ်ချစ်ကောင်းကို ၁၉၅၇ မတ်လ ၉ ရက်နေ့မှာ အစိုးရက ဖမ်းဆီးခဲ့ပါတယ်။ ၁၉၅၉ ဒီဇင်ဘာ ၁၄ ရက်မှာ နိုင်ငံတော် သစ္စာဖောက်မှုနှင့် သေဒဏ် အမိန့်ချပါတယ်။ ၁၉၆၀ ပြည့်နှစ် သြဂုတ်လ ၈ ရက်နေ့မှာတော့ သမ္မတကြီ းမန်းဝင်းမောင်က လုံးဝ လွတ်ငြိမ်းခွင့်ပေးပြီး ကာနယ်ချစ်ကောင်းကို လွှတ်ပေးလိုက်ပါတယ်။ ကြားကာလတွေမှာလည်း နိုင်ငံတော်သမ္မတတွေဟာ သေဒဏ်ကနေ နှစ်ရှည်ထောင်ဒဏ်သို့ လျော့ပေါ့ပေးခဲ့တဲ့ ဖြစ်စဥ်တွေလည်း ရှိပါတယ်။
၂၀၁၄ မှာတော့ သမ္မတဦးသိန်းစိန် အနေနဲ့ သေဒဏ်ချမှတ်ခံထားရသူ ၇၇ ဦးကို နှစ်ရှည်ထောင်ဒဏ်သို့ လျော့ပေါ့ပေးခဲ့ပါတယ်။ ၂၀၁၈ ဧပြီလမှာလည်း သမ္မတကြီး ဦးဝင်းမြင့်အနေနဲ့ သေဒဏ် ၄ ကြိမ် ချမှတ်ခြင်း ခံထားရတဲ့ ABSDF ခေါင်းဆောင်ဟောင်း ရဲဘော်သံချောင်းကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ သမ္မတကြီး မန်းဝင်းမောင်နဲ့ သမ္မတကြီးဦးဝင်းမြင့်တို့က ထူးထူးခြားခြား ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။
ကြိုးမိန့်ကို ပယ်ဖျက်နိုင်၊ လျော့ပေါ့ပေးနိုင်တဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့် အာဏာကြောင့်ပဲ ထင်ပါရဲ့။ သမ္မတ ရှိမနေတဲ့ အချိန်အခါမျိုးမှာ ကြိုးပေးကွပ်မျက်ဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ လူတွေပြောကြပုံ ရတယ်ထင်ပါတယ်။ ၈၈မှာ အာဏာသိမ်းပြီးတက်လာတဲ့ စစ်အစိုးရ လက်ထက်မှာလည်း မရှိခဲ့တဲ့ အတွက်ကြောင့်လည်း ယူဆကြပုံ ရပါတယ်။
၂၀၂၁မှာ အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီရဲ့ လုပ်ပိုင်ခွင့်တွေကို ကျွန်တော်တို့ ပြန်ကြည့်ဖို့ လိုပါလိမ့်မယ်။ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကနေ အခွင့်အရေးများစွ ပေးထားတဲ့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့် အာဏာတွေပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၁၉ မှာ “နိုင်ငံတော်အာဏာ လွှဲအပ်ခြင်းခံရသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်”လို့ ဖော်ပြထားသလိုပဲ၊ ပုဒ်မ ၄၃၁ မှာလည်း “အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်အာဏာကို ကျင့်သုံးရာတွင် နိုင်ငံတော် သမ္မတအမည်ဖြင့် ဖော်ပြဆောင်ရွက်ရမည်”လို့ အခန်း(၁၁)ရဲ့ အရေးပေါ် ကာလဆိုင်ရာ ပြဌာန်းချက်များမှာ ဖော်ပြထားပါတယ်။ ဒီလောက်ဆိုရင်တော့ ကိုဂျင်မီတို့ရဲ့ နောက်ဆုံး အယူခံတင်မှုအပေါ် ပလပ်ခဲ့ပြီး သေဒဏ်ကို အတည်ပြုခဲ့သူဟာ ဘယ်သူလဲဆိုတာ မေးနေစရာ လိုတော့မယ် မထင်ပါဘူး။
