အထွေထွေရွေးကောက်ပွဲ မတိုင်မီ နောက်ခံ အခြေအနေ
၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ မတိုင်မီ နောက်ခံအခြေအနေ သည် ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲများနှင့် မတူ ခြားနားသော အခြေအနေများဖြင့် ရင်ဆိုင်ခဲ့ရသည်။ ယင်းအခြေအနေမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ တွင် တရုပ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့ မှစတင်ပြန့်ပွားခဲ့သော ကူးစက်မြန်ဆန်သော ပြင်းထန်သော ဗိုင်းရပ်ပိုး သည် ကမ္ဘာ့ဒေသအသီးသီး ပျံ့နှံ့သွားပြီး လူအမြောက်အများ ကူးစက် ခံရကာ လူအသေအပျောက်မှာလည်း ကြောက်မခန်းလိလိ များပြားခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကမ္ဘာ့ကပ်ရောဂါ အဖြစ် ကြေငြာခဲ့ပြီး COVID-19 ဟုအမည်တပ်ခဲ့သည်။ မြန်မာနိုင်ငံ၌လည်း ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်တွင် တွင် အမေရိကန်ပြည်ထောင်စုမှ ပြန်လာသူ တစ်ဦး ထံမှ ယင်း ဗိုင်းရပ်ပိုးကို စတင်တွေ့ရှိခဲ့ပြီး ကိုဗစ် ၁၉ ပထမလှိုင်း အစပျိုးခဲ့သည်။ ယင်းနောက်ပိုင်းတွင် ရောဂါကူးစက်ဖြစ်ပွားနှုန်း တစ်ဖြေးဖြေးကျဆင်းလာခဲ့သည်။ ထို့နောက် ၂၀၂၀ခုနှစ် ဩဂုတ်လ(၁၆)ရက်တွင် ကိုဗစ် ၁၉ ဒုတိယလှိုင်း ဟု သတ်မှတ်နိုင်သော ကိုဗစ် ၁၉ ကူးစအ်ခံ လူနာကို စစ်တွေမြို့၌ တွေ့ရှိခဲ့သည်။ ကိုဗစ် ၁၉ ဒုတိယလှိုင်းသည် ကိုဗစ် ၁၉ ပထမလှိုင်း ထက် ကူးစက်ဖြစ်ပွားနှုန်း နှင့် သေဆုံးမှု ပိုမိုများပြာခဲ့သည်။ ကိုဗစ် ၁၉ ကူးစက်ပျံ့နှံ့မှု ကြောင့် စက်ရုံအလုပ်ရုံများ၊ ဘဏ်များ၊ စီးပွားရေးလုပ်ငန်းများ၊၊ အဖွဲ့အစည်းများ နှင့် အစိုးရဌာနဆိုင်ရာများသည် လုပ်ငန်းဆောင်ရွက်မှုများကို တစိစိပ်တစ်ပိုင်း သို့မဟုတ် လုံးဝ ရပ်နားခဲ့ရပြီး (Work From Home) နေအိမ်မှ အလုပ်များ လုပ်ကိုင်ခြင်းပုံစံဖြင့် လုပ်ကိုင်ခဲ့ရသည်။ သုရား ကျောင်း ဗလီ စသည့် ဘာသာရေး ဆိုင်ရာ အဆောက်အဦးများတွင်လည်း လူအများ မစုဝေးရန် တားမြစ်ခဲသည်။ အစိုးရ သည် ကိုဗစ် ၁၉ အား ကုသထိန်းချုပ်နိုင်ရန်အတွက် ရုပ်ဝတ္ထု၊ငွေကြေး အပြင် လူသားအရင်းအမြစ်များကိုပါ ပုံအော အသုံးပြုခဲ့ရသည်။ နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး သည် ကိုဗစ် ၁၉ ကြောင့် ကြီးကြီးမားမား ထိခိုက်နစ်နာခဲ့ရသည်။ အထက်ဖော်ပြပါ အခြေအနေများအောက်တွင် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကို ကျင်းပရခြင်းဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ခုနှစ် မက်လ(၁၈)ရက်မှ ဧပြီလ (၂၀)ရက်အတွင်း နိုင်ငံရေးပါတီများ နှင့် ကိုယ်စားလှယ် လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ် (Code of Conduct) ကို နိုင်ငံရေးပါတီများအားလုံးထံသို့ အွန်လိုင်းအီးမေးလ် နှင့် စာတိုက် မှတဆင့်ပေးပို့ပြီး လက်ခံညှိနှိုင်းဆွေးနွေး ခဲ့သည်။ ၂၀၂၀ ခုနှစ် ဇွန်လ(၁၅) ရက်နေ့တွင် စိစစ်သုံးသပ်ခဲ့သည်။ မူကြမ်းကို ၂၀၂၀ ခုနှစ် ဇွန်လ(၁၇)ရက်နေ့တွင် နိုင်ငံရေးပါတီ များအားလုံး(လုပ်ငန်းကော်မတီ)မှ သဘောတူလက်ခံပြီး ၂၀၂၀ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်း ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်ကို အချို့သောနိုင်ငံရေးပါတီများက တစ်ဖက်စောင်းနင်း ရေးဆွဲ ထာသည်ဟု ယူဆပြီး သဘောတူလက်ခံခြင်း မရှိခဲ့ပါ။
