မင်းတပ်မှာ သိသိသာသာ အထိနာသွားတဲ့ စစ်ကောင်စီတပ်မတော်

မင်းတပ်မြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်ဖွဲ့တွေနဲ့ ဒေသခံချင်းလူမျိုးတွေရဲ့ တူးမီးသေနတ်ကိုင် ကာကွယ်ရေးအဖွဲ့တွေဟာ အခုထိ ညှိနှိုင်းမှုမပြေလည်သေးဘဲ တင်းမာနေကြဆဲဖြစ်ပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မင်းတပ်မြို့မှာ အကြီးမားဆုံး ပဋိပက္ခလည်းဖြစ်ပါတယ်။

ပြည်သူ ၇ ဦးကိုဖမ်းဆီးရာက ပဋိပက္ခ စတင်

မင်းတပ်မြို့က ဆန္ဒပြပွဲတွေဟာ တခြားမြို့က ဆန္ဒပြပွဲတွေနဲ့ နည်းနည်းကွာပါတယ်။ အာဏာပိုင်တွေနဲ့ညှိနှိုင်းဆောင်ရွက်မှုတွေရှိပါတယ်။ နှစ်ဖက်အကြား နားလည်မှုယူပြီး ဆောင်ရွက်တာတွေ ရှိပါတယ်။

“စောစောပိုင်းကတည်းက နှစ်ဖက်အကြားမှာ နားလည်မှုယူပြီးဆောင်ရွက်တာတွေ၊ ညှိနှိုင်းတာတွေရှိပေမဲ့ အခုနောက်ပိုင်းကျသူတို့က ကျပ်လာတယ်။ ဆန္ဒမပြရဘူးလို့ တားတာတွေလုပ်လာတယ်။ ဒါကတော့ ငြိမ်းချမ်းစွာဆန္ဒပြတာက ကျွန်တော်တို့အခွင့်အရေးပဲလေ။ ဒါကိုတော့ မရပ်နိုင်ဘူးလို့ကျွန်တော်တို့ကပြောတယ်။ သူတို့က ကျွန်တော်တို့ထဲက ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်တာတွေ ဘာတွေ လုပ်လာတယ်။ ကျွန်တော်တို့ ဆန္ဒပြတာ အရမ်းငြိမ်းချမ်းတယ်နော်။ ဘာပြဿနာမှရှိဖူးတာ မဟုတ်ဘူး။ ဘာအကြမ်းဖက်တာမှ မရှိဖူးဘူး။” လို့ ဆလိုင်းတူးမီးလို့ နာမည်ပြောင်းထားသူက ဘီဘီစီကို ပြောပါတယ်။

ဧပြီလ ၂၄ ရက်နေ့။ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးတွေရဲ့ ဓာတ်ပုံတွေကို သူတို့ကိုထောက်ခံကြောင်း စာတန်းတွေနဲ့အတူ ကပ်ခဲ့ကြပါတယ်။ စာတန်းကပ်အပြီး မိုက်တွေ သိမ်းတဲ့အချိန်မှာ ရဲတွေဝင်လာပြီး ဖမ်းဆီးပါတယ်။

“သူတို့ဘက်က ကျွန်တော်တို့ကို ရန်စလာတာပါ။ ကျွန်တော်တို့ဘက်က လူငယ် ၈ ယောက်က စာတန်းကပ်တာပါ။ သူတို့ဖမ်းဖို့လာတော့ တယောက်က ကြိုမြင်လိုက်လို့ ပြေးခင်သွားတယ်။ ကျန်တဲ့ ၇ ယောက်က မပြေးခင်လိုက်လို့ အဖမ်းခံလိုက်ရပါတယ်။” လို့ နွေဦးဇလပ်လို့ သူ့ကိုယ်သူ အမည်ပေးထားသူတယောက်က ဘီဘီစီကို ပြောပါတယ်။ အဖမ်းဆီးခံရသူတွေဟာ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၃ ယောက်ဖြစ်ပါတယ်။