*နောက်ဆုံး ကြိုးသမား*
အချို့ပြောဆိုနေကြတဲ့အထဲမှာ နောက်ဆုံး ကြိုးပေးကွပ်မျက်ခြင်းဟာ ၁၉၈၉ မတ်လ လို့ တွေ့ရပါတယ်။ ဒီအချက်ကတော့ လုံးဝကို မှားယွင်းနေပါတယ်။ ၁၉၈၉ မတ်လဆိုတဲ့ အချိန်ကာလဟာ စစ်အာဏာသိမ်းထားတဲ့ (နဝတ) လက်ထက် ဖြစ်နေပါတယ်။ တိကျခိုင်မာတဲ့ မှတ်တမ်းတွေအရတော့ ၁၉၈၈ အာဏာသိမ်းပြီး တက်လာတဲ့ နဝတအစိုးရ လက်ထက်မှာ ကြိုးပေးကွပ်မျက်ခြင်းမရှိခဲ့ပါဘူး။
နောက်ဆုံးကြိုးသမား ကြိုးစင်တက်ရတဲ့ အချိန်ကတော့ ၈လေးလုံး အရေးတော်ပုံကြီး အားကောင်းစပြုဖို့ ခြေလှမ်းပြင်နေတဲ့ အချိန်အခါပဲ ဖြစ်ပါတယ်။ ရက်စွဲအတိအကျကတော့ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၄ ရက်ပဲ ဖြစ်ပါတယ်။ ဦးနေဝင်း (မဆလ) နေဝင်ချိန်မှာ ဖြစ်ပါတယ်။ ပါတီကောင်စီ ခေတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အမှုအခင်းတစ်ခုပါ။ အဲ့ဒီအချိန်က သမ္မတကိုယ်တိုင် အတည်ပြုခဲ့လို့ ကြိုးစင်တက်ခဲ့ရသူပါ။ အဲ့ဒီအကျဥ်းသားရဲ့ ဖြစ်စဥ်ကလည်း နိုင်ငံရေးနဲ့ ပက်သက်ခြင်း မရှိပါဘူး။သမဝါယမ မှာ ပစ္စည်းနဲ့ငွေများ ကွာဟမှု ဖြစ်ပါတယ်။ ဒါကို လာရောက်စစ်ဆေးတဲ့ ဥက္ကဌဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့ အမှုပဲဖြစ်ပါတယ်။
*ဆလိုင်းတင်မောင်ဦး*
တချို့ကလည်း သေဒဏ်ပေးထားပြီးသူတွေ ရှေ့မှာအများကြီး ရှိနေတယ်။ ဒီလို အလှည့်ကျော်ပြီး ဥပဒေမဲ့ လုပ်လို့မရဘူးလို့ ပြောကြဆို ကြပြန်ပါတယ်။ သာမန် သေဒဏ် အကျဥ်းသား တစ်ယောက်ဟာ လည်ပင်း ကြိုးကွင်းစွပ်ဖို့ အယူခံအဆင့်ဆင့် နဲ့ သမ္မတက နောက်ဆုံးငြင်းပယ်တဲ့အထိ ကာလဟာ ၄ နှစ်ကနေ ၅ နှစ်အထိ ကြာတတ်ပါတယ်။ ကိုဂျင်မီတို့ကို ၂၀၂၂ ဇန်နဝါရီ ၂၁ ရက်နေ့မှာ သေဒဏ်ချပါတယ်။ နောက်ဆုံးသေဒဏ်ကို အတည်ပြုလိုက်တဲ့ အချိန်နဲ့ဆို ၄ လစွန်းစွန်း အတွင်းမှာပဲ ဖြစ်လာခဲ့ပါတယ်။ စစ်အာဏာရှင်ဟာ အငြိုးအတေးကြီးပါတယ်။ သူတို့လုပ်ချင်ရင် ဘာဥပဒေကိုမှ ကြည့်မနေပါဘူး။နိုင်ငံတကာကိုလည်း ဂရုစိုက်ခဲ့ခြင်း မရှိပါဘူး။
စစ်အာဏာရှင်ဟာ အငြိုးအတေး ကြီးပါတယ်။ သူတို့လုပ်ချင်ရင် ဘာဥပဒေကိုမှ ကြည့်မနေပါဘူး။ နိုင်ငံတကာကိုလည်း ဂရုစိုက်ခဲ့ခြင်း မရှိပါဘူး။