၂၀၂၀ ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ(၃၄) ပါတီသည် နေပြည်တော်တွင် ဗိုလိချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်တွေ့ဆုံကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တရားမျှတမှု မရှိသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်အတိုင်း တပ်မတော်က ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် ဗိုလိချုပ်မှူးကြီး မင်းအောင်လှိုင်၏ “မလုပ်ရဲတာ တစ်ခုမှမရှိ၊ အကုန်လုပ်ရဲကြောင်း၊ တိုင်းပြည်နစ်နာမည်၊ တပ်မတော် အနာဂတ် ပျက်စီးမည်ကို ထောက်ချင့်၍ အားလုံးကို စောင့်ကြည့်နေခြင်းသာ ဖြစ်ကြောင်း” ဆိုသော ပြောကြားချက် သည် နိုင်ငံရေး နယ်ပယ်အတွင်း ဂယက်ထသွားစေသည်။
၂၀၂၀ ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန သည် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရန်အချက်များ (လှည့်လည်မဲဆွယ်စည်းရုံးရာတွင် လိုက်နာရန်အချက်များ၊ ပြင်ပနေရာများ အဆောက်အဦးများအတွင်း မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရန် အချက်များ၊ အင်တာနက်မှတစ်ဆင့် Live Stream ဖြင့် မဲဆွယ်စည်းရုံးရာတွင် လိုက်နာရန်အချက်များ၊ အိမ်တိုင်ရာရောက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရန် အချက်များ) ထုတ်ပြန်ခဲ့သည်။
မဲဆွယ်စည်းရုံးခြင်း ကာလကို ရက်ပေါင်း(၆၀) (၈-၉-၂၀၂၀ ရက်နေ့ နံနက်၀၆း၀၀ နာရီမှ ၆-၁၁-၂၀၂၀ ရက်နေ့ ည ၁၂း၀၀ နာရီအထိ) ခွင့်ပြု သတ်မှတ် ထားသည်။ မဲဆွယ်စည်းရုံးခြင်း ခွင့်ပြုကာလ သည် ကိုဗစ် ၁၉ ပိုးတွေ့ရှိသူ နှင့် သေဆုံးနှုန်း မြင့်မားနေချိန် ဖြစ်သဖြင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်း ကို အင်တိုက်အားတိုက် လုပ်ဆောင်ရန် အားခဲထားသော နိုင်ငံရေးပါတီများအဖို့ မချင့်မရဲ ဖြစ်ကြရသည်။ အချို့သော နိုင်ငံရေးပါတီများက စိုးရိမ်စိတ်ဖြင့် ရိုးသားစွာ ရွေးကောက်ပွဲ ကျင်းပမည့်ရက် ရွှေ့ဆိုင်းစေလိုကြသည်။ နိုင်ငံရေးပါတီများ နှင့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအပြင် သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ကိုလည်း အလေးထား လိုက်နာခဲ့ရသည်။ ယင်းကာလအတွင်း အစိုးရ ၏ လုပ်ဆောင်ချက်များသည် ကိုဗစ် ၁၉ အကြောင်းပြု၍ မဲဆွယ်စည်းရုံးရာရောက်ခဲ့သည်ဟု ပြိုင်ဘက် နိုင်ငံရေးပါတီများက ဝေဖန်စွပ်စွဲခဲ့ကြသည်။ (ဥပမာအားဖြင့်ဖော်ပြရသော် ပုံမှန်ဝင်ငွေမရှိ အခြေခံလူတန်းစား အိမ်ထောင်စုများသို့ ဆန် ဆီ ဆား ကြက်သွန် နှင့် ငွေကြေး ထောက်ပံ့မှုများ၊ အိမ်သုံး ထျှပ်စစ်မီတာခ များကို လျှော့ပေါ့ သက်သာခွင့်ပြုခဲ့ခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် နိုင်ငံရပ်ခြားတွင် သောင်တင် အခက်အခဲ ကြုံနေရသူများကို ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် စေလွှတ်ခေါ်ယူစေခြင်း)
၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၌ စာရင်းသွင်းခဲ့သော နိုင်ငံရေးပါတီ (၉၃) ပါတီ ရှိခဲ့ပြီး ၂၀၂၀ ခုနှစ် ဩဂုတ်လ (၁၃)ရက်နေ့တွင် ပြည်ထောင်စု ဒီမိုကရေစီပါတီ ကိုလည်းကောင်း၊ ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့တွင် (မဲဆန္ဒနယ် ဒုတိယ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်မည့်) ညီညွတ်သော ဒီမိုကရေစီပါတီ(နှင်းဆီ ပါတီ) ကိုလည်းကောင်း ဖျက်သိမ်းခဲ့သည်။ ထို့အပြင် နိုင်ငံရေးပါတီ (၄) ပါတီ ((၁) ခမီးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၂) ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ၊ (၃) မြိုတိုင်းရင်းသားပါတီ၊ (၄) မြိုအမျိုးသားဒီမိုကရေစီပါတီ) သည် ယင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များအား ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသအဖြစ် ကြေငြာခဲ့ခြင်း ကြောင့် ဝင်ရောက်မယှဉ်ပြိုင်နိုင်ခဲ့ပါ။ ထို့ကြောင့် ၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ စုစုပေါင်းမှာ (၈၇) ပါတီသာ ဖြစ်သည်။
၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပခြင်း
၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့ တွင်ကျင်းပခဲ့သည်။
၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် အတွက် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၃၈,၂၇၁,၄၄၇)ဦး ရှိသည့်အနက် (၂၇,၅၁၂,၈၅၅)ဦး လာရောက်မဲပေးသဖြင့် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ အားလုံး၏ (၇၁.၈၉) ရာခိုင်နှုန်း၊ အမျိုးသား လွှတ်တော် အတွက် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၃၈,၂၇၁,၄၄၇))ဦး ရှိသည့်အနက် (၂၇,၄၉၅,၅၅၅)ဦး လာရောက်မဲပေးသဖြင့် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ အားလုံး၏ (၇၁.၈၄) ရာခိုင်နှုန်း၊ တိုင်းဒေသကြီး လွှတ်တော်(သို့မဟုတ်)ပြည်နယ် လွှတ်တော် အတွက် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၄၂,၈၆၆,၇၄၁)ဦး ရှိသည့်အနက် (၃၀၄၅၉၁၁၃)ဦး လာရောက်မဲပေးသဖြင့် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ အားလုံး၏ (၇၁.၀၆) ရာခိုင်နှုန်း ရှိခဲ့သည်။
ရွေးကောက်ပွဲ ကျင်းပမှု အခြေအနေ ကို လေ့လာကြည့်ရာတွင် ပြည်သူ့လွှတ်တော် အတွက် ရွေးကောက်ပွဲ ကျင်းပရန် သတ်မှတ်ထားသည့် မဲဆန္ဒနယ် (၃၃၀) နယ်ရှိသည့်အနက် ရွေးကောက်ပွဲ ကျင်းပခဲ့သည့် မဲဆန္ဒနယ် (၃၁၅) နယ် ရှိကြောင်းတွေ့ရှိရသည်။ ရွေးကောက်ပွဲ ကျင်းပခြင်း မပြုသည့်မဲဆန္ဒနယ် (၁၅) နယ် ရှိခဲ့သည်။ ယင်းမဲဆန္ဒနယ်များမှာ ရခိုင်ပြည်နယ်တွင် (၉) နယ် ((၁) ပေါက်တော မြို့နယ်၊ (၂) ပုဏ္ဏားကျွန်း မြို့နယ်၊ (၃) ရသေ့တောင် မြို့နယ်၊ (၄) ဘူးသီးတောင် မြို့နယ်၊ (၅) မောင်တော မြို့နယ်၊ (၆) ကျောက်တော် မြို့နယ်၊ (၇) မင်းပြား မြို့နယ်၊ (၈) မြေပုံ မြို့နယ်၊ (၉) မြောက်ဦး မြို့နယ်၊) နှင့် ရှမ်းပြည်နယ်တွင် (၆) နယ်((၁) မိုင်းလား မြို့နယ်၊(၂) ပန်ဆန်း(ပန်ခန်း)မြို့နယ်၊ (၃) နားဖန်း မြို့နယ်၊(၄) မိုင်းမော မြို့နယ်၊ (၅) ပန်ဝိုင် မြို့နယ်၊ (၆) မိုင်းကိုင် မြို့နယ်၊) တို့ဖြစ်ကြသည်။ အမျိုးသား လွှတ်တော် အတွက် ရွေးကောက်ပွဲ ကျင်းပရန် သတ်မှတ် ထားသည့် မဲဆန္ဒနယ် (၁၆၈) နယ် ရှိသည့်အနက် ရွေးကောက်ပွဲ ကျင်းပခဲ့သည့် မဲဆန္ဒနယ် (၁၆၁) နယ် ရှိကြောင်း တွေ့ရှိရသည်။ ရွေးကောက်ပွဲ ကျင်းပခြင်း မပြုသည့်မဲဆန္ဒနယ် (၇) နယ် ရှိခဲ့ပြီး ယင်း မဲဆန္ဒနယ်များ အားလုံးမှာ ရခိုင်ပြည်နယ်မှ မဲဆန္ဒနယ်များပင် ဖြစ်ကြသည်။ ယင်းတို့မှာ ((၁) ရခိုင်(၄)၊ (၂) ရခိုင်(၅)၊ (၃) ရခိုင်(၆)၊ (၄) ရခိုင်(၇)၊ (၅) ရခိုင်(၈)၊ (၆) ရခိုင်(၉)၊ (၇) ရခိုင်(၁၀)) တို့ဖြစ်ကြသည်။ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် အတွက် ရွေးကောက်ပွဲ ကျင်းပရန် သတ်မှတ်ထားသည့် မဲဆန္ဒနယ် (၆၄၄) နယ်ရှိသည့် အနက် ရွေးကောက်ပွဲ ကျင်းပခဲ့သည့် မဲဆန္ဒနယ် (၆၁၂) နယ် ရှိကြောင်း တွေ့ရှိရသည်။ ရွေးကောက်ပွဲ ကျင်းပခြင်း မပြုသည့်မဲဆန္ဒနယ် (၃၂) နယ် ရှိခဲ့သည်။ ယင်းမဲဆန္ဒနယ်များမှာ ရခိုင်ပြည်နယ်တွင် (၂၀) နယ် ((၁) ပေါက်တော(၁) ၊ (၂)ပေါက်တော(၂) ၊ (၃)ပုဏ္ဏားကျွန်း(၁)၊ (၄) ပုဏ္ဏားကျွန်း(၂)၊ (၅) ရသေ့တောင်(၁) ၊(၆)ရသေ့တောင်(၂) (၇)ဘူးသီးတောင်(၁) ၊ (၈)ဘူးသီးတောင်(၂) ၊ (၉)မောင်တော(၁) ၊ (၁၀)မောင်တော(၂) ၊ (၁၁) ကျောက်တော်(၁) ၊ (၁၂)ကျောက်တော်(၂) ၊(၁၃)မင်းပြား(၁) ၊ (၁၄)မင်းပြား(၂) ၊ (၁၅)မြေပုံ(၁)၊ (၁၆) မြေပုံ(၂)၊ (၁၇) မြောက်ဦး(၁)၊ (၁၈) မြောက်ဦး(၂)၊ (၁၉)တောင်ကုတ် (၁)၊ (၂၀) အမ်း(၂)) နှင့် ရှမ်းပြည်နယ်တွင်(၁၂) နယ် ((၁) မိုင်းလား (၁)၊ (၂)မိုင်းလား (၂)၊ (၃) ပန်ဆန်း(ပန်ခန်း)(၁) ၊ (၄)ပန်ဆန်း(ပန်ခန်း)(၂)၊ (၅) နားဖန်း(၁) ၊(၆)နားဖန်း (၂)၊ (၇) မိုင်းမော(၁) ၊(၈) မိုင်းမော (၂)၊ (၉) ပန်ဝိုင်(၁) ၊ (၁၀) ပန်ဝိုင် (၂)၊ (၁၁) မိုင်းကိုင်(၁) ၊ (၁၂)မိုင်းကိုင် (၂)) တို့ဖြစ်ကြသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များ၌ နိုင်ငံရေးပါတီများ ကိုယ်စားပြု ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရေ (၁၄၉၇) ဦး နှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရေ (၆၈) ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရေ (၁၅၆၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များတွင်လည်း နိုင်ငံရေးပါတီများ ကိုယ်စားပြု ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရေ (၇၅၂) ဦး နှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရေ (၂၇) ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရေ (၇၇၉) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုးအပါအဝင်) မဲဆန္ဒနယ်များတွင်လည်း နိုင်ငံရေးပါတီများ ကိုယ်စားပြု ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရေ (၃၁၃၀) ဦး နှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရေ (၁၆၅) ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရေ (၃၂၉၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ တွင် မဲဆန္ဒနယ် (၁၄၆) နယ် နှင့် အထက် ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေးပါတီများ
စဉ် | ပါတီကမည် | ပြည်သူ လွှတ်တော် | အမျိုးသား လွှတ်တော် | တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် | တိုင်းရင်သားလူမျိုး | စုစုပေါင်း |
၁ | အမျိုးသားဒီမိုကရေစီ အဖွဲ့ချူင် | ၃၁၁ | ၁၆၀ | ၆၀၄ | ၂၉ | ၁၁၀၄ |
၂ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | ၃၀၉ | ၁၅၈ | ၅၉၇ | ၂၄ | ၁၀၈၈ |
၃ | ပြည်ထောင်စုကောင်းကျ်ုးဆောင်ပါတီ | ၂၅၉ | ၁၃၈ | ၅၀၀ | ၂၅ | ၉၂၂ |
၄ | တိုင်းရင်သားစည်းလုံးညီညွတ်ရေးပါတီ | ၉၄ | ၃၈ | ၂၄၁ | ၉ | ၃၈၂ |
၅ | ပြည်သူ့ရှေ့ဆောင်ပါတီ | ၇၅ | ၂၅ | ၁၃၃ | ၃ | ၂၃၆ |
၆ | ပြညိသူ့ပါတီ | ၄၁ | ၈ | ၉၇ | ၀ | ၁၄၆ |
၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာ လွှတ်တော် အလိုက် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ၏ ရွေးကောက်ခံရမှု အခြေအနေမှာ အောက်တွင် ဖော်ပြထားသည့် ဇယားအတိုင်း ဖြစ်ပါသည်။
စဉ် | ပါတီကမည် | ပြည်သူ လွှတ်တော် | အမျိုးသား လွှတ်တော် | တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် | တိုင်းရင်သားလူမျိုး | စုစုပေါင်း |
၁ | အမျိုးသားဒီမိုကရေစီ အဖွဲ့ချူင် | ၂၅၈ | ၁၃၈ | ၅၀၁ | ၂၃ | ၉၂၀ |
၂ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | ၂၆ | ၇ | ၃၈ | – | ၇၁ |
၃ | ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချူပ်ပါတီ | ၁၃ | ၂ | ၂၇ | – | ၄၂ |
၄ | ရခိုင်အမျိုးသားပါတီ | ၄ | ၄ | ၇ | – | ၁၅ |
၅ | တအောင်း(ပလောင်)အမျိုးသားပါတီ | ၃ | ၂ | ၇ | – | ၁၂ |