မြို့ခံတွေက မြို့မစံပြစျေးရှေ့မှာ ချက်ချင်းလူစုပြီး ရဲစခန်းကိုချီတက်ကြပါတယ်။ လူအများအပြားနဲ့ သွားရောက်တောင်းဆိုခဲ့ကြပါတယ်။ မြို့နယ်မှူးက CRPH ကိုထောက်ခံတာဟာ ဥပဒေချိုးဖောက်တာမို့ ဖမ်းတာလို့ ဆိုပါတယ်။

“ဥပဒေချိုးဖောက်လို့ ဖမ်းတာဆိုရင် အကုန်လုံးကိုဖမ်းပါ။ အကုန်လုံးကို မဖမ်းရင် ကျွန်တော်တို့လူတွေကို ပြန်လွှတ်ပေးပါလို့ ကျွန်တော်တို့က ပြောခဲ့ပါတယ်။ အဲဒီတော့ မြို့နယ်မှူးက ခံဝန်ချက်လုပ်ပြီး နာရီဝက်လောက်ကြာရင် ပြန်လွှတ်ပေးပါမယ်လို့ပြောတယ်။ ကောင်းပြီ နာရီဝက်ဆိုရင် ကျွန်တော်တို့ထိုင်စောင့်မယ်ဆိုပြီး ထိုင်စောင့်ခဲ့ပါတယ်။”

နာရီဝက်ကြာချိန်မှာ ဆန္ဒပြသူတွေဘက်က ရဲစခန်းကို လူ ၃ ယောက်လွှတ်ပြီး အကျိုးအကြောင်းသွားမေးတော့ လွှတ်မပေးပါဘူး။

“ပထမတော့ သူတို့က ဖမ်းသွားတဲ့အထဲက လူ ၂ ယောက်ကို ကားနဲ့ပြန်ခေါ်ထုတ်လာတယ်။ ကျွန်တော်တို့က လွှတ်ပေးတော့မယ်ထင်ပြီး ဝမ်းသာသွားကြတယ်။ ဒါပေမဲ့ သူတို့က လွှတ်မပေးဘူး။ လူစုခွဲပေးပါ။ ဒီနေ့ပြန်လွှတ်ပေးပါမယ်လို့ပဲပြောတယ်။ ကျွန်တော်တို့ ဒီနေ့ဆိုတာက ည ၁၂ နာရီအထိက ဒီနေ့ပဲ။ ဘယ်အချိန်လွှတ်မယ်ဆိုတာ တိတိကျကျ ပြောပါ။ အချိန်တိတိကျကျနဲ့ ကတိပေးရင် ကျွန်တော်တို့ လူစုခွဲပြီး ပြန်ပါမယ်ဆိုတော့ သူတို့က ညနေ ၆ နာရီမှာ ပြန်လွှတ်ပေးမယ်လို့ ပြောပါတယ်။ တကယ်တော့ သူတို့က လူစုခွဲရင်ပြီးရောဆိုပြီး လွယ်လွယ်နဲ့ကတိပေးလိုက်တာထင်ပါတယ်။ သူတို့လိုချင်တာပဲ သူတို့က အတင်းတောင်းဆိုတာပါ။ ရတယ်။ ကျွန်တော်တို့က လူစုခွဲပေးမယ်ဆိုပြီး ခွဲပေးလိုက်ပါတယ်။ ညနေ ၅ နာရီခွဲမှာ လူပြန်စုဖို့ တခါတည်းချိန်းလိုက်ပါတယ်။” လို့ ဆလိုင်းတူးမီးက ဘီဘီစီကို ပြောပါတယ်။

ဆိုင်ကယ်စီးလူငယ်တွေကိုပစ်ခတ်

ညနေ ၅ နာရီမခွဲခင်မှာ ဆိုင်ကယ်စီးလူငယ်နှစ်ယောက်ကို ရဲနဲ့စစ်တပ်က သေနတ်နဲ့လိုက်လံ ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ ဆိုင်ကယ်စီးလူငယ်တွေက ဆိုင်ကယ်ကို အရှိန်မြင့်မောင်းနှင် ထွက်ပြေးတဲ့ အတွက် လွတ်မြောက်သွားပါတယ်။

ဆန္ဒပြသူတွေဟာ ညနေ ၅ နာရီခွဲကျော်တဲ့ အချိန်မှာ လူစုပြီး ရဲစခန်းကို နောက်တခေါက်သွားခဲ့ကြပါတယ်။ ညနေ ၆ နာရီကျော်တဲ့အထိ ဖမ်းဆီးထားတဲ့ ၇ ယောက်ကို လွှတ်မပေးပါဘူး။ စစ်ဆေးမေးမြန်းစရာတွေ မပြီးသေးလို့ မလွှတ်နိုင်ဘူးလို့ အကြောင်းပြပါတယ်။ ဆန္ဒပြသူတွေက အဲဒါဆိုရင် ဘယ်နှနာရီမှာ ပြန်လွှတ်ပေးမလဲလို့ မေးရာမှာတော့ ည ၉ နာရီခွဲမှာ လွှတ်ပေးမယ်လို့ ထပ်မံချိန်းဆိုပါတယ်။

ရဲအဖွဲ့ဘက်က ၂ ကြိမ်စကားဖျက်ခဲ့ပြီးဖြစ်တဲ့အတွက် ဆန္ဒပြသူတွေဘက်က အယုံအကြည်နည်းလာခဲ့ပါပြီ။ အဲဒါကြောင့် ဆန္ဒပြသူတွေဟာ မင်းတပ်မြို့ခံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်းဟာကို ကြားဝင်ညှိနှိုင်းပေးဖို့ ပြောဆိုအကူအညီတောင်းခဲ့ပါတယ်။ ဦးမောင်းဟာက ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ်းသူမောင်ရဲ့သားဖြစ်တဲ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ ထည့်သွင်းထားခြင်းခံရသူဖြစ်ပါတယ်။ ဦးမောင်းဟာက ဖုန်းဆက်ပြီး ကြားဝင်ညှိနှိုင်းပေးရာမှာတော့ စစ်ကောင်စီဘက်က သူတို့ဖမ်းထားတဲ့ ၇ ယောက်ကို ၅၀၅ လိုပုဒ်မအကြီးကြီးတွေနဲ့ တရားမစွဲဘဲ ပုဒ်မအသေးတွေနဲ့ တရားစွဲပေးမယ်၊ အာမခံတော့ မပေးနိုင်ဘူးလို့ အကြောင်းပြန်ပါတယ်။

အရပ်သားတွေရဲ့ တိုက်ခိုက်မှုစတင်

“ဒါဆိုရင် ည ၉ နာရီခွဲမှာ ပြန်လွှတ်ပေးမယ်လို့ သူတို့ပြောတာကလည်း ထပ်ပြီးလိမ်တာပဲလို့ ကျွန်တော်တို့နားလည်လိုက်ပါတယ်။ ပြီးတော့ ကျွန်တော်တို့မြို့သူမြို့သားကိုလည်း ဆိုင်ကယ်စီးပြီး သွားလာတုန်းမှာ သူတို့က စပြီးပစ်ခတ်ခဲ့ပြီးပြီ။ ဒီတော့ ကျွန်တော်တို့တုံ့ပြန်ဖို့ အချိန်တန်ပြီလို့ ဆုံးဖြတ်ခဲ့ပါတယ်။” လို့ ဆလိုင်း တူးမီးက ဘီဘီစီကို ပြောပါတယ်။

ဧပြီလ ၂၄ ရက်ညဦးပိုင်းမှာပဲ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၊ မြို့အရှေ့ဂိတ်၊ မြို့အနောက်ဘက် ကန်ပက်လက်လမ်းခွဲအပါအဝင် စုစုပေါင်းနေရာ ၄ နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဘာ့ကြောင့်စစ်တပ်ဘက်က အထိနာသလဲ