သာဓကတစ်ခု ထုတ်ပြပါမယ်။ အားလုံးသိပြီးဖြစ်တဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးပဲ ဖြစ်ပါတယ်။ကြိုးပေးကွပ်မျက်ခြင်း ခံရတဲ့ အချိန်မှာ ဆလိုင်းတင်မောင်ဦး ရဲ့အသက်ဟာ ၂၅နှစ်ပဲ ရှိပါသေးတယ်။ သူ့ကို ၁၉၇၆ ဧပြီ ၃ ရက်နေ့မှာ သေဒဏ် ချခဲ့ပါတယ်။ ၁၉၇၆ ဇွန် ၂၆ ရက်နေ့မှာပဲ ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။ အကျဥ်းထောင် ဥပဒေထဲမှာ ဘယ်လိုပဲ ရေးထားရေးထား အာဏာရှင် ဦးနေဝင်းဟာ လိုက်နာခဲ့ခြင်း မရှိပါဘူး။
ဆလိုင်းတင်မောင်ဦး ကိုသာမကဘဲ အဖေအမေနဲ့ ညီအစ်ကို မောင်နှမတွေကိုပါ ဖမ်းဆီးခဲ့ပါတယ်။ ကြိုးစင်ပေါ် မတက်ရမီ ရက်ပိုင်းအလိုမှာ အဖေနဲ့ အမေကိုသာ ခဏပဲ တွေ့ခွင့်ပေးပါတယ်။ ပြီးတာနဲ့ သူတို့တွေအားလုံး ထောင်ပြောင်းရွေ့ခဲ့ပါတယ်။ ကြိုးပေးခြင်းကို အရုဏ်တက်ချိန်မှာ လုပ်ဆောင်ရမှာ ဖြစ်ပေမယ့် ဆလိုင်းတင်မောင်ဦးကိုတော့ ညကြီးအချိန်မတော်မှာပဲ ခေါ်ထုတ်ပြီး ကြိုးပေး ကွပ်မျက်ခဲ့ပါတယ်။ ဘာသာရေး အကြီးအကဲနဲ့ ပေးတွေ့ပြီး နှစ်သိမ့်ခြင်း၊တရားဟောခြင်း အခွင့်အရေးလည်း မရခဲ့ပါဘူး။ အသက်မဲ့သွားတဲ့ ရုပ်အလောင်းကို သက်ဆိုင်သူတွေက သင်္ဂြိုဟ်လိုလျှင် အကျဥ်းထောင်က လွှဲပြောင်းပေးရပါတယ်။ ဒီလိုမျိုးလည်း မရှိခဲ့ပါဘူး။ သူတို့ဘာသာ လူမသိသူမသိ သတ်ခဲ့ပြီး တိတ်တဆိတ် သင်္ဂြိုဟ်ခဲ့ကြပါတယ်။
ကျွန်တော်ပြောချင်တာကတော့ ကိုဂျင်မီတို့ရဲ့ အသက်ရှင်ခြင်းဟာ စစ်ခေါင်းဆောင်များရဲ့ စိတ်အခြေအနေပေါ်မှာပဲ မူတည်နေပါတယ်။ မသတ်နိုင်ဘူးလို့လည်း အဆုံးအထိ မတွေးသလို၊ သတ်လိမ့်မယ်လို့လည်း အဆုံးအထိ မတွေးချင်ပါဘူး။ အခုအခြေအနေကတော့ ဖြစ်နိုင်ခြေ ၅၀-၅၀ ပဲ ရှိနေတဲ့ အနေအထားမျိုးပါ။
*ဘယ်သူတွေက ဘယ်လို တုံ့ပြန်ကြသလဲ*
ပြည်သူအများစုရဲ့ တုံ့ပြန်ချက်ကတော့ အများသိပြီးသားမို့ ပြောစရာလိုမယ် မထင်ပါဘူး။ နိုင်ငံတကာနဲ့ ပြည်တွင်းက တချို့ရဲ့ တုံ့ပြန်ပြောဆိုမှုကို ပြောချင်ပါတယ်။ အစောဆုံး တုံ့ပြန် ဝေဖန်တာကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးကပဲ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ ဆုံးဖြတ်ချက်အပေါ် အထူးစိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အပိုဒ် ၃မှာ ဖော်ပြထားတဲ့ ဘဝရှင်သန်မှု၊ လွတ်လပ်မှုနှင့် လုံခြုံရေးဆိုင်ရာ အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပဲလို့ ပြစ်တင်ပါတယ်။ သေဒဏ် စီရင်တာ ဘဝရှင်သန်ခွင့်ကို လေးစားမှုမရှိတဲ့ လုပ်ရပ်ဖြစ်တာကြောင့် ပယ်ဖျက်ဖို့ လိုလားကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဆိုလိုက်ပါတယ်။