၆ | မွန်ညီညွတ်ရေးပါတီ | ၂ | ၃ | ၆ | ၁ | ၁၂ |
၇ | ပအိုဝ်းအမျိုးသားအဖွဲ့ချူပ်ပါတီ | ၃ | ၁ | ၇ | – | ၁၁ |
၈ | ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ | ၂ | ၃ | ၃ | – | ၈ |
၉ | ကချင်ပြည်နယ် ပြည်သူ့ပါတီ | ၁ | – | ၃ | – | ၄ |
၁၀ | ရခိုင်ဦးဆောင်ပါတီ | ၁ | – | ၂ | – | ၃ |
၁၁ | ဝ’ အမျိုးသားပါတီ | ၁ | – | ၂ | – | ၃ |
၁၂ | လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ | – | – | ၁ | ၁ | ၂ |
၁၃ | ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်ပါတီ | ၁ | – | ၁ | – | ၂ |
၁၄ | လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ | – | – | ၁ | ၁ | ၂ |
၁၅ | ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီ | – | ၁ | ၁ | – | ၂ |
၁၆ | ကယန်းအမျိုးသားပါတီ | – | ၀ | – | ၁ | ၁ |
၁၇ | ကရင်ပြည်သူ့ပါတီ | – | – | ၁ | – | ၁ |
၁၈ | ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ | – | – | ၁ | – | ၁ |
၁၉ | ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ | – | – | ၁ | – | ၁ |
၂၀ | တစ်သီးပုဂ္ဂုလ | – | – | ၂ | ၂ | ၄ |
စုစုပေါင်း | ၃၁၅ | ၁၆၁ | ၆၁၂ | ၂၉ | ၁၁၁၇ |
၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ (တိုင်းရင်းသားလူမျိုး) များအဖြစ် ကချင်ပြည်နယ် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ မှ ဗမာ တိုင်းရင်းသားကိုယ်စားလှယ်၊ ရှမ်း တိုင်းရင်းသား ကိုယ်စားလှယ်နှင့် ရဝမ် တိုင်းရင်းသားကိုယ်စားလှယ် များကို လည်းကောင်း နှင့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လီဆူ တိုင်းရင်းသားကိုယ်စားလှယ် ကို လည်းကောင်း၊ ကယားပြည်နယ် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ မှ ဗမာ တိုင်းရင်းသား ကိုယ်စားလှယ် ကို လည်းကောင်း၊ ကရင်ပြည်နယ် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ မှ ဗမာ တိုင်းရင်းသားကိုယ်စားလှယ် နှင့် ပအိုဝ်း တိုင်းရင်းသား ကိုယ်စားလှယ် တို့ကို လည်းကောင်း၊ မွန်ညီညွတ်ရေးပါတီမှ မွန် တိုင်းရင်းသားကိုယ်စားလှယ် ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး တွင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်ပါတီ မှရှမ်း တိုင်းရင်းသား ကိုယ်စားလှယ် နှင့် ချင်း တိုင်းရင်းသား ကိုယ်စားလှယ် ကိုလည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ မှ ကရင် တိုင်းရင်းသားကိုယ်စားလှယ် ကိုလည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ မှ ကရင်တိုင်းရင်းသား ကိုယ်စားလှယ် ကိုလည်းကောင်း၊ မကွေး တိုင်းဒေသကြီးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်ပါတီ မှ ချင်း တိုင်းရင်းသားကိုယ်စားလှယ်ကိုလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်ပါတီ မှ ရှမ်းတိုင်းရင်းသားကိုယ်စားလှယ် ကိုလည်းကောင်း၊ မွန်ပြည်နယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်ပါတီ မှ ဗမာ တိုင်းရင်းသားကိုယ်စားလှယ်၊ ပအိုဝ်း တိုင်းရင်းသား ကိုယ်စားလှယ် နှင့် ကရင် တိုင်းရင်းသားကိုယ်စားလှယ် များကို လည်းကောင်း၊ ရခိုင်ပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ မှ ချင်း တိုင်းရင်းသား ကိုယ်စားလှယ် ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ မှ ကရင် တိုင်းရင်းသား ကိုယ်စားလှယ် ကိုလည်းကောင်း၊ ရခိုင် တိုင်းရင်းသားကိုယ်စားလှယ် အဖြစ် တစ်သီးပုဂ္ဂုလ တစ်ဦး ကိုလည်းကောင်း၊ ရှမ်းပြည်နယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်ပါတီမှ ဗမာ တိုင်းရင်းသားကိုယ်စားလှယ်၊ အင်းသား တိုင်းရင်းသားကိုယ်စားလှယ်၊ ကော်(အခါ) တိုင်းရင်းသား ကိုယ်စားလှယ် နှင့် လီဆူ တိုင်းရင်းသား ကိုယ်စားလှယ်များကို လည်းကောင်း၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လားဟူ တိုင်းရင်းသား ကိုယ်စားလှယ် ကိုလည်းကောင်း၊ ကယန်းအမျိုးသားပါတီ မှ ကယန်း(ပဒေါင်) တိုင်းရင်းသားကိုယ်စားလှယ် ကိုလည်းကောင်း၊ ကချင် တိုင်းရင်းသားကိုယ်စားလှယ် အဖြစ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦး ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီမှ ကရင် တိုင်းရင်းသားကိုယ်စားလှယ် နှင့် ရခိုင် တိုင်းရင်းသားကိုယ်စားလှယ် တို့ကို လည်းကောင်း၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော် အသီးသီး အတွက် သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ်များအဖြစ် ရွေးကောက် တင်မြှောက်ခဲ့ကြသည်။
၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ အနက် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်မှုမှာ ပြည်သူ့လွှတ်တော်တွင် (၅၃)ဦး၊ အမျိုးသားလွှတ်တော်တွင်(၂၅)ဦး၊ တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ် လွှတ်တော်တွင် (၁၁၆)ဦး( တိုင်းရင်းသားကိုယ်စားလှယ်(၇)ဦးအပါအဝင်) ဖြစ်သည်။
ရွေးကောက်ပွဲ နောက်ပိုင်း အခြေအနေများ
၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့တွင် တပ်မတော်သည် လိုအပ်သည့် စာရွက်စာတမ်း များကို သက်သေခံဥပဒေအရ ကူးယူခွင့်ပြုပေးရေးအတွက် သက်ဆိုင်ရာကော်မရှင်ခွဲ အဆင့်ဆင့် သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားပေးရန် မေတ္တာရပ်ခံခဲ့သည်။ သို့သော် မဲစာရင်းမူရင်းများကို ရွေးကောက်ပွဲ နည်းဥပဒေများနှင့် အညီ ချိတ်ပိတ်သိမ်းဆည်း ထားရကြောင်း၊ ယင်းအပြင် တောင်းခံထားသည့် ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မိတ္တူကူးယူခွင့်ပြုရမည်ဟု ပြဌာန်းထားခြင်း မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ခဲ့သည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့ တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ကိုထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ၊ ၂၀၁၀ ပြည့်နှစ် နှင့် ၂၀၁၅ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲများတွင်လည်း မဲစာရင်းအချက်အလက်များ အားနည်းခဲ့သည်ကို တွေ့ရှိခဲ့ကြပြီးဖြစ်ပါသည်။ ယခု ရွေးကောက်ပွဲတွင်လည်း မဲစာရင်းချို့ယွင်း အားနည်းချက်ကြောင့် မဲမသမာမှုအခြေအနေ မဖြစ်နိုင်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ တွင်ပါရှိသည့် “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌တည်သည်။” ဟူသော နိုင်ငံတော် အခြေခံမူအရ မဲဆန္ဒရှင်ပြည်သူလူထု၏ ဆန္ဒ သဘောထားကို ညှိနှိုင်းဖြေရှင်းပြီး အတိုးအလျော့ အပေးအယူဖြင့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း ကမျှ ဥပဒေကျော်လွန်ကာ တစ်မျိုးတစ်ဖုံ ပြောင်းလဲ၍ ရသည့်ကိစ္စမျိုး မဟုတ်ပါ။ ဤသို့ ပြောင်းလဲမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သကဲ့သို့ မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒကိုလည်း ဆန့်ကျင်ရာ ရောက်ပါသည်။” ဟုဖော်ပြထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ တွင် တပ်မတော်သည် ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှု များ ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော် အာဏာကိုသိမ်းယူခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် ဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝင်များ၊ နှင့် တတိယအကြိမ် ရွေးကောက်ခံ ကိုယ်စားလှယ်များကို ဖမ်းဆီးကိန်သိမ်းခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုဖွဲ့စည်းခဲ့သည်။