အရပ်သားတွေဘက်က တိုက်ခိုက်လာလိမ့်မယ်လို့ စစ်တပ်နဲ့ရဲတွေက မျှော်လင့်ထားပုံမရပါဘူး။ မြို့နယ်တိုင်းမှာ စစ်တပ်ကသာ အရင်စတင်ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ကြတာဖြစ်တဲ့အတွက် စစ်တပ်နဲ့ ရဲအဖွဲ့ဟာ အငိုက်မိခဲ့ပုံရပါတယ်။

စစ်တပ်ဘက်က ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ၁ ဦးကဒဏ်ရာပြင်းထန်တဲ့အတွက် တခြားမြို့တမြို့က အရေးပေါ်ဆေးရုံကို ပို့လိုက်ရတယ်လို့ ဆိုပါတယ်။ မင်းတပ်မြို့ဆေးရုံကို ဆရာဝန်တွေ CDM လုပ်ထားတဲ့အတွက် ပိတ်ထားရပါတယ်။ အရပ်သားတွေဘက်က ထိခိုက်ဒဏ်ရာမရခဲ့ကြဘူးလို့ဆိုပါတယ်။

စစ်တပ်ဟာ ခေတ်မီလက်နက်တွေကိုင်ဆောင်ထားတာ ဖြစ်ပါတယ်။ မြို့တိုင်းလိုလိုမှာ စစ်တပ်ကသာ ခေတ်မီလက်နက်တွေရဲ့ အင်အားနဲ့ အနိုင်ယူတိုက်ခိုက်နိုင်လေ့ရှိပါတယ်။ ဘာ့ကြောင့် အခုလို စစ်တပ်ဘက်က ၂ ဦးဒဏ်ရာရချိန်မှာ တူးမီးသေနတ်သာ ကိုင်ဆောင်ထားသူတွေက တယောက်မှ ဒဏ်ရာမရဘဲ အသာစီးရတာပါလဲလို့ နွေဦးဇလပ်ကို ဘီဘီစီက မေးခဲ့ပါတယ်။

“ကျွန်တော်တို့က ယုံကြည်ချက်နဲ့ခံယူချက်သာပါတယ်။ ကျွန်တော်တို့ကမှန်တယ်လို့ ယုံတဲ့အတွက် အသက်စွန့်တိုက်ခိုက်ကြတာပါ။ ပြီးတော့ ကျွန်တော်တို့က နယ်မြေပိုကျွမ်းကျင်ပါတယ်။ ကျွန်တော်တို့က စနစ်တကျဖွဲ့စည်းထားတာ မဟုတ်ပေမဲ့ သိပ်စည်းလုံးပါတယ်။ ဒါ့အပြင်မှာ ကျွန်တော်တို့က ပြောက်ကျားနည်းသုံးတိုက်ပါတယ်။ သူတို့နဲ့ ယှဉ်မပစ်ပါဘူး။ ကိုယ်ကပစ်ပြီးရင် ရှောင်ထွက်ပါတယ်။ အဲဒါကြောင့် ပထမနေ့မှာ ကျွန်တော်တို့က အသာစီးရခဲ့တယ်လို့ မြင်ပါတယ်။” လို့နွေဦးဇလပ်က ဘီဘီစီကို ပြောပါတယ်။

မုန်တိုင်းမကျမီ ငြိမ်သက်ခြင်း

ဧပြီလ ၂၅ ရက်နေ့မှာတော့ ငြိမ်သက်နေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီငြိမ်သက်မှုဟာ မုန်တိုင်းမကျမီ ငြိမ်သက်ခြင်းမျိုးနဲ့တူနေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နှစ်ဖက်စလုံးမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှိနေခဲ့ကြလို့ ဖြစ်ပါတယ်။