“ကျွန်တော့် အနေနဲ့ တရားစီရင်ရေးအကြောင်း ပြောလိုတာ မဟုတ်ပါ။ ဘယ်သူက မှန်ပြီး ဘယ်သူက မှားတယ်လို့ ပြောနေတာလည်း မဟုတ်ပါ။နောင်တစ်ချိန်မှာ ခွင့်မလွှတ်နိုင်လောက်မယ့် အမှားမျိုးတွေ ရှောင်ရှားနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်” ( KIA ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်)
ဒီနေရာမှာ ပြင်သစ်သံရုံးရဲ့ တုံ့ပြန်ချက်ကတော့ အတော်လေးကို ပြင်းထန်တယ်လို့ ဆိုရမှာပါ။ စစ်ကောင်စီကို တရားမဝင်စစ်အစိုးရလို့ သုံးထားပါတယ်။ အာဏာသိမ်းပြီးနောက် စစ်ခုံရုံးများက သေဒဏ် (၁၁၃) မှုကို နိုင်ထက်စီးနင်း ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ တရားမဝင် စစ်အစိုးရကို သတ္တိရှိရှိ ရင်ဆိုင်နေသည့် မြန်မာပြည်သူများကို ပြင်သစ်က လေးစားပြီး ထောက်ခံသွား မည်လို့ထုတ်ပြန် ပြောဆိုထားပါတယ်။
အထူးခြားဆုံးကတော့ KIA စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်ရဲ့ မှတ်ချက်ပြု စကားပါပဲ။ သူ့စကား အတိုင်းပြောရရင်တော့…
“ကျွန်တော့် အနေနဲ့ တရားစီရင်ရေးအကြောင်း ပြောလိုတာမဟုတ်ပါ။ ဘယ်သူကမှန်ပြီး ဘယ်သူကမှားတယ်လို့ ပြောနေတာလည်း မဟုတ်ပါ။ နောင်တစ်ချိန်မှာ ခွင့်မလွှတ်နိုင်လောက်မယ့် အမှားမျိုးတွေ ရှောင်ရှားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်”
KIA ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော် ပြောသွားတဲ့စကားကို စစ်ကောင်စီ လူကြီးမင်းများလည်း ကြားသိလိမ့်မယ်လို့ ယူဆပါတယ်။ မကြားချင်ဟန်ဆောင်ပြီး ရှေ့ဆက်တိုး လှမ်းနေကြမယ် ဆိုရင်တော့…။
လက်ျာဧ
(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)
– ဖွဲ့စည်းပုံ အခြေခံဥပဒေ ( ၂၀၀၈ )
– Jail Manual
– တို့ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ ( ဒေါက်တာမောင်မောင်)
– ကျွန်တော်က ထောင်ပိုင် သူတို့ကအကျဥ်းသား ( အငြိမ်းစားထောင်အရာရှိတစ်ဦး )
– ကင်မင်ချူးရဲ့ နောက်ဆုံးည ( အငြိမ်းစားထောင်အရာရှိတစ်ဦး )
– ဆလိုင်းတင်မောင်ဦး ( အောင်ထူး )
– BBC, RFA,BOAသတင်းဌာနများ၏ဖော်ပြချက်
– မိမိကိုယ်ပိုင်မှတ်စုများတို့မှ ထုတ်နုတ်ကိုးကားပြီး ရေးသားထားခြင်းဖြစ်ပါသည်။