ပြည်သူအများစု ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို အင်အားသုံး ဖယ်ရှားသည့် စစ်ကောင်စီ၏ အာဏာသိမ်းယူမှုကို ဆန့်ကျင်သည့် ဆန္ဒပြလူထုလှုပ်ရှားမှုများ နိုင်ငံတစ်ဝှမ်း ပုံစံမျိုးစုံဖြင့် ထွက်ပေါ်လာခဲ့ပြီး ကြီးမားကျယ်ပြန့်လာခဲ့သည်။ နောက်ပိုင်းတွင် စစ်ကောင်စီ၏ ဆန္ဒပြပွဲများကို နှိမ်နှင်းဖြိုခွဲမှုများမှာ ပိုမို ရက်စက်ကြမ်းတမ်းလာပြီး လက်ပစ်ဗုံး၊ အာပီဂျီ ကဲ့သို့သော စစ်မြေပြင် လက်နက် များကိုပင် အသုံးပြုလာခဲ့ကြသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့ တွင် လွှတ်တော်ကိုယ်စားလှယ်များကို စစ်ကောင်စီမှ ပြန်လွှတ်ပေးခဲ့သည်။ ဖေဖော်ဝါရီလ (၄) ရက်နေ့ တွင် နေပြည်တော်စည်ပင်ရိပ်သာတွင် ကိုယ်စားလှယ်အဖြစ် ကျမ်းကျိန်ပြီး တတိယအကြိမ် လွှတ်တော် ခေါ်ယူခဲ့သည်။ ဖေဖော်ဝါရီလ (၅) ရက်နေ့ တွင် အွန်လိုင်းမှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်အရေးပေါ် အစည်းကဝေး ခေါ်ယူပြီး ကိုယ်စားလှယ် (၃၇၈)ဦး က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH (Committee Representing Pyidaungsu Hluttaw) ကိုတာဝန်ပေးခဲ့သည်။ ထို့နောက် ၂၀၂၁ခုနှစ် ဧပြီလ (၁၆)ရက်တွင် နိုင်ငံတော် ယာယီ သမ္မတ ဒူဝါလရှီလ နှင့် ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့ဦးဆောင်ပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရ NUG (National Unity Government) ကိုဖွဲ့စည်းခဲ့သည်။
၂၀၂၁ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့တွင် စစ်ကောင်စီမှ ဖွဲ့စည်းပေးခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ယင်းကြေငြာချက်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့သည့် မြို့နယ် (၃၁၅) မြို့နယ်၏ မဲစာရင်းများကို မြို့နယ်အလိုက် အသေးစိပ် စစ်ဆေးခဲ့ကြောင်း၊ မြေပြင်ဖွင့်ဖောက်စစ်ဆေးချက်များအရ မဲရုံတိုင်း၌ ဆန္ဒမဲလက်မှတ်များ လျော့နည်းပျောက်ဆုံးခြင်း၊ တရားမဝင် အပိုရှိနေခြင်းတို့ကို တွေ့ရှိရကြောင်း၊ ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် တိုင်းဒေသကြီး(သို့) ပြည်နယ်ဝန်ကြီးချုပ်များမှ ခန့်အပ်လိုသူများကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခဲ့ခြင်း၊ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့ကြောင့်ပင် မဲစာရင်းများ ၂ ကြိမ် ၃ ကြိမ် နှင့်အထက် ပါဝင်မှု ဖြစ်ပွားခဲ့ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် မရှိသူများ အများအပြားပါဝင်နေခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်း ၂ ကြိမ် ၃ ကြိမ် နှင့်အထက် ပါဝင်နေခြင်း၊ အသက် ၆၀ နှစ်နှင့် အထက် မဲဆန္ဒရှင်များ အတွက် ကြိုတင်ဆန္ဒမဲ ကောက်ခံရာတွင် အချ်ု့နေရာများတွင် NLD ပါတီအောင်နိုင်ရေးအဖွဲ့များ ပါဝင်ဆောင်ရွက်ခဲ့ခြင်း၊ ကိုဗစ်၁၉ ကြောင့် မိမိ မဲဆန္ဒနယ်သို့ ဆန္ဒမဲပေးခြင်းမပြုနိုင်သည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးရန် အသိပေးကြေငြာချက်ကို ၂ ကြိမ်ထုတ်ပြန်ခဲ့ခြင်းကြောင့် မဲစာရင်းများထပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ အစုလိုက်အပြုံလိုက် မဲစာရင်းတွင်ထည့်သွင်း၍ မဲပေးခဲ့ခြင်း၊ မဲဆန္ဒရှင် သက်သေခံလက်မှတ်များဖြင့် မဲပေးစေခဲ့ခြင်း၊ UEC တံဆိပ်မပါရှိသည့် အမှန်ခြစ်တံဆိပ်တုံး ရိုက်နှိပ်ထားသည့် မဲလက်မှတ်များကို ခိုင်လုံမဲ သတ်မှတ်ရန် ညွှန်ကြားခဲ့ခြင်း၊ မဲစာရင်းများ အရေအတွက်များစွာ မှားယွင်းမှု ဖြစ်ပေါ်ခြင်းသည် မတော်တဆမဟုတ်ဘဲ တမင်ကြိုတင်ကြံစည်ဆောင်ရွက်မှု ဖြစ်ခြင်း၊ NLD ပါတီအနေဖြင့် အုပ်ချုပ်ရေး အာဏာကို အလွဲသုံးစားပြု၍ ဝင်ရောက်စွက်ဖက် မလျော်ဩဖာသုံးကာ မသမာမှုများဆောင်ရွက်ခဲ့ခြင်း၊ NLD ပါတီ မဟုတ်သည့် အခြားပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၏ ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများအား အုပ်ချုပ်ရေးအာဏာကို လည်းကောင်း၊ ကိုဗစ်၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကန့်သတ် တားမြစ်ချက်များကိုလည်းကောင်း အလွဲသုံးခြင်းဖြင့် ကန့်သတ် ထိန်းချုပ်၍ နိုင်ငံတော်အာဏာ မတရားရယူရန် ကြိုတင်ကြံစည်ဆောင်ရွက်ခြင်း၊ ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် လုပ်ပိုင်ခွင့် အလွဲသုံးစားပြု၍ ဥပဒေ နည်းဥပဒေများကို ကျော်လွန်ဆောင်ရွက်ခဲ့ခြင်း တို့ကိုစိစစ်တွေ့ရှိရခြင်းကြောင့် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်များ ပယ်ဖျက်ကြောင်း ကြေငြာခဲ့သည်။
၂၀၂၁ခုနှစ် ဩဂုတ်လ(၁) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီ ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ အဖြစ်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး (၂) နှစ် ဆက်လက်တာဝန်ယူမည် ဖြစ်ကြောင်း ကြေငြာခဲ့သည်။ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် ဗိုလိချုပ်မှူးကြီး မင်းအောင်လှိုင်ကပင် တာဝန် ထမ်းဆောင်မည် ဖြစ်သည်။ အထွေထွေ ရွေးကောက်ပွဲ ကိုလည်း ကျင်းပပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုဗစ်၁၉ ပထမလှိုင်း ဒုတိယလှိုင်း များကြောင့် ယိုင်နဲ့နေသော နိုင်ငံ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အခြေအနေ များအောက် တွင် ပြည်သူအများ၏ ဆန္ဒကိုမျက်ကွယ်ပြု၍ နိုင်တော်အာဏာ ကို လက်နက်အားကိုး အတင်းအဓမ္မ သိမ်းယူခဲ့သော အိမ်စောင့်အစိုးရ တစ်ဖြစ်လဲ စစ်ကောင်စီသည် နိုင်ငံအနှံ့အပြားတွင် မျှော်လင့်မထားသော ခုခံဆန့်ကျင်မှုမျိုးစုံနှင့် ရင်ဆိုင်နေရသည်။ စစ်ကောင်စီ၏ တိုင်းတစ်ပါးသား စစ်တပ်များကဲ့သို့ အလွန်အမင်း ရက်စက်ကြမ်းကြုတ်စွာ ပြုကျင့်ခြင်း ကို ပြည်သူအများ ခါးသီးစွာ ရင်ဆိုင်နေကြရသည့် အချိန်တွင် အလွန် ပြင်းထန်သော ကိုဗစ် ၁၉ တတိယလှိုင်းရောဂါကပ်ဘေးနှင့် ထပ်မံကြုံတွေ့ရပြန်သည်။ ပြည်သူအများစုအနေဖြင့် အနာဂတ် မရေမရာ ဖြစ်ခြင်း၊ မျှော်လင့်ချက် ပျောက်ဆုံးခြင်း၊ ကူရာမဲ့ အခြေကနေဆိုးနှင့် ရင်ဆိုင်နေရသည်ဟုထင်မြင်နေခြင်း စသည့် စိတ်ခံစားမှုများ ဖြစ်ပေါ် နေပြီး နဂိုပုံမှန်အခြေသစ် (Next New Normal) သို့ အမြန်ရောက်ရှိလိုနေကြသည်။
မည်သို့ပင်ဖြစ်စေ ပြည်သူအများ၏ ဆန္ဒဖြင့် ဖော်ထုတ်ထားသည့် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ရလဒ်သည် ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ် ကဲ့သို့ပင် အချည်းနှီးဖြစ်ပြန်ရပြီ ဟူသော ကောက်ချက်စကား ဆိုရန် အချိန် မတန်သေးဟု ထင်မြင်မိပါသည်။
ဧခြူး