“ကျွန်တော်တို့ဘက်က မြန်မာ့စီးပွားရေးဘဏ် (မစဘ) မှာသွားပြီးလှန့်ခဲ့တာတော့ရှိပါတယ်။ ၂၅ ရက်နေ့မှာ အဲဒါကလွဲပြီး တခြားဘာမှ မဖြစ်ခဲ့ပါဘူး။ ဘဏ်ကိုလည်း သွားတိုက်တာ မဟုတ်ပါဘူး။ ရဲ ၈ ယောက်လောက်အစောင့်ချထားတဲ့ ဘဏ်မှာ ဗျောက်အိုးနဲ့ အသံပေးခြောက်လှန့်တာလောက်ပဲလုပ်ခဲ့တာပါ။” လို့ ဆလိုင်းတူးမီးက ဆိုပါတယ်။

စစ်ကူတွေရောက်လာပြီ

ဧပြီလ ၂၆ ရက်နေ့မှာ စစ်ကောင်စီရဲ့တပ်ဖွဲ့တွေဟာ ပခုက္ကူနဲ့ မတူပီမြို့တွေကနေ စစ်ကူရောက်လာကြပါတယ်။ စစ်ကူတွေရောက်လာမှာကို အရပ်သားတွေဘက်က ကြိုတင်မျှော်လင့်ထားပြီးသားဖြစ်ပုံရပါတယ်။ လမ်းခုလတ်ကနေ နှောင့်ယှက်တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

ကြားဖြတ်တိုက်ခိုက်

ပခုက္ကူဘက်ကလာတဲ့ စစ်ကားတစီးဟာ မင်းတပ်မြို့အဝင် အရှေ့ပြင် ဂေါက်ကွင်းအနီးမှာ အရပ်သားတွေရဲ့ စောင့်ကြို တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးခဲ့ပါတယ်။ စစ်တပ်ဘက်က ၁ ယောက်ကျဆုံးပြီး အရပ်သားဘက်က အကျအဆုံးမရှိဘူးလို့ နွေဦးဇလပ်က ဘီဘီစီကို ပြောပါတယ်။

အစိုးရသတင်းစာမှာလည်း စစ်တပ်ဘက်က ၁ ယောက်ကျဆုံး၊ ၃ ယောက်ဒဏ်ရာရပြီး စစ်ကားတစီး ပျက်စီးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အရပ်သားတွေမှာ တူးမီးသေနတ်သာမက မောင်းပြန်သေနတ်တွေပါ ပါဝင်တယ်လို့ သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

မတူပီဘက်ကလာတဲ့စစ်ကူအဖွဲ့ကတော့ ပိုပြီး အထိနာပါတယ်။ မတူပီကနေ မင်းတပ်ကို စစ်ကား ၃ စီးနဲ့ စစ်ကူလာပါတယ်။ စစ်ကူလာတဲ့ စစ်ကား ၃ စီး မင်းတပ်မြို့အနီး မိုင် ၃၀ အကွာလောက်အရောက်မှာ လက်လုပ်မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်တာခံရပြီး ကားတစီးပျက်စီးသွားပါတယ်။ မိုင်တိုင် ၂၀ နဲ့ မိုင်တိုင် ၄၀ တို့ကနေ တူးမီးကိုင် ရွာသားတွေက အင်အားအများအပြားနဲ့ ရှေ့နောက်ညှပ်ပြီး တိုက်ခိုက်ကြပါတယ်။
စစ်သားတချို့ဟာ လမ်းဘေးတဘက်တချက်က တောထဲကို ထွက်ပြေးကြပြီး ကျန်တဲ့ စစ်သား ၃၀ လောက်ဟာ မိုင်တိုင် ၃၀ အနီးက ဗိုလ်တဲဟောင်းတခုမှာ စခန်းချတပ်စွဲထားပါတယ်။ ရှေ့ကိုလည်း ဖောက်မထွက်နိုင်သလို၊ နောက်ကိုလည်း ပြန်မဆုတ်နိုင်ဘဲ ပိတ်မိနေပါတယ်။ တောထဲထွက်ပြေးတဲ့ စစ်သားတွေကိုလည်း ရွာသားတွေက လိုက်လံရှာဖွေနေကြပါတယ်။

အဲဒီမိုင်တိုင် ၃၀ တိုက်ပွဲမှာ စစ်တပ်ဘက်က ၁၀ ယောက်လောက်သေဆုံးခဲ့တယ်လို့ နွေဦးဇလပ်က ဘီဘီစီကို ပြောပါတယ်။ ချင်းလူ့အခွင့်အရေးအဖွဲ့ Chin Human Rights Organization (CHRO) ကတော့ စစ်တပ်ဘက်က အနည်းဆုံး ၁၅ ယောက်သေဆုံးတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အစိုးရသတင်းစာကတော့ မိုင်တိုင် ၃၀ တိုက်ပွဲကို ထည့်သွင်းရေးသား ဖော်ပြမထားပါဘူး။
မင်းတပ်မြို့ပေါ်မှာ ည ၁၀ နာရီကျော်တဲ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မနက်စောစောတိုက်ပွဲပြန်စ

ဧပြီလ ၂၇ ရက်မနက်စောစောမှာပဲ စစ်တပ်ဘက်က RPG အပါအဝင်လက်နက်ကြီးတွေ အသုံးပြုပြီး အရပ်သားတွေရဲ့ သပိတ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြပါတယ်။ မောင်းပြန်ရိုင်ဖယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်ရုံသာမက လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ကြတဲ့ အတွက် မနက် ၁၀ နာရီဝန်းကျင်မှာ အရပ်သားတွေဘက်က သပိတ်စခန်းတခုကနေ ဆုတ်ခွာပေးခဲ့ရပါတယ်။

“လက်နက်အင်အားသိပ်ကွာလွန်းလို့ ကျွန်တော်တို့ဘက်က ဆုတ်ခွာပေးလိုက်ရပါတယ်။ လူကိုတော့ ကျွန်တော်တို့က အထိမခံပါဘူး။ သူတို့ဘက်ကလည်း ပိတ်မိနေတဲ့ သူတို့စစ်သား ၃၀ အတွက် စိုးရိမ်နေတာဗျ။ အဲဒီတော့ စေ့စပ်ညှိနှိုင်းဖို့ စစ်ကောင်စီဘက်က ကျွန်တော်တို့ကို စပြီးကမ်းလှမ်းပါတယ်။”

စျေးမတည့်လိုက်တဲ့ အရောင်းအဝယ်စကား

နှစ်ဖက်ညှိနှိုင်းချိန်မှာ နှစ်ဖက်စလုံးက အပစ်အခတ်ယာယီရပ်စဲထားခဲ့ကြပါတယ်။ ဒါပေမဲ့ ညှိနှိုင်းမှုက စျေးမတည့်ခဲ့ပါဘူး။ အရပ်သားတွေဘက်က လောလောဆယ် ဖမ်းထားတဲ့ ၇ ဦးနဲ့ အရင်ဖမ်းထားတဲ့ ၅ ဦး စုစုပေါင်း ၁၂ ဦးကို လွှတ်ပေးဖို့နဲ့ စစ်တပ်ပြန်ဆုတ်ပေးဖို့ကို အဓိကတောင်းဆိုခဲ့ပါတယ်။ စစ်တပ်ဘက်က ၁၂ ဦးလွှတ်ပေးဖို့ကို သဘောမတူပါဘူး။ ၇ ဦးပဲလွှတ်ပေးနိုင်မယ်လို့ဆိုပါတယ်။

စစ်တပ်ဘက်က ပိတ်မိနေတဲ့ သူတို့ရဲ့ စစ်သား ၃၀ ကိုလွှတ်ပေးဖို့တောင်းဆိုပါတယ်။ အရပ်သားတွေဘက်ကတော့ စစ်သားကိုလည်း ၁၂ ဦးပဲ လွှတ်ပေးနိုင်မယ်လို့ဆိုပါတယ်။ စစ်တပ်ကတော့ အရပ်သား ၇ ဦးနဲ့ စစ်သား ၃၀ လဲလှယ်ချင်တာပါ။

ဘယ်သူက အရင်စပြီးလွှတ်ပေးမယ်ဆိုတဲ့ အချက်အပေါ်မှာလည်း အငြင်းပွားမှုရှိပါတယ်။ အရပ်သားတွေဘက်က သူတို့လူ ၁၂ ဦးကို အရင်လွှတ်ပေးရမယ်လို့ တောင်းဆိုပါတယ်။ စစ်သားတွေဘက်က စစ်သားအယောက် ၃၀ ကို အရင်လွှတ်ပေးရမယ်လို့ဆိုပါတယ်။ ကလေးမြို့မှာတုန်းက စစ်သားတွေဘက်က ကတိဖျက်ခဲ့ဖူးလို့ မင်းတပ်မြို့ခံအရပ်သားတွေက စစ်တပ်ကို မယုံကြည်ဘူးလို့ဆိုပါတယ်။ ဒီတော့စစ်သား အယောက် ၃၀ ကိုလွှတ်ပေးရင် မြို့ခံတပ်ရင်း ၂၄၇ ရဲ့တပ်ရင်းမှူးကို ဓားစာခံသဘောမျိုး ယာယီဖမ်းဆီးထားဖို့ သဘောတူတယ်လို့ စစ်တပ်ဘက်က ဆိုပါတယ်။ စစ်သား ၃၀ နဲ့ တပ်ရင်းမှူးကို ဓားစာခံထားလဲလှယ်ဖို့ကို အရပ်သားတွေဘက်က သဘောမတူပါဘူး။

“စစ်တပ်မှာဗျူဟာမှူး အလဲအလှယ်ရှိတယ်လို့ ကျွန်တော်တို့ဘက်က သတင်းရထားတာရှိပါတယ်။ အခုအဝိုင်းခံထားရတဲ့ စစ်သား ၃၀ ထဲမှာ ဗျူဟာမှူးပါကောင်းပါနိုင်တယ်လို့ ကျွန်တော်တို့တွက်ထားပါတယ်။ သာမန်စစ်သားအတွက် တပ်ရင်းမှူးက အနစ်နာခံတာမျိုးကို စစ်တပ်ရာဇဝင်မှာ ဘယ်တုန်းကမှ မကြားဖူးဘူးဗျ။ သူတို့ကဗျာ။ ကျွန်တော်တို့ဘက်ကလူကိုတော့ အကုန်မလွှတ်ချင်ဘူး၊ ၇ ယောက်ပဲလွှတ်ပေးမယ်လို့ပြောတယ်။ သူတို့ဘက်ကတော့ စစ်သား ၃၀ စလုံးလွှတ်ပေးရမယ်ဆိုတော့ မမျှတဘူးထင်လို့ ကျွန်တော်တို့နဲ့ ဆွေးနွေးမှု မအောင်မြင်ဘူးလို့ပြောရမဲ့ အနေအထားပါ။” လို့ နွေဦးဇလပ်က ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီနဲ့ စကားပြောနေစဉ်မှာပဲ သေနတ်သံတွေထွက်ပေါ်လာလို့ ဖုန်းခဏချပေးခဲ့ရပါသေးတယ်။ ဒါပေမဲ့ တိုက်ပွဲအသစ် ပြန်လည်စတင်တဲ့အထိတော့ ဖြစ်မလာသေးပါဘူး။

အခြေအနေဟာ အလွန်တင်းမာတဲ့ အခြေအနေမှာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ စစ်တပ်ဘက်က သူတို့ရဲ့စစ်သား ၃၀ ကိုဆက်ပြီးပိတ်ဆို့ထားတာ သည်းခံနိုင်မှာ မဟုတ်ပါဘူး။ အရပ်သားတွေကလည်း မမျှတတဲ့တောင်းဆိုမှုကို မလိုက်လျောနိုင်ဘူးလို့ တင်းခံနေကြပါတယ်။

Credit: ကိုသိမ်းမြတ်(ဘီဘီစီမြန်မာပိုင်